← Chapters

ကြယ်မြို့ဟောင်းသို့ ပြန်လည်သွားရောက်ခြင်း

Vol. 39 Ch. 542

ကြယ်မြို့ဟောင်းသို့ ပြန်လည်သွားရောက်ခြင်း

Vol. 39 Ch. 542

"ဘာဖြစ်ဖြစ် ငါတို့က ကောင်းကင်ဘုံငယ်ထဲကို ဝင်ကြမယ်"

သာမန်လူတန်းစားကျင့်ကြံသူများက ပြိုင်တူအော်ဟစ် ကြုံးဝါးလိုက်ကြသည်။

"မင်းတို့က သေချင်နေတာလား။ မင်းတို့စားသောက်ဖို့အတွက် အစားအစာကို သခင်တွေဆီက ဝယ်ရတယ်။ ကောင်းကင်ဘုံငယ်ထဲကို ဝင်ရဲတဲ့သူမှန်သမျှကို ဘာမှရောင်းမပေးဘူး"

ယိရန်၏ နောက်လိုက်တစ်ယောက်ဖြစ်သော ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူက ဒေါသတကြီး ခြိမ်းခြောက်လိုက်၏။ ကောင်းကင်မူလတိုက်ကြီးတွင် ချီပင်လယ်များကို ဖိနှိပ်ထားသောကြောင့် ၎င်းကိုခုခံရန်အတွက် အမြဲတမ်း ချီများကို လည်ပတ်ထားရသည်။ ထို့ကြောင့် ချီကုန်ဆုံးမှုများပြားသောကြောင့် ကျင့်ကြံသူများက စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ဝိညာဥ်သားရဲအသားများနှင့် ဆေးပင်အမျိုးမျိုးကို စားသောက်ရန် လိုအပ်သည်။

"ငါတို့က ဘာကြောက်နေရမှာလဲ။ မင်းတို့က ရောင်းမပေးရင် တခြားမြို့တွေကို သွားဝယ်လို့ရနေတာပဲ။ အနာဂတ်မှာ အမဲလိုက်ရသမျှ ဝိညာဥ်သားရဲအသားတွေကိုလည်း မင်းတို့ဆီကို မရောင်းဘူး။ ကိုယ့်ဘာသာစားပစ်မယ်"

"မှန်တယ်။ ငါတို့ဘာသာအမဲလိုက်ပြီး အစားစားနိုင်တယ်"

"အနာဂတ်မှာ ဒီကောင်ကြီးတွေအတွက် အလုပ်လုပ်မပေးနိုင်တော့ဘူး။ မင်းတို့ရဲ့ဆေးပင်စိုက်ခင်းတွေကို မင်းတို့သခင်တွေကို စိုက်ခိုင်းလိုက်"

"ငါတို့လည်း ဒီအထက်တန်းစားအရူးတွေအတွက် အလုပ်လုပ်မပေးနိုင်တော့ဘူး"

ပထမတွင် ကျင့်ကြံသူများက ငြိမ်သက်သွားသော်လည်း တစ်စုံတစ်ယောက်က စတင်တွန်းလှန်လိုက်သောအခါ စည်းလုံးညီညွတ်သွားကြပြီး အထက်တန်းစားများအပေါ် မျိုသိပ်ထားရသည့် ဒေါသများ ပေါက်ကွဲထွက်ပေါ်လာသည် ။မောက်မာနေသော နောက်လိုက်ခွေးများသည် တစ်စတစ်စပို၍ပြင်းထန်လာသော သာမန်လူတန်းစားများ၏အုံကြွမှုကို မဖိနှိပ်နိုင်တော့ပေ။ အရေအတွက်ချင်းယှဥ်လျှင်လည်း သူတို့က နည်းပါးနေသောကြောင့်ဖြစ်သည်။

"ငါတို့က ကောင်းကင်ဘုံငယ်တွေထဲကို ဝင်ကြမယ်။ ငါတို့ကိုသတ်ချင်ရင် လိုက်လာခဲ့စမ်း။ ငါတို့မှာ ဆုံးရှုံးစရာဆိုလို့ အသက်တစ်ခုတည်းရှိတာပဲ။ သူသေကိုယ်သေ တိုက်ခိုက်ပစ်မယ်"

"မှန်တယ်။ တစ်ယောက်လာရင် တစ်ယောက်သတ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်ပစ်မယ်။ ဘာကိစ္စကြောက်နေရမှာလဲ"

ကျင့်ကြံသူများက စည်းစည်းလုံးလုံးဖြင့် ကောင်းကင်ဘုံငယ်များအတွင်း တည်နေရာရွှေ့ပြောင်းအစီအရင်မှတဆင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ တာအိုအိမ်တော်မှကြီးကြပ်သူက ဤကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဘေးထွက်ရပ်ကာ အေးစက်စက်စောင့်ကြည့်နေခဲ့သည်။ တာအိုအိမ်တော်၏ဥပဒေများတွင် သာမန်ပြည်သူများကို ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ခြင်းကို တားမြစ်ရန် ပြဌာန်းမထားသောကြောင့် ဤကိစ္စကိုဂရုစိုက်ရန် မလိုအပ်ပေ။

"သူတို့အားလုံးကို သတ်ပစ်ကြမလား"

ချန်းယွမ်က ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများထံ မေးလိုက်ခြင်းဖြစ်သည်။

"ခွေးမသား မင်းရူးနေတာလား။ ဒီကောင်တွေက သူသေကိုယ်သေတိုက်ခိုက်မယ်လို့ ကြုံးဝါးသွားတာ မကြားရအောင် နားကန်းနေတာလားကွ။ ပိုက်ဆံအတွက် သတ္တိတွေပြည့်နှက်နေတဲ့ သူတို့ကို မင်းက အကုန်လုံး လိုက်သတ်နိုင်လို့လား"

ယိရန်၏နောက်လိုက်များအနက်မှ ယုဖန်းအမည်ရသော ကျင့်ကြံသူက ချန်းယွမ်ကို အော်ဟစ်ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။ သူက ယိရန်၏နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သောကြောင့် လက်ရုံးတစ်ဆူဖြစ်လာကာ သာမန်လူတန်းစားများအပေါ် အထင်သေးတတ်သူဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ သူတို့သာ ဆက်လက်ဖိနှိပ်လျှင် သာမန်လူတန်းစားများ၏တွန်းလှန်မှုက ပို၍ပြင်းထန်လာနိုင်ကြောင်း နားလည်ထားသည်။ ရန်ယွင်မြို့တော်အတွင်း၌ သူတို့က အထက်တန်းစားများကို ပေါ်တင်ရန်မစရဲသော်လည်း သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော ကောင်းကင်ဘုံငယ်များအတွင်း အခြေအနေက ကွဲပြားပေသည်။ ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်များက ဝင်ခွင့်မရသည့်အပြင် သာမန်လူတန်းစားများကြားတွင်လည်း ချီပင်လယ်အဆင့်တစ်ဆယ်ရောက်အောင် ကျင့်ကြံထားနိုင်သော စစ်သည်တော်များစွာရှိသည်။ ထို့ကြောင့် အထက်တန်းစားများ၏ နောက်လိုက်များမှာ အမှန်တကယ်တိုက်ခိုက်ရလျှင် အသာစီးရယူနိုင်မည် မဟုတ်ပေ။ အမှန်တကယ်တိုက်ခိုက်လျှင် အထိနာမည့်သူမှာ အထက်တန်းစားများသာဖြစ်သည်။

"သခင်တွေကိုပြန်ပြီး သတင်းပို့ကြစမ်း။ ဒီကိစ္စကို သူတို့ကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်"

ယုဖန်းက အမိန့်ပေးလိုက်သည်။ သာမန်လူတန်းစားများက ကောင်းကင်ဘုံငယ်အတွင်း သတိကြီးကြီးထား၍ လှုပ်ရှားနေသော်လည်း အထက်တန်းစားများဘက်မှ အမှန်တကယ်မတိုက်ခိုက်ရဲသည်ကို မျက်နှာချင်းဆိုင်ကြုံရသောအခါ သိရှိသွားကြသည်။ လူတိုင်းက စိတ်လှုပ်ရှားနေပြီး အထက်တန်းစားများ၏နောက်လိုက်များမှာ သူတို့ကို ခြိမ်းခြောက်ရုံသာတတ်နိုင်သည့် စက္ကူကျားများ ဖြစ်သွားခဲ့ကြသည်။ သာမန်လူတန်းစားများအတွက် ဤခြေလှမ်းက မဟာအောင်ပွဲကြီးဖြစ်ကာ ရန်ယွင်မြို့၏အထက်တန်းစားများကို တွန်းလှန်ရန် လိုအပ်သော ယုံကြည်မှုကို တည်ဆောက်ပေးခဲ့သည်။

ကောင်းကင်ဘုံငယ်များမှ အခြေအနေကို သိရသောအခါ ကုညီအစ်ကိုသည် အခွင့်အရေးတစ်ခုရောက်လာပြီဟု ခံစားရသောကြောင့် သာမန်လူတန်းစားများကြားမှ အစွမ်းထက်ချီပင်လယ်အဆင့်များကို ဆက်သွယ်ခဲ့သည်။ အထက်တန်းစားများဘက်မှ မည်သို့တုံ့ပြန်လာမည်ကို မပြောနိုင်သောကြောင့် တကွဲတပြားဖြစ်နေလျှင် အလွယ်တကူ ချေမှုန်းခံရနိုင်သည်။ ထို့ကြောင့် သာမန်လူတန်းစားများကြားတွင် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ကုညီအစ်ကိုနှင့် အခြားကျင့်ကြံသူများက ထူထောင်လိုက်ကြသည်။

လက်ရှိတွင် ရန်ယွင်မြို့က ဗြောင်းဆန်နေသော်လည်း ယဲ့ချန်က ထိုအခြေအနေများကို မသိဘဲ ယဲ့တောင်ကြားအတွင်း ရောက်နေခဲ့သည်။ သူ၏ရုတ်တရက်ပြန်ရောက်လာမှုက ကြယ်ခန်းမတစ်ခုလုံးကို အုံးအုံးကျွက်ကျွက်ဖြစ်သွားစေခဲ့ပြီး လူတိုင်းက အလွန်ပျော်ရွှင်နေကြသည်။ သူက အချိန်တိုအတွင်း ပြန်ရောက်လာမည်ဟု မည်သူမှထင်မထားခဲ့ပေ။ ယဲ့မျိုးနွယ်မှ ယောကျ်ားရင့်မာကြီးများပင် ယဲ့ချန်ဘေးကင်းသောအခါ ပျော်ရွှင်မှုကြောင့် မျက်ရည်ဝဲနေကြသည်။ သူတို့၏အတွေးတွင် ယဲ့မျိုးနွယ်၏ဂုဏ်ထူးဆောင်ပါရမီရှင်ကို နောက်တစ်ကြိမ်ပြန်မတွေ့နိုင်တော့ဟု ထင်မှတ်ထားကြသည်။ ကောင်းကင်မူလတိုက်ကြီးသို့ ယဲ့ချန်ရောက်ရှိနေချိန်တွင် ယဲ့မျိုးနွယ်ဝင်တိုင်းက စိုးရိမ်လွန်းသဖြင့် ညများပင် အိပ်မပျော်နိုင်ကြချေ။ သူတို့က ကောင်းကင်မူလတိုက်အကြောင်း လုံးဝမသိသကဲ့သို့ ယဲ့ချန်၏အခြေအနေကိုလည်း မခန့်မှန်းတတ်ကြပေ။

ယဲ့ချန်က ကောင်းကင်မူလတိုက်ကြီးအကြောင်း သိရှိလာသမျှကို အသေးစိတ်ပြောပြလိုက်သောအခါ အရှေ့ပိုင်းတိုက်ကြီးထက် ပို၍ဘေးကင်းသောကြောင့် သူတို့က စိတ်အေးသွားရသည်။

"ချန်အာ မင်းပြောသလိုဆိုရင် လူတစ်ယောက်ဝင်ခွင့်ရဖို့အတွက် ဆည်းဆာရွှေဆယ်သန်း လိုအပ်တယ်။ ငါတို့မှာက ထောင်ချီတဲ့ ယဲ့မျိုးနွယ်ဝင်တွေနဲ့ ကြယ်ခန်းမတပည့်တွေ အများကြီးရှိတယ်။ ငါတို့က ကိုယ်လွတ်ရုန်းလို့ မဖြစ်ဘူး"

ယဲ့ကျန့်ထန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူက ယဲ့ချန်၏ဖခင်ဖြစ်သော်လည်း အကူအညီမဖြစ်ရုံသာမက သားဖြစ်သူအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေရသည်ဟု ခံစားရသဖြင့် အရှက်ရနေမိသည်။

"အဖေ ဒီကိစ္စကို မစိုးရိမ်ပါနဲ့။ ကျွန်တော်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရအောင် ရှာပါ့မယ်။ ထန်တိုက်လင်နဲ့ နင်အာက အခုသိုင်းဒေသကိုရောက်နေပြီဆိုတော့ သူတို့လည်း နည်းလမ်းတစ်ခုရှာတွေ့မှာ သေချာပါတယ်"

ယဲ့ချန်က သူ့ကို အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။ ထန်တိုက်လင်က ယဲ့ချန်၏မိန်းမဖြစ်လာပြီး ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရသောကြောင်း သိသောအခါ ယဲ့ကျန့်ထန်းတို့အားလုံး ပျော်ရွှင်သွားကြသည်။ သူတို့၏မျိုးနွယ်ခေါင်းဆောင်က မြောက်ပင်လယ်ဘုရင်မကို သိမ်းပိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။

"တော်လိုက်တဲ့ကောင်ကွာ။ မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိတာ ငါတို့ကို စောစောမပြောပြထားဘူး"

ယဲ့ကျန့်လုံက ယဲ့ချန်၏ပခုံးကို လက်ဖြင့်ပုတ်ကာ ရယ်ရယ်မောမောနှင့် စနောက်လိုက်သည်။ ယဲ့ချန်က နေရခက်ဟန်ဖြင့် ခေါင်းကုတ်လိုက်သောအခါ ယဲ့တောင်ကြားအတွင်း ရယ်မောသံများဆူညံသွားလေသည်။ ထို့နောက် ယဲ့ချန်သည် အရေးကြီးသောကိစ္စများကို ဆောင်ရွက်ရန် အလျင်လိုနေသောကြောင့် မတ်တပ်ထရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"အဖေ ဘိုးဘိုးကြီး ကျွန်တော် ဒီတစ်ခေါက်ပြန်လာတာ လုပ်စရာကိစ္စတွေရှိတယ်။ အမြန်ဆုံးပြန်လာပါ့မယ်။ အခုတော့ အချိန်ကို အကောင်းဆုံးအသုံးချရမယ်"

ယဲ့မျိုးနွယ်ဝင်များကို ပြောင်းရွှေ့ရန်အလုပ်က အလွန်တရာခက်ခဲသောကြောင့် သူက အချိန်လု၍ ကြိုးစားရပေလိမ့်မည်။

"ချန်အာ လောလောဆယ်မှာ ဝိညာဥ်သားရဲတွေက ကြယ်ခန်းမကို မခြိမ်းခြောက်နိုင်ဘူး။ စိတ်ပူမနေပါနဲ့"

ယဲ့ကျန့်ထန်းက ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြ၍ ရှောင်ရိ၊ နန်ရှင်းနှင့် အားဖန်များကို ခေါ်ဆောင်ကာ ကျောက်စိမ်းနန်းတော်၏ခြောက်ထပ်သို့ ချက်ချင်းထွက်ခွာလာခဲ့သည်။

ကျောက်စိမ်းနန်းတော်၏ခြောက်ထပ်၊ မျောလွင့်နေသော ကြယ်မြို့ဟောင်း၏ ကာကွယ်ရေးအစီအရင်အပြင်ဘက်၌ ယဲ့ချန်က မတ်တပ်ရပ်နေသည်။ သူက ချီပင်လယ်အဆင့်သုံးသို့ ရောက်နေပြီဖြစ်သောကြောင့် လက်ရှိခွန်အားဖြင့် ဝင်ရောက်နိုင်စွမ်းရှိလာသည်။ လွန်ခဲ့သောနှစ်သောင်းချီကဆိုလျှင် အစီအရင်က အလွန်အစွမ်းထက်မည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာစွန့်ပစ်ခံရပြီးနောက် ၎င်း၏စွမ်းအင်အများစုက လျော့နည်း၍ အားနည်းလာခဲ့သည်။ သို့သော်လည်း ဤနေရာက ထူးကဲအဆင့်ကျင့်ကြံသူများပင် ဝင်ရောက်နိုင်စွမ်းမရှိဘဲ အနည်းဆုံး ချီပင်လယ်အဆင့်ကျင့်ကြံသူများသာ ကျော်ဖြတ်နိုင်ပေသည်။

ယဲ့ချန်သည် လူတိုင်းကို ဝိညာဥ်ပုလဲအတွင်း သိမ်းဆည်း၍ ချီပင်လယ်ကိုထုတ်ဖော်ကာ ကြယ်မြို့ဟောင်းထံ ချဥ်းကပ်လိုက်သည်။ အစီအရင်ကို ချီပင်လယ်ဖြင့် ဖြည်းညှင်းစွာဝါးမျို၍ အပေါက်တစ်ခုထွင်းဖောက်ကာ သူက လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်ဖြတ်သန်းသွားပြီးနောက် ကာကွယ်ရေးအစီရင်၏အပေါက်က အလိုအလျောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။

"ရှောင်ရိ နန်ရှင်းတစ် အားဖန်တွေ တွေ့သမျှ အကုန်ယူကြ"

ဝိညာဥ်ပုလဲအတွင်းမှ ခုန်ထွက်လာသော ပုံရိပ်ခြောက်ခုကို ယဲ့ချန်က ညွှန်ကြားလိုက်သည်။ ကြယ်မြို့ဟောင်းအတွင်းရှိ စျေးဆိုင်များ၌ ရတနာများက အကောင်းအတိုင်း ကျန်ရစ်နေသည်။ ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မြို့တစ်ခုဖြစ်သည်။ နှစ်ပေါင်းသောင်းချီအကြာတွင် ကောင်းကင်မူလတိုက်ကြီး၌ ဆင့်ကဲတိုးတက်မှုကြောင့် ဆေးပညာနှင့်ပန်းပဲပညာက ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ ဤမြို့ဟောင်းအတွင်းရှိ ရတနာများက အဆင့်အမြင့်ဆုံးမဟုတ်သော်လည်း အဖိုးတန်နေဆဲပင်ဖြစ်သည်။

ကောင်းကင်မူလတိုက်ကြီးတွင် အဆင့်ကိုးနတ်ဆိုးချပ်ဝတ်က အဖိုးမတန်သော်လည်း လူသားအဆင့်၏ပေါက်စျေးမှာ အနည်းဆုံး ဆည်းဆာရွှေသန်းနှစ်ဆယ်မှ သုံးဆယ်အကြားဖြစ်သည်။ လူသားအဆင့်ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင် ချီပင်လယ်အဆင့်တစ်ဆယ်အောက်ရှိ ကျင့်ကြံသူများ ထိုးဖောက်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ယဲ့ချန်သည် နတ်ဆိုးချပ်ဝတ်များကို ဆက်တိုက်သိမ်းဆည်းနေကာ အဆင့်ကိုးများအား ယဲ့မျိုးနွယ်ထံပေးအပ်ရန် စီစဥ်ထားသည်။ လူသားအဆင့်ချပ်ဝတ်ငါးခုကိုမူ သူက ကောင်းကင်မူလတိုက်ကြီးသို့ ယူဆောင်သွားမည်ဖြစ်သည်။ နတ်ဆိုးချပ်ဝတ်များအပြင် မြေအဆင့်၊ လူသားအဆင့်နှင့် ကောင်းကင်အဆင့် ဝိညာဥ်လက်နက်များကိုလည်း သူက တွေ့ရှိခဲ့သည်။ ၎င်းတို့က နတ်ဆိုးချပ်ဝတ်များလောက် အဖိုးမတန်သော်လည်း မြေအဆင့်လက်နက်တစ်ခုကို ဆည်းဆာရွှေသိန်းချီဖြင့် ရောင်းချနိုင်ကာ ကောင်းကင်အဆင့်လက်နက်တစ်ခုက ဆည်းဆာရွှေသန်းချီ တန်ကြေးရှိပေသည်။

ထို့အပြင် အဆောက်အအုံတစ်ခုလုံးကို အပြည့်ဖြည့်နိုင်သော ဆေးလုံးများလည်း ရှိနေသည်။ ၎င်းတို့က ကောင်းကင်မူလတိုက်ကြီးတွင် အဖိုးမတန်သော်လည်း ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမအတွက် အလွန်တရာအကျိုးရှိပေသည်။ ၎င်းတို့ကိုအသုံးပြု၍ ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်သောကြောင့်ဖြစ်သည်။

ယဲ့ချန်သည် ချီပင်လယ်ကို အသက်သွင်း၍ တစ်မြို့လုံးကို စစ်ဆေးနေသည်။ သာမန်ရတနာများကိုရှာဖွေရန်အတွက် ရှောင်ရိတို့ကို တာဝန်လွှဲအပ်ထားသည်။ သူက ကြယ်မြို့ဟောင်း၏ အလယ်တည့်တည့်တွင် စျေးတန်းတစ်ခုနှင့် အလွန်ကြီးကျယ်ခမ်းနားသော အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသဖြင့် ရင်ခုန်မြန်သွားခဲ့သည်။ ၎င်းက တစ်မြို့လုံးတွင် အကြွယ်ဝဆုံးနေရာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေခဲ့သည်။ ကြီးကျယ်ခမ်းနားမြင့်မားသော အဆောက်အအုံသည် လေလံအိမ်တစ်ခုဖြစ်နေခဲ့ပြီး ထိုနေရာတွင် အထက်တန်းစားများ အရောင်းအဝယ် ပြုလုပ်တတ်သောကြောင့် ရှားပါးရတနာများစွာ စုဆောင်းထားတတ်သည်။

"ဒီနေ့ တစ်မြို့လုံးက ရတနာတွေ ငါ့အပိုင်ဖြစ်ပြီ"

ယဲ့ချန်က လေလံအိမ်အတွင်း အလွန်လျင်မြန်စွာ ပြေးဝင်လာသောအခါ အတွင်းရှိခန်းမသည် အလွန်ကျယ်ဝန်းကာ အနည်းဆုံး ခုံပေါင်းတစ်ထောင်ခန့် နေရာချထားကြောင်း တွေ့လိုက်ရသည်။ အပေါ်ထပ်များတွင်လည်း ဇိမ်ခံပစ္စည်းများဆင်ယင်ထားသော သီးသန့်အခန်းများ ရှိနေခဲ့သည်။ ထို့နောက် သူ၏အကြည့်က သစ်သားသေတ္တာအရွယ်အစားမျိုးစုံကို သပ်သပ်ရပ်ရပ်စီကာ တင်ထားသော စားပွဲတစ်လုံးထံ ကျရောက်သွားခဲ့သည်။ ဤသေတ္တာများအတွင်း၌ လေလံတင်မည့် ရတနာများရှိနေသဖြင့် သူက ၎င်းတို့ရှေ့မှောက်သို့ လှစ်ခနဲ ရွေ့လျားလိုက်သည်။ အညိုရင့်ရောင်သစ်သားများက နှစ်သောင်းချီတိုင်တိုင် ဖွင့်လှစ်ခံရရန် စောင့်မျှော်နေသော ရတနာသိုက်များပမာ စောင့်ဆိုင်းနေခဲ့ကြသည်။ အတွင်း၌ မည်သည့်ရတနာများရှိနေမည်ကို ယဲ့ချန်ကိုယ်တိုင်လည်း မပြောနိုင်ချေ။

All Chapters