← Chapters

ချန်းလိုင်

Vol. 39 Ch. 545

ချန်းလိုင်

Vol. 39 Ch. 545

"အစ်ကိုကု မင်းက ငါ့ကို ရက်အနည်းငယ်အတွင်း ငွေတွေအများကြီး ရှာပေးခဲ့တယ်။ နတ်ဆိုးချပ်ဝတ်လောက်က ဘာမှမဟုတ်တဲ့ လက်ဆောင်မို့ လက်ခံပေးပါ။ လုံခြုံရေးအတွက် ဂရုစိုက်ရမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ တိုက်တွန်းလိုက်သည်။

"ဒါဆိုရင် ဒီချပ်ဝတ်လေးစုံကို ငှားတယ်လို့ သဘောထားလိုက်မယ်။ ပြဿနာတွေရှင်းလင်းသွားရင် မင်း ပြန်ယူရမယ်"

ရန်ယွင်မြို့ရှိ အထက်တန်းစားများ မည်သို့ကြံစည်နေမည်ကို မသိရသောကြောင့် မိသားစုနှင့် သူ၏လုံခြုံရေးအတွက် ကုလန်က ခဏတာစဥ်းစားပြီး လက်ခံလိုက်သည်။

"ငါတို့က ဒီတစ်ခေါက် အထက်တန်းစားတွေကို ရန်စထားတယ်။ သူတို့က လုပ်ကြံရေးသမားတွေ စေလွှတ်လာနိုင်တယ်။ ရွှမ်အဆင့်ဆိုရင် အထက်တန်းစားတစ်ယောက်ဖြစ်လာပြီမို့လို့ ကိုယ်တိုင်တော့ တိုက်ခိုက်မှာမဟုတ်ဘူး။ ချီပင်လယ်အဆင့်တွေဆိုရင်တော့ နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးနိုင်တယ်"

ယဲ့ချန်က အခြေအနေကို တစ်ချက်သုံးသပ်လိုက်၏။

"ဒီလောက်အထိတော့ စိတ်ပူစရာမလိုဘူး။ တာအိုအိမ်တော်က အာဏာရှိပြီး ဥပဒေက အရမ်းတင်းကြပ်တယ်။ ကောင်းကင်မူလတိုက်ကြီးမှာ ဒီလိုအဖြစ်မျိုး တကယ်ရှားတယ်။ ငါ့ကို အသွေးအသားထဲကမုန်းတီးနေတဲ့ ဖန်ယုတောင် လူသတ်သမားတွေ မစေလွှတ်ရဲဘူး။ ငါတို့က ကောင်းကင်ဘုံငယ်တွေထဲကို မဝင်သရွေ့ လုံခြုံတယ်"

ကုလန်က ခေါင်းယမ်းလိုက်သည်။ ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ အကာအကွယ်မရှိသည်ထက်စာလျှင် နတ်ဆိုးချပ်ဝတ်များ ဝတ်ဆင်ထားခြင်းက ပို၍ကောင်းမွန်သည်။

"ရွှမ်အန်းက သတင်းတစ်ခု ပို့လာတယ်။ မင်းကို နတ်မူလဆေးရဲ့ပါဝင်ပစ္စည်းတွေရောင်းမယ့် အထက်တန်းစားတစ်ယောက်ရှိတယ် တွေ့ထားတယ်တဲ့။ ဒါပေမယ့် မင်းရုပ်ဖျက်သွားဖို့ မမေ့နဲ့"

ကုလန်က ရွှမ်အန်း၏သတင်းအကြောင်း ပြောပြလိုက်သည်။ ကုန်ကြမ်းများရလျှင် ယဲ့ချန်က နတ်မူလဆေးလုံးကို စတင်ဖော်စပ်နိုင်ပြီဖြစ်သည်။ သူက ကြယ်တစ်ပွင့်ဆေးဆရာများ လေ့လာရမည့် ဆေးပညာကို ကိုယ်တိုင်ဖတ်ရှုထားသောကြောင့် ယုံကြည်မှုရှိပြီး ကောင်းကင်တုန်ခါဆေးအိုး၏အကူအညီဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ပေလိမ့်မည်။

"မင်းအပြင်ထွက်ဖို့ ငါ စီစဥ်ပေးမယ်"

ကုလန်က အဖွဲ့အစည်း၏ကျင့်ကြံသူတစ်ယောက်ကို စကားတစ်ခွန်း မှာကြားလိုက်သည်။ ထိုလူက ခြံဝန်းအပြင်ဘက်သို့ ထွက်သွားပြီး ခဏအကြာတွင် လူပေါင်းရာချီက ဆူညံစွာဖြင့် ရောက်ရှိလာကြသည်။ ကုလန်၏အကြံကြောင့် ယဲ့ချန်က ကျေနပ်စွာပြုံးလိုက်ပြီး နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်ဖျက်ကာ လူအုပ်ထဲတွင် ရောနှောဝင်ရောက်၍ ရန်ယွင်မြို့တွင်းသို့ ထွက်ခွာလာခဲ့သည်။ ကုလန်၏အကြံက အလုပ်ဖြစ်ခဲ့ပြီး အထက်တန်းစားများစေလွှတ်ထားသော နောက်ယောင်ခံလိုက်သူများမှာ ရာချီသောလူများကြားတွင် ရုပ်ဖျက်ထားသည့် ယဲ့ချန်ကို ရှာမတွေ့နိုင်ခဲ့ပေ။ ယဲ့ချန်နှင့်ကုလန်သည် အထက်တန်းစားများကို အောင်မြင်စွာအရူးလုပ်နိုင်ခဲ့ပြီး ထိုလူများ၏မျက်နှာများ ဖြစ်ပျက်နေပုံကို အခွင့်အရေးရလျှင် ယဲ့ချန်က တွေ့ချင်နေမိသည်။

ရန်ယွင်မြို့ရှိ အထက်တန်းစားများက စားသောက်ဆိုင်တစ်ခုတွင် စုဝေးနေကြပြီး အရေအတွက်က နှစ်ရာကျော်သည်။ အများစုက ရွှမ်အဆင့်များဖြစ်ကာ တာအိုနတ်အဆင့်အနည်းငယ်လည်း ပါဝင်ပြီး ကောင်းကင်ဘုံငယ်များအကြောင်း ဆွေးနွေးနေကြသည်။ ဤစီးပွားရေးက သူတို့ကို ငွေအမြောက်အများ ရှာဖွေပေးခဲ့သောကြောင့် လွယ်လွယ်နှင့် လက်လွှတ်ပေးနိုင်ခြင်း မရှိပေ။

"မင်းတို့က ဘာလုပ်နေတာလဲ။ လူတစ်ယောက်လေးကိုတောင် စောင့်မကြည့်နိုင်ဘူးလား"

အမြဲတမ်းယဥ်ကျေး သိမ်မွေ့နေတတ်သော ယိရန်က ဒေါသတကြီး ပေါက်ကွဲနေသည်။

"သခင် သူတို့က တစ်ချိန်တည်းမှာ လူတွေရာချီထွက်ပေါ်လာတဲ့အတွက် ယဲ့ချန်နဲ့ ကုလန်ကို မခွဲခြားနိုင်ခဲ့ပါဘူး"

ယုဖန်းနှင့် နောက်လိုက်များက ကြောက်ကြောက်နှင့် အရိုအသေပေးနေခဲ့ကြသည်။

"အမှိုက်တွေ အသုံးမကျတဲ့ ဆန်ကုန်မြေလေးတွေ"

ယိရန်က အော်ဟစ်ဆဲဆိုရင်း လက်ထဲရှိခွက်ကို ဘန်းခနဲ ပေါက်ခွဲပစ်လိုက်သည်။

"သခင် သူတို့က အသုံးမကျတာ မဟုတ်ပါဘူး။ ယဲ့ချန်နဲ့ ကုလန်ကအောက်တန်းကျလွန်းတာပါ"

ဖန်ရောင်က ယုဖန်းအတွက် ဝင်ပြောပေးလိုက်ခြင်းဖြစ်သည်။ သူမက ယုဖန်းမှတဆင့် အထက်တန်းစားတစ်ယောက်ကို ဖမ်းစားနိုင်ခဲ့သောကြောင့် ကူညီပေးလိုခဲ့သည်။

"နင့်ကိုယ်နင် ဘယ်သူထင်လို့ စောက်စကားလာများနေတာလဲ။ နင်က ဒီနှစ်ယောက်ကို စောင့်ကြည့်နေတာတောင် အသုံးဝင်တဲ့သတင်း ဘာမှမပေးနိုင်ဘူး ခွေးမ"

ယိရန်၏လက်ဝါးက ဖန်ရောင်၏ပါးကို ပြင်းထန်စွာမိတ်ဆက်သွားပြီး သူမက လဲကျသွားခဲ့ကာ နှုတ်ခမ်းမှ သွေးများစီးထွက်လာကာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေခဲ့သည်။ သူမကိုစိတ်ဝင်စားသော အထက်တန်းစားအား အကူအညီရလိုရငြား သနားစဖွယ်ကြည့်လိုက်သော်လည်း ထိုလူက အေးစက်စက်နှာခေါင်းရှုံ့၍ အကြည့်လွှဲသွားခဲ့သည်။ ယိရန်ကို အပျော်မယ်တစ်ယောက်အတွက်နှင့် စော်ကားရန် သူက အရူးမဟုတ်ပေ။ နောက်ဆုံးတွင် အထက်တန်းစားများ၏မျက်လုံး၌ သူမက အရေးမပါကြောင်း ဖန်ရောင် နားလည်သွားခဲ့သည်။ သူမက နှုတ်ခမ်းကိုကိုက်၍ ခေါင်းကိုငုံ့ကာ စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။ အထက်တန်းစားများက သူမကိုရှိသည်ဟုပင် သဘောမထားဘဲ ယဲ့ချန်ကိုရင်ဆိုင်ရန် ဆက်လက်ဆွေးနွေးနေကြသည်။

"ဒီကောင်တွေ ကောင်းကင်ဘုံငယ်ထဲကို ဝင်မလာရင် ဘာမှလုပ်မရဘူး။ လောလောဆယ်တော့ အစားအစာထောက်ပံ့မှုကို ယာယီဖြတ်တောက်ထားလိုက်မယ်။ ဒါပေမယ့် အမဲလိုက်လို့ရလာတဲ့ ဝိညာဥ်သားရဲအသားတွေကိုတော့ တားလို့မရဘူး။ ကြည့်ရတာ ထောင်ချောက်တစ်ခုဆင်ပြီး ဒီကောင်တွေ အလိုလိုခုန်ချလာအောင် လုပ်ရတော့မယ်"

ရှုချင်းက ခဏတာစဥ်းစားပြီးနောက် မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားခဲ့သည်။ သူ၏စကားကိုကြားသောအခါ စားပွဲကို လက်ဖြင့်ခေါက်နေသော ယိရန်ကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ယဲ့ချန်သည် ရန်ယွင်မြို့၏ ကျဥ်းမြောင်းရှည်လျားသော လမ်းသွယ်လေးတစ်ခုအတိုင်း လျှောက်လာခဲ့ပြီး လမ်းအဆုံးတွင် ဆေးဆိုင်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက နုံချာစုတ်ပြတ်နေပြီး ဆိုင်အကူက ဝတ်ရုံရှည်တစ်ထည်ကိုဝတ်ဆင်ထား၍ ဆေးပင်များကိုစီစဥ်ရင်း အလုပ်ရှုပ်နေသော လူငယ်တစ်ယောက်ဖြစ်သည်။

"ဘာများအလိုရှိပါသလဲ"

ဆိုင်အကူက ယဥ်ကျေးစွာ မေးလိုက်သည်။

"မင်းရဲ့ဆရာနဲ့ တွေ့ချင်တယ်"

"ဆရာ မရှိဘူး"

"ငါ အခုလေးတင် တွေ့လိုက်တာပါ"

"ကျုပ်နဲ့ လိုက်ခဲ့ပါ"

ယဲ့ချန်သည် ရွှမ်အန်းသင်ပေးထားသည့်အတိုင်း အချိန်းအချက်ပြုလုပ်လိုက်သောအခါ ဆိုင်အကူက သူ့ကို အတွင်းသို့ခေါ်ဆောင်သွားကာ အခန်းတံခါးတစ်ခု ဖွင့်ပေးလိုက်သည်။ အခန်းက အလွန်ကျယ်ဝန်းပြီး ကျောက်စိမ်းများနှင့်အလှဆင်ထားသည့် ဧည့်ခန်းတစ်ခု ဖြစ်သည်။ သေးငယ်နုံချာသော ဆိုင်ငယ်လေးတစ်ခုအတွင်း ဤသို့အခန်းမျိုးရှိနေမည်ကို မည်သူမှမျှော်လင့်ထားမည် မဟုတ်ပေ။ ဆိုင်အကူက ယဲ့ချန်ကိုလိုက်ပို့ပေးပြီးနောက် တံခါးပိတ်၍ ထွက်ခွာသွားခဲ့သည်။

ဧည့်ခန်း၏အလယ်တွင် စျေးကြီးသောအဝတ်များ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် တင်ပျဥ်ခွေထိုင်နေပြီး ယဲ့ချန်ကို စိတ်ဝင်တစား အကဲခတ်နေသည်။ ယဲ့ချန်သည်လည်း ရုပ်ဖျက်ထားသော တစ်ဖက်လူကို ပြန်လည်အကဲခတ်လိုက်သည်။ သူ၏ရုပ်သွင်က လူအုပ်ကြားဆိုလျှင် မထင်မရှားရုပ်ရည်မျိူးဖြစ်သော်လည်း တဖိတ်ဖိတ်တောက်နေသော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

"မင်းက ရွှမ်အန်းပြောတဲ့ လူဖြစ်ရမယ်"

သက်လတ်ပိုင်းလူက တစ်ချက်ပြုံး၍ မေးလိုက်သည်။

"မှန်တယ်"

ယဲ့ချန်က ခေါင်းညိတ်ပြ၍ အခန်းအတွင်းရှိ ခုံတစ်လုံးထံ လျှောက်သွားကာ ထိုင်ချလိုက်သည်။

"မင်း ငါ့ကို ချန်းလိုင်လို့ ခေါ်နိုင်တယ်"

ချန်းလိုင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"ကျုပ်ကတော့ နာမည်ဝှက်ပေးရမယ့်အတူတူ မပြောနေတော့ဘူး"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ချန်းလိုင်သည် အမည်ဝှက်ဖြစ်ကြောင်း နားလည်ထားသည်။ ရွှမ်အန်းကိုယ်တိုင်ပင် ချန်းလိုင်မည်သူဖြစ်ကြောင်း မသိထားဘဲ ရန်ယွင်မြို့၌ စီးပွားရေးကြီးကြီးမားမားလုပ်ကိုင်နေကြောင်းသာ သိထားခဲ့သည်။ ချန်းလိုင်က ငွေရလျှင် မည်သည့်စီးပွားရေးမဆို လက်ရှောင်မည့်လူစားမျိုး မဟုတ်ပေ။ သူက အလွန်ချမ်းသာပြီး ရန်ယွင်မြို့၌ မဝယ်နိုင်သောအရာ မရှိချေ။

"မင်းက ကုန်ကြမ်းဘယ်နှစုံလောက် လိုချင်တာလဲ။ အရမ်းနည်းတယ်ဆိုရင် ငါ စိတ်မဝင်စားဘူး"

ချန်းလိုင်က အမည်ကိုဂရုမစိုက်ဘဲ လိုရင်းကိုသာ ဒဲ့ပြောလိုက်၏။

"အခုတော့ အစုံငါးဆယ်လိုချင်တယ်။ အနာဂတ်မှာလည်း ထပ်ဝယ်ဦးမယ်"

"ငါးဆယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် ငါ့ဘက်က တစ်ခုတောင်းဆိုရလိမ့်မယ်။ မင်းက ဒီလောက်ကုန်ကြမ်းတွေလိုအပ်နေမှတော့ ဆေးဖော်စပ်ဖို့ ဖြစ်လိမ့်မယ်။ မင်းဖော်စပ်လိုက်သမျှ အဆင့်တစ်ဆေးလုံးတိုင်း ငါ့ကို ရောင်းစေချင်တယ်။ မဟုတ်ရင် အနာဂတ်မှာ မင်းနဲ့ စီးပွားရေး ဆက်မလုပ်နိုင်ဘူး"

ချန်းလိုင်က စားပွဲပေါ်မှ သေရည်ခွက်ကိုကောက်ယူ၍ တစ်ငုံသောက်ကာ ထိုင်ခုံပေါ်သို့ မှီချလိုက်သည်။

"စျေးနှုန်းကရော"

ယဲ့ချန်က မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။

"စျေးကတော့ သေချာပေါက် မနိမ့်စေရဘူး။ ပေါက်စျေးအတိုင်း ဆေးတစ်လုံးကို ဆည်းဆာရွှေခြောက်သန်း ပေးမယ်"

ချန်းလိုင်က တစ်ချက်ပြုံး၍ သေရည်ကို အရသာခံသောက်နေရင်း ဖြေလိုက်သည်။

"ဒါဆိုရင် မင်းက ဘယ်လိုအကျိုးအမြတ်ရမှာလဲ ငါ နားမလည်ဘူး"

ယဲ့ချန်က အနည်းငယ် အံ့သြသွားခဲ့သည်။ ချန်းလိုင်က စျေးနှိမ်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ပေါက်စျေးအတိုင်း ပေးလာသဖြင့် စပ်စုလိုက်မိသည်။

"မစိုးရိမ်ပါနဲ့။ နတ်မူလဆေးတွေကို တာအိုအိမ်တော်က ချုပ်ကိုင်ထားလို့ အရေအတွက် အလွန်နည်းပါးတယ်။ မှောင်ခိုစျေးကွက်မှာ ဆေးတစ်လုံးရဲ့တန်ဖိုးက ဆည်းဆာရွှေခြောက်သန်းထက် ပိုတယ်"

ချန်းလိုင်က ဆည်းဆာရွှေတစ်ပြားကိုထုတ်ယူ၍ လက်ချောင်းများကြားတွင် ကျင်လည်စွာ ကစားနေသည်။ သူ၏မျက်နှာထက်တွင် ခန့်မှန်းမရသော အပြုံးတစ်ခုဖြစ်ပေါ်နေသည်။ သူ၏မျက်နှာထားကို အကဲခတ်နေသော ယဲ့ချန်က တစ်ခုခုကို ရုတ်တရက်နားလည်လိုက်သည်။ ချန်းလိုင်အတွက် ကြယ်တစ်ပွင့်ဆေးဆရာများကို ငွေဖြင့်ပေါက်၍ အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ကြောင့် ဆေးလုံးများကို ပြန်လည်ရောင်းချမည်မဟုတ်ဘဲ အရေအတွက်များများ လိုအပ်နေခြင်းသာ ဖြစ်နိုင်သည်။

"ဒါဆိုရင် သဘောတူတယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ချန်းလိုင်၏ ဆေးဝယ်သော ရည်ရွယ်ချက်ကိုမူ တစ်ဖက်လူက ပေါက်စျေးအတိုင်းပေးဝယ်သောအခါ ဂရုစိုက်မနေတော့ပေ။ အရောင်းအဝယ်သဘောတူညီပြီးနောက် သေရည်သောက်နေသော ချန်းလိုင်ကရု တ်တရက်မေးလာခဲ့သည်။

"ငါ့အထင်သာ မမှားရင် မင်းက ယဲ့ချန်မလား။ မင်းတို့ကြောင့် ရန်ယွင်မြို့က တော်တော်လေးလှုပ်ခတ်နေတယ်"

တစ်ဖက်လူမှ သူ့ကို တိကျစွာခန့်မှန်းနိုင်နေသောကြောင့် ယဲ့ချန်၏မျက်လုံးများ အေးစက်သွားခဲ့သည်။

"မင်းက ငွေချေးတဲ့လုပ်ငန်းကြောင့် ငွေတွေရနေတာတောင် ဆေးဖော်စပ်ဦးမယ်။ ကြည့်ရတာ မင်းရဲ့ပန်းတိုင်က မသေးလောက်ဘူး။ ဒါပေမယ့် ငါက ရည်မှန်းချက်ကြီးတဲ့လူတွေကို သဘောကျပြီး အတူတူအလုပ်တွဲလုပ်ချင်တယ်"

ချန်းလိုင်က ရွှေပြားကိုဆော့ကစားနေရင်း တစ်ချက်ရယ်မောလိုက်သည်။ ယဲ့ချန်သည် ချန်းလိုင်က ရန်သူလား မိတ်ဆွေလား မခွဲခြားနိုင်ပေ။ အကယ်၍ ချန်းလိုင်သာ ရန်သူဖြစ်နေလျှင် သူ၏သရုပ်မှန်ကိုသိနေကြောင်း ထုတ်ပြောစရာ အကြောင်းမရှိပေ။

"မင်းက စီးပွားရေးလုပ်တာတော်တယ်လို့ ကြားထားတယ်။ မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် သာမန်လူတွေကို ငွေချေးတာက အမြတ်များမယ်လို့ တွက်မိတယ်မလား။ ဘာကြောင့်မလုပ်ရတာလဲ"

ယဲ့ချန်က စကားလမ်းကြောင်းလွှဲရန် မေးလိုက်ခြင်းဖြစ်သည်။

"ငွေချေးတဲ့အလုပ်က အကျိုးအမြတ်များမယ်ဆိုတာကို ငါ တွေးမိပါတယ်။ ဒါပေမယ့် ရန်ယွင်တစ်မြို့လုံးက အထက်တန်းစားတွေနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ငါခြေကုပ်ယူထားတဲ့ ရန်ယွင်မြို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာပြီး အခြားမြို့က အထက်တန်းစားတွေနဲ့တောင် ရန်သူဖြစ်သွားနိုင်တယ်"

"ဒါဆိုရင် မင်းမလုပ်ရဲတဲ့ စီးပွားရေးရှိနေတာပေါ့"

"ဒါပေါ့။ မင်းနဲ့ ငါက ကွဲပြားတယ်။ ပြီးတော့ ငါကလည်း ပိုက်ဆံပြတ်မနေဘူး။ ပိုက်ဆံရှာဖို့ နည်းလမ်းပေါင်းတစ်ထောင်လောက်ရှိနေတာကို ရန်များတဲ့နည်းလမ်း ရွေးချယ်စရာ မလိုအပ်ဘူးလေ"

ချန်းလိုင်က ခပ်ပြုံးပြုံးမျက်နှာထားဖြင့် လက်ထဲရှိ ဆည်းဆာရွှေပြားကို လေပေါ်သို့ပစ်မြှောက်ကာ ဖြည်းဖြည်းချင်း ပြုတ်ကျလာသည်ကို ဖမ်းယူလိုက်လေသည်။

All Chapters