← Chapters

လူတန်းစားနှစ်ရပ် ထိပ်တိုက်တွေ့ကြပြီ

Vol. 39 Ch. 541

လူတန်းစားနှစ်ရပ် ထိပ်တိုက်တွေ့ကြပြီ

Vol. 39 Ch. 541

"ငါသတင်းကြားထားတာကတော့ နင့်ကို စာရင်းရှင်းချင်နေတဲ့ အထက်တန်းစားတွေ အများကြီးရှိတယ်တဲ့။ ငါက ရန်ယွင်မြို့ရဲ့ သတင်းတော်တော်များများကို သိထားတော့ ကူညီပေးနိုင်တယ်"

ဖန်ရောင်၏အသံက အလွန်သိမ်မွေ့ညှင်သာနေကာ ဆွဲဆောင်မှုတစ်ခုပါဝင်နေပြီး ယဲ့ချန်ကိုမြှူဆွယ်ရန် ကြိုးစားနေသည်။

"စိတ်ပူပေးတာအတွက် ကျေးဇူးတင်တယ်။ မလိုအပ်ဘူး"

ယဲ့ချန်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူ၏အေးစက်စက်အပြုအမူကြောင့် သူမ၏အပြုံးလည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်၌ ခြံဝန်းအတွင်းသို့ ရွှမ်အန်းဝင်ရောက်လာပြီး ဖန်ရောင်က ယဲ့ချန်ကိုမြှူဆွယ်ရန် ကြိုးစားနေသည်ကိုမြင်သောအခါ ခြေလှမ်းများတန့်သွားကာ ခါးသက်သက်ပြုံးလိုက်မိသည်။

"ညီလေးရွှမ်ပါလား လာ လာ"

ကုလန်က ရွှမ်အန်းကို မြင်သောအခါ လက်ဝှေ့ယမ်းပြ၍ ဖိတ်ခေါ်လိုက်သည်။ ရွှမ်အန်းက ခပ်တည်တည်မျက်နှာထားဖြင့် ယဲ့ချန်နှင့် ကုလန်ထံ ဦးတည်လာခဲ့သည်။

"ညီလေး ဖန်ရောင်ဆီကို လာလည်တာလား"

ကုလန်က ဖန်ရောင်ကို တစ်ချက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ ရိုးသားသောကုလန်ပင် သူမအပေါ် အကောင်းမမြင်နိုင်တော့ပေ။ ယဲ့ချန်ဆင်းရဲနေစဥ်က သူမသည် လျစ်လျူရှုထားပြီး ပိုက်ဆံချမ်းသာလာသောအခါ စကားရောဖောရောဖြင့် မြှူဆွယ်လိုနေခဲ့သည်။

"မဟုတ်ဘူး"

ရွှမ်အန်းက ဖန်ရောင်ကို တစ်ချက်ပင်မကြည့်ဘဲ ခေါင်းယမ်းပြလိုက်သည်။ သူ၏အဖြေကြောင့် ယဲ့ချန်ရော ကုလန်ပါ ကျေနပ်သွားကြသည်။ ဖန်ရောင်သည် ဤနေရာ၌ ဆက်လက်တွယ်ကပ်နေပါက ပြက်ရယ်ပြုစရာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူမ၏အခန်းထံ မကျေမနပ်ဖြင့် ထွက်ခွာသွားခဲ့သည်။

"ဒါဆိုရင် ငါတို့ကို ဘာကိစ္စရှာရတာလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"အစ်ကိုယဲ့ အစ်ကိုကု ကျုပ် ခင်ဗျားတို့ရဲ့နောက်လိုက် ဖြစ်ချင်ပါတယ်"

ရွှမ်အန်းက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် တောင်းဆိုလိုက်သည်။ ထိုအခိုက်တွင် ယဲ့ချန်နှင့် ကုလန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဖန်ရောင်၏ခြေလှမ်းများ လမ်းတစ်ဝက်၌ ရပ်တန့်သွားခဲ့သည်။ ယဲ့ချန်သည် ရွှမ်အန်းအပေါ် လေ့လာအကဲဖြတ်ရသလောက် ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်ကြောင်း ပြောနိုင်သည်။

"စိတ်မရှိပါနဲ့။ ရွှမ်အန်း ငါတို့လူမလိုသေးဘူး။ အခု ပြန်နိုင်ပြီ"

သူက စိတ်ထဲတွင် အစီအစဥ်တစ်ခုချမှတ်လိုက်သော်လည်း ရွှမ်အန်းကို မောင်းထုတ်လိုက်၏။

"အစ်ကိုယဲ့ ကျုပ်က ဘာမှမဟုတ်ပေမယ့် အစ်ကိုနဲ့အတူ တိုက်ပွဲဝင်ချင်ပါတယ်"

ရွှမ်အန်းက ပျာပျာသလဲဖြစ်သွားကာ ရိုးရိုးသားသားပြောလိုက်သည်။

"ငါ့အထင် သူက သိပ်မဆိုးပါဘူး။ ငါတို့ကို ကိစ္စတွေအများကြီး ကူညီပေးနိုင်တယ်"

ကုလန်က ဝင်ရောက်ထောက်ခံလိုက်သည်။ သို့သော် ယဲ့ချန်က သူ့ကိုတစ်ချက်ကြည့်၍ မျက်ရိပ်ပြလိုက်သောအခါ တံခါးဝမှ ချောင်းနားထောင်နေသည့် ဖန်ရောင်ကို ကုလန်လည်း သတိထားမိသွားခဲ့သည်။ သူက တစ်ချက်ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ ဝင်မပြောတော့ပေ။

"ငါတို့က တကယ့်ကို လူမလိုသေးလို့ပါ။ မင်း ပြန်သင့်ပြီ"

ယဲ့ချန်က အေးစက်စက်မျက်နှာထားဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ သူ၏အမူအရာက ရိုင်းစိုင်းသည့်သဘောသက်ရောက်သောကြောင့် ရွှမ်အန်းမှာ အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ စိတ်ဓာတ်ကျစွာဖြင့် ခြံဝန်းအပြင်သို့ ထွက်ခွာသွားခဲ့သည်။ ရွှမ်အန်းကို ယဲ့ချန်က ငြင်းပယ်လိုက်သောအခါ ဖန်ရောင်က နှာခေါင်းတစ်ချက်ရှုံ့၍ တံခါးကို ဆောင့်ပိတ်လိုက်သည်။

"ညီလေးရွှမ် မင်းအတွက် အလုပ်ရှိပါတယ်။ ခုနကစကားအတွက် စိတ်မရှိပါနဲ့။ အဆင့်တစ်နတ်မူလဆေးရဲ့ ပါဝင်ပစ္စည်းတွေကို ရောင်းချချင်တဲ့ အထက်တန်းစားတွေကို ရှာပေးပါ။ ငါက စျေးကို နှစ်ဆပေးဝယ်မယ်လို့ ပြောလိုက်ကွာ"

ယဲ့ချန်က ရွှမ်အန်းထံ ဝိညာဥ်အသိစိတ်ဖြင့် အသံပို့လွှတ်ကာ ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ရွှမ်အန်းမှာ နေရာတွင် ကြက်သေသေသွားပြီး ဝမ်းသာပျော်ရွှင်နေခဲ့သည်။

"ငါတို့ကိုလှည့်မကြည့်ဘဲ ဆက်လျှောက်သွား။ ငါက မင်းကို မောင်းထုတ်လိုက်တဲ့အတွက် ဒေါသထွက်ချင်ယောင်လည်းဆောင်ရမယ်။ မင်းက ငါ့ကိုမုန်းတီးသွားပြီလို့ သူများတွေ အထင်မှားအောင်လုပ်။ နံရံတွေမှာ နားတွေရှိတယ်"

ယဲ့ချန်က လေးနက်စွာ သတိပေးလိုက်သည်။ ရွှမ်အန်းက အကင်းပါးသူပီပီ ယဲ့ချန်ပြောလိုသည်မှာ ဖန်ရောင်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဤရက်များအတွင်း သူက ဖန်ရောင်၏အစစ်အမှန်အကျင့်စရိုက်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသောကြောင့် အချစ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က သူ့ကို အလုပ်ပေးအပ်လာသောအခါ သေချာပေါက်လက်ခံမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဒေါသထွက်ချင်ယောင်ဆောင်၍ ခြံဝန်းအတွင်းမှ ဒေါကြီးမောကြီးနှင့် ထွက်ခွာသွားခဲ့သည်။

"ရွှမ်အန်းကို အရိပ်ထဲကလှုပ်ရှားခိုင်းတာ ပိုပြီးအကျိုးရှိတယ်"

ယဲ့ချန်နှင့် ကုလန်က အပြုံးကိုယ်စီနှင့် ကျောက်စိမ်းသစ်ခွသေရည်ကို သောက်သုံးနေကြသည်။ အတိတ်နှင့်ယှဥ်လျှင် ဤသေရည်ကိုသောက်ရခြင်းအပေါ် ကုလန်က မသက်မသာခံစားရခြင်း မရှိတော့ချေ။ အတိတ်တွင် ဆည်းဆာရွှေတစ်သောင်းက သူနှင့်လင်းယုအတွက် အလွန်များသောပမာဏဖြစ်သော်လည်း သူတို့၏အဆင့်အတန်းမြင့်လာသောအခါ ဤပမာဏက များပြားသည်ဟု မဆိုနိုင်တော့ပေ။

ဤနေ့ရက်များအတွင်း ကောင်းကင်ဘုံငယ်များ၏ဝင်ပေါက်တွင် မုဆိုးအဖွဲ့နှစ်ဆယ်ကျော် စုဝေးနေကြသည်။ တစ်ကိုယ်တော်ဝင်ရောက်လိုသူများမှာ အထက်တန်းစားများ၏နောက်လိုက်ခွေးများ စစ်ဆေးခြင်းကို ခံခဲ့ကြရသည်။ ကုဖေးနှင့် ယဲ့ချန်၏ခြံဝန်းများမှာလည်း အချိန်တိုင်းစောင့်ကြည့်ခံနေရသဖြင့် အထက်တန်းစားများက သူတို့ကို မည်မျှမုန်းတီးကြောင်း သိသာနေသည်။ ကုလန်နှင့် ကျန်အဖွဲ့ဝင်များပင် အပြင်ထွက်လျှင် ဂရုစိုက်၍ သတိထားသွားလာနေကြရသည်။

နံနက်စောစောတွင် မြူခိုးများရစ်သိုင်းနေပြီး ခြံဝန်း၏တံခါးပွင့်လာကာ အစေခံတစ်ယောက်၏အဝတ်အစားများ ဝတ်ဆင်ထားသည့် ဖန်ရောင် ထွက်လာခဲ့သည်။ ခြံဝန်းကိုစောင့်ကြည့်ရန် တာဝန်ကျသူနှစ်ယောက်က ချက်ချင်းသတိထားမိသွားကြ၏။

"ဒီမိန်းမက အတော်လှသကွ"

"မျက်စိအစာကျွေးမနေနဲ့။ သူမကို သခင်ဖန်ယုက လာဘ်ထိုးထားလို့ ငါတို့ဘက်က သူလျှိုဖြစ်နေပြီ။ ကျန်တဲ့လူတွေကို ဆက်စောင့်ကြည့်ပြီး ဘယ်သူမှ လွတ်ထွက်မသွားစေနဲ့။ မဟုတ်ရင် သခင်က ငါတို့ကို အပြစ်ပေးလိမ့်မယ်"

"ဒီလိုလား"

ကင်းသမားနှစ်ယောက်က စကားအနည်းငယ်ပြောဆိုပြီးနောက် ဖန်ရောင်ကို လျစ်လျူရှုလိုက်ကြသည်။ သူမက အဓိကလမ်းမကြီးတလျှောက် လျှောက်လှမ်း၍ မြို့ဝင်ပေါက်ထံ ဦးတည်သွားကာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ခြံဝန်းတံခါးထပ်မံပွင့်ဟလာကာ လှပသော မိန်းမတစ်ယောက် ထွက်ပေါ်လာပြန်သည်။

"ဘာလို့ ဒီမိန်းမက နောက်တစ်ခေါက် ထပ်ပေါ်လာတာလဲ"

ကင်းသမားများက အထိတ်တလန့်ဖြစ်သွားကြသည်။

"ဘာတွေဖြစ်ကုန်တာလဲ။ သူမက ထွက်သွားပြီးပြီ မဟုတ်ဘူးလား"

"ငါတို့လှည့်စားခံလိုက်ရပြီ။ သူတို့ထဲက တစ်ယောက်ဟာ အတုဖြစ်ရမယ်"

အဓိကလမ်းမကြီးထံ ဦးတည်နေသော ဒုတိယဖန်ရောင်နောက်သို့ ကင်းသမားနှစ်ယောက် လိုက်ပါသွားကြသည်။

"ဒီတစ်ယောက်က သေချာပေါက်အတုဖြစ်ရမယ်"

ကင်းသမားနှစ်ယောက်က ဒုတိယဖန်ရောင်နောက်သို့ ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်နေကြသည်။ အချိန်ခဏအကြာတွင် ခြံဝန်းတံခါးပွင့်လာပြီး ဖန်ရောင်နောက်တစ်ယောက်ထွက်လာသဖြင့် ကင်းသမားနှစ်ယောက်သာရှိနေလျှင် အံ့သြမှုကြောင့် မင်သက်သွားပေလိမ့်မည်။ ပထမနှင့်တတိယဖန်ရောင်မှာ ယဲ့ချန်ကိုယ်ပွားနှစ်ယောက်က နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ပြောင်းလဲထားခြင်းဖြစ်ကာ ဒုတိယဖန်ရောင်က အစစ်ဖြစ်သည်။ ကင်းသမားများကို လှည့်စားရန်အတွက် မိန်းမတစ်ယောက်ဟန်ဆောင်ရခြင်းမှာ ယဲ့ချန်အတွက် အမှန်တကယ် ခံရခက်ပေသည်။ သူက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ပတ်ဝန်းကျင်တွင် ရန်သူများရှိမရှိ အာရုံခံလိုက်သည်။ ပထမကိုယ်ပွားက ယဲ့ချန်အဖြစ် ပြန်လည်ပြောင်းလဲကာ ဆေးစံအိမ်သို့အလုပ်လုပ်ရန် ထွက်ခွာသွားခဲ့သည်။ နောက်တစ်ယောက်က လူရှင်းသောလမ်းထောင့်တစ်ခုသို့ သွားရောက်ပြီး သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲ၍ မြို့ဝင်ပေါက်မှတဆင့် အဝေးသို့ ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်၏ပန်းတိုင်အစစ်အမှန်က ကောင်းကင်ဘုံငယ်များမဟုတ်ဘဲ အရှေ့ပိုင်းတိုက်ကြီးဖြစ်သည်။ မည်သည့်အထက်တန်းစားမှ ယဲ့ချန်သည် ဆည်းဆာရွှေသန်းနှစ်ဆယ်အသုံးပြု၍ အရှေ့ပိုင်းတိုက်ကြီးသို့ပြန်မည်ဟု ခန့်မှန်းထားခြင်းမရှိပေ။ အကယ်၍ သူတို့သာသိသွားလျှင် ယဲ့ချန်ကိုသတ်ရန် ကျင့်ကြံသူများစေလွှတ်၍ သေချာပေါက်တားမြစ်ပေလိမ့်မည်။ သို့သော်လည်း သူတို့က ဤအချက်ကို မထင်ထားသောကြောင့် ယဲ့ချန်သည် လူပေါင်းများစွာအတွင်းရောနှော၍ အလွယ်တကူ ထွက်ခွာနိုင်ခဲ့လေသည်။ သူ၏ခြံဝန်းကိုစောင့်ကြည့်ရန် တာဝန်ပေးခံထားရသော ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူနှစ်ယောက်မှာလည်း နတ်ကိုယ်ပွားကျင့်စဥ်နှင့် နေရောင်အောက်မှသူခိုးကျင့်စဥ်ကြောင့် အရူးလုပ်ခံလိုက်ရသည်။

ယဲ့ချန်သည် ကောင်းကင်မူလတိုက်ကြီး၏အစီအရင်ထံ ရောက်ရှိလာပြီး စောင့်ကြပ်နေသာ တာအိုနတ်အဆင့်ကျင့်ကြံသူနှစ်ယောက်ထံ ဆည်းဆာရွှေဆယ်သန်း ပေးချေလိုက်၏။ ထို့နောက် သူက ကောင်းကင်မူလတိုက်ကြီးမှ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့သည်။

"နောက်ဆုံးတော့ ငါ အရှေ့ပိုင်းတိုက်ကြီးကို ပြန်လာနိုင်ပြီ။ ယဲ့မျိုးနွယ်ဝင်တွေနဲ့ ကြယ်ခန်းမကို နောက်တစ်ကြိမ် ပြန်တွေ့ရတော့မယ်"

ယဲ့ချန်၏မျက်နှာတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပြည့်နှက်နေကာ အိမ်မှခွဲခွာနေရသောကြောင့် လွမ်းဆွတ်သတိရနေခဲ့သည်။ သို့သော် ဤတစ်ကြိမ် သူ၏ထွက်ခွာမှုက ထင်ထားသည်ထက် စောစီးစွာပြန်လာနိုင်ခဲ့သည်။ သူကိုယ်တိုင်ပင် ဝင်ထွက်ခအဖြစ်လိုအပ်သည့် ပမာဏကို အလွယ်တကူလျင်မြန်စွာ ရှာဖွေနိုင်မည်ဟု မတွေးဖူးချေ။ ကံမကောင်းသည်မှာ သူ၏မျိုးနွယ်ဝင်များနှင့် နောက်လိုက်များကိုခေါ်ဆောင်ရန် လုံလောက်သောငွေကြေး မရှိခြင်းဖြစ်သည်။ သို့သော်လည်း သူက တစ်နှစ်အတွင်း ဤအလုပ်ကို အောင်မြင်စွာစွမ်းဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။

ကောင်းကင်မူလတိုက်မှ ယဲ့ချန်ထွက်ခွာသွားစဥ် ရန်ယွင်မြို့တော်မှ ချီပင်လယ်အဆင့်ကျင့်ကြံသူခြောက်ထောင်မှာ ကောင်းကင်ဘုံငယ်များ၏ဝင်ပေါက်တွင် စုဝေးနေကြသည်။ သူတို့အားလုံးက တစ်ဖွဲ့လျှင် ခုနစ်ယောက်၊ရှစ်ယောက်ပါဝင်သော သာမန်လူတန်းစားများဖြစ်ကြသည်။

"သခင်ရှု သခင်ယိနဲ့ အထက်တန်းစားသခင်တွေအားလုံးက သာမန်ပြည်သူတွေကို ကောင်းကင်ဘုံငယ်တွေဆီ ဝင်ခွင့်မပေးဘူးလို့ ပိတ်ပင်လိုက်တယ်"

ချန်းယွမ်က အော်ဟစ် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ဘာအတွက်လဲ"

"တာအိုအိမ်တော်တောင် ဒီလိုစည်းကမ်းမျိုး ထုတ်မထားဘူး"

"မင်းတို့လွန်လွန်းသွားပြီ။ ငါတို့က ဘာကြောင့် ကောင်းကင်ဘုံငယ်တွေထဲကို မဝင်ရမှာလဲ"

ကျင့်ကြံသူမုဆိုးများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဒါက သခင်တွေရဲ့အမိန့်ဖြစ်တယ်။ မင်းတို့က လွန်ဆန်ရဲလား။ အမိန့်ကို ကလန်ကဆန်လုပ်မယ်ဆိုရင် ကောင်းကင်ဘုံငယ်ထဲကို ရောက်တာနဲ့ ပြဿနာတက်စေရမယ်"

ချန်းယွမ်က အေးစက်စက်ခြိမ်းခြောက်လိုက်သည်။ တာအိုစံအိမ်၏ကျင့်ကြံသူများမှလွဲလျှင် ချီပင်လယ်အဆင့်ကျင့်ကြံသူများသည်သာ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ခွင့်ရှိသည်။ ချွင်းချက်အနေဖြင့် စန်းဟိုင်ကြယ်၏အောက်ခြေတွင် ကျင့်ကြံနေသည့် တာအိုနတ်အဆင့်များလည်း ရှိသည်။

အတိတ်တွင် ရန်ယွင်မြို့တော်မှ ကျင့်ကြံသူတစ်ထောင်ကျော်သာ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်လေ့ရှိသည်။ သူတို့အားလုံးက အထက်တန်းစားများ၏ နောက်လိုက်များဖြစ်ကြသည်။ သို့သော် ကုလန်က ငွေချေးလုပ်ငန်းကို စတင်လိုက်သောအခါ ဝင်ကြေးပေးဆောင်ရန်မတတ်နိုင်သော ဆင်းရဲသည့်ကျင့်ကြံသူများအတွက်လည်း အခွင့်အရေးတစ်ခု ရလာခဲ့သည်။ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်သော အရေအတွက်က ခြောက်ထောင်အထိ တမဟုတ်ချင်းမြင့်တက်လာသည်။

ဤအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် ရန်ယွင်မြို့တော်၏ အထက်တန်းစားများသည် သူတို့၏အကျိုးအမြတ်ထိခိုက်မည်ကို စိုးရိမ်လာကြသည်။ သာမန်လူတန်းစားများသာ ချမ်းသာလာလျှင် ထိန်းချုပ်ရန် ပို၍ခက်ခဲလာပေလိမ့်မည်။ ပို၍စိုးရိမ်စရာကောင်းသော အချက်မှာ သူတို့၏နောက်လိုက်အချို့ပင် သာမန်ပြည်သူအုပ်စုများနှင့် ပူးပေါင်းကာ ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်လာကြခြင်းဖြစ်သည်။ အထက်တန်းစားများ၏နောက်လိုက်ခွေးအဖြစ် အမဲလိုက်ပေးရခြင်းထက် ကိုယ်တိုင်အမဲလိုက်ရခြင်းက အကျိုးအမြတ်များစွာ ပို၍ရရှိသည်။ ထို့ကြောင့် အနာဂတ်တွင် သူတို့၏နောက်လိုက်များအားလုံး နှုတ်ထွက်သွားနိုင်သည်။ ထို့ကြောင့် ရှုချင်းနှင့်ယိရန်က ဦးဆောင်၍ အထက်တန်းစားများ၏အာဏာဖြင့် ဤကိစ္စကိုထိန်းချုပ်ရန် ကြိုးစားလာကြသည်။ သူတို့က ကောင်းကင်ဘုံငယ်များကို လက်ဝါးကြီးအုပ်ထားလိုပြီး သာမန်လူတန်းစားကျင့်ကြံသူများအတွက် အကျိုးအမြတ်ကို ခွဲမပေးလိုသောကြောင့်ဖြစ်သည်။

သို့သော်လည်း သာမန်ပြည်သူများ၏တုံ့ပြန်မှုကိုမူ သူတို့က ထည့်တွက်မထားကြပေ။ သူတို့ကို တာအိုစံအိမ်၏ဥပဒေက ကာကွယ်ပေးထားသောကြောင့် အထက်တန်းစားများမှ စိတ်ရှိတိုင်း မသတ်ဖြတ်နိုင်ချေ။ သာမန်ပြည်သူများက တစ်ယောက်စနှစ်ယောက်စဆိုလျှင် အထက်တန်းစားများကို တော်လှန်ရဲမည်မဟုတ်ပေ။ သို့သော် အထက်တန်းစားများက ပို၍လွန်ကဲလာပြီး ပိုက်ဆံရှာဖွေနိုင်သည့် နည်းလမ်းအားလုံးကို လက်ဝါးကြီးအုပ်၍ သူတို့ကို ဆင်းရဲတွင်းမှ တက်မလာနိုင်စေရန် ဖိနှိပ်ချင်နေကြသည်။

သို့သော် လက်ရှိအခြေအနေက ကွဲပြားနေပြီး ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်လိုသည့် သာမန်လူတန်းစားကျင့်ကြံသူပေါင်း ခြောက်ထောင်ကျော် တစ်နေရာတည်းတွင် စုဝေးနေကြသည်။ ထို့ကြောင့် အထက်တန်းစားများတွင် နောက်လိုက်ခွေးများစွာရှိသည့်တိုင်အောင် အခြေအနေကို အလုံးစုံထိန်းချုပ်နိုင်ရန် အလွန်တရာခက်ခဲပေလိမ့်မည်။

All Chapters