စန်းဟိုင်ကြယ်သို့ ခရီးတစ်ခေါက်
Vol. 39 Ch. 539
စန်းဟိုင်ကြယ်ပေါ်ရှိ ကာကွယ်ရေးအစီအရင်အတွင်း ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး အနည်းဆုံး ကျင့်ကြံသူငါးယောက်မှ ဆယ်ယောက်အထိပါဝင်သော အုပ်စုများနှင့်ကွဲပြားစွာ တစ်ကိုယ်တော်ဖြစ်နေခဲ့သည်။ အစီအရင်အတွင်း၌ အဖွဲ့ပေါင်းသုံးဆယ်ကျော် အနည်းဆုံးရှိနေခဲ့သည်။ သူက သက်လတ်ပိုင်းအရွယ်၊ သာမန်အသွင်အပြင်ကို ပိုင်ဆိုင်သူဖြစ်သောကြောင့် လူပင်လယ်ကြားတွ င်ရောနှောနေထိုင်ရန် အလွန်လွယ်ကူသည်။ သူ၏ကျင့်ကြံဆင့်က ချီပင်လယ်အဆင့်သုံးဖြစ်သည်။
"ဒီလူက တစ်ယောက်တည်းလာတာလား။ တကယ်သေချင်နေတာထင်တယ်"
"သူက အခုမှ ချီပင်လယ်အဆင့်သုံးသာ ရှိသေးတယ်။ အဆင့်တူဝိညာဥ်သားရဲတစ်ကောင်နဲ့ တွေ့ရင်တောင် ပြဿနာတက်သွားနိုင်တယ်"
ကျင့်ကြံသူအချို့က ထိုလူကိုအကဲခတ်၍ ခပ်တိုးတိုးဆွေးနွေး ပြောဆိုနေကြသည်။ အကယ်၍ ကျင့်ကြံသူဆယ်ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည်ပင် ဝိညာဥ်သားရဲတစ်ကောင်ကိုတွေ့လျှင် ရေနက်ပိုင်း၌ ဂရုတစိုက်တိုက်ခိုက်ရမည်ဖြစ်သည်။ သို့သော် ဤလူက တစ်ကိုယ်တော်လာရောက်သောအခါ ဝိညာဥ်သားရဲကို အနိုင်ယူနိုင်လျှင်ပင် အချိန်နှစ်နာရီခန့် ယူရပေလိမ့်မည်။ သက်လတ်ပိုင်းအရွယ်သာမန်လူက နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်သွင်ပြောင်းလဲထားသော ယဲ့ချန်ဖြစ်သည်။ သူ၏ပတ်လည်ရှိ ကျင့်ကြံသူများကြားတွင် ရန်ငြှိုးရှိသော မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး ကြေးခွံနက်ဝိညာဥ်မြွေမျိုးနွယ်မှ ချန်းယွမ်ဖြစ်သည်။
ချန်းယွမ်သည်လည်း ချီပင်လယ်အဆင့်သုံးသို့ ရောက်ရှိနေသောကြောင့် ရှုချင်းက သူ့အတွက် အရင်းအမြစ်များ ထောက်ပံ့ပေးခဲ့ပုံပေါ်သည်။ သူနှင့်အတူလိုက်ပါလာသော ကျင့်ကြံသူများတွင် ချီပင်လယ်အဆင့်ငါးနှင့်လေးများ ပါဝင်နေသည်။ သူက ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်းနှီးသောအရှိန်အဝါကို ရလိုက်သော်လည်း မည်သည့်နေရာတွင် မြင်ဖူးကြောင်း မစဥ်းစားနိုင်ပေ။
"ချန်းယွမ် ဘာဖြစ်လို့လဲ"
ရဲရန်အမည်ရသော လှပသည့်မိန်းမတစ်ယောက်က ချန်းယွမ်၏လားရာအတိုင်း ကြည့်လိုက်သောအခါ ယဲ့ချန်ကို မြင်လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး"
ချန်းယွမ်၏မျက်လုံးများက ဖြတ်ခနဲအရောင်လက်သွားကာ မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ဝိညာဥ်မြွေမျိုးနွယ်ဝင်များသည် အခြားကျင့်ကြံသူများ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အပူချိန်ကိုအခြေခံ၍ သရုပ်မှန်ကို ဖော်ထုတ်နိုင်သော စွမ်းရည်တစ်မျိုး ပိုင်ဆိုင်ထားသည်။
ဤအချက်ကိုမသိသော ယဲ့ချန်က ကြီးကြပ်သူထံ အမည်စာရင်းပေးသွင်းပြီး ချန်းယွမ်ကိုတစ်ချက်ကြည့်ကာ အစီအရင်အပြင်ဘက်သို့ တစ်ကိုယ်တော်လှမ်းထွက်လိုက်၏။ သူက အပြာရောင်ရေပြင်အတွင်း အလင်းတန်းတစ်ခုပမာ လှစ်ခနဲ ခုန်ချသွားခဲ့သည်။ အပြောကျယ်လှသော ပင်လယ်အတွင်း ငါးသဏ္ဍာန်ဝိညာဥ်သားရဲများ အုပ်စုလိုက်ကူးခတ် သွားလာနေကြသည်။ သူက အဆင့်နိမ့်ငါးများကို အမဲမလိုက်လိုသောကြောင့် လျစ်လျူရှုကာ ခြင်္သေ့ကြီ၏လမ်းညွှန်မှုနှင့်အတူ မည်သူမှခြေမချဖူးသော ပင်လယ်ရေနက်ကြမ်းပြင်သို့ ဦးတည်လာခဲ့သည်။ အခြားကျင့်ကြံသူများကလည်း အမဲလိုက်ရန်အတွက် ပင်လယ်အတွင်း အဖွဲ့ကိုယ်စီထွက်ခွာခဲ့ကြသည်။
"ငါ့နောက်ကလိုက်လာစမ်း"
ချန်းယွမ်၏မျက်လုံးများက သွေးနီရောင်တောက်ပနေကာ တစ်အုပ်စုလုံးကို ဦးဆောင်၍ ယဲ့ချန်ရှိရာထံ ဦးတည်ကူးခတ်လာခဲ့သည်။ သူက ချီပင်လယ်အဆင့်သုံးသာဖြစ်သော်လည်း ရှုချင်းလက်အောက်တွင် အဆင့်အတန်းတစ်ခု ရထားသည်။ အဖွဲ့ထဲတွင် ပေါင်းစပ်နှုန်း၆ရှိသော ရဲရန်မှလွဲလျှင် ကျန်အဖွဲ့ဝင်များက ပေါင်းစပ်နှုန်းငါးအောက်သာရှိသောကြောင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ကိုးပိုင်ရှင် ချန်းယွမ်က ခေါင်းဆောင်ဖြစ်သည်။ ရှုချင်းသည် သူ့ကိုပျိုးထောင်ပေးရန် ထိုက်တန်သည်ဟု သတ်မှတ်ကာ ရွှမ်အဆင့်သို့ရောက်လျှင် ညာလက်ရုံးအဖြစ် ခန့်အပ်မည်ဟု ကတိပေးထားသည်။ ရဲရန်က ဒုတိယဖြစ်သော်လည်း ကျန်အဖွဲ့ဝင်များကိုမူ ရှုချင်းက များစွာဂရုစိုက်ခြင်း မရှိချေ။ ချန်းယွမ်သည် ကျင့်ကြံသူရှစ်ယောက်ကို ဦးဆောင်၍ ယဲ့ချန်နောက်သို့ ထပ်ကြပ်မကွာ လိုက်ဖမ်းနေခဲ့သည်။
"ဒီခွေးသားရဲ့ရေကူးနှုန်းက တကယ်မြန်တာပဲ"
ချန်းယွမ်သည် သူတို့က မည်မျှကြိုးကြိုးစားစား ကူးခတ်ပါစေ၊ ယဲ့ချန်၏အလျင်ကို လိုက်မမီကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ပင်လယ်အတွင်းမှငါးများက သူတို့ကို တိုက်ခိုက်လာသောအခါ ရွေးချယ်စရာမရှိဘဲ ရပ်တန့်၍ ပြန်လည်တိုက်ခိုက်ကြရသည်။ အဝေးတွင်ရှေ့ဆက်သွားနေသော ယဲ့ချန်ကမူ ငါးတစ်ကောင်ပမာ ကျင်လည်စွာရေကူး၍ ရေနက်ပိုင်း၌ ပျောက်ကွယ်သွားခဲ့သည်။
"ဝိညာဥ်သားရဲတွေကို အရင်ဆုံး အမဲလိုက်ကြတာပေါ့။ ဒီခွေးကောင်က အနှေးနဲ့အမြန် ပြန်လာရလိမ့်မယ်။ ငါ မင်းကို သေချာပေါက်သတ်ပြမယ်"
ချန်းယွမ်က အဝေးသို့ တစ်ချက်လှမ်းကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ ချီပင်လယ်အဆင့်တစ်ဆယ်များပင် စန်းဟိုင်ကြယ်၏ရေနက်ပိုင်းသို့ မဝင်ရောက်ရဲပေ။ ထို့ ကြောင့် ချီပင်လယ်အဆင့်သုံးဖြစ်သော ယဲ့ချန်က သေချာပေါက်ပြန်လာရပေလိမ့်မည်။ ထို့အပြင် သူက ဤပုံရိပ်မှာ ယဲ့ချန်ဖြစ်ကြောင်း အသေအချာသိနေပြီဖြစ်သည်။
ပင်လယ်ထဲတွင် ခြင်္သေ့ကြီး၏စစ်ဧကရာဇ်အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာသောအခါ ငါးများသည် သစ်သားတိမ်ကြယ်ပေါ်မှ ဝိညာဥ်သားရဲများကဲ့သို့ ခြေဦးတည့်ရာပြေးထွက်ကုန်သည်။ ရေပြင်ကို ဓားတစ်လက်ပမာထိုးခွဲ၍ ကူးခတ်နေသော ယဲ့ချန်၏လက်ထဲသို့ ငါးတစ်အုပ်စောင့်ကြပ်နေသော ရေသလင်းကျောက်တစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းသည် စန်းဟိုင်ကြယ်၏ ပေါများလှသော ရေချီများစုဝေးရာမှ ဖြစ်ပေါ်လာသော အဆီအနှစ်ဖြစ်ကာ သစ်သားချီအဆီအနှစ်ကဲ့သို့ ရတနာတစ်မျိုးဖြစ်သည်။ ၎င်းကိုသိမ်းဆည်းပြီးနောက် ယဲ့ချန်သည် ရေနတ်ဘုရားကျင့်စဥ်ကို ဆက်တိုက်လည်ပတ်၍ ရေထဲတွင် ခရီးဆက်လိုက်၏။ ရေချီများက သူ၏ခန္ဓာကိုယ်ပတ်လည်တွင် စုဝေးနေပြီး ဒန်တန်အတွင်းရှိ ရေကြယ်ထံ စီးဝင်နေကြသဖြင့် ၎င်းက အပြာရောင် တဖိတ်ဖိတ်တောက်ပလာသည်။ ယဲ့ချန်ရောက်သမျှနေရာတိုင်းတွင် သူက ဝေလငါးကြီးတစ်ကောင်သဖွယ် ပတ်ဝန်းကျင်မှ ရေချီများကို ရူးရူးမူးမူးစုပ်ယူနေသည်။
သူက ရေနက်ပိုင်းသို့ရောက်သောအခါ ပတ်ဝန်းကျင်အပူချိန်က ပို၍အေးစက်လာပြီး ပင်လယ်ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သောအခါ ရေခဲပြင်များ ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာက သဲများ၊ ကျောက်သားများမရှိဘဲ ရေခဲအတိဖြစ်နေကာ ကြယ်အမြုတေသည်ပင် နှစ်ဘီလီယံချီအရည်မပျော်ခဲ့သော ရေခဲတုံးတစ်ခုဖြစ်သည်။ သူက ပင်လယ်ကြမ်းပြင်နှင့် မီတာတစ်သောင်းခန့်ဝေးနေသော်လည်း ကြောက်မက်ဖွယ်အအေးဓာတ်ကြောင့် ဝိညာဥ်ပင်အေးခဲသွားမယောင် ခံစားလိုက်ရသည်။ ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ဤအခြေအနေမျိုးတွင် ပင်လယ်ကြမ်းပြင်သို့ ချဥ်းကပ်ရဲသော သတ္တိရှိမည် မဟုတ်ပေ။ သူက ချီပင်လယ်ဖြင့်စစ်ဆေးလိုက်သောအခါ ပတ်ဝန်းကျင်၌ မည်သည့်ကျင့်ကြံသူမှမရှိကြောင်း သိခဲ့ရသည်။ သူ၏မျက်နှာထားက လေးနက်သွားကာ ရေခဲမှော်ကျင့်စဥ်ကို ပြောင်းလဲအသက်သွင်းလိုက်သဖြင့် အရိုးစိမ့်လောက်အောင်အေးသော အပူချိန်က နောက်ဆုံးတွင် ပြေလျော့သွားကာ ရေကူးနိုင်စွမ်းရှိလာသည်။
"ယဲ့ချန် သတိထားဦး။ သေတဲ့အထိ မအေးခဲသွားစေနဲ့"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။
"ကျုပ် နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ ရေခဲမှော်ကျင့်စဥ်ကို ဆက်၍လည်ပတ်ထားသည်။ အချိန်ခဏတာကူးခတ်ပြီးနောက် သူက ရေအောက်ကြမ်းပြင်နှင့် မီတာခုနစ်ထောင်အကွာသို့ရောက်သောအခါ ဧရာမရေအောက်ရေစီးကြောင်းတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။ ၎င်းအတွင်း မရေမတွက်နိုင်သော ရေခဲအပိုင်းအစများပါဝင်နေသဖြင့် ငွေရောင်တဖိတ်ဖိတ်တောက်ပနေကာ အလွန်အမင်းမြန်ဆန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံစီးဆင်းနေသည်။ သူက ရှောင်တိမ်းရန် အချိန်မရှိသောကြောင့် ရေစီးကြောင်းအတွင်းရောက်ရှိသွားကာ တစ်ကိုယ်လုံးအေးခဲသွားပြီး ရေခဲတုံးတစ်ခု ဖြစ်လာသည်။ ကံကောင်းစွာဖြင့် ရေခဲမှော်ကျင့်စဥ်ကို အစွမ်းကုန်လည်ပတ်လိုက်သောအခါ ရေခဲများအရည်ပျော်သွား၍ ရေခဲချီများက သူ၏ရေခဲကြယ်အတွင်း စီးဝင်လာခဲ့ကြသည်။ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ပင် ရေစီးကြောင့် အေးခဲသေဆုံးသွားနိုင်သော်လည်း ရေခဲမှော်ကျင့်စဥ်က ယဲ့ချန်ကို ကာကွယ်ပေးနိုင်ခဲ့သည်။ ဤအအေးဓာတ်များက ယဲ့ချန်၏ကိုယ်တွင်းရှိ ရေခဲချီပမာဏကို များစွာတိုးတက်လာစေခဲ့သည်။
"ယဲ့ချန် ရှေ့ဆက်မသွားနဲ့တော့။ ပင်လယ်အနက်ပိုင်းမှာ တာအိုနတ်အဆင့်တွေ ကျင့်ကြံနေကြတယ်။ သူတို့သတိထားမိသွားလို့ မဖြစ်ဘူး"
ခြင်္သေ့ကြီးက ပင်လယ်ကြမ်းပြင်ကို အာရုံခံ၍ လေးနက်စွာ သတိပေးလိုက်သည်။ တာအိုနတ်အဆင့်ကျင့်ကြံသူများက အမှန်တကယ်အစွမ်းထက်ပြီး ဤမျှအေးစက်သော ရေအောက်ကြမ်းပြင်၌ ကျင့်ကြံနိုင်စွမ်းရှိနေသည်။ ထိုကျင့်ကြံသူများ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် ယဲ့ချန်သည် ပင်လယ်ကြမ်းပြင်နှင့် မီတာခုနစ်ထောင်အကွာ၌သာ ရတနာများ လိုက်လံရှာဖွေခဲ့သည်။ တာအိုနတ်အဆင့်များအတွက် ရေသလင်းကျောက်များ၏တန်ဖိုးကို မျက်စိထဲထည့်ထားမည် မဟုတ်ပေ။ သူတို့က သန်းပေါင်းရာချီကြွယ်ဝသည့်အပြင် ပိုက်ဆံပြတ်သွားလျှင် အချိန်ခဏအတွင်း ပြန်လည်ရှာဖွေနိုင်စွမ်းရှိကြသည်။ အချိန်သုံးရက်အတွင်း ယဲ့ချန်သည် ရေသလင်းကျောက်ကိုးခုနှင့် ပင်လယ်ကျောက်စိမ်းတစ်ခု ရှာတွေ့နိုင်ခဲ့သည်။ ရေသလင်းကျောက်တစ်ခု၏တန်ဖိုးက ဆည်းဆာရွှေတစ်သန်းဖြစ်ကာ ပင်လယ်ကျောက်စိမ်းတစ်ခုကို သုံးသန်းကျော်ဖြင့် ရောင်းချနိုင်သည်။ ထို့နောက် သူက ပင်လယ်အတွင်းကူးခတ်၍ တည်နေရာရွှေ့ပြောင်းအစီအရင်ထံ ပြန်လာခဲ့သည်။ အစီအရင်၏အပြင်ဘက်တွင် ချန်းယွမ်တို့လူစုက သူ့ကို အသင့်စောင့်ဆိုင်းနေကြသည်။
"ဟိုခွေးကောင်ရောက်လာရင် ချက်ချင်းတားကြစမ်း။ အစီအရင်ထဲကို မဝင်စေနဲ့"
ချန်းယွမ်က အေးစက်စက်နှာခေါင်းရှုံ့၍ အမိန့်ပေးလိုက်သည်။ သူက နောက်လိုက်များနှင့် ပူးပေါင်းတိုက်ခိုက်လျှင် ယဲ့ချန်ကိုအသေသတ်နိုင်မည်ဟု ယုံကြည်ထားသည်။ လွန်ခဲ့သောသုံးရက်အတွင်း သူတို့က အမဲလိုက်ရင်း ရှာဖွေခဲ့သော်လည်း ယဲ့ချန်၏အစအနကိုပင် မတွေ့ချေ။
"ယဲ့ချန် မင်းရဲ့ရန်သူက မင်းဘယ်သူဆိုတာကို သိသွားပြီး အစီအရင်အပြင်ဘက်မှာ စောင့်ဆိုင်းနေတယ်"
ခြင်္သေ့ကြီးက တည်ငြိမ်စွာ သတိပေးလိုက်ခြင်းဖြစ်သည်။ သူတို့က ရန်သူများနှင့် မီတာများစွာကွာဝေးသော်လည်း ကြိုတင်အာရုံခံနိုင်ခဲ့သည်။ သို့သော်လည်း ခြင်္သေ့ကြီး၏အမြင်တွင် သူတို့က အာရုံစိုက်စရာမဟုတ်သောကြောင့် လေသံက ပေါ့ပါးနေသည်။ ယဲ့ချန်သည် နေရောင်အောက်မှသူခိုးကျင့်စဥ်ကို အသုံးပြုထားသည့်တိုင်အောင် ချန်းယွမ်မှ သူ၏သရုပ်မှန်ကို ဖော်ထုတ်နိုင်ခဲ့သောကြောင့် အံ့သြနေခဲ့သည်။ သူက ချီပင်လယ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ရန်သူကိုးယောက်ကို တပြိုင်နက်ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ဝှက်ဖဲဖြစ်သော ခြင်္သေ့ကြီးကို ရန်သူများရှေ့တွင် စောစီးစွာထုတ်ဖော်မပြလိုပေ။ အကြောင်းအရင်းမှာ ရန်သူများက သူ့အပေါ် လက်ဦးမှုယူလာနိုင်သောကြောင့် ခွန်အားကို ကွယ်ဝှက်ထားလိုခြင်းဖြစ်သည်။
ယဲ့ချန်သည် တိုက်ခိုက်ရင်း အစီအရင်အတွင်း ဝင်ရောက်ချင်လျှင် အပြင်းအထန်ကြိုးပမ်းရမည်ဖြစ်သည်။ ထို့အပြင် သူက ကျင့်ကြံဆင့်ရော အရေအတွက်ပါ အားနည်းနေသဖြင့် စတင်တိုက်ခိုက်၍ အကျိုးမရှိချေ။
"ဆရာ့မှာ ကျုပ်ကို ပုံဖျက်ပေးဖို့ နည်းလမ်းရှိလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ရှိတာပေါ့ကွ"
ခြင်္သေ့ကြီးက တစ်ချက်ပြုံးလိုက်သည်။ ယဲ့ချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မုဆိုးအဖွဲ့အချို့ကို တွေ့လိုက်ရသည်။ သူက ရုပ်သွင်ကို နောက်တစ်ကြိမ်ပြောင်းလဲ၍ သာမန်လူတန်းစားအဖွဲ့တစ်ခုထံ ဦးတည်ကူးခတ်လာခဲ့သည်။ အထက်တန်းစားများ၏ နောက်လိုက်များက အလွန်မောက်မာပြီး ဆက်ဆံရခက်ခဲသော်လည်း သာမန်လူတန်းစားများက အကျိုးမရှိလျှင် တိုက်ခိုက်ခြင်း မရှိပေ။
"ဘာကိစ္စလဲ မေးလို့ရမလား"
ထိုအုပ်စု၏ခေါင်းဆောင်က မျက်နှာထက်တွင် အမာရွတ်တစ်ခုရှိသော လူသန်ကြီးတစ်ယောက်ဖြစ်သည်။ သူက ယဲ့ချန်ကူးခတ်လာသည်ကို မြင်သောအခါ သတိကြီးကြီးထား၍ စုံစမ်းလိုက်သည်။ သူတို့က ကုရန်ထံမှ စန်းဟိုင်ကြယ်ဝင်ကြေးကို ချေးယူခဲ့ပြီး ကံကောင်းစွာဖြင့် အစီအရင်ထံ ဘေးမသီရန်မခ ပြန်ရောက်လာနိုင်ခဲ့ကြသည်။
"ဒီမှာ ဆည်းဆာရွှေနှစ်သောင်း။ မင်းတို့က ငါ့ကို အစီအရင်ထဲရောက်အောင် ခေါ်သွားပေးရင် နောက်ထပ်သုံးသောင်းပေးမယ်။ သဘောတူလား"
ယဲ့ချန်က သိုလှောင်အိတ်တစ်လုံးကို ထိုခေါင်းဆောင်ထံ အဝေးမှပစ်ပေးကာ တောင်းဆိုလိုက်သည်။
"မင်းမှာ ရန်သူတစ်ယောက်ယောက် ရှိနေတာလား"
အမာရွတ်နှင့်လူက ယဲ့ချန်ကို စိုက်ကြည့်၍ ပြန်မေးလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါက ရုပ်ရည်ကို ပြောင်းလဲထားလို့ သူတို့ မမှတ်မိနိုင်ပါဘူး။ ငါတစ်ယောက်တည်းဆိုရင် သိသာတဲ့ ပစ်မှတ်တစ်ခုဖြစ်နေလို့ မင်းတို့အဖွဲ့ထဲမှာ ကပ်လိုက်ချင်ရုံပါ"
ယဲ့ချန်က ရှင်းပြလိုက်သည်။ အမာရွတ်နှင့်လူက မျက်မှောင်ကြုတ်၍ စဥ်းစားနေခဲ့သည်။ ယဲ့ချန်ကို ခေါ်ဆောင်သွားရုံဖြင့် ဆည်းဆာရွှေငါးသောင်းရမည်ဖြစ်သောကြောင့် ဤကမ်းလှမ်းချက်ကို ငြင်းပယ်ရန် အလွန်ခက်ခဲနေခဲ့လေသည်။