← Chapters

အခြေအနေကို ပြောင်းလဲခြင်း

Vol. 39 Ch. 549

အခြေအနေကို ပြောင်းလဲခြင်း

Vol. 39 Ch. 549

"သတ်ကြ"

ယဲ့ချန်က အော်ဟစ်အမိန့်ပေးလိုက်သည်။ ဤဖြစ်ရပ်သည် ရန်ယွင်မြို့အထက်တန်းစားများ၏ အစွယ်အပွားများကို သတ်နိုင်သည့် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ချန်းယွမ်၊ ယုဖန်း၊ ဖန်ရောင်တောက်စသူတို့ကို သတ်ဖြတ်ခြင်းဖြင့် တိုက်ပွဲကို စတင်ရပေလိမ့်မည်။ ယဲ့ချန်၊ ကုလန်၊ ကုဖေးနှင့် မင်ယွဲ့တို့၏ကိုယ်ပေါ်၌လည်း လူသားအဆင့် နတ်ဆိုးချပ်ဝတ်များ ထွက်ပေါ်လာကာ တစ်အုပ်စုလုံး ခရမ်းရောင်တောက်ပနေသည်။ ထိုအလင်းတန်းများက ယုဖန်းနှင့်နောက်လိုက်များကို စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြိုလဲသွားစေခဲ့သည်။ လူသားအဆင့် ချပ်ဝတ်ခြောက်စုံ ထွက်ပေါ်လာသောကြောင့် ရန်သူများက မယုံနိုင်ဟန်ဖြင့် ကြောင်ကြည့်နေမိသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က လူသားအဆင့် နတ်ဆိုးချပ်ဝတ်တွေ ဒီလောက်အများကြီး ဘယ်ကရလာတာလဲ"

ရန်ယွင်တစ်မြို့လုံး၌ပင် လူသားအဆင့် နတ်ဆိုးချပ်ဝတ်ကို ပိုင်ဆိုင်ထားသော အထက်တန်းစားများစွာ မရှိချေ။ တစ်ခုချင်းစီက ဆည်းဆာရွှေသန်းနှစ်ဆယ်ကျော် တန်ကြေးရှိသည့်အပြင် ချီပင်လယ်အဆင့်များကို ကောင်းကောင်းဆန့်ကျင်နိုင်သည်။ ထို့ကြောင့် အထက်တန်းစားများက သူတို့၏နောက်လိုက်များအတွက် ဤမျှစျေးကြီးသည့် ရတနာမျိုး ဝယ်ပေးမထားခဲ့ပေ။ ရန်ယွင်တစ်မြို့လုံး လိုက်ရှာလျှင်ပင် စျေးကွက်အတွင်း၌ ချပ်ဝတ်တစ်စုံနှစ်စုံ ရောင်းချနေသည်ကိုသာ တွေ့ရပေလိမ့်မည်။ ၎င်းတို့က ချီပင်လယ်အဆင့်များသာ ဝင်ရောက်ခွင့်ရှိသော ကောင်းကင်ဘုံငယ်များတွင် ပြိုင်ဘက်ကင်းရတနာများ ဖြစ်ကြသည်။ အဆင့်တစ်ဆယ်သို့ ရောက်ရှိသူများပင် ၎င်းတို့၏ကာကွယ်ရေးကို ထိုးဖောက်ခြင်းငှာ မတတ်စွမ်းသောကြောင့်ဖြစ်သည်။ ယဲ့ချန်တို့ဝတ်ဆင်ထားသော ချပ်ဝတ်များကြောင့် ရန်သူများက သတိလွတ်နေစဥ် သာမန်ပြည်သူများကြားမှ စစ်သည်တော်များက တဟုန်ထိုးပြေးဝင်လာသဖြင့် တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။

သစ်သားတိမ်ကြယ်၏ ကောင်းကင်ဘုံငယ်အတွင်း ချီပင်လယ်များ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ဆန့်ကျင်နေပြီး ပြင်းထန်သော တန်ပြန်အားများ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်မှ သစ်ပင်များ ပြားပြားဝပ်ကုန်သည်။

"ဘန်း ဘန်း ဘန်း"

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ အနီးအနားရှိ အဆင့်နိမ့် ဝိညာဥ်သားရဲများအားလုံး အလန့်တကြား ထွက်ပြေးကုန်သည်။ ရန်သူများကြားတွင် ချန်းယွမ်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ချွေးများစိုရွှဲနေသည်။ မူလတွင် သူတွေးထားသည်မှာ ယဲ့ချန်၏အားနည်းချက်ကို ချုပ်ကိုင်နိုင်လိုက်သဖြင့် လက်စားချေနိုင်တော့မည်ဖြစ်သည်။ သို့သော် ယဲ့ချန်ကို အနိုင်မယူနိုင်ခဲ့ရုံသာမက သူကိုယ်တိုင်ပင် အသက်အန္တရာယ်ရှိသော အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု လုံးဝထင်မထားခဲ့ပေ။ တစ်ဖက်မှကျင့်ကြံသူများက ကျားများသဖွယ် ရဲရဲရင့်ရင့်တိုးဝင်လာနေသောအခါ သူက ကြောက်လန့်တကြားဖြင့် နောက်လိုက်များကိုသာ တိုက်ခိုက်စေသည်။ သူကိုယ်တိုင်က ချီပင်လယ်အဆင့်သုံးဖြစ်နေသောကြောင့် သာမန်လူတန်းစားများက ပါရမီမကောင်းမွန်နေသော်လည်း အနည်းဆုံး အဆင့်လေးများ ဖြစ်နေကြသောအခါ တိုက်ခိုက်ရန် သတ္တိမရှိပေ။ ထို့အပြင် တစ်ဖက်မှာ ချီပင်လယ်အဆင့်တစ်ဆယ်များ ပါဝင်သောကြောင့် ပြန်လည်တိုက်ခိုက်လျှင် သူ၏အသက်ဆုံးရှုံးရမည်ကို အလွန်ကြောက်လန့်နေခဲ့သည်။ ချန်းယွမ်၏နောက်လိုက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကြောက်လန့်တွန့်ဆုတ်နေကြသော်လည်း ရွေးချယ်စရာမရှိသောကြောင့် အံကြိတ်ကာ ရှေ့တက်လိုက်ရသည်။

ယုဖန်းသည်လည်း သူ၏နောက်လိုက်များကို တစ်ဖက်မှတိုက်ခိုက်မှုအား ကာကွယ်စေကာ ထွက်ပြေးနေခဲ့သည်။ ယဲ့ချန်သည် မိစ္ဆာဝံပုလွေဆေဘာကိုဆင့်ခေါ်၍ ယုဖန်း၊ ချန်းယွမ်စသော ခေါင်းဆောင်များနောက်သို့ တရကြမ်း ပြေးလိုက်သွားခဲ့သည်။ ထိုအချိန်တွင် ချီပင်လယ်အဆင့်တစ်ဆယ် ရန်သူတစ်ယောက်က သူ့ကိုပြေးဝင် တိုက်ခိုက်လိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ သူ၏တိုက်ခိုက်မှုက ယဲ့ချန်ကို ထိမှန်သွားသော်လည်း နတ်ဆိုးချပ်ဝတ်က ကာကွယ်ရေးအလင်းများ တောက်ပလာခဲ့သည်။ ရန်သူသည် သူ၏တိုက်ခိုက်မှုဖြင့် နတ်ဆိုးချပ်ဝတ်ကိုပင် အရာထင်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ကြောက်လန့်သွားခဲ့သည်။

"သေစမ်း"

ယဲ့ချန်က တစ်ချက်လှည့်ကြည့်၍ ဆေဘာဖြင့် ပိုင်းချလိုက်၏။ ၎င်းက အဖိုးရတနာတစ်ခုဖြစ်သည့်အပြင် သူ၏လျင်မြန်လွန်းသော ခုတ်ချက်ကြောင့် ရန်သူက အလန့်တကြား ရှောင်တိမ်းလိုက်သော်လည်း လက်တစ်ဖက်ပြတ်ထွက်သွားကာ သွေးများ ပန်းထွက်လာသည်။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၍ ချက်ချင်းထွက်ပြေးလိုက်သည်။ သို့သော် ယဲ့ချန်က နောက်တစ်ချက်ပိုင်းလိုက်သောအခါ ဓားဖျားတွင် အသက်ပါသွားလေသည်။

တိုက်ခိုက်ရင်း ထွက်ပြေးနေကြသူများမှာ သာမန်လူတန်းစားများ၏ ရက်စက်မှုကြောင့် ကြောက်ဒူးတုန်နေကြသည်။ သူတို့က စိတ်ဓာတ်ကျနေချိန်တွင် တစ်ဖက်မှာ တိုက်ခိုက်လိုစိတ်များ မိုးထိုးမတတ် မြင့်မားနေသည်။ အထက်တန်းစားများ၏နောက်လိုက်များမှာ အချိန်တိုင်း သွေးရူးသွေးတန်းအော်ဟစ်ရင်း အသက်ပျောက်ကုန်သည်။ ရန်ယွင်မြို့တော်ရှိ အထက်တန်းစားများကြောင့် ဖိနှိပ်ခံခဲ့ရသော သာမန်လူတန်းစားများက ၎င်းတို့၏နောက်လိုက်ခွေးများကို အသွေးအသားထဲမှပင် မုန်းတီးနေကြသည်။ လက်ရှိတွင် သူတို့က လက်စားချေရန် အခွင့်အရေးတစ်ခုရလာသောအခါ လုံးဝလက်လွတ်မခံခဲ့ကြပေ။ သာမန်လူတန်းစားများကြားတွင် အထက်တန်းစားများလက်အောက်တွင် အလုပ်လုပ်သူများလည်း ပါဝင်နေသည်။ သူတို့က နောက်လိုက်များဖြစ်ခဲ့ဖူးသော်လည်း သာမန်ပြည်သူများထက် ပို၍ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။ အထက်တန်းစားများက သူတို့ကို မတန်တဆစေခိုင်းခဲ့သော ဒေါသကို သူတို့၏နောက်လိုက်များအပေါ် ပုံချကာ ဆက်တိုက်သတ်ဖြတ်နေကြသည်။

အထက်တန်းစားများ၏ နောက်လိုက်များမှာမူ များပြားလှသော သာမန်ကျင့်ကြံသူများနှင့် လူသားအဆင့်နတ်ဆိုးချပ်ဝတ်ကို ဝတ်ဆင်ထားသော ယဲ့ချန်တို့အဖွဲ့၏တိုက်စစ်ကြောင့် ချက်ချင်းဆုတ်ခွာ ထွက်ပြေးကြသည်။ ခုခံရန်ပြင်ဆင်ထားသော ဖွဲ့စည်းပုံက ချက်ချင်းပျက်ပြယ်သွားကာ ခေါင်းမပါသော ကြက်များကဲ့သို့ ခြေဦးတည့်ရာ ပြေးလွှားနေကြသည်။

"ချန်းယွမ် မင်းနဲ့ငါ့ကြားက ရန်ကြွေးကို အခုရှင်းကြတာပေါ့"

ယဲ့ချန်က အေးစက်စက်ကြုံးဝါး၍ ခိုးကြောင်ခိုးဝှက်ထွက်ပြေးနေသော ချန်းယွမ်နောက်သို့ လိုက်လံတိုက်ခိုက်နေသည်။ ချန်းယွမ်၏မျက်နှာထားက ဆိုးဆိုးရွားရွား ပျက်သွားခဲ့သည်။ တစ်ဖက်လူက ချီပင်လယ်အဆင့်တစ်ဆယ်များပင် မထိုးဖောက်နိုင်သော ခုခံရေးရတနာကို ဝတ်ဆင်ထားသဖြင့် ချီပင်လယ်အဆင့်သုံးဖြစ်သော ချန်းယွမ်မှာ ပြန်လည်မတိုက်ခိုက်ဝံ့ပေ။ ယဲ့ချန်၏ဆေဘာ ကျဆင်းလာချိန်တွင် သူက မူလအသွင်ဖြစ်သော ကြေးခွံနက်မြွေအသွင် ပြောင်းလဲလိုက်သောကြောင့် အမြှီးကိုသာ ခုတ်ဖြတ်မိသွားခဲ့သည်။ သူက ခန္ဓာကိုယ်ကြီးကို အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ ထွက်ပြေးနိုင်ခဲ့သည်။

"ဘန်း"

ယဲ့ချန်သည် ချန်းယွမ်၏အမြှီးပြတ်ကြီးကို ဆေဘာဖြင့် နှစ်ပိုင်းဖြတ်ပစ်လိုက်သောအခါ တဆတ်ဆတ်တုန်ခါနေသည့် ၎င်းက မြေပြင်တွင် ငြိမ်သက်သွားခဲ့သည်။ သွေးများစွန်းထင်းနေသော မိစ္ဆာဝံပုလွေဆေဘာက နေရောင်အောက်တွင် အနီရောင်တောက်ပနေခဲ့သည်။ ချန်းယွမ်သည် သူ့အပေါ် မကောင်းသော အကြံများရှိနေသည့်အတွက် လွတ်မြောက်သွားလျှင် အနာဂတ်၌ ပြဿနာပေးလာနိုင်သည်။ ဤအကြောင်းကိုတွေးနေသော ယဲ့ချန်က မျက်မှောင်ကြုတ်နေရင်း ကောင်းကင်ဝံပုလွေတောင်ပံများကို ဆင့်ခေါ်ကာ ချက်ချင်းပြေးလိုက်သွားခဲ့သည်။ မူလတွင် သူက ၎င်းတို့ကိုဆင့်ခေါ်ရာတွင် အခက်အခဲအချို့ရှိခဲ့သော်လည်း ကျင့်ကြံဆင့်မြင့်တက်လာသောအခါ ပို၍လိုက်လျောညီထွေဖြစ်လာသဖြင့် စိတ်ရှိတိုင်း အသုံးပြုနိုင်ပြီဖြစ်သည်။ တောင်ပံများကို အသက်သွင်းလိုက်သောအခါ သူ၏အရှိန်က လေးငါးဆမက တိုးလာသောကြောင့် ကောင်းကင်၌ အရိပ်တစ်ခုသာ ဝိုးတိုးဝါးတားဖြစ်ပေါ်နေသည်။

တိုက်ပွဲက ခဏတာသာကြာမြင့်သော်လည်း အထက်တန်းစားများ၏ နောက်လိုက်များက ထွက်ပြေးသွားကြသည်။ သို့သော်လည်း အစီအရင်၏ရှေ့တည့်တည့်တွင် သာမန်လူတန်းစားများက နေရာယူထားသောကြောင့် သူတို့အတွက် ပြေးစရာက သစ်သားတိမ်ကြယ်အတွင်းပိုင်းတစ်ခုသာ ကျန်ရစ်သည်။ သစ်သားတိမ်ကြယ်တစ်ခုလုံး တိုက်ပွဲကွင်းပြင်ဖြစ်လာပြီး ချီပင်လယ်အဆင့်ကျင့်ကြံသူ ကိုးရာကျော်ပါဝင်သော တိုက်ပွဲကြီးကြောင့် ဝိညာဥ်သားရဲများလည်း နိုးထလာကာ အခြေအနေက ပို၍ရှုပ်ထွေးလာခဲ့သည်။ တိုက်ပွဲဖြစ်ပျက်သမျှ နေရာတိုင်းတွင် သစ်ပင်များပြိုလဲသွားပြီး အရာအားလုံး ဖျက်ဆီးခံနေရသည်။ ကံကောင်းစွာဖြင့် ဤကြယ်တွင် မြေဆီသြဇာ အလွန်ကောင်းမွန်သောကြောင့် ပျက်စီးသွားသမျှ နေရာတိုင်းတွင် အချိန်တိုအတွ င်းသစ်ပင်မျိုးစုံ ပြန်လည်ပေါက်ရောက်လာပေလိမ့်မည်။

"ဘုန်း"

မြေပြင်က တုန်ခါနေကာ သာမန်လူတန်းစားများနှင့် အထက်တန်းစားများ၏ နောက်လိုက်များကြားမှ တိုက်ပွဲသည် သုံးရက်သုံးညတိုင်တိုင် ကြာမြင်ခဲ့သည်။ ယဲ့ချန်သည် ချန်းယွမ်နောက်သို့ သုံးရက်တိတိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် သူက ကြေးခွံနက်ဝိညာဥ်မြွေမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်ကို အသုံးပြုကာ အစီအရင်အတွင်း လွတ်မြောက်သွားခဲ့သည်။ ထိုမျိုးနွယ်တွင် ထွက်ပြေးရာ၌ အလွန်အသုံးဝင်သော လျှို့ဝှက်ကျင့်စဥ်တစ်ခု ပိုင်ဆိုင်ထားသည်။ ကံမကောင်းသော ယုဖန်းမှာမူ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သစ်သားတိမ်ကြယ်ပေါ်တွင် ခွေးသေဝက်သေသေခဲ့ရသည်။ အထက်တန်းစားများ၏ နောက်လိုက်သုံးရာကျော်တွင် အများစုက အသတ်ခံလိုက်ရသကဲ့သို့ တစ်စိတ်တစ်ပိုင်းက ဝိညာဥ်သားရဲများလက်ချက်ဖြင့် မပြန်လမ်းရောက်သွားကြသည်။ နောက်ဆုံးတွင် အယောက်သုံးဆယ်သာ လွတ်မြောက်သွားခဲ့ပြီး သာမန်လူတန်းစားများဘက်တွင် ညီအစ်ကိုခြောက်ဆယ်ခန့်သာ တိုက်ပွဲကျခဲ့ရသည်။ သို့သော်လည်း ဤကား သာမန်လူတန်းစားများအတွက် မဟာအောင်ပွဲကြီးဖြစ်သည်။

အထက်တန်းစားများ၏ အာဏာက ကြီးမားစွာ လျော့နည်းလာပြီး ကောင်းကင်ဘုံငယ်များကို နောက်ထပ်လက်ဝါးကြီးအုပ်ရန် မဖြစ်နိုင်တော့ပေ။ ဤတိုက်ပွဲအပြီးတွင် သူတို့က နောက်လိုက်များစွာ ဆုံးရှုံးခဲ့ရသောကြောင့် အရှိုက်ကို ထိုးနှက်ခံလိုက်ရသည့်ပမာဖြစ်သည်။ ကောင်းကင်ဘုံငယ်များအတွင်း စီးပွားရေးထိန်းချုပ်မှုက သာမန်ပြည်သူများ၏လက်အတွင်းသို့ ကျရောက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော်လည်း ယနေ့တွင် သူတို့က ခေါင်းမော့ရင်ကော့၍ လက်စားချေခြင်း၏ ချိုမြိန်သော အရသာကို ခံစားနိုင်ပြီဖြစ်သည်။ ယဲ့ချန်တို့အဖွဲ့၏ဂုဏ်သတင်းကလည်း သူတို့အကြားတွင် ကြီးမြင့်လာသဖြင့် အနာဂတ်တွင် ကုလန်၏အဖွဲ့အစည်းသို့ ဝင်ရောက်လိုသူ များပြားလာပေလိမ့်မည်။ သူတို့အားလုံးက သစ်သားတိမ်ကြယ်၏ အစီအရင်အပြင်ဘက်တွင် စုဝေးကာ အောင်ပွဲအကြောင်း အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကြသည်။

"ငါ ခြောက်ယောက်သတ်နိုင်ခဲ့တယ်ကွ"

"မိုက်တယ်ကွာ။ ငါတော့ သုံးယောက်တည်း သတ်ခဲ့တယ်"

"အနာဂတ်မှာ ဒီအထက်တန်းစားနောက်လိုက်ခွေးတွေ ကောင်းကင်ဘုံငယ်ထဲကို ဝင်လာရင် အမြှီးကုပ်နေစေရမယ်"

"ရန်ယွင်မြို့ရဲ့ ကောင်းကင်ဘုံငယ်တွေက ငါတို့အပိုင်ပဲ"

တိုက်ပွဲအပြီးတွင် သာမန်လူတန်းစားများက စည်းလုံးနေလျှင် အထက်တန်းစားများကို ကြောက်နေရန်မလိုကြောင်း သဘောပေါက်သွားကြသည်။ ဟောက်ရဲ့နှင့် ဟောက်လင်းသည်လည်း ယဲ့ချန်ကို အလွန်ကျေးဇူးတင်နေကြသည်။ အကယ်၍ ယဲ့ချန်တို့သာ အသက်နှင့်ရင်း၍ လာရောက်ကယ်တင်ခြင်းမရှိလျှင် သူတို့က သစ်သားတိမ်ကြယ်ပေါ်တွင် အသက်ပျောက်နေပေလိမ့်မည်။

"ညီအစ်ကိုတို့ ရန်ယွင်မြို့ကိုပြန်ရောက်ရင် ဂုဏ်ပြုပွဲတစ်ခုလောက် ကျင်းပပေးပါမယ်။ သေဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် အစ်ကိုယဲ့က သူတို့ရဲ့မိသားစုတစ်ခုချင်းစီကို ဆည်းဆာရွှေသုံးသိန်း ထောက်ပံ့မယ်လို့ ပြောတယ်"

ကုလန်က အော်ဟစ်၍ ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူ၏စကားကြောင့် လူတိုင်းက ယဲ့ချန်အပေါ် ရိုသေလေးစားစိတ်များ တိုးပွားလာခဲ့သည်။ ဤတိုက်ပွဲက သူတို့၏အနာဂတ်အတွက်ဖြစ်ပြီး သေဆုံးသွားလျှင်ပင် ထိုက်တန်သော သေခြင်းဖြစ်ကာ မည်သူမှ စောဒကမတက်ခဲ့ပေ။ သို့သော် ယဲ့ချန်က သေဆုံးသွားသော ညီအစ်ကိုခြောက်ဆယ်ကျော်၏ မိသားစုများအတွက် ဆည်းဆာရွှေသန်းနှစ်ဆယ်ကျော်ထုတ်၍ ထောက်ပံ့ပေးရန် ဆန္ဒရှိနေခဲ့သည်။

"ကျဆုံးသွားတဲ့ ညီအစ်ကိုများကိုယ်စား အစ်ကိုယဲ့ကို ကျေးဇူးတင်ပါတယ်"

သာမန်လူတန်းစား ကျင့်ကြံသူအားလုံးက ပြိုင်တူအော်ဟစ်ကာ အရိုအသေပေးလိုက်ကြသည်။ ယဲ့ချန်က သူတို့၏အနာဂတ်ကို ပြောင်းလဲပေးခဲ့သည်။ ငွေချေးလုပ်ငန်းဖြင့် သူတို့ကို ဆင်းရဲတွင်းမှ ဆွဲတင်ပေးခဲ့ရုံသာမက အထက်တန်းစားများ၏ နောက်လိုက်ခွေးများကို ရှင်းလင်းကာ ကောင်းကင်ဘုံငယ်များအတွင်း လွတ်လပ်ခွင့်ကို ပြန်လည်ရယူသော တိုက်ပွဲတွင်လည်း ကူညီပေးခဲ့လေသည်။

All Chapters