← Chapters

ကြယ်ဝိညာဥ်သည် မျိုးနွယ်တစ်ခုဖြစ်သည်

Vol. 39 Ch. 543

ကြယ်ဝိညာဥ်သည် မျိုးနွယ်တစ်ခုဖြစ်သည်

Vol. 39 Ch. 543

ယဲ့ချန်သည် သေတ္တာတစ်ခုကိုကောက်ယူ၍ ဖွင့်လိုက်သောအခါ ဖွတ်ခနဲမြည်သံနှင့်အတူ အနက်ရောင်ဖုန်မှုန့်များ ထွက်ပေါ်လာသည်။ သေတ္တာအတွင်းရှိနေသည်မှာ မည်သည့်ရတနာဖြစ်ကြောင်း သူမသိသော်လည်း အမှုန့်ဖြစ်သွားခဲ့သည်။ ၎င်းထံမှ အနံ့ဆိုးတစ်ခုထွက်ပေါ်လာပြီး ကံကောင်းစွာဖြင့် အဆိပ်ရှိမနေခဲ့ပေ။ သူက ၎င်းကိုရွေးချယ်စရာမရှိဘဲ လွှင့်ပစ်လိုက်ပြီး နောက်ထပ်သေတ္တာတစ်လုံး ဖွင့်ကြည့်လိုက်သည်။ ၎င်းက ပို၍ကြီးမားပြီး လက်နှစ်ဖက်ဖြင့် မယူရသည်။ အတွင်းသို့ကြည့်လိုက်သောအခါ မူလငွေရောင်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာသောကြောင့် အရောင်ဖျော့နေပြီဖြစ်သော ချပ်ဝတ်တစ်စုံကို တွေ့လိုက်ရသည်။ ၎င်းကိုထုတ်ယူ၍ ထိတွေ့စစ်ဆေးလိုက်သောအခါ သူက အေးစက်စက်အထိအတွေ့ကို ခံစားလိုက်ရသည်။ ၎င်းအပေါ်တွင် ရုန်းပေါင်းများစွာ ရေးထွင်းထားကာ ရှေးဟောင်းအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားပြီး နတ်ဆိုးချပ်ဝတ်မဟုတ်ကြောင်း သူက အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် ဓားဒဏ်ရာများ ထင်ဟပ်နေသောကြောင့် ချပ်ဝတ်ပိုင်ရှင်သည် ချပ်ဝတ်ကို တိုက်ပွဲပေါင်းများစွာတွင် အသုံးချခဲ့ကြောင်း သိသာနေသည်။

ငွေရောင်ချပ်ဝတ်ထံမှ လူသားအဆင့် နတ်ဆိုးချပ်ဝတ်ထက် ပို၍အစွမ်းထက်သည့် အရှိန်အဝါကို ခံစားရသဖြင့် ယဲ့ချန်သည် ၎င်းက သခင်အဖြစ် အသိအမှတ်ပြုလာစေရန် စမ်းသပ်ကြည့်ချင်ခဲ့သည်။ သူက လက်ချောင်းကိုဖောက်၍ သွေးစက်အချို့ချလိုက်သောအခါ ချပ်ဝတ်နှင့်ထိလိုက်သည်နှင့်တပြိုင်နက် သွေးမြူခိုးများအဖြစ် လောင်ကျွမ်းခံလိုက်ရပြီး သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားသည်။ ချပ်ဝတ်ထံမှ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုသော လက္ခဏာမျိုး မတွေ့ရသဖြင့် အနည်းငယ်ထူးဆန်းနေသည်။ ထို့ကြောင့် ၎င်း၏သရုပ်မှန်ကို စစ်ဆေးရန် ပန်းပဲဆရာများထံ မေးမြန်းမည်ဟု မှတ်သားကာ သေတ္တာအတွင်းပြန်ထည့်၍ လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။

သူက သေတ္တာများကို တစ်ခုပြီးတစ်ခုဖွင့်နေရင်း လူသားအဆင့် နတ်ဆိုးချပ်ဝတ်များ၊ ဆေးလုံးများ၊ ဝိညာဥ်ကျောက်စိမ်းအချို့နှင့် ရတနာမျိုးစုံ တွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးသေတ္တာနှစ်ခု ကျန်ရစ်သည်အထိ သူ၏အာရုံကို ဆွဲဆောင်နိုင်သော ရတနာမျိုး ထွက်ပေါ်မလာခဲ့ပေ။ လေလံအိမ်တစ်ခုတွင် နောက်ဆုံးမှ လေလံတင်သော ရတနာများက တန်ဖိုးအရှိဆုံးဖြစ်သည်။

ယဲ့ချန်က ပို၍သေးငယ်သော သေတ္တာကို အရင်ဆုံးဖွင့်လိုက်သောအခါ သစ်သီးတစ်လုံးကို မြင်လိုက်ရသဖြင့် မင်သက်သွားခဲ့သည်။ ၎င်းက ပန်းရောင်ဖြစ်ပြီး ကျောက်စိမ်းဖြင့်ထုလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပနေကာ ချောမွေ့လွန်းသဖြင့် ရေစက်ပင်မတင်နိုင်ဟု ထင်မှတ်ရသည်။ ပြင်းထန်သော မွှေးရနံ့တစ်ခုက သူ၏နှာခေါင်းကို လာရောက်ကျီစယ်ပြီး ခန်းမကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာမြင့်အောင် သိမ်းဆည်းခံထားရသော်လည်း ၎င်းက ခူးဆွတ်ကာစအခြေအနေအတိုင်း လတ်ဆတ်နေကာ မွှေးရနံ့က အလွန်ပြင်းထန်သည်။ သို့သော်လည်း ယဲ့ချန်ကိုမင်သက်စေသည်မှာ ဤအချက်များမဟုတ်ဘဲ ၎င်း၏အသွင်အပြင်က ယဲ့တောင်ကြားရှိ ဝိညာဥ်သစ်ပင်၏အသီးများနှင့် တစ်ထပ်တည်း တူညီနေခြင်းဖြစ်သည်။ ဝိညာဥ်သစ်ပင်၏အသီးများက မရင့်မှည့်သေးသော်လည်း ၎င်းက ရင့်မှည့်နေပြီဖြစ်ကာ အနံ့နှင့်အသွင်အပြင်အရ ၎င်းတို့၏ဇစ်မြစ်က တူညီကြောင်း ယဲ့ချန်က ပြောနိုင်သည်။ ၎င်းက လေလံတင်ခံရမည့် ရတနာတစ်ခုဖြစ်သောကြောင့် သေချာပေါက် အဖိုးတန်ပေလိမ့်မည်။ သို့သော် သူက များစွာလေ့လာခဲ့သည့်တိုင်အောင် ဝိညာဥ်သစ်ပင်၏အကြောင်းကို လုံးဝရှာမတွေ့ခဲ့ပေ။ ၎င်း၏ဇစ်မြစ်က သူထင်ထားသည်ထက် ပို၍နက်ရှိုင်းနေပုံပေါ်သောကြောင့် သစ်သီးကို သိမ်းဆည်းထားလိုက်ရုံသာ တတ်နိုင်သည်။

နောက်ဆုံးသေတ္တာကို ကြည့်နေသော ယဲ့ချန်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ ဖွင့်ကြည့်လိုက်သောအခါ လိပ်ခွံသဏ္ဍာန် သံလိုက်အိမ်မြှောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းအပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများစွာရေးထားပြီး အလယ်တည့်တည့်တွင် မျောလွင့်နေသော တည်နေရာပြ မြှားငယ်တစ်ချောင်းရှိသည်။ ၎င်းက အလွန်အမင်းရှေးကျပြီး စိုက်ကြည့်နေသော ယဲ့ချန်ကို ကြယ်ကောင်းကင်တစ်ခုအတွင်း ရောက်ရှိသွားသယောင် ခံစားရစေသည်။ ၎င်း၏ဆန်းကျယ်ကာ ပြင်းထန်သော အရှိန်အဝါကြောင့် ကောင်းကင်တုန်ခါဆေးအိုးထက် ပို၍အစွမ်းထက်မည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ ကောင်းကင်တုန်ခါဆေးအိုးကို အသက်သွင်းစဥ်က သူ၏ဝိညာဥ်ခြောက်ကပ်ခါနီးအထိ စုပ်ယူခံခဲ့ရသောကြောင့် သံလိုက်အိမ်မြှောင်ကိုမူ အလျင်စလို အသက်မသွင်းရဲချေ။ ၎င်း၏အသုံးဝင်ပုံကို အရင်ဆုံးရှာဖွေလေ့လာရန် ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်တို့အုပ်စုသည် ကြယ်မြို့ဟောင်းအတွင်း ရတနာဆိုလျှင် အပ်တိုတစ်ချောင်းပင်မကျန်အောင် အကုန်အစင်သိမ်းယူသွားခဲ့သည်။ သို့သော်လည်း အကြီးအကဲထျန်းယွမ် ထွက်ပေါ်မလာသောကြောင့် သူက အနည်းငယ်စိတ်ပျက်နေမိသည်။ ကျောက်စိမ်းမျှော်စင်၏ခုနစ်ထပ်က အလွန်အန္တရာယ်များပြီး ချီပင်လယ်အဆင့်များပင် သေနိုင်သောကြောင့် သူက ကျင့်ကြံဆင့်ကိုမြှင့်တင်ပြီးမှ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ ဤခရီးတွင် သူက ရတနာများစွာရခဲ့ပြီး လူသားအဆင့်နတ်ဆိုးချပ်ဝတ်ရှစ်စုံကပင် အလွန်ပျော်ရွှင်စေခဲ့သည်။ ငွေရောင်ချပ်ဝတ်၊ ထူးဆန်းသောသစ်သီးနှင့် သံလိုက်အိမ်မြှောင်တို့ကလည်း အထူးရတနာများဖြစ်နိုင်ပြီး အခွင့်အရေးရလျှင် ၎င်းတို့၏အသုံးဝင်ပုံကို ရှာဖွေစစ်ဆေးရန် ယဲ့ချန်က တေးမှတ်ထားသည်။ သူတို့အုပ်စုက ကြယ်မြို့ဟောင်းမှထွက်ခွာရန် ဟန်ပြင်လိုက်စဥ် လေးနက်သောအသံတစ်ခု ခပ်သြသြထွက်ပေါ်လာသည်။ ၎င်းက အကြီးအကဲထျန်းယွမ်ဖြစ်နေခဲ့သည်။

"မင်းလက်ထဲမှာရှိနေတဲ့ သံလိုက်အိမ်မြှောင်ဟာ စီမုလို့အမည်ရပြီး ကြယ်ဝိညာဥ် မဟာတာအိုလက်နက်ခြောက်ပါးထဲက တစ်ခုဖြစ်တယ်။ ဒါကို သေချာပေါက် ဂရုစိုက်ထိန်းသိမ်းရမယ်။ မျိုးခြားနတ်ဆိုးတွေလက်ထဲကို မရောက်သွားစေနဲ့"

ထျန်းယွမ်၏စကားသံက အလွန်တရာလေးနက်နေပြီး ယဲ့ချန်ကို ပြင်းပြင်းထန်ထန် သတိပေးနေခဲ့သည်။

"ကြယ်ဝိညာဥ်တာအိုလက်နက်"

"မှန်တယ်။ ကောင်းကင်မူလတိုက်ကြီးမှာ ဝိညာဥ်လက်နက်တွေရဲ့အထက်ဆိုရင် တာအိုလက်နက်လို့ခေါ်ပြီး အဆင့်ကိုးဆင့်ရှိတယ်။ မင်းပိုင်ဆိုင်ထားတဲ့ ဝိညာဥ်ပုလဲနဲ့ ကောင်းကင်တုန်ခါဆေးအိုးကိုလည်း တာအိုလက်နက်တွေလို့ ပြောနိုင်တယ်။ ကမ္ဘာပေါ်မှာ တာအိုလက်နက်တွေက အလွန်ရှားပါးပြီး စျေးနှုန်းကြီးမြင့်တယ်။ အစွမ်းအထက်ဆုံးလက်နက်တွေကိုတော့ ကြယ်ဝိညာဥ်မဟာတာအိုလက်နက်လို့ခေါ်ပြီး ကောင်းကင်မူလတိုက်ကြီးမှာ ခြောက်ခုတည်းရှိတယ်။ မင်းရဲ့လက်ထဲကိုရောက်နေတဲ့ စီမုက ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်။ ငါတောင်မှ သူ့ရဲ့မြင့်မြတ်နက်ရှိုင်းမှုကို အဖြေမထုတ်နိုင်ဘူး။ ဒါကို မျိုးခြားနတ်ဆိုးတွေလက်ထဲ ရောက်မသွားစေဖို့အတွက် ကျောက်စိမ်းနန်းတော်ကို ဖန်တီးပြီး ကြယ်မြို့ဟောင်းမှာ ထိန်းသိမ်းထားခဲ့တာဖြစ်တယ်။ မင်းရဲ့လက်ရှိခွန်အားနဲ့ စီမုကို အသက်သွင်းနိုင်ဦးမှာမဟုတ်ဘူး"

ထျန်းယွမ်က အသေးစိတ်ရှင်းပြလိုက်သည်။ သူကိုယ်တိုင်ပင် ထိုးဖောက်မမြင်နိုင်သော စီမု၏အစွမ်းကြောင့် ယဲ့ချန်က ထိတ်လန့်အံ့သြနေမိသည်။

"အကြီးအကဲထျန်းယွမ် မျိုးခြားနတ်ဆိုးတွေက ဘယ်လိုမျိုးနွယ်လဲ"

"ဒီကောင်တွေကို ကောင်းကင်နတ်ဆိုးမျိုးနွယ်လို့ ခေါ်တယ်။ သူတို့က ကြယ်ဝိညာဥ်တွေကို အစာအဖြစ် စားသောက်တတ်လို့ ကြယ်ဝိညာဥ်တွေရဲ့ မဟာရန်သူဖြစ်တယ်။ ကြယ်ဝိညာဥ်တွေကိုတော့ ရှင်းဟန်မျိုးနွယ်လို့ ခေါ်တယ်"

မျိုးခြားနတ်ဆိုးများအကြောင်း ရှင်းပြရမည်ဖြစ်သောအခါ ထျန်းယွမ်က ခဏတာတိတ်ဆိတ်သွားပြီးမှ အဖြေပေးလာခဲ့သည်။

"ကြယ်ဝိညာဥ်တွေက မျိုးနွယ်တစ်ခုလား"

ယဲ့ချန်က ဤအချက်ကြောင့် မင်သက်သွားကာ မျက်လုံးများ ပြူးကျယ်လာသည်။

"လူတိုင်းအထင် ရှင်းဟန်တွေက အသက်မရှိဘူးပေါ့။ ကြယ်သခင်အဆင့်ကိုရောက်မှသာ ရှင်းဟန်မျိုးနွယ်အကြောင်း သေချာနားလည်နိုင်လိမ့်မယ်။ ရှေးအကျဆုံးမျိုးနွယ်ဖြစ်တဲ့ သူတို့က ငါတို့အားလုံးကိုဖန်တီးခဲ့တဲ့ မိခင်မျိုးနွယ်ဖြစ်တယ်။ ကျယ်ဝန်းလှတဲ့စကြဝဠာကြီးထဲမှာ ကြယ်အနည်းငယ်မှာသာ ကြယ်ဝိညာဥ် ပေါက်ဖွားလာနိုင်တယ်။ ရှင်းဟန်တစ်ယောက် မွေးဖွားလာတဲ့အခါ အသိဉာဏ်နဲ့စိတ်ကို ပိုင်ဆိုင်လာတယ်။ သူတို့က တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အတွက် ကောင်းကင်နတ်ဆိုးတွေနဲ့ရင်ဆိုင်ဖို့ သက်ရှိတွေကို ဖန်တီးခဲ့ကြတယ်"

"ဒါဆိုရင် ကျုပ်တို့ကို ကောင်းကင်မူလကြယ်ရဲ့ရှင်းဟန်က ဖန်တီးခဲ့တာလား"

ယဲ့ချန်က ပို၍ပို၍ထိတ်လန့် အံ့သြနေခဲ့ရသည်။ ကြယ်ဝိညာဥ်များက ဖန်ဆင်းရှင်များဖြစ်နေပြီး ပုန်းကွယ်နေသော်လည်း ကြယ်တစ်ခုလုံးရှိ သက်ရှိများ၏ကြမ္မာကို ထိန်းချုပ်ထားကြသည်။

"မှန်တယ်။ သူတို့က ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ သက်ရှိတွေ ဖန်တီးနိုင်ကြတယ်။ သူတို့က စားသောက်ခံလိုက်ရရင် ဖန်တီးထားသမျှသက်ရှိအားလုံး ပျောက်ကွယ်သွားရလိမ့်မယ်။ ကြယ်ဝိညာဥ်တစ်ခုနဲ့ပေါင်းစပ်ပြီးရင် ငါတို့က အံ့မခန်းခွန်အားနဲ့ ပါရမီကို ပိုင်ဆိုင်လာကြတယ်။ ဆက်ပြီးအသက်ရှင်ဖို့ဆိုရင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ငါတို့က မဖြစ်မနေ ခုခံရလိမ့်မယ်"

နောက်ဆုံးတွင် ယဲ့ချန်က အချို့ကြယ်များတွင် သက်ရှိများနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ရှိသော်လည်း သက်ရှိများမွေးဖွားမလာသည့် အကြောင်းအရင်းကို နားလည်နိုင်ခဲ့သည်။ ထိုကြယ်များပေါ်တွင် ကြယ်ဝိညာဥ် ခေါ် ရှင်းဟန်များ မွေးဖွားမလာသောကြောင့် သက်ရှိများ ထွက်ပေါ်မလာခြင်းဖြစ်သည်။

"စီမုကို ကောင်းကင်မူလကြယ်ရဲ့ရှင်းဟန်က ဖန်တီးထားတာဖြစ်ပြီး ငါ့ရဲ့အထွတ်အထိပ်အခြေအနေမှာတောင် စွမ်းအင်ရဲ့အပုံတစ်ထောင်ပုံတစ်ပုံကိုသာ ထုတ်ဖော်နိုင်တယ်။ ဒါကို အသက်သွင်းနိုင်မသွင်းနိုင်က မင်းရဲ့ကံအပေါ်မှာ မူတည်တယ်။ ကြည့်ရတာ ကောင်းကင်မူလတိုက်အကြောင်း မင်း နည်းနည်းသိလာပြီနဲ့ တူတယ်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ပြောစမ်းပါဦး"

ထျန်းယွမ်က မေးလိုက်ခြင်းဖြစ်သည်။

"သုည"

ယဲ့ချန်က ရိုးရိုးသားသား ဖြေလိုက်၏။

"ဘယ်လိုဖြစ်ရတာလဲ။ ဖြစ်နိုင်တာက မင်းက ကြယ်သခင်အလောင်းအလျာတစ်ယောက် မဟုတ်ဘူးလား။ ဘယ်သူဖြစ်နိုင်မလဲ။ ပေါင်းစပ်နှုန်းသုညကတော့ ဘယ်လိုမှကြယ်သခင် ဖြစ်မလာနိုင်ဘူး။ ရှင်းဟန်နဲ့ မပေါင်းစပ်နိုင်ရင် စွမ်းအားကို အသုံးချနိုင်မှာမဟုတ်ဘူး"

ထျန်းယွမ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထျန်းယွမ်၏သဘောထားကြောင့် ယဲ့ချန်မှာ အနည်းငယ် အားနာသွားခဲ့သည်။ တစ်ဖက်လူက သူ့ကို ကြယ်သခင်အလောင်းအလျာတစ်ယောက်အဖြစ် ရည်ရွယ်ထားသော်လည်း စိတ်ပျက်စေခဲ့မိသည်။

"စိတ်ထဲမထားနဲ့။ မင်းလေ့ကျင့်ထားတဲ့ကျင့်စဥ်က ထူးခြားတယ်ဆိုတာကို ငါ ပြောနိုင်တယ်။ မင်းရဲ့ဓားပျံကလည်း အစွမ်းထက်တည်ရှိမှုတစ်ခုဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ ရှင်းဟန်ကို မလိုအပ်ဘူး။ အနာဂတ်မှာ ဘယ်လောက်အောင်မြင်မလဲဆိုတာ မင်းအပေါ်မှာ မူတည်နေပြီ"

ထျန်းယွမ်၏စကားသံက ဖြည်းဖြည်းချင်းတိုးလျ ပျောက်ကွယ်သွားသည်။

"အကြီးအကဲ ခဏစောင့်ပါဦး"

ယဲ့ချန်ကငွေ ရောင်ချပ်ဝတ်နှင့် သစ်သီးအကြောင်း စုံစမ်းလိုသော်လည်း ထျန်းယွမ်၏စကားသံက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို သတိထားမိသောအခါ အဆုံးအစမဲ့အမှောင်ထုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအမှောင်ထုအတွင်းမှ မျက်လုံးတစ်စုံမှ သူ့ကိုစိုက်ကြည့်နေပြီး ထျန်းယွမ်မဟုတ်ဘဲ ကောင်းကင်မူလကြယ်၏ ရှင်းဟန် ဖြစ်နေနိုင်သည်။

"ငါအမြင်မှားတာနေမှာပါ"

ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ ရှင်းဟန်များအတွက် လူသားများနှင့် သားရဲများက သူတို့၏ဖန်တီးမှုဖြစ်ကာ မည်သည့်နေရာမှစောင့်ကြည့်နေကြောင်းကို မည်သူမှပြောနိုင်မည် မဟုတ်ပေ။ ကြယ်မြို့ဟောင်းအတွင်းမှ ပြန်ထွက်လာပြီးနောက် ယဲ့ချန်တို့အားလုံးက ယဲ့တောင်ကြားထံ ပြန်ရောက်လာခဲ့သည်။ လူသားအဆင့်နတ်ဆိုးချပ်ဝတ်၊ ငွေရောင်ချပ်ဝတ်၊ သစ်သီးနှင့် စီမုမှလွဲလျှင် အရာအားလုံးကို ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမအတွက် သူက ခွဲဝေပေးခဲ့သည်။

"အဖေ ဘိုးဘိုးကြီး ကျွန်တော့်မှာ အလုပ်တွေရှိနေသေးတယ်။ ဒါတွေပြီးသွားရင်လည်း ကောင်းကင်မူလတိုက်ကြီးကို ချက်ချင်းပြန်ရလိမ့်မယ်"

ယဲ့ချန်က မိသားစုဝင်များကို နှုတ်ဆက်လိုက်သည်။ သူ၏ပခုံးပေါ်တွင် ထမ်းထားရသော တာဝန်များကြောင့် အလျင်စလိုဖြစ်နေခဲ့သည်။

"မင်းက ဘာကြောင့် အလျင်လိုနေရတာလဲကွယ်။ အပြင်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"

ယဲ့ကျန့်ထန်း၏မျက်နှာထက်တွင် ဝမ်းနည်းစိတ်များ ထင်ဟပ်လာသော်လည်း ယဲ့ချန် သယ်ဆောင်ထားရသော ဝန်ထုပ်ဝန်ပိုးအကြောင်းကို သေချာစွာသိရှိထားသဖြင့် မတားမြစ်ခဲ့ပေ။

"စိတ်ချပါအဖေ။ အားလုံးကို ကျွန်တော်က ကောင်းကင်မူလတိုက်ကြီးဆီ ခေါ်သွားပေးမယ်"

ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်၍ လူတိုင်းကိုစိုက်ကြည့်ကာ လေးနက်စွာ ကတိပေးလိုက်သည်။ သူက လေပေါ်သို့ ပျံတက်သွားသောအခါ ယဲ့တောင်ကြားအတွင်းရှိ ကျင့်ကြံသူတိုင်းက လက်များဝှေ့ယမ်း၍ နှုတ်ဆက်ခဲ့သည်။

ယဲ့ချန်သည် အသက်ကိုပြင်းပြင်းရှူ၍ အဝေးသို့ဆက်လက်ပျံသန်းနေပြီး မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခုက ပြတ်ပြတ်သားသား ထင်ဟပ်နေသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူကယဲ့ မျိုးနွယ်ဝင်များနှင့် နောက်လိုက်များကို အသေမခံနိုင်သောကြောင့် ကံကြမ္မာကို ပြောင်းလဲရပေလိမ့်မည်။ သူက ကောင်းကင်မူလတိုက်ကြီးရှိရာထံ တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ ဤစကြဝဠာကြီးတွင် ချစ်ခင်ရသူများကို ကာကွယ်လိုလျှင် သူက အထွတ်အထိပ်တည်ရှိမှု ဖြစ်လာရပေလိမ့်မည်။

All Chapters