နောက်ဆုံးတော့ သူမတန်ဖိုးကို သိတဲ့သူရှိပြီ
Vol. 26 Ch. 503
ကံကောင်းစွာပင် တချို့လူများသည် ပေထင်းဟွမ် မည်မျှ ကောင်းကြောင်းကို သိကြသည်။
ပိန်ပါးသောလူငယ်တစ်ယောက်သည် ရှေ့တွင်လက်ချင်းယှက်ထားကာ အနည်းငယ် ကြောက်ရွံ့နေပုံပေါက်သည်။ သူသည် ပေထင်းဟွမ်အား ကြည့် ပြီးနောက် မုချင်းလင်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော သူမ၏လက်ပေါ်သို့ အကြည့်ရောက်လာလေသည်။ သူသည် အသက်ပြင်းပြင်း ရှူကာ ခက်ခက်ခဲခဲဆုံးဖြတ်ချက်တစ်ခုချလိုက်သည့်ပုံပင်။ သူသည် လျှောက် သွားပြီး ပေထင်းဟွမ်အား ပြောလေသည် “သခင်ကြီးပေထင်းဟွမ် ကျွန်… ကျွန်တော် မင်းတို့အသင်းကိုဝင်လို့ရမလား”
ကောင်းလိုက်တာ…
ကျောင်းသားသစ်အဖွဲ့များအကြားတွင် ပစ်ပယ်ခံရသော ပေထင်းဟွမ် သည် နောက်ဆုံးတွင် လမ်းတစ်ခုတွေ့သွားလေပြီ။ သူမ၏ မျက်နှာဖုံးသည် အပြုံးကိုပင် မဖုံးနိုင်တော့ပေ။ သူမသည် မေးခွန်းထုတ်သည့်အကြည့်နှင့် မုချင်းလင်အား ကြည့်လိုက်၏။ သူမတွင် ငြင်းဆိုခြင်းမရှိသသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားမှုကို ပြန်ရုတ်သိမ်းကာ လူငယ်အား အမှုမထားသလို ခေါင်းညိတ်ပြ လိုက်၏ “ရတယ်လေ မင်းနာမည်က ဘယ်လိုခေါ်လဲ”
ပေထင်းဟွမ်နှင့် အဖွဲ့ဖွဲ့ရန် မည်သူကမှ ဆန္ဒမရှိခဲ့ပေ။ သို့သော် သူမနှင့် အဖွဲ့ဖွဲ့ရန် အရည်အချင်းရှိသူမှာ မည်သူဖြစ်မည်နည်း။ သူမသည် အဆင့် ၂ ဝိညာဉ်သခင်၊ တစ်ဖက်တွင် လန်ချန်းမို၏တပည့်ဖြစ်ပြီး ကောင်းကင်အဆင့် ကြယ်ဓားသခင်ဖြစ်သည်။
အယောက် တစ်သောင်းခန့်ထွက်သွားသည်ကို ကြည့်လိုက်၏။ ရှေးခေတ် သွေးသားနှင့် နတ်သားရဲကဲ့သို့ရှားပါးသည့် အဆင့် ၃ ကျွမ်းကျင်သူများပင် ပါဝင် လေသည်။ သူတို့ထဲမှ မည်မျှသည် ပေထင်းဟွမ်နှင့်ယှဉ်နိုင်မည်နည်း။
ပေထင်းဟွမ်အဖွဲ့ထဲသို့ သာမန်မျှသာရှိသော ကောင်လေးဝင်ချင်သည်ကို ကြည့်ပြီး ကျောင်းသားသစ်အဖွဲ့ထဲမှ လူအားလုံးသည် အားကျကြလေသည်။ ထိုကောင်လေးသည် ကံကောင်းသည်။
“အဲဒါ ယွမ်ယဲ့မလား”
“ဟုတ်တယ် ဟားဟား ပျော်စရာတွေဖြစ်ကုန်ပြီ.. ကမ္ဘာပေါ်မှ အနိမ့်ဆုံး လူက ဒီတိုက်မှာအလေးစားခံရဆုံး အင်အားစုနဲ့ပေါင်းချင်နေတာ.. အထင်တော့ ကြီးစရာပဲ”
“ဟားဟား ဒီကလေးက ဘယ်သူလဲဆိုတာ သခင်ပေထင်းဟွမ်က သိမှာ မဟုတ်ဘူး.. သိရင် ကြည့်ချင်မှာတောင်မဟုတ်ဘူး”
ဆွေးနွေးသံများသည် သူမ၏နားထဲသို့တိုးဝင်လာခဲ့သည်။ ပေထင်းဟွမ် သည် အမှန်တကယ်ပင် ယွမ်ယဲ့ဆိုသူကို မသိပေ။ မြို့တော်တွင် ထိုလူ၏ ဂုဏ်သတင်းသည် ပေထင်းဟွမ်ထက်နိမ့်ပုံမရပေ။
ထူးဆန်းနေတုန်းပင်…
သူမသည် ထိုကလေးအား အကဲခတ်လိုက်၏။ သူသည် ဖြူအောင် လျှော်ဖွတ်ထားသည့် စစ်သည်ဝတ်စုံကိုဝတ်ဆင်ထားသည်။ အင်္ကျီလက်နှင့် ဘောင်းဘီသည် တိုနေသည်မှာ သိသာလွန်းသည်။ ထိုပုံစံသည် ခေတ်သစ်တွင် ခေတ်စားသည့် အင်္ကျီလက်ရှည် ဘောင်းဘီတိုနှင့်ပင် ခပ်ဆင်ဆင်ပင်။
ပေထင်းဟွမ် သူ့ကိုအကဲဖြတ်နေသည်ကိုကြည့်ပြီး ယွမ်ယဲ့သည် ခေါင်းပို ငုံ့သွားလေသည်။ သူသည် ပေထင်းဟွမ်ဆီသို့ လျှောက်သွားပြီး လေးလေးစား စား မိတ်ဆက်လေသည် “မင်္ဂလာပါ သခင်ကြီးပေထင်းဟွမ် ကျွန်တော့်နာမည် က ယွမ်ယဲ့ပါ”
“အိုး ယွမ်ယဲ့..”
ပေထင်းဟွမ် စကားမဆုံးခင်တွင် ရိုင်းပြသောရယ်သံများက ကြားဖြတ် ဝင်လာသည်။ သူမသည် မျက်မှောင်ကြုတ်ပြီး ထိုအရူးကို ကြည့်လိုက်သည်။ ထိုလူသည် ‘မြန်မြန်ပြီး’ ဆိုသူဖြစ်၏။ ပေထင်းဟွမ်သည် စိတ်မရှည်တော့ပေ။ ကောင်လေး မင်းအဖေက မင်းကို ‘မြန်မြန်ပြီး’ စေချင်မှတော့ မင်းဆန္ဒကို ဖြည့် ပေးရတော့မှာပေါ့။ အချိန်တစ်ခုလောက်တော့ ထောင်လွှားခွင့်ပေးလိုက်မယ်။ အန္တရာယ်ဇုန်ကိုရောက်ရင်တော့ မရဏဘုရင်ရှေ့ အရောက်ပို့ပေးလိုက်မယ်။
“သိက္ခာရှိတဲ့ သခင်လေး ၉ က တော်တော်မွန်မြတ်တယ်လို့ ထင်နေတာ.. ဒါပေမဲ့ ဒီအတိုင်း အမှိုက်တစ်စပါပဲလား.. သူက တိရစ္ဆာန်ချေးစုတဲ့သူရဲ့ သား လောက်ပဲတန်ဖိုးရှိတယ်” ဝမ်သယ်ဟွေ့၏ အထင်သေးသောအကြည့်သည် ပေထင်းဟွမ်အား ဖြတ်ပြေးသွားသည်။ သူ၏ထောင်လွှားသောအကြည့်သည် အထူးသဖြင့် စိတ်တိုစရာကောင်းသည်။
“မင်း” အမြဲတစေ ကျိုးနွံစွာနေလာခဲ့သော ယွမ်ယဲ့သည် ရန်စခံလိုက်ရ သဖြင့် မျက်နှာနီရဲလာသည်။ “တိရစ္ဆာန်ချေးစုတဲ့သူဆိုလည်း ဘာဖြစ်လဲ.. ငါ့အဖေက နေထိုင်စားသောက်ဖို့အတွက် သူ့အရည်အချင်းကိုသူမှီခိုတာ.. မင်းမှာသာ အရည်အချင်းရှိရင် နေ့တိုင်းချီးမပါနဲ့လေ”
“ဟားဟား” ပေထင်းဟွမ်သည် မရယ်ဘဲမနေနိုင်တော့ပေ။ သူမသည် ယွမ်ယဲ့၏ပခုံးအား သူမ၏ဖြူစွတ်သောလက်ဖြင့် ပုတ်လိုက်သည် “သူ့ကို ချီးမပါခိုင်းတာ ချီးပိတ်ပြီးသေခိုင်းနေတာလား.. ဒါပေမဲ့ ပြောတာကောင်းတယ် အဆင့်အတန်းမြင့်တာ နိမ့်တာ မခွဲခြားဘူး.. ငါအဲဒါကိုပဲကြိုက်တယ်”
ယွမ်ယဲ့သည် ဓာတ်လိုက်သလို ခံစားလိုက်ရသည်။ သူငယ်စဉ်ကတည်း ကပင် ဖခင်နောက်လိုက်ကာ ချီးများကို လိုက်သိမ်းခံရသည်။ သူနှင့် ကစားပေး မည့်ကလေးမရှိသလို အနံ့နံသည်ဟု အပြောခံခဲ့ရသည်။ သူသည် သူ့ကံကြမ္မာ ကို ပြောင်းလဲချင်ခဲ့သည်။ သူ အသက် ၇ နှစ်ရောက်သောအခါ ဖခင်ဖြစ်သူသည် သူ၏စိတ်အားထက်သန်မှုကြောင့် ကျင့်ကြံခြင်းကိုသင်စေခဲ့သည်။ သူသည် ကြိုးစားလာခဲ့ရာ နောက်ဆုံးတွင် အဆင့် ၂ ကျွမ်းကျင်သူဖြစ်လာခဲ့သည်…