← Chapters

ကြီးမားလာသောလုပ်ငန်း

Vol. 39 Ch. 540

ကြီးမားလာသောလုပ်ငန်း

Vol. 39 Ch. 540

"မင်းရဲ့ရန်သူတွေက မင်းကိုမှတ်မိသွားရင် ငါတို့က ကူညီပြီး တိုက်ခိုက်မပေးနိုင်ဘူး"

အုပ်စုခေါင်းဆောင်က တစ်ချက်တွေးဆ၍ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်ရန်စထားသူများမှာ မည်သူများဖြစ်ကြောင်း မသိရသောကြောင့် ဆည်းဆာရွှေငါးသောင်းအတွက် သူ၏ညီအစ်ကိုများနှင့် သူကိုယ်တိုင်၏အသက်ကို မရင်းလိုပေ။ ထို့အပြင် အုပ်စုအတွင်း ကျင့်ကြံသူရှစ်ယောက်ပါဝင်သောကြောင့် ယဲ့ချန်ကို ရန်သူများမှတ်မိသွားလျှင်ပင် သူတို့က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်း ရှိသည်။

"သဘောတူတယ်"

ယဲ့ချန်က ချက်ချင်းသဘောတူလိုက်ပြီး အုပ်စုအတွင်းရောနှောကာ လူကိုးယောက်သည် ကာကွယ်ရေးအစီအရင်ရှိရာထံ ဆက်လက်ကူးခတ်လာကြသည်။ အစီအရင်နှင့် မီတာထောင်ချီအဝေးသို့ ရောက်သောအခါ ခြင်္သေ့ကြီးက ယဲ့ချန်၏အရှိန်အဝါနှင့် ရုပ်ခန္ဓာကို သူ၏စွမ်းအားဖြင့် ပြောင်းလဲပေးခဲ့သည်။ ချန်းယွမ်နှင့် နောက်လိုက်များက အစီအရင်အပြင်ဘက်တွင် လူခွဲနေရာယူထားပြီး ဝင်ရောက်လာသမျှအဖွဲ့တိုင်းကို မျက်နှာထားတင်းတင်းနှင့် စောင့်ကြည့်နေကြသည်။ အစီအရင်အနီးသို့ ရောက်သောအခါ အုပ်စုခေါင်းဆောင်၏ လက်အောက်ငယ်သားအချို့က စိုးရိမ်စပြုလာကြသည်။ တစ်ဖက်ရန်သူမှာ အထက်တန်းစားတစ်ယောက်၏ နောက်လိုက်များဖြစ်ကြောင်း သေချာသောကြောင့် ယဲ့ချန်ကိုမှတ်မိသွားကာ လက်စားချေလာမည်အား ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ယဲ့ချန်ကမူ တည်ငြိမ်သော မျက်နှာထားဖြင့် လူရှစ်ယောက်အဖွဲ့အတွင်း ရောနှောကာ အစီအရင်ထံ ချဥ်းကပ်လာခဲ့သည်။

ချန်းယွမ်သည် ထိုအုပ်စုကို ထပ်ကာထပ်ကာစစ်ဆေးလိုက်သောအခါ ကျင့်ကြံသူအချို့က မူပျက်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း လူတိုင်းကိုစစ်ဆေးပြီးနောက် ယဲ့ချန်၏အပူချိန်နှင့်အရှိန်အဝါကို ရှာမတွေ့သောအခါ ထိုလူများက သူ့ကိုကြောက်၍ အစိုးရိမ်လွန်နေခြင်းဖြစ်သည်ဟု သတ်မှတ်လိုက်သည်။ ထို့နောက် သူက အုပ်စုတစ်ခုလုံးကို နောက်ဆုံးတစ်ကြိမ် အကဲခတ်ကာ အကြည့်လွှဲလိုက်သည်။

"ကူညီပေးတာ ကျေးဇူးပါပဲ"

အစီအရင်အတွင်းရောက်သောအခါ ယဲ့ချန်သည် သိုလှောင်အိတ်တစ်လုံးကို အုပ်စုခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။ ထိုလူက ယဲ့ချန်၏သရုပ်မှန်ကို မသိသော်လည်း စန်းဟိုင်ကြယ်သို့ ဝင်ရောက်လာသူများတွင် ဆည်းဆာရွှေငါးသောင်းကို ပက်ခနဲထုတ်ပေးနိုင်သူ များစွာမရှိသောကြောင့် အဆင့်အတန်းမြင့်သူတစ်ဦးဟု ထင်မြင်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

အုပ်စုခေါင်းဆောင်က လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။ သူတို့က များစွာအားထုတ်ရခြင်းမရှိဘဲ ငွေငါးသောင်းရလိုက်သောကြောင့် အဖွဲ့ဝင်တိုင်း ပြုံးပျော်နေကြသည်။ ယဲ့ချန်သည် ထိုအုပ်စုထွက်ခွာသွားသည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ မူလအသွင်ကို ပြန်လည်ပြောင်းလဲလိုက်သည်။ သူ့ကိုကူညီခဲ့သောကြောင့် အပြစ်မဲ့သူများ ပစ်မှတ်ထားခံရမည်ကို မလိုလားသောကြောင့်ဖြစ်သည်။

"ချန်းယွမ် မင်းက ဘယ်လောက်ကြာအောင် စောင့်နေဦးမှာလဲ။ ငါက အစီအရင်ထဲမှာ တစ်ရေးတောင် အိပ်ပြီးသွားပြီ။ ခွေးကောင်တွေ မင်းတို့ကို အလုပ်ရှုပ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

ယဲ့ချန်က ချန်းယွမ်ရှိရာဘက်သို့ လက်ခလယ်ထောင်ပြ၍ လှောင်ပြောင်ရယ်မောလိုက်သည်။

"ခွေးကောင် မင်း မင်း မှတ်ထားစမ်း။ ဒီတစ်ခေါက်လွတ်သွားပေမယ့် နောက်တစ်ကြိမ်ကျရင် မင်းကို ငါကိုယ်တိုင် အရေခွံဆုတ်ပစ်မယ်"

ချန်းယွမ်မှာ ဒေါသတကြီးဖြင့် နောက်လိုက်များကိုစုစည်းကာ အစီအရင်အတွင်း ဝင်ရောက်လာသော်လည်း အမှန်တကယ် တိုက်ခိုက်ရဲခြင်းမရှိပေ။ သူက ဒေါသကိုမျိုသိပ်၍ လေဖြင့်တိုက်ခိုက်ရန်သာ တတ်နိုင်ခဲ့သည်။

"ဟား ဟား ငါက စန်းဟိုင်ကြယ်ကို နောက်တစ်ခါ မလာရဲတော့ပါဘူးကွာ"

ယဲ့ချန်က ချန်းယွမ်ကို ရန်စလိုသောကြောင့် ရေသလင်းကျောက်တစ်လုံးကို ထုတ်ယူကာ ပစ်မြှောက်ဆော့ကစား ပြလိုက်သည်။ ၎င်းကိုမြင်သောအခါ လူတိုင်း၏စိတ်ထဲတွင် မနာလိုအားကျမှုများ ဖြစ်ပေါ်လာသည်။ ၎င်းက ဆည်းဆာရွှေတစ်သန်း တန်ကြေးရှိသောကြောင့် ချန်းယွမ်တို့သုံးရက်အတွင်း ရှာဖွေထားသည်ထက် များစွာကျော်လွန်နေသည်။ သူက ဆည်းဆာရွှေသုံးသိန်းအထိသာ ရရှိခဲ့သောကြောင့် ယဲ့ချန်၏ရတနာများနှင့်ယှဥ်လျှင် မပြောပလောက်ချေ။

"နောက်တစ်ကြိမ်ကျရင် မင်းသေမလား ငါသေမလား ကြည့်ရအောင်"

ယဲ့ချန်က ချန်းယွမ်ကို တစ်ချက်စိုက်ကြည့်၍ အေးစက်စက်စိန်ခေါ်လိုက်သည်။ တစ်ဖက်လူက သူ့ကိုသတ်ဖြတ်ချင်နေသောအခါ သေချာပေါက် လက်စားချေရပေလိမ့်မည်။ ထို့နောက် သူက တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ပျောက်ကွယ်သွားသောအခါ ချန်းယွမ်နှင့် နောက်လိုက်များမှာ အံတကြိတ်ကြိတ်နှင့် ကျန်ရစ်ခဲ့လေသည်။

ယဲ့ချန်သည် ရန်ယွင်မြို့တော်သို့ ပြန်ရောက်သောအခါ ရေသလင်းကျောက်နှင့် ပင်လယ်ကျောက်စိမ်းကို ရောင်းချခြင်းဖြင့် ဆည်းဆာရွှေ၁၂သန်း ရရှိခဲ့သည်။ သူက ခြံဝန်းသို့ပြန်လာသောအခါ စိတ်လှုပ်ရှားစွာ စောင့်ကြိုနေသည့် ကုလန်အား တွေ့လိုက်ရသည်။

"အစ်ကိုယဲ့ ငါတို့ချေးထားသမျှ ငွေအားလုံး ပြန်ရပြီ။ အချို့က ပြန်မလာနိုင်လို့ အနည်းငယ်ဆုံးရှူံးရပေမယ့် အတိုးရောအရင်းပါပေါင်းလိုက်ရင် ဆည်းဆာရွှေ၁၄သန်း ရခဲ့တယ်။ ငါက သုံးရက်အတွင်း အတိုးငွေကို စာရင်းပြုလုပ်ထားတယ်။ တစ်ချက်ကြည့်လိုက်ပါ"

ကုလန်က ပျော်ရွှင်စွာဖြင့် စာရင်းစာအုပ်တစ်အုပ်ကို ကမ်းပေးလာသည်။ ယဲ့ချန်က ၎င်းကိုလက်ခံ၍ ဖတ်ကြည့်လိုက်သည်။ ငွေအနည်းငယ်ဆုံးရှုံးသွားသည်မှလွဲ၍ အရင်းဆယ်သန်းတည်းဖြင့် သုံးရက်အတွင်း အမြတ်လေးသန်းကျော် ရရှိခဲ့သည်။ အမြတ်ရရှိနှုန်းက လေးဆယ်ရာခိုင်နှုန်းဖြစ်သောကြောင့် သူက ငွေတိုးချေးလုပ်ငန်း၏ သက်ရောက်မှုအပေါ် ကျေနပ်ခဲ့သည်။

"ကျုပ်က နောက်ထပ်ဆည်းဆာရွှေဆယ်သန်း ရလာသေးတယ်"

ယဲ့ချန်က ကုလန်ကို ငွေထုတ်ပေးလိုက်ပြန်သည်။

"မင်း ကောင်းကင်ဘုံငယ်ထဲကို သွားသေးတာလား"

ကုလန်က ထိတ်လန့်စွာ မေးလိုက်သည်။

"အစ်ကိုယဲ့ အန္တရာယ်များတာတွေ မလုပ်ပါနဲ့။ မင်းက တစ်ယောက်တည်းဖြစ်နေလို့ ရန်သူတွေနဲ့ကြုံရရင် အကူအညီမရှိတော့ ပြဿနာတက်သွားနိုင်တယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ ကုလန်က စိုးရိမ်စွာပြောလာခဲ့သည်။ ကောင်းကင်ဘုံငယ်များအတွင်း တစ်ကိုယ်တော်ဝင်ရောက်ခြင်းက အလွန်အန္တရာယ်များပြီး ဝိညာဥ်သားရဲများ၏ အုပ်စုလိုက်ဝိုင်းရံခြင်းခံရလျှင် ကာကွယ်ရေးသားရဲတစ်ကောင် ပိုင်ဆိုင်ထားသည့် ယဲ့ချန်ပင် လွတ်မြောက်ရန် မလွယ်ပေ။

"ကျုပ် အဆင်ပြေပါတယ်ဗျာ။ သာမန်လူတွေက ကျုပ်ကိုဖမ်းမိဖို့ မဖြစ်နိုင်ဘူး"

ယဲ့ချန်က ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။ ခြင်္သေ့ကြီး၏အရှိန်အဝါကြောင့် ဝိညာဥ်သားရဲများကို သူက ကြောက်စရာ မလိုချေ။ ထို့အပြင် ရန်သူများကိုရှောင်ရှားရန် အရှိန်အဝါကိုလည်း ပြောင်းလဲနိုင်စွမ်းရှိသည်။ ကံဆိုးစွာဖြင့် ရန်သူများလက်အတွင်း ရောက်သွားလျှင်ပင် သူက ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ယဲ့ချန်၏ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ပြတ်သားသော စိတ်ထားကြောင့် ကုလန်က နောက်ထပ်မဖြောင်းဖျတော့ပေ။

"အစ်ကိုယဲ့ ငွေချေးတဲ့လုပ်ငန်းမှာ ကျုပ်လည်း ရင်းနှီးမြုပ်နှံချင်တယ်"

ကုလန်က ပြောရန်သင့်မသင့် ချင့်ချိန်ပြီးမှ တောင်းဆိုလိုက်သည်။

"ရပါတယ်ဗျာ။ အစ်ကိုကု စိတ်တိုင်းကျလုပ်ပါ။ အနာဂတ်မှာ အကျိုးအမြတ်ရဲ့ငါးရာခိုင်နှုန်းက အစ်ကိုကုရဲ့အပိုင်ပါပဲ။ ကျုပ်က ဒီအလုပ်အတွက် အစ်ကိုနဲ့မရီးကို ဒုက္ခပေးရဦးမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ သဘောတူလိုက်သည်။

"လက်မခံပါရစေနဲ့။ ငါးရာခိုင်နှုန်းက အရမ်းများလွန်းတယ်။ ငါက ဘာမှလုပ်ပေးရတာလည်း မဟုတ်ပါဘူး"

ကုလန်က အကြောက်အကန် ငြင်းဆန်လိုက်သည်။

"ငွေတိုးချေးတဲ့အလုပ်က အထက်တန်းစားတွေကိုရန်စမိမှာ သေချာတယ်။ ဒါကြောင့် ငါးရာခိုင်နှုန်းက ထိုက်တန်ပါတယ်"

နောက်ဆုံးတွင် ယဲ့ချန်၏ ထပ်တလဲလဲတောင်းဆိုမှုကြောင့် ကုလန်သည် အကျိုးအမြတ်၏နှစ်ရာခိုင်နှုန်းကိုသာ လက်ခံရန် သဘောတူခဲ့သည်။ သူ၏ရိုးသားဖြောင့်မတ်သော စရိုက်ကြောင့် ငွေတိုးချေးအလုပ်ကို လက်လွှဲရခြင်းအပေါ် ယဲ့ချန်အတွက် စိုးရိမ်စရာမရှိချေ။

ယဲ့ချန်သည် ကောင်းကင်ဘုံငယ်များအတွင်း ထပ်ကာထပ်ကာဝင်ရောက်ခဲ့သည်။ သူက စန်းဟိုင်ကြယ်ကိုရှောင်၍ ဝင်ကြေးပိုမြင့်သော ကြယ်များသို့ ခရီးထွက်ခဲ့ပြီး အန္တရာယ်ပိုများသော်လည်း အကျိုးအမြတ်ကလည်း တိုးလာခဲ့သည်။ ခြောက်ရက်အတွင်း သူက ကောင်းကင်ဘုံငယ်နှစ်ခုမှ ဆည်းဆာရွှေ၃၆သန်းရှာဖွေနိုင်ခဲ့ပြီး အားလုံးကို ငွေတိုးချေးသည့်အလုပ်တွင် ရင်းနှီးမြုပ်နှံခဲ့သည်။ ခြောက်ရက်အတွင်း ဤလုပ်ငန်းအတွင်း လည်ပတ်နေသည့်ပမာဏက ဆည်းဆာရွှေသန်းရှစ်ဆယ်ကျော်အထိ တိုးပွားလာခဲ့သည်။ ဤကား ရန်ယွင်မြို့ရှိ သာမန်အထက်တန်းစားတစ်ယောက်၏ ပိုင်ဆိုင်မှုနှင့် ယှဥ်နိုင်သောကြောင့် များပြားလှသည်။ ငွေချေးလုပ်ငန်းက တစ်စတစ်စကြီးမားလာသောအခါ အထက်တန်းစားများက သတိပြုမိလာကြသည်။ သိူ့သော် တာအိုအိမ်တော်မှ ငွေချေးခြင်းကို ကန့်သတ်မထားသောကြောင့် ယဲ့ချန်နှင့် ကုလန်သာ ဥပဒေချိုးဖောက်ခြင်းမရှိလျှင် သူတို့က လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်သည်။

ခြံဝန်းအတွင်း ယဲ့ချန်နှင့်ကုလန်က လုပ်ငန်းဆောင်တာများကို ခေါင်းချင်းဆိုင်၍ ဆွေးနွေးနေကြသည်။ ဆယ်ရက်အတွင်း သူတို့ကြောင့် ရန်ယွင်မြို့က လှုပ်လှုပ်ရှားရှားဖြစ်လာကာ အထက်တန်းစားများကို ဒေါသူပုန်ထစေခဲ့သည်။ ဤမြို့၏သမိုင်းအတွင်း အထက်တန်းစားများအားလုံးက လူတစ်ယောက်တည်းကို ဤမျှမုန်းတီးသောဖြစ်ရပ်မှာ လုံးဝမဖြစ်ပျက်ခဲ့ဖူးပေ။

ဆေးစံအိမ်မှ ယဲ့ချန်သည် ကြယ်တစ်ပွင့်ဆေးဆရာများ သင်အပ်သော ဆေးပညာကို လေ့လာသင်ယူပြီးဖြစ်သောကြောင့် ကုန်ကြမ်းများဝယ်ယူနိုင်လျှင် စတင်ဆေးဖော်စပ်နိုင်ပြီဖြစ်သည်။ သူက ကုန်ကြမ်းများဝယ်ယူရန်အတွက် ကြေးသခင်တစ်ယောက်ဖြစ်လာရန် လိုအပ်သောကြောင့် ဆည်းဆာရွှေသန်းနှစ်ဆယ် အသုံးပြုရပေလိမ့်မည်။

"ကုန်ကြမ်းတွေကို အထက်တန်းစားတွေက ချုပ်ကိုင်ထားတာဖြစ်တဲ့အတွက် သူတို့အများစုက ငါတို့ကို မကျေနပ်ကြဘူး။ ဒါကြောင့် ကုန်ကြမ်းတွေဝယ်ဖို့ လွယ်မယ် မထင်ဘူး"

ကုလန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ဆေးဖော်စပ်ရန်အစီအစဥ်က ခက်ခဲလာမည်ဖြစ်သောကြောင်း ယဲ့ချန်လည်း သဘောပေါက်နေခဲ့သည်။ လက်ရှိတွင် သူ့ကိုသတ်ချင်သူမှာ ဖန်ယုနှင့်ချန်းယွမ် နှစ်ယောက်တည်းမကဘဲ များပြားလှသော အထက်တန်းစားများဖြစ်ကြသည်။ သူသာမက ကုဖေး၊ ကုလန်နှင့် အဖွဲ့ဝင်များအားလုံးပင် ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်မိလျှင် ညှာတာခြင်းမရှိ အသတ်ခံရနိုင်သည်။

"အစ်ကိုကု ကျုပ်ကို ဆည်းဆာရွှေသန်းနှစ်ဆယ်လောက် ထုတ်ပေးစမ်းပါ။ လုပ်စရာလေး ပေါ်လာလို့"

အတွေးနက်နေသော ယဲ့ချန်၏ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသောကြောင့် တစ်ချက်ပြုံးလိုက်သည်။ ဤငွေများက ယဲ့ချန်၏ပိုင်ဆိုင်မှုများဖြစ်သောကြောင့် ကုလန်က ရှည်ရှည်ဝေးဝေးမေးမြန်းမနေဘဲ ငွေသန်းနှစ်ဆယ်ပါဝင်သော သိုလှောင်အိတ်တစ်လုံးကို ထုတ်ပေးလိုက်သည်။

ထိုအချိန်တွင် ဖန်ရောင်က အပြင်မှ ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမက ယဲ့ချန်ကိုမြင်သောအခါ မျက်လုံးများတောက်ပလာပြီး ဆံပင်ကို လက်ဖြင့်သပ်၍ လှုပ်လှီလှုပ်လဲ့ လျှောက်လှမ်းလာခဲ့သည်။

"နင်က ပိုက်ဆံတွေအများကြီး ရှာနိုင်ခဲ့တယ်လို့ ကြားတယ်"

သူမက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်ပြုလုပ်၍ ယဲ့ချန်ကို ကလူမြှူဆွယ်လိုက်သည်။

"နည်းနည်းလေးပါပဲ"

"နင်က တကယ့်ကို စွမ်းဆောင်ရည်ရှိတဲ့ လူတော်တစ်ယောက်ဆိုတာ ငါ သိသားပဲ"

ဖန်ရောင်က သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းနွဲ့၍ အဖြူရောင်အသားအရေကို ယဲ့ချန်မြင်သာစေရန် တမင်လှစ်ဟာပြလိုက်သည်။ သူမ၏အထင်တွင် ယဲ့ချန်က စိုက်ကြည့်နေမည်ဟု ထင်ထားသော်လည်း သူက တစ်ချက်ပင်မကြည့်သောကြောင့် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

"ဒါပေါ့။ နင်က တော်တော်လေးကို အမြင်ကောင်းရှိတယ်"

ယဲ့ချန်၏မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters