← Chapters

ဓားစာခံများ လဲလှယ်ခြင်း

Vol. 39 Ch. 547

ဓားစာခံများ လဲလှယ်ခြင်း

Vol. 39 Ch. 547

ကုဖေး၊ ကုလန်နှင့် ယဲ့ချန်တို့ဆွေးနွေးနေစဥ် လင်းနန်၊ လင်းယု၊ ရှောင်ယွဲ့နှင့် မင်ယွဲ့တို့က ခြံဝန်းအတွင်း ရောက်ရှိလာကြသည်။

"အစ်ကိုကြီး အစ်ကိုဟောက်တို့ကို သူတို့တွေ ဖမ်းသွားကြပြီ။ မြန်မြန်သွားကယ်ရအောင်"

လူတိုင်း၏မျက်နှာက စိုးရိမ်စိတ်များ ပြည့်နှက်နေကြသည်။ သူတို့အဖွဲ့က ခိုင်မာနက်ရှိုင်းသော ဆက်ဆံရေးတစ်ခုရှိသောကြောင့် ဟောက်ရဲနှင့်ဟောက်လင်းတို့ အဖမ်းခံလိုက်ရကြောင်း ကြားသောအခါ အလွန်တရာစိုးရိမ်နေကြသည်။

"သူတို့က လူချင်းလဲစေချင်တာလား"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတွင် အထက်တန်းစားများက ယုတ်ယုတ်မာမာ ကြံစည်လာပြီဖြစ်သည်။

"သူတို့က မင်းနဲ့ ဟောက်ညီအစ်ကိုကို လဲချင်နေကြတယ်။ ငါတို့ကတော့ သဘောမတူနိုင်ဘူး"

ကုဖေးက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ အထက်တန်းစားများက သူတို့၏ဆက်ဆံရေးအတွင်း မီးစတစ်ခု ပစ်ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ဟောက်ညီအစ်ကိုသည် သူတို့နှင့် သေအတူရှင်မကွာနေထိုင်ခဲ့ပြီး ယဲ့ချန်သည် ကောင်းကင်မူလတိုက်သို့ရောက်ကာစ အပြင်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အထက်တန်းစားများ၏အမြင်တွင် သူတို့က ယဲ့ချန်နှင့် ဟောက်ညီအစ်ကိုအား သေချာပေါက်လဲပေလိမ့်မည်။ သို့သော် ဤအဖွဲ့က သူတို့ကဲ့သို့ နှလုံးသားကင်းမဲ့ကာ အကျိုးစီးပွားတစ်ခုတည်းကိုသာ ဂရုစိုက်ခြင်းမဟုတ်ပေ။ ယဲ့ချန်ကိုလည်း ဟောက်ရဲနှင့် ဟောက်လင်းကဲ့သို့ ညီအစ်ကိုတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

"ဒီကောင်တွေက အလဲအလှယ်လုပ်ချင်မှတော့ လုပ်ပေးလိုက်ကြတာပေါ့"

ယဲ့ချန်က အေးစက်စက်ရယ်မောလိုက်သည်။ ကုညီအစ်ကိုက ယဲ့ချန်၏စကားကိုကြားကြားချင်း ငြင်းဆန်ရန် ပြင်လိုက်သော်လည်း အကင်းပါးသူများပီပီ သူ၏အကြံကို ချက်ချင်းနားလည်သွားသောကြောင့် ပြိုင်တူပြုံးလိုက်မိသည်။

"သွားကြစို့။ ငါတို့က သစ်သားတိမ်ကြယ်ကို ခရီးထွက်မယ်။ လင်းနန် မင်ယွဲ့နဲ့ ရှောင်ယွဲ့က နေခဲ့ကြ"

ကုဖေးက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

"ကျုပ်တို့က ဘယ်လိုလုပ်နေခဲ့နိုင်မှာလဲ။ လူများလေလေ ပိုပြီးအကျိုးရှိလေလေ မဟုတ်လား"

လင်းနန်က ငြင်းပယ်လိုက်သကဲ့သို့ ရှောင်ယွဲ့နှင့် မင်ယွဲ့ကလည်း လက်မခံခဲ့ပေ။

"မဟုတ်ဘူး။ မင်းတို့နေခဲ့ရမယ်"

ကုဖေး၏လေသံက တင်းမာနေသည်။

"သူတို့ကို ခေါ်ခဲ့လို့ရပါတယ်။ ကျုပ်မှာ အစီအစဥ်ရှိတယ်။ ဒါပေမယ့် တစ်ခုတော့ ရှင်းအောင်ပြောထားမယ်။ ဟောက်ရဲနဲ့ ဟောက်လင်းရဲ့ အသက်ကိစ္စဖြစ်နေတဲ့အတွက် ဘာမှအလျင်စလိုမလုပ်ရဘူး။ မင်းတို့တစ်ချက်မှားတာနဲ့ သူတို့နှစ်ယောက် သေသွားနိုင်တယ်။ ငါ့စကားကို တသဝေမတိမ်း နားထောင်ရမယ်"

ယဲ့ချန်က လေးနက်စွာသတိပေး၍ လိုက်ပါခွင့်ပြုလိုက်သည်။ လင်းနန်တို့သည်လည်း ဤကိစ္စ မည်မျှအရေးကြီးကြောင်း နားလည်ထားသဖြင့် အလျင်စလိုမလုပ်ဟု ကတိပေးခဲ့ကြသည်။

"အစ်ကိုကု ညီအစ်ကိုဂိုဏ်းထဲက ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူတွေကို ဆက်သွယ်လိုက်တော့"

ယဲ့ချန်က ဤအထက်တန်းစားများကို နှိပ်ကွပ်ရန် တစ်ချိန်လုံး တွေးတောနေခဲ့သည်။ တစ်ဖက်မှ ရန်စလာသောအခါ သူက တန်ရာတန်ကြေးကို ပြန်လည်ပေးဆပ်ခိုင်းရပေလိမ့်မည်။

"ကောင်းပြီ"

ကုလန်၏မျက်လုံးများက လူသတ်လိုစိတ်ကြောင့် ဝင်းဝင်းတောက်နေသည်။ ယဲ့ချန်၏ဂုဏ်သတင်းက သာမန်လူတန်းစားများကြားတွင် အလွန်ကြီးမြင့်သောကြောင့် သူ၏စကားတစ်ခွန်းတည်းဖြင့် ကူညီသူများစွာ ထွက်ပေါ်လာပေလိမ့်မည်။ ထို့နောက် ကုလန်က ခြံဝန်းအတွင်းမှ ထွက်ခွာသွားကာ ကျန်ခြောက်ယောက်က ကောင်းကင်ဘုံငယ်များ၏ဝင်ပေါက်ထံ ဦးတည်လိုက်ကြသည်။

သစ်သားတိမ်ကြယ်၏ ကောင်းကင်ဘုံငယ်အတွင်း အစီအရင်အပြင်ဘက်တွင် ကျင့်ကြံသူပေါင်းသုံးရာကျော် စုဝေးနေသည်။ အားလုံးက အထက်တန်းစားများ၏နောက်လိုက်များဖြစ်ကြပြီး တစ်ရာကျော်က ချီပင်လယ်အဆင့်တစ်ဆယ်များဖြစ်ကာ ကျန်ကျင့်ကြံသူများကလည်း အဆင့်ငါးအောက် မနိမ့်ပေ။ အထက်တန်းစားများသည် ယဲ့ချန်၏လွှမ်းမိုးမှုကို ကြောက်လန့်သောကြောင့် ဓားစာခံများကို ခွန်အားသုံးလုယူခြင်းကိုကာကွယ်ရန် နောက်လိုက်များစွာ စေလွှတ်ခဲ့သည်။ ဟောက်ရဲနှင့်ဟောက်လင်းကို အဆင့်တစ်ဆယ် ကျင့်ကြံသူလေးယောက်က ဖမ်းချုပ်ထားသည်။

"ခွေးကောင်တွေ လက်လျှော့လိုက်စမ်း။ အစ်ကိုကုက ဒီကိစ္စကို ဘယ်လိုမှသဘောတူမှာမဟုတ်ဘူး။ ငါတို့ကို မြန်မြန်သတ်လိုက်စမ်းပါ"

ဟောက်ရဲက ဒေါသတကြီးအော်ဟစ်နေသည်။ သူတို့ညီအစ်ကိုအား ဓားစာခံများအဖြစ် အသုံးချကာ ယဲ့ချန်ကို အကွက်ချခြင်းက သေသည်ထက် ပို၍ခံရခက်နေခဲ့သည်။

"မင်းတို့က ညီအစ်ကိုကောင်းလေးတွေ မဟုတ်ဘူးမလား။ သူတို့က သေချာပေါက်လာလိမ့်မယ်။ ငါက မင်းတို့ကို ချက်ချင်းသတ်ပစ်ချင်ပေမယ့် ခဏတော့ လွှတ်ပေးထားလိုက်မယ်"

ချန်းယွမ်၏စကားကို ကြားသောအခါ ဟောက်ညီအစ်ကိုက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကိုယ့်ကိုကိုယ်ဖောက်ခွဲရန် ချီပင်လယ်များကို အသက်သွင်းလိုက်ကြသည်။ သို့သော် သူတို့ကိုဖမ်းချုပ်ထားသူများက အဆင့်တစ်ဆယ်များဖြစ်နေသောကြောင့် ချီပင်လယ်ချင်း ဖိနှိပ်ခံလိုက်ရပြီး သတ်သေမှု အထမမြောက်ခဲ့ပေ။

"ဟား ဟား မင်းတို့က ဒီလောက်ရဲရင့်မယ် မထင်ထားဘူး။ မင်းတို့ကိုမင်းတို့ဖောက်ခွဲချင်ရင်တောင် သခင်တွေရဲ့အမိန့်ကို လိုအပ်တယ်။ မင်းတို့ကများ သခင်တွေကို ဆန့်ကျင်ရဲတယ်"

ချန်းယွမ်က လှောင်ပြောင်ရယ်မောလိုက်သည်။

"ထွီ ရွံစရာ ခွေးမသား"

ဟောက်ရဲက ချန်းယွမ်၏မျက်နှာတည့်တည့်ကို တံတွေးဖြင့် ထွေးလိုက်သောကြောင့် မျက်နှာတစ်ခုလုံး ညစ်ပတ်သွားခဲ့သည်။ သူက အရှက်တကွဲအကျိုးနည်းဖြစ်သွားသောကြောင့် ဟောက်ရဲ၏ပါးကို ဖြန်းခနဲရိုက်ချလိုက်ရာ အနီရောင်လက်ဝါးရာကြီး ထင်သွားခဲ့သည်။

"မင်းတို့ကို မျက်နှာသာပေးချင်ပေမယ့် မလိုအပ်တော့ဘူး။ အချိန်ကျလာရင် မင်းတို့အားလုံးကို တစ်ယောက်ချင်းသတ်ပြမယ်"

ချန်းယွမ်က ကြုံးဝါးနေစဥ် ဟောက်ညီအစ်ကိုသည် ဝံပုလွေရိုင်းများကဲ့သို့ စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ အကယ်၍ သူတို့သာ လှုပ်ရှားနိုင်လျှင် ချန်းယွမ်မှာ အရှင်လတ်လတ် တစ်စစီ ဆွဲဖြဲခံရနိုင်ချေရှိသည်။

"ဟား ဟား ဒီကောင်တွေ ရောက်လာပြီ"

အဝေးရှိအစီအရင်ကို အကဲခတ်နေသော ချန်းယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။

"အရူးကောင်တွေ ဘာလို့လိုက်လာရတာလဲ။ ချက်ချင်းပြန်ကြစမ်း"

ဟောက်ရဲက အသံကုန်အော်ဟစ်နေသည်။

"ကုဖေး ကုလန် မင်းတို့ရဲ့ညီအစ်ကိုနှစ်ယောက် ဒီမှာရှိတယ်။ မြန်မြန်လာမကယ်ဘူးလား"

ချန်းယွမ်သည် အစီအရင်အတွင်းမှ ပုံရိပ်ခြောက်ခုကို အောင်နိုင်သူတစ်ယောက်ဟန်ပန်ဖြင့် အော်ပြောလိုက်သည်။ ယဲ့ချန်တို့အားလုံးက ပြဿနာတစ်ခုခုတက်လျှင် ချက်ချင်းဆုတ်ခွာနိုင်ရန် အစီအရင်အပြင်သို့ ခြေတစ်လှမ်းသာ ထွက်လာခဲ့သည်။

"ချန်းယွမ် မင်းဘာလိုချင်တာလဲ"

ယဲ့ချန်က အေးစက်စက်မေးလိုက်ခြင်းဖြစ်သည်။

"ဒါကရှင်းပါတယ်။ မင်းကိုရရင် ဒီနှစ်ယောက်ကို လွှတ်ပေးမယ်။ မဟုတ်ရင် သူတို့သေရလိမ့်မယ်။ တစ်ယောက်နဲ့ နှစ်ယောက်ဆိုတော့ အလဲအလှယ်က မဆိုးပါဘူး ဟား ဟား"

ချန်းယွမ်က ဆိုးယုတ်စွာ ရယ်မောနေခဲ့သည်။

"မင်းက ငါ့အသက်ကို သူတို့အတွက် ပေးစေချင်နေတာလား။ ရယ်စရာကောင်းလိုက်တာ။ သူတို့ကိုသတ်ချင်ရင် သတ်ပစ်လိုက်ပေါ့။ ချန်းယွမ် မင်းက ငါ့ကိုသတ်ချင်တယ်ဆိုရင် တစ်ခုလောက်ပြောထားမယ်။ ငါက ကျင့်ကြံခြင်းမှာ အမှိုက်ဆိုပေမယ့် ငါ့မိန်းမနှစ်ယောက်က ပါရမီရှင်တွေဆိုတာ မမေ့နဲ့။ သူတို့ပြန်လာရင် မင်းကိုသတ်ဖို့ဆိုတာ လွယ်လွယ်လေးထင်တယ်"

ယဲ့ချန်က မောက်မာစွာ ပြောလိုက်သည်။

"အနာဂတ်မှာ ငါက မင်းလောက် မသန်မာလာဘူးဆိုရင်တောင် ပိုက်ဆံရှာနိုင်တယ်။ အချိန်ခဏအတွင်း ငါက ရန်ယွင်မြို့မှာ အချမ်းသာဆုံးဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ငါ့နောက်လိုက်တွေ အများကြီးရှိလာမှာပဲ။ သူတို့နှစ်ယောက်လောက်ကို ငါက ဂရုစိုက်မယ် ထင်နေတာလား"

"မင်းက သူတို့အသက်ကို မလိုချင်ရင်လည်း သတ်လိုက်မယ်"

ယဲ့ချန်၏စကားကြောင့် ချန်းယွမ်၏မျက်နှာက ဒေါသတကြီးဖြစ်လာကာ မည်းနက်နေသည်။

"သတ်လိုက်"

ယဲ့ချန်က လက်နှစ်ဖက်နောက်ပစ်၍ အေးစက်စက်ပြောလိုက်သည်။

"သူပြောသလို လုပ်ပေးလိုက်ကြ"

ချန်းယွမ်၏စကားအဆုံးတွင် ကျင့်ကြံသူနှစ်ယောက်က ဓားကိုယ်စီဆွဲထုတ်၍ ဟောက်ညီအစ်ကို၏လည်ပင်းများကို ချိန်ရွယ်လိုက်သည်။ ဟောက်ညီအစ်ကိုက သေရန်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် တည်ငြိမ်စွာ မျက်လုံးမှိတ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ကုဖေးနှင့် လင်းယုက လျှပ်တပြက်လှုပ်ရှားကာ ယဲ့ချန်ကို အနောက်မှ ရုတ်တရက်ဖမ်းချုပ်လိုက်ကြသည်။

"မလုပ်နဲ့။ သူ့အသက်နဲ့ ဟောက်ညီအစ်ကိုရဲ့အသက်ကို လဲမယ်"

ကုဖေးက အလောတကြီး အော်ပြောလိုက်သည်။

"ငါ့ကိုလွှတ်စမ်း။ မင်းတို့က ပုန်ကန်ချင်တာလား"

ယဲ့ချန်က ဒေါသတကြီးအော်ဟစ်၍ အစွမ်းကုန်ရုန်းကန်နေသော်လည်း အကျိုးမရှိပေ။

"ဟား ဟား ကြည့်ရတာ မင်းရဲ့နောက်လိုက်တွေက မယုံကြည်ရပါလားဟေ့"

ချန်းယွမ်က ရယ်မောလှောင်ပြောင်နေစဥ် ရုန်းကန်ရန် မဖြစ်နိုင်သောကြောင့် ယဲ့ချန်သည် တိုက်ပွဲကျရှုံးသွားသည့် စစ်သူကြီးပမာ ခေါင်းငိုက်စိုက်ကျနေခဲ့သည်။

"ငါ့ကိုသစ္စာဖောက်တဲ့အတွက် မင်းတို့အားလုံး ပြန်ပေးဆပ်ရမယ်"

သူက ဒေါသတကြီးဆဲဆို ကျိန်တွယ်နေသည်။

"ဒီကောင်ကို လက်လွှဲပေးရင် ဟောက်ညီအစ်ကိုကို ချက်ချင်းလွှတ်ပေးမယ်"

ယဲ့ချန်နှင့်အခြားလူများ လှည့်စားမည်ကို ကြောက်သောကြောင့် ချန်းယွမ်က အလွန်သတိထားနေခဲ့သည်။ လက်ရှိတွင် ယဲ့ချန်တို့ရပ်နေသည့်နေရာက အစီအရင်အတွင်းသို့ အချိန်မရွေး ပြန်လည်ဆုတ်ခွာနိုင်နေသည်။

"မင်းကို ဘာကြောင့်ယုံရမှာလဲ။ မင်းတို့ဘက်မှာ လူတွေအများကြီးရှိနေတယ်"

ကုဖေးက ယဲ့ချန်ကိုချုပ်ကိုင်ထားရင်း ခေါင်းယမ်းပြလိုက်သည်။ သို့သော် ဟောက်ညီအစ်ကိုအား လှမ်းကြည့်နေသော သူ၏မျက်လုံးများတွင် စိုးရိမ်စိတ်တို့ ထင်ဟပ်နေသည်။

"ဟမ့် မင်းတို့က ညှိနှိုင်းဖို့ အခွင့်အရေးရှိတယ် ထင်နေတာလား။ သူ့ကိုခေါ်မလာရင် ဒီနှစ်ယောက်လုံး ချက်ချင်းသေရမယ်"

ချန်းယွမ်က မျက်လုံးဖြင့် အချက်ပြလိုက်သောအခါ အေးစက်စက်ဓားသွားများက ဟောက်ညီအစ်ကို၏လည်ပင်းပေါ်သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ ယုဖန်းက ဤကိစ္စကို တစ်ခွန်းမှဝင်မပြောဘဲ ပတ်ဝန်းကျင်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ သူ၏အမြင်တွင် ကုဖေးတို့အဖွဲ့သည် ရင်းနှီးမှုကို တန်ဖိုးထားလွန်းသောကြောင့် အချင်းချင်းသစ္စာဖောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ခုခု ကြံစည်နေခြင်းဖြစ်ရမည်ဟု သတ်မှတ်လိုက်သည်။

"ဒါဆိုရင် သဘောတူညီမှုတစ်ခု လုပ်ရအောင်"

ကုဖေးက ရွေးချယ်စရာမရှိဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ကမ်းလှမ်းလိုက်သည်။

"ပြောစမ်း"

ချန်းယွမ်က အထက်စီးမှ အမိန့်ပေးလိုက်သည်။

"မင်းတို့လက်ထဲက ဟောက်ရဲနဲ့ ဟောက်လင်းဟာ အတုဖြစ်နေနိုင်တယ်။ ငါတို့ရဲ့ရိုးသားမှုကိုပြတဲ့အနေနဲ့ သူတို့ကိုအရင်လွှတ်ပေးဖို့ ဓားစာခံနှစ်ယောက် လွှတ်လိုက်မယ်။ သူတို့ကို အစစ်ဖြစ်ကြောင်း အတည်ပြုပြီးတာနဲ့ ယဲ့ချန်ကို ချက်ချင်းလွှဲပေးမယ်။ လင်းနန် ရှောင်ယွဲ့ မင်းတို့သွားလိုက်ကြ"

ကုဖေးက တစ်လုံးချင်းပြောလိုက်သည်။

"ဟုတ်ကဲ့"

လင်းနန်နှင့် ရှောင်ယွဲ့က ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။

"သူက ဘာတွေကြံနေတာလဲ"

ကုဖေးက ရုတ်တရက် ဓားစာခံနှစ်ယောက် စေလွှတ်လာသောကြောင့် ယုဖန်းတစ်ယောက် စိတ်ရှုပ်သွားခဲ့သည်။

"အရူးတွေ မင်းတို့ ဘာတွေလုပ်နေကြတာလဲ"

ဟောက်ရဲ၏အမြင်တွင် လင်းနန်နှင့်ရှောင်ယွဲ့ကို စေလွှတ်လိုက်ခြင်းက တုံးအခြင်းနှင့် မခြားပေ။ လင်းနန်နှင့် ရှောင်ယွဲ့ လမ်းတစ်ဝက်ရောက်သောအခါ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူလေးယောက် ပြေးထွက်လာကာ သူတို့ကို ချက်ချင်းဖမ်းချုပ်လိုက်ကြသည်။

"သူတို့နှစ်ယောက်က အစစ်အမှန်လား"

ယုဖန်းက မေးလိုက်ခြင်းဖြစ်သည်။

"သေချာတယ်။ လင်းနန်က လင်းယုရဲ့မောင်လေးဖြစ်တယ်"

ဖန်ယု၏နောက်လိုက်ဖြစ်သော ဖန်ရောင်တောက်က သေချာစွာစစ်ဆေး၍ အတည်ပြုပေးလိုက်သည်။ အကယ်၍ ရှောင်ယွဲ့နှင့် လင်းနန်သာ အတုဖြစ်နေလျှင် သူက ချက်ချင်းဖော်ထုတ်နိုင်သည်။

"အရူးတွေ မင်းတို့ကွာ"

သူ့ကြောင့် အခြားညီအစ်ကိုများ ထိခိုက်နေသည်ကို မြင်သောအခါ ဟောက်ရဲ၏မျက်လုံးများတွင် မျက်ရည်စများ ဖြစ်ပေါ်လာသည်။ ချန်းယွမ်နှင့် ယုဖန်းကမူ ကုဖေးက ဤသို့လုပ်ရသောအကြောင်းအရင်းကို တိတ်တဆိတ်ဆွေးနွေး အဖြေရှာနေခဲ့လေသည်။

All Chapters