← Chapters

စစ်မှာ မတရားတာမရှိ

Vol. 39 Ch. 548

စစ်မှာ မတရားတာမရှိ

Vol. 39 Ch. 548

"အခု ဘာဆက်လုပ်ကြမလဲ"

ချန်းယွမ်သည် အလွန်ရှုပ်ထွေးနေသောကြောင့် အကြံတောင်းလိုက်ခြင်းဖြစ်သည်။ ယုဖန်းသည်လည်း ကုဖေး၏ရည်ရွယ်ချက်ကို နားမလည်သောကြောင့် တုံ့ဆိုင်းနေခဲ့သည်။ သူတို့က လှည့်စားနေခြင်းလည်း မဖြစ်နိုင်ပေ။ သို့မဟုတ်လျှင် ဓားစာခံအသစ်နှစ်ယောက်ကို ထပ်မံပို့ပေးလာစရာ အကြောင်းမရှိချေ။

"ကုလန် ပျောက်နေတယ်။ ဟောက်ရဲနဲ့ ဟောက်လင်းကို မလွှတ်ပေးနဲ့။ အရင်ဆုံး ချီပင်လယ်အဆင့်တစ်ဆယ်တွေ စေလွှတ်ပြီး သူတို့ကို အစီအရင်ထဲမဝင်နိုင်အောင် လမ်းပိတ်ထားရမယ်"

ယုဖန်းက ခဏတာစဥ်းစားပြီးနောက် ချန်းယွမ်ကို ညွှန်ကြားလိုက်သည်။ သူ၏စိတ်ထဲတွင် ကုဖေးသည် ဤမျှလွယ်လွယ် အလျှော့ပေးတတ်သော လူစားမျိုးမဟုတ်ကြောင်း သေချာသော်လည်း တစ်ဖက်လူ၏အကြံကို လုံးဝမခန့်မှန်းနိုင်ခဲ့ပေ။

"ယဲ့ချန်ကို အရင်ဆုံးခေါ်လာခဲ့။ ဒါဆိုရင် ဒီလေးယောက်ကို ပြန်လွှတ်ပေးမယ်"

ချန်းယွမ်က အော်ပြောလိုက်ခြင်းဖြစ်သည်။

"ငါတို့ကို အရူးတွေများ ထင်နေတာလား။ ဓားစာခံနှစ်ယောက်ပို့ပြီး ငါတို့ရဲ့ရိုးသားမှုကို ပြပြီးပြီ။ မင်းတို့က သဘောမတူဘူးဆိုရင် အတူတူသေလိုက်ကြတာပေါ့"

ကုဖေး၏မျက်လုံးများက အေးစက်စက်ဖြစ်နေကာ သွေးနီရောင်တောက်ပနေပြီး ဒေါသတကြီး တုံ့ပြန်လာခဲ့သည်။ ယုဖန်၏နောက်လိုက်များက သူတို့ထံချီတက်လာရန် ဟန်ပြင်နေစဥ် အစီအရင်အတွင်းမှ အရှိန်အဝါများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ချီပင်လယ်အဆင့် ကျင့်ကြံသူခြောက်ရာကျော်က တဟုန်ထိုးပြေးထွက်လာကာ ကုလန်က ဦးဆောင်လာခဲ့သည်။ ထိုလူခြောက်ရာထဲတွင် အဆင့်တစ်ဆယ်ကျင့်ကြံသူ နှစ်ရာကျော် ပါဝင်သည်။

"ညီအစ်ကိုတို့ အထက်တန်းစားတွေက ငါတို့ကို စတင်တိုက်ခိုက်ခဲ့တယ်။ သူတို့က ငါတို့ညီအစ်ကိုတွေကို ဖမ်းဆီးထားတယ်။ ဒါကို သည်းခံနေဦးမှာလား"

ကုလန်၏မျက်နှာတွင် သတ်ဖြတ်လိုစိတ်ကြောင့် ဒေါသမီးဝင်းဝင်းတောက်နေသည်။

"လက်မခံနိုင်ဘူး"

"ဒီကောင်တွေကို အသေသတ်ကြရအောင်"

ကုလန်၏စကားသံနောက်တွင် ကြုံးဝါးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ အထက်တန်းစားများ၏ နောက်လိုက်ခွေးများက သူတို့အောက် အရေအတွက်နည်းသောကြောင့် တိုက်ခိုက်ရန် စိုင်းပြင်းနေကြသည်။ ထိုအချိန်တွင် ချန်းယွမ်၊ ယုဖန်း၊ ဖန်ရောင်တောက်စသော ကျင့်ကြံသူများအားလုံး စိုးရိမ်နေကြသည်။ ဓားစာခံများဖမ်းဆီးထားခြင်းက သာမန်လူတန်းစားများကို သူသေကိုယ်သေတိုက်ခိုက်ရန်အထိ တွန်းအားပေးမိခဲ့သည်။ သာမန်လူတန်းစားများက စည်းလုံးညီညွတ်စွာ ထွက်ပေါ်လာသောကြောင့် အမှန်တကယ်တိုက်ပွဲဖြစ်လျှင် သူတို့အတွက် လုံးဝအကျိုးမရှိပေ။

"လူတိုင်း စိတ်အေးအေးထားကြပါ။ သခင်တွေက မင်းတို့ကိုတိုက်ခိုက်ဖို့ ဆန္ဒမရှိပါဘူး"

ယုဖန်းက အလောတကြီး အော်ပြောလိုက်သည်။ သူ၏ဘက်တော်သားများအားလုံး ကြောက်စိတ်ကြောင့် တုန်ယင်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သာမန်လူတန်းစားများက တိုက်ပွဲဖြစ်လျှင် အမှန်တကယ် သူသေကိုယ်သေတိုက်ခိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

"မင်းစကားကို ခွေးတောင် မယုံဘူး ထွီ"

"ဒီကောင်တွေက အထက်တန်းစားတွေနဲ့ပေါင်းပြီး ငါတို့ကို အနိုင်ကျင့်ချင်နေတယ်။ ညီအစ်ကိုတို့ သေတဲ့အထိ တိုက်ခိုက်ကြမယ်"

ညီအစ်ကိုဂိုဏ်းဝင်များက ပြိုင်တူကြုံးဝါးလိုက်ကြပြီး ကုလန်သာ အမိန့်တစ်ချက်ပေးလိုက်လျှင် ဝံပုလွေရိုင်းကြီးများသဖွယ် ပြေးထွက်တိုက်ခိုက်ကြပေလိမ့်မည်။

"သခင်တွေက မင်းတို့ကို အမှန်တကယ်ဒုက္ခမပေးချင်ပါဘူး။ သူတို့လိုချင်တာက ယဲ့ချန်တစ်ယောက်တည်းပါ။ ဒီကောင်က အရှေ့ပိုင်းတိုက်ကြီးကလာတဲ့ အပြင်လူတစ်ယောက်ဖြစ်ပြီး မကောင်းတာတွေ ကြံစည်ခဲ့တယ်။ ငါတို့က ဆွေးနွေးလို့ရပါတယ်"

ယုဖန်းသည် ဒေါသထွက်နေသော စစ်သည်တော်များနှင့်အတွေ့တွင် မမောက်မာရဲတော့ပေ။ ကုလန်က ကျင့်ကြံသူပေါင်းများစွာကို ခေါ်ဆောင်လာနိုင်စွမ်းရှိမည်ဟု သူက အိပ်မက်ပင် မမက်ဖူးချေ။

"မင်းတို့ရဲ့ညီအစ်ကိုလေးယောက် ငါတို့လက်ထဲမှာဆိုတာကို မမေ့နဲ့။ တိုက်ပွဲဖြစ်ရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး"

သူက ကုဖေးထံ အသံဖြင့် တိတ်တဆိတ်ဆက်သွယ်ကာ အကျပ်ကိုင်လိုက်ခြင်းဖြစ်သည်။

"မင်းတို့သာ ယဲ့ချန်ကို လက်လွှဲပေးရင် ဖြစ်ပျက်သမျှကို သင်ပုန်းချေပြီး ကိုယ့်လမ်းကိုဆက်လျှောက်တာပေါ့"

သူက ယဲ့ချန်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"ဟမ့် မင်းက အရင်ဆုံးစကားမတည်တာ မဟုတ်ဘူးလား။ မင်းတို့ကြောင့် ငါတို့က ဒီအခြေအနေအထိ ရောက်လာခဲ့တာပဲ။ ဓားစာခံနှစ်ယောက် လွှတ်ပေးထားတာတောင် ဟောက်ရဲနဲ့ ဟောက်လင်းကို မလွှတ်ဘူးလား။ မင်းသာ သူတို့ကိုလွှတ်ပေးရင် ယဲ့ချန်ကို ချက်ချင်းလွှဲပေးမယ်။ လင်းနန်နဲ့ ရှောင်ယွဲ့ကို ထပ်လွှတ်ပေးရင် ကိုယ့်လမ်းကိုဆက်သွားမယ်"

ကုဖေးက ဒေါသဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ သူ၏စကားကိုကြားသောအခါ ယုဖန်းက အတွေးနက်သွားခဲ့သည်။ ကုဖေးက ဟောက်ညီအစ်ကိုအား ပထမဆုံးလွှတ်ပေးစေချင်ရသည့် အကြောင်းအရင်းကို သူ မတွေးနိုင်ခဲ့ပေ။ ယေဘူယျသဘောပြောရလျှင် လင်းနန်နှင့် ရှောင်ယွဲ့သည်လည်း ကုဖေး၏ညီအစ်ကိုများဖြစ်သောကြောင့် သာတူညီမျှ သဘောထားသင့်သည်။ တိုက်ခိုက်ရန် အဆင့်သင့်ပြင်နေသော ညီအစ်ကိုများ၏လက်နက်များကို ကြည့်နေသည့် ယုဖန်းက ဟောက်ရဲနှင့် ဟောက်လင်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် သံသယဝင်နေသော်လည်း အချိန်များစွာ တွေးတောနေ၍မဖြစ်ပေ။ အကယ်၍ ကုလန်သာ အမိန့်ပေးလိုက်လျှင် ထိုကျင့်ကြံသူများက အသက်နှင့်ရင်း၍ အမှန်တကယ် တိုက်ခိုက်လာကြပေလိမ့်မည်။ ဤဖိအားအောက်တွင် သူ၏နဖူးမှ ချွေးအချို့ပင် စီးကျလာနေခဲ့သည်။

"သူတို့ကို လွှတ်ပေးလိုက်"

နောက်ဆုံးတွင် အချိန်ဆွဲနေလျှင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သော ယုဖန်းက ဟောက်ညီအစ်ကိုအား ဖမ်းထားသည့် ကျင့်ကြံသူလေးယောက်ကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ထိုလေးယောက်က ခေါင်းညိတ်၍ ဟောက်ညီအစ်ကိုအား ထပ်မံဖိနှိပ်မထားတော့ပေ။

"ငါတို့မသွားဘူး။ လင်းနန်နဲ့ ရှောင်ယွဲ့ကို အရင်လွှတ်ပေးရမယ်"

သို့သော် သူတို့က အပြစ်ရှိစိတ်ကို ခံစားနေရသဖြင့် ခေါင်းမာစွာ ပေကပ်ရပ်နေကြသည်။ သူတို့ကြောင့်သာမဟုတ်လျှင် လင်းနန်နှင့် ရှောင်ယွဲ့က အန္တရာယ်ကြား ကျရောက်မည်မဟုတ်ပေ။

"မြန်မြန်ထွက်သွားစမ်းပါကွာ။ မင်းတို့ထွက်သွားရင် အစ်ကိုယဲ့က ငါတို့ကို ဘေးကင်းအောင် လုပ်ပေးနိုင်ပြီ"

လင်းနန်က စိတ်ထဲမှကျိန်ဆဲ၍ ဟောက်ရဲကို မျက်ရိပ်ပြလိုက်သည်။ ကံမကောင်းစွာဖြင့် စိတ်ရှုပ်နေသော ဟောက်ရဲက ထိုအကြည့်ကို သတိမထားခဲ့ပေ။ လင်းနန်သည်လည်း ရန်သူများ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် ပေါ်တင်အချက်မပြရဲချေ။ ဟောက်ညီအစ်ကို၏ အပြုအမူကြောင့် ညီအစ်ကိုချင်းအပေါ်ထားသော သဘောထားကို သိလိုက်ရသဖြင့် ယုဖန်းက စိတ်အေးသွားခဲ့သည်။ သူတို့လက်ထဲတွင် လင်းနန်နှင့် ရှောင်ယွဲ့ရှိနေသမျှ တိုက်ပွဲစမည်မဟုတ်ဟု တထစ်ချတွက်ထားလိုက်လေသည်။

"မင်းတို့က သူတို့ရဲ့ဆံပင်တစ်ချောင်း ထိခိုက်အောင် လုပ်ရဲရင် သူသေကိုယ်သေတိုက်ပစ်မယ်"

နောက်ဆုံးတွင် ဟောက်ရဲနှင့် ဟောက်လင်းသည် ယုဖန်းကို ဒေါသတကြီးခြိမ်းခြောက်၍ ယဲ့ချန်တို့ရှိရာထံ ဦးတည်လာခဲ့သည်။ သူတို့က ကုဖေးအနားသို့ ပြန်ရောက်လာသောအခါ တစ်ခုခုပြောချင်သော်လည်း ရှက်ရွံ့စွာဖြင့် တွန့်ဆုတ်နေခဲ့သည်။ ထိုအချိန်တွင် ကုဖေးက ရယ်မောလိုက်ပြီး မလိုအပ်ကြောင်း လက်ကာပြလိုက်ကာ သူ၏မျက်နှာက စိတ်လက်ပေါ့ပါးသွားပုံပေါ်သည်။

"ညီလေးယဲ့ သရုပ်ဆောင်တာ တော်တယ်"

ဟောက်ညီအစ်ကို လွတ်မြောက်လာပြီးနောက် ကုဖေးက ယဲ့ချန်ကို လက်မထောင်ပြလိုက်သည်။ ထို့နောက် သူနှင့် လင်းယုက ယဲ့ချန်ကို လွှတ်ပေးလိုက်ပြီး အေးစက်စက်ပြုံးနေကြသည်။

"အားလုံးက အစီအစဥ်အတိုင်း ဖြစ်လာပုံပဲ။ အကြွေးတွေရှင်းဖို့ အချိန်တန်ပြီ"

ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာကာ ယုဖန်းတို့လူစုကို စိုက်ကြည့်လိုက်သည်။ ယုဖန်းသည် ကုဖေး၏လုပ်ရပ်ကို မြင်သောအခါ ရင်ထိတ်သွားခဲ့သည်။ သူ၏အတွေးများက မှန်ကန်နေပြီး တစ်ဖက်လူက လှည့်စားခြင်းများ ပြုလုပ်ထားသည်။ သို့သော် လင်းနန်နှင့် ရှောင်ယွဲ့ကို ဖမ်းဆီးထားသည့်တိုင်အောင် ကုဖေးက အဘယ်ကြောင့် ယုံကြည်မှုရှိနေသည်ကို စဥ်းစားမရခဲ့ပေ။

"အစ်ကိုကြီး ဘာဆက်လုပ်ကြမှာလဲ"

ဟောက်ညီအစ်ကိုသည်လည်း ကုဖေး၏အပြုအမူကြောင့် အံ့သြနေသည်။

"ကုဖေး ငါ့လက်ထဲမှာ မင်းလူနှစ်ယောက် ရှိနေသေးတယ်။ ယဲ့ချန်ကို လက်လွှဲပေးစမ်း။ မဟုတ်ရင် သူတို့ကို အခုချက်ချင်းသတ်ပစ်လိုက်မယ်"

ယုဖန်းက ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။

"ဟား ဟား မင်းက သူတို့ကို သတ်နိုင်ပါ့မလား။ ညီအစ်ကိုတို့ လက်နက်တွေထုတ်ကြ။ ဒီခွေးမသားတွေကို သင်ခန်းစာပေးလိုက်ရအောင်"

ကုလန်က နှာခေါင်းတစ်ချက်ရှုံ့၍ အမိန့်ပေးလိုက်သောအခါ ကျင့်ကြံသူခြောက်ရာကျော်သည် ပြိုင်တူကြုံးဝါး၍ သားရဲကောင်ကြီးများပမာ တဟုန်ထိုးပြေးတက်လာကြသည်။ ယုဖန်းသည် တစ်ဖက်မှ လင်းနန်နှင့် ရှောင်ယွဲ့၏လုံခြုံရေးကို လျစ်လျူရှု၍ တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားပေ။ သူ၏စိတ်ထဲတွင် ဤနှစ်ယောက်က အတုများလားဟု သံသယဝင်လာခဲ့သည်။

"သူတို့ကို သတ်လိုက်စမ်း"

ယုဖန်းက အော်ဟစ်အမိန့်ပေးလိုက်ပြီး လင်းနန်နှင့် ရှောင်ယွဲ့ကို ဖမ်းချုပ်ထားသော ကျင့်ကြံသူလေးယောက်က ချက်ချင်းလှုပ်ရှားလိုက်သည်။ အစွမ်းထက်ချီပင်လယ်လေးခုက သူတို့အပေါ် ဝုန်းခနဲ ကျဆင်းလာခဲ့သည်။

"နတ်ဆိုးချပ်ဝတ် အသက်ဝင်စမ်း"

လှောင်ပြုံးကိုယ်စီဖြင့်ရပ်နေသော လင်းနန်နှင့် ရှောင်ယွဲ့၏တစ်ကိုယ်လုံးကို ခရမ်းရောင်ချပ်ဝတ်များက တပြိုင်နက်ဖုံးအုပ်သွားကာ ခရမ်းရောင် လင်းလက်နေသည်။ ချီပင်လယ်အဆင့်တစ်ဆယ် ခွန်အားက သူတို့ကို ထိမှန်သွားသော်လည်း ချပ်ဝတ်များ၏ ကာကွယ်မှုကြောင့် လုံးဝမထိခိုက်ခဲ့ပေ။

"လူသားအဆင့် နတ်ဆိုးချပ်ဝတ်"

ယုဖန်းတို့အားလုံး နေရာတွင် ကြက်သေသေသွားကြသည်။

"သေစမ်း။ ငါတို့ အရူးလုပ်ခံလိုက်ရပြီ။ ဒီကောင်တွေက အောက်တန်းကျလွန်းတယ်"

ယုဖန်း၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ အော်ဟစ်ဆဲဆိုနေခဲ့သည်။ နောက်ဆုံးတွင် သူက ကုဖေး၏အကြံကို နားလည်သွားပြီး အလွန်တရာနောက်ကျသွားပြီဖြစ်သည်။ လူသားအဆင့် နတ်ဆိုးချပ်ဝတ်ကိုယ်စီ ဝတ်ဆင်ထားသော လင်းနန်နှင့် ရှောင်ယွဲ့ကို အသုံးပြုကာ ဟောက်ညီအစ်ကို လွတ်မြောက်စေရန် လှည့်စားသွားခြင်းဖြစ်သည်။ မည်သည့်ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူမဆို ထိုးဖောက်နိုင်စွမ်းမရှိသော နတ်ဆိုးချပ်ဝတ်များကြောင့် လင်းနန်နှင့် ရှောင်ယွဲ့က ဓားစာခံများ မဟုတ်ပေ။ သူက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။ အထက်တန်းစားများက ဟောက်ညီအစ်ကိုအား ကောင်းကင်ဘုံငယ်အတွင်း ဝင်ရောက်စေရန် များစွာအားထုတ်ခဲ့ရသည်။ သူတို့၏အကြံ အောင်မြင်ရန် လက်တစ်ကမ်းအလိုတွင် ဖျက်ဆီးခံလိုက်ရသောအခါ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

လူသားအဆင့် နတ်ဆိုးချပ်ဝတ်တစ်စုံက ဆည်းဆာရွှေသန်းနှစ်ဆယ်ကျော် တန်ကြေးရှိသည်။ ထို့အပြင် စိတ်ရှိတိုင်းဝယ်ယူမရနိုင်သော ရတနာများဖြစ်သောကြောင့် ဤအချက်ကို ယုဖန်းက လုံးဝမတွေးမိခဲ့ပေ။ သူတို့၏အကြံပျက်စီးသွားရသော အဓိကအချက်မှာ ဤနတ်ဆိုးချပ်ဝတ်နှစ်စုံကြောင့် ဖြစ်သည်။ ယဲ့ချန်သည် လင်းနန်၊ ရှောင်ယွဲ့နှင့် မင်ယွဲ့ကို လူသားအဆင့် နတ်ဆိုးချပ်ဝတ်များ ငှားရမ်းပေးထားခဲ့ပြီး သူ၏အကြံက အောင်မြင်ခဲ့သည်။ ဟောက်ညီအစ်ကို လုံခြုံသွားသောအခါ သူတို့ဘက်က တစ်ဖန်ပြန်လည် အရေးသာလာခဲ့သည်။

"အောက်တန်းကျတယ် ဟုတ်လား။ ဒီအကြောင်းကိုပြောရရင် ဟောက်ရဲနဲ့ဟောက်လင်းကိုဖမ်းဖို့ အကွက်ချကြံစည်တဲ့ မင်းတို့ကမှ အောက်တန်းကျပြီး ယုတ်မာတာ မဟုတ်ဘူးလား"

ယဲ့ချန်သည် ဒေါသတကြီးဆဲဆို ပေါက်ကွဲနေသည့် ယုဖန်းကို စိုက်ကြည့်နေရင်း ဒေါသမီး တောက်လောင်လာလေသည်။

All Chapters