စစ်ဝိညာဥ် ပလ္လင်
Vol. 54 Ch. 743
ဝေ့ဝူယင်နှင့် ဘောရက်တို့ လက်ဆောင် ဖလှယ်ပြီးသည့် အချိန်မှ စ၍ ဆွေးနွေးဝိုင်းများမှာ တိုက်တန်မျိုးနွယ် စစ်သည်များ ကြားတွင် အဆက်မပြတ် ဖြစ်ပွား နေခဲ့သည်။ ဝေ့ဝူယင်မှာ ကျိဖူ၊ ထိုက်ဟောက်တို့နှင့် အတူ ရှိနေစဥ်တွင် မရေမတွက်နိုင်သော အကြည့်များကို လက်ခံ ရရှိနေခဲ့သည်။ အခြား တပ်ရင်းများ ပင်လျှင် မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို တစ်စွန်းတစ်စ သိရှိနေကြပြီ ဖြစ်သည်။
ဘောရက်မှာ ဝေ့ဝူယင်၏ မူလဇစ်မြစ် အပါအဝင် အဘယ်ကြောင့် တိုက်တန် မျိုးနွယ် စစ်စခန်းထဲ ဝင်ရောက်ရသည် ဆိုသည့် မေးခွန်းများကို ရေငုံနှုတ်ပိတ် နေနေဆဲ ဖြစ်သည်။ ထိုအရာကပင် အခြေအနေ အပေါ် စိတ်ဝင်စားမှုကို ပိုမို တိုးမြင့်လာစေကာ ခန့်မှန်းမှုများစွာ မွေးဖွားလာခဲ့သည်။ အများစုကတော့ ဝေ့ဝူယင်မှာ ချိုက်လျှို့ယန်ကို သတ်ရန် ရောက်ရှိလာသည့် လူသား တစ်ယောက်ဟု ထင်ကြေးပေး ယူဆ နေကြသည်။
ချိုက်လျှို့ယန်၏ မျိုးနွယ်နှင့် ဆန့်ကျင်ဘက် အင်အားစုများကတော့ သူမ သေဆုံး သွားသည်ကို ဝမ်းမြောက် နေကြသည်။ ထိုမိန်းကလေးမှာ အလွန် ထူးချွန်လှသည့် အပြင် ထိပ်တန်း ပါရမီနှင့် အံ့မခန်း တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမက ရန်သူတော်များ အတွက်တော့ မဟာ အန္တရာယ်ကြီးပင် ဖြစ်သည်။
တစ်ချိန်တည်း၌ အချို့မှာလည် ချိုက်လျှို့ယန်ကို နှမြော နေကြသည်။ ထိုမိန်းကလေးမှာ ပုရိသ ယောက်ျားတိုင်း အလိုရှိသည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ အကယ်၍ သူမကို မသေမရှင် အနေအထားဖြင့် ဖမ်းမိကာ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံနိုင်ပါက အလွန်ပင် အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။
ဆွေးနွေးမှုများမှာ နာရီနှင့် ချီအောင် ဆက်လက် ဖြစ်ပွား နေခဲ့၏။ စစ်ဝိညာဥ်မှ ဆင့်ခေါ်ချိန် တိုင်အောင် သူတို့ ဆယ့်နှစ်နာရီ တိတိ စောင့်ရဦးမည် ဖြစ်သည်။
ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် လက်ထဲရှိ ကိုယ်ရေး မှတ်ပုံတင်ကို လေ့လာ နေခဲ့၏။ ထိုအတောအတွင်း သူ ကျင်းကျူး၏ ဘဝ တစ်လျှောက်လုံးနှင့် ဗဟုသုတ အားလုံးကို လေ့လာ ခဲ့ပြီး ဖြစ်သည်။ ကျင်းကျူး၏ အမှတ်တရများက သူ့ ဘဝထက် များစွာ ပိုမို နက်ရှိုင်း လွန်းလှသည်။ ကောင်းချီးခံ တစ်ယောက်၏ ဘဝ ဖြတ်သန်းပုံနှင့် အတွေ့အကြုံများက အမှန်တကယ်ပင် ကွဲပြား ခြားနားကာ ရှုပ်ထွေး လွန်းလှသည်။
သို့သော်လည်း... စိတ်ဝင်စားစရာ အကောင်းဆုံးက ကျင်းကျူးကို နှစ်ပေါင်း နှစ်ရာတိုင်တိုင် ကြယ်တာရာ အမြုတေ အဆင့်တွင် သောင်တင် နေစေခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်။ ထိုကျင့်ကြံခြင်း နည်းလမ်းက ရှေးဟောင်း အမွေအနှစ် တစ်ခု ဖြစ်ကာ လျှို့ဝှက် အာဏာရှင် အဆင့်ထက် ပိုမို မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက်ထံမှ ဆင်းသက်လာသည်ဟု ကောက်ချက်ချ၍ ရသည်။ ကျင်းကျူး၏ အဖြစ်ကို ကြည့်ရုံဖြင့်ပင် ၎င်းအား ကျင့်ကြံရန် ခက်ခဲမည်ကတော့ သံသယ ရှိစရာ လိုလိမ့်မည် မထင်ချေ။
ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင်... ထိုနည်းလမ်းကို “မူလထံသို့ မိုးကုပ်စက်ဝိုင်းအား စွန့်လွှတ်ခြင်း” ဟု ခေါ်ဆို၏။ ၎င်း၏ ကျင့်ကြံခြင်း အယူအဆများကို သေချာစွာ လေ့လာပြီး နောက်တွင် ဝေ့ဝူယင်မှာ မတုန်လှုပ်ပဲ မနေနိုင်အောင် ဖြစ်သွားရသည်။
မိုးကုပ်စက်ဝိုင်း၏ အကန့်အသတ်များကို ချိုးဖျက်လျှက် မူလဆီသို့ ဝင်ရောက်ကာ ဇာတိမူလ ဝိညာဥ်ကို ကျင့်ကြံခြင်း...
ထိုအခြေအနေက “လောကအလင်း ကြယ်တာရာ ကပ်ဘေး” ကို ဖြတ်ကျော်ပြီး နောက်တွင် သူ့ကိုယ်ပိုင် ကြယ်တာရာ ဝိညာဥ်များ ဝင်ရောက်ခဲ့သည့် အဆင့်နှင့် အတော်လေးကို တူညီနေပေသည်။
ကျင်းကျူး၏ အဆိုအရ ဆိုလျှင် ထိုအဆင့်မှာ လျှို့ဝှက် အာဏာရှင် အဆင့်ခြောက် ကောင်းကင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် အလွန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဟု ဆိုသည်။ ထိုအဆင့်ကိုသာ မဆုပ်ကိုင် နိုင်ပါက မည်သူမဆို ကျရှုံးလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဇာတိ မူလ ဝိညာဥ်မှာ ကျင့်ကြံသူ တစ်ယောက်ကို လောကမန်နာများအား သဘာဝ အကန့်အသတ်ကို ကျော်လွန်၍ ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်ကာ လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်ရန် အချိန်ကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိသည်။ ကျင်းကျူး ထိုအဆင့်ကို မပြည့်စုံသေးတာ ကံကောင်းသည်ဟု ဆိုရပေမည်။ မဟုတ်လျှင် စစ်မြေပြင်၌ ရှုံးနိမ့်သွားသူက ပြောင်းပြန် ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။
ဝေ့ဝူယင်နှင့် ကြယ်တာရာ ဝိညာဥ်များမှာ စိတ်ထဲမှ ရယ်မောလိုက်မိကြ၏။ သူတို့က ထိုကျင့်ကြံခြင်း နည်းလမ်း အကြောင်း ဘာမှ မသိပဲ လမ်းပေါ် တည့်တည့် လျှောက်နေမိကြခြင်း ဖြစ်သည်။
ကောင်းကင်ရှန့်ထို အဆင့်...
လျှို့ဝှက် ရည်ရွယ်ချက်...
မူလ အဆင့်က ထိုမျှ အသုံးဝင်သလော။ ထိုအချက်အလက် တစ်ခုတည်းဖြင့်ပင် အသက်နှင့် ရင်းကာ တိုက်ခိုက် ခဲ့ရခြင်းက ထိုက်တန်နေပြီဟု ဆိုနိုင်ပေသည်။
ထို့အပြင်... ယောင်ဟုန်ယိ အတွက် လုံးဝ ပြီးပြည့်စုံသည့် လေးနှင့် မြှားကို အသုံးပြုရန် အစီအရင်များ၊ ကျင့်စဥ်များကိုလည်း သူ ရရှိခဲ့သေးသည်။ ထိုကောင်းချီးခံက သူ့အတွက် အကျိုးအမြတ် များစွာကို ဆောင်ကျဥ်း ပေးခဲ့ပေသည်။
ဝေ့ဝူယင် တွက်ချက်မှုများကို အဆုံးသတ်ပြီးနောက် ခေါင်းကို မော့ကာ ဘေးဘက်ကို ကြည့်လိုက်၏။ ကျိဖူမှာ သံမဏိ ခေါင်းစွပ် အောက်မှနေ၍ သူ့ကို အဆက်မပြတ် ငေးမော ကြည့်ရှုနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် အကူအညီ ကင်းမဲ့သလို ခံစားလိုက်ရ၏။ လွန်ခဲ့သည့် တစ်ချိန်လုံး၌ သူ့ကို လိုက်၍ ကြည့်နေသူက ထိုမိန်းကလေး တစ်ယောက်တည်း မဟုတ်သည့်တိုင် မျက်တောင် မခတ် တသမတ်တည်း ကြည့်နေသူကတော့ သူမသာ ရှိပေသည်။
သူ လည်ချောင်းကို အနည်းငယ် ရှင်းလိုက်ကာ သူမကို မေးလိုက်၏။
“မင်းမှာ ပြောစရာ ရှိလို့လား...”
“...”
ကျိဖူမှာ အချိန်အတန်ကြာ တိတ်ဆိတ်နေ၏။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ဝေ့ဝူယင်ကို စိုက်ကြည့်တာ ရပ်တန့်သွားခြင်း မရှိပါချေ။ တစ်မိနစ်ခန့် ကြာမြင့်ပြီး နောက်မှ သူမက စိတ်ကို ဒုံးဒုံးချလိုက်ဟန်ဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“ဆရာ ကျွန်မကို...”
“ဝမ်... ဝမ်...”
သူမ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာင် အထက် ကောင်းကင်ဆီမှ အသံများ ထွက်ပေါ် လာခဲ့သည်။ ဆယ့်နှစ်နာရီကား ပြည့်သွားခဲ့ချေပြီ ဖြစ်သည်။
တိုက်တန် မျိုးနွယ်ဝင် အားလုံးမှာ တလေးတစားပင် မတ်တပ် ထရပ်လိုက်ကြကာ ခါးများကို မတ်မတ် ဆန့်တန်း၍ အာရုံစိုက် လိုက်ကြ၏။ ကျိဖူကလည်း သူမ၏ မေးခွန်းကို ရပ်တန့်ကာ အလားတူပင် ပြုလုပ် လိုက်သည်။
ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ တိကျ သေချာသော အချက်အလက်များ မရှိလေရာ ဝေ့ဝူယင်မှာ အနည်းငယ် ယောင်ဝါးဝါး ဖြစ်သွား၏။ ကျင်းကျူးသည်လည်းပဲ ယခုမှ စစ်မြေပြင်ကို ပထမဆုံး ဝင်ရောက်ဖူးသူ ဖြစ်သည်။
ဝေ့ဝူယင် အခြား တိုက်တန်များ နည်းတူပင် လိုက်လံ မတ်တပ်ရပ် လိုက်၏။ ထို့နောက်... ထူးဆန်းသော အသံကြိမ်နှုန်းများဖြင့် တုန်ခါနေသည့် ရောင်ခြည်စက်ဝန်းကို အာရုံစိုက် လိုက်သည်။
ဂျိန်း... ဒလိန်း...
ရုတ်တရက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ လေးထောင့် ကျောက်ဖြာကြီး တစ်ခုမှာ ကောင်းကင်မှ နေ၍ မိုးကြိုးပစ်သလို ပြုတ်ကျလာ၏။ ၎င်းက ကုဗတုံး ပုံသဏ္ဌာန် ရှိကာ လေးဖက်လေးတန်တွင် အထက်သို့ တက်ရန် လှေကားများ ပါရှိ၏။ ကျောက်ဖြာမှာ မီတာ တစ်ရာခန့် အမြင့်ရှိကာ အဖြူရောင် ဆွတ်ဆွတ် အဆင်း ရှိကာ လုံချန်၏ စစ်မျိုးစေ့မှ အဖြူရောင် အလင်းနှင့် အတော်လေး ဆင်တူ နေပေသည်။
ကျောက်ဖြာမှာ တပ်ရင်း အားလုံး၏ အလယ် တည့်တည့်ရှိ မြေပြင် ရှိရာသို့ ဦးတည် ကျဆင်းလာခြင်း ဖြစ်သည်။ ၎င်းက ကြိုတင် စီမံထားသည့် အလား ပတ်လည်ရှိ တပ်ရင်း အားလုံးနှင့် တစ်မိုင်ခန့်မျှ အကွာအဝေးတွင် တည်ရှိနေပေသည်။
ကျောက်ဖြာကို တွေ့သည်နှင့် သောင်းပေါင်များစွာသော တိုက်တန်များ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာကြ၏။ ထိုအထဲ၌ သေမျိုးများသာ မက လျှို့ဝှက် အာဏာရှင် အဆင့် တိုက်တန်များလည်း အပါအဝင်ပင် ဖြစ်လေသည်။
တပ်ရင်း ကွန်မန်ဒါဖြစ်သည့် ဘောရက်၏ မျက်လုံးများ ပင်လျှင် လောဘ အငွေ့အသက်များနှင့် လောင်ကြွမ်း နေခဲ့၏။ ထိုအရာက အကြီးအကဲ တစ်ယောက် အတွက်တော့ ပုံရိပ် ပျက်ရွင်းစေနိုင်သည့် အရှက်ရဖွယ် အပြုအမူ တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် ထိုအခိုက်၌ မည်သူမှ သူ့ကို သတိ မထားမိကြပါချေ။ အားလုံး၏ မျက်လုံးများက ကျောက်ဖြာပေါ်တွင်သာ ရောက်ရှိနေကြ၏။
ဝေ့ဝူယင်ကတော့ ကျောက်ဖြာကို မြင်နိုင်စွမ်း မရှိပါချေ။ သူ၏ ဝိညာဥ်အင်အားနှင့် ဝိညာဥ်အာရုံများမှာ အကန့်အသတ်၌ တည်ရှိ မနေလေရာ တစ်မိုင် ဟူသည်က ဖမ်းဆုပ်ရန် အလှမ်းမမှီသည့် အကွာအဝေး တစ်ရပ် ဖြစ်သည်။
ရောင်ခြည် စက်ဝန်းမှ တုန်ခါမှုများ ရပ်တန့်သွားပြီးနောက် ဘောရက်မှာ တည်ငြိမ်မှုနှင့် ဂုဏ်ကျက်သရေကို ပြန်လည် ရရှိလာ၏။ သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ မိုးခြိမ်း သကဲ့သို့ အသံဖြင့် အော်ဟစ် အမိန့်ပေး လိုက်လေသည်။
“အားလုံးပဲ... မင်းတို့ရဲ့ စစ်ဝိညာဥ်တွေကို ရယူဖို့ အချိန် ရောက်ပြီ... တစ်ခု မှတ်ထားရမှာက စစ်ဝိညာဥ်တွေကို မလဲလှယ်ပဲ သိမ်းဆည်းဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် မင်းတို့ရဲ့ ကိုယ်ရေး မှတ်ပုံတင်ကို သုံးပါ... အဲဒါက စစ်ဝိညာဥ်တွေကို သိမ်းဆည်းနိုင်ဖို့ တည်ဆောက်ထားတဲ့ ပုံစံ တစ်မျိုးပဲ... စစ်မြေပြင်ကို စွန့်ခွာပြီးနောက်မှ အဲဒီထဲက စစ်ဝိညာဥ်တွေကို ထုတ်ပြီး ပြန်ကုန်သွယ်လို့ ရတယ်”
“နောက်ထပ် သတိပေးချင်တာ တစ်ခုက ဒီနေရာကနေ ထွက်ခွာဖို့ အတွက် မင်းတို့ စစ်ဝိညာဥ် ဆယ်ခု လိုအပ်တယ် ဆိုတာပဲ... တကယ်လို့ စစ်ဝိညာဥ် ဆယ်ခု မပြည့်ဘူး ဆိုရင် စစ်မြေပြင်မှာ ဆက်နေရမယ်... စည်းကမ်းကို ဖောက်ဖျက်တဲ့ လူတိုင်း အသတ်ခံရမယ်”
ထိုအခိုက်၌ ယင်းစကားလုံးများကို ဘောရက် တစ်ယောက်တည်းသာ ပြောလိုက်ခြင်း မဟုတ်ချေ။ စစ်မြေပြင်တစ်ခုလုံးရှိ လူသား၊ တိုက်တန်၊ ကောင်းကင်သက်ရှိ မရွေး... စစ်အောင်နိုင်သူ တပ်ရင်း ကွန်မန်ဒါများ အားလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားလုံးများကို ပြောလိုက်သည်နှင့် သေမျိုး စစ်သည် အားလုံး၏ ရောင်ခြည် စက်ဝန်းများမှာ စူးစူးဝါးဝါး မြည်သံများဖြင့် တုန်ခါလာကြ၏။ ထိုတုန်ခါမှုများက ကူးစက်လာကာ အောက်ရှိ တိုက်တန်များ၏ ခန္ဓာကိုယ်များကိုပါ လိုက်လံ လိုက်လံ၍ တုန်ခါစေ၏။ သို့သော်လည်း ၎င်းကပင် တိုက်တန်များ၏ မျက်နှာထက်ရှိ အပြုံးများကို ပိုမို ကျယ်ပြန့်လာစေခဲ့သည်။
“တပ်စိတ်တစ်... စစ်ဝိညာဥ် ပလ္လင်ထက်ကို တက်ပါ...”
ဘောရက်က အမိန့်ပေးလိုက်၏။ တပ်စိတ်တစ် အဖွဲ့ဝင်များမှာ စိတ်လှုပ်ရှားစွာဖြင့် အလျှိုလျှို စတင် လှုပ်ရှား လာကြကာ စစ်ဝိညာဥ် ပလ္လင်ဆီသို့ ဦးတည် လိုက်ကြသည်။
ဝေ့ဝူယင်မှာ သူတို့ လှေကားများ ထက်မှ တဖြည်းဖြည်း တက်သွားသည်ကို ကြည့်နေခဲ့၏။ များမကြာခင်မှာပင် သူတို့မှာ ထိပ်ဆုံးသို့ ရောက်ရှိသွားကြသည်။ စစ်ဝိညာဥ် တစ်ခု ဆင်းသက်လာခြင်း ကဲ့သို့သော လျှို့ဝှက် ဆန်းကြယ် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့်ထားခဲ့သော်လည်း မြင်တွေ့ခဲ့ရသမျှက မရေမရာသာ ဖြစ်သည်။
မိနစ်အနည်းငယ်ခန့် အကြမ်းဖျဥ်း ငါးမိနစ်ခန့် ကြာပြီး နောက်တွင် တပ်စိတ် တစ် အဖွဲ့ဝင်များမှာ ပြန်လည် ဆင်းသက်လာကြသည်။ သို့သော်လည်း အားလုံးတော့ မဟုတ်ပါချေ။ စစ်မြေပြင်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သူများကို စစ်ဝိညာဥ်က အိမ်ပြန်ပို့လိုက်ဟန် ရသည်။ ဝေ့ဝူယင် ထိုမျှသာ ခန့်မှန်းနိုင်ပေသည်။
ပြန်လည် ဆင်းသက်လာသူများထဲမှ များစွာမှာ စိတ်ပျက်လက်ပျက် ဖြစ်သည့် အမူအရာများကို ဆင်မြန်း ထားကြကာ အချို့ဆိုလျှင် မျက်ရည်ပင် မဆည်နိုင်အောင် ဖြစ်နေကြသည်။ ကြည့်ရသည်က သူတို့မှာ အိမ်ပြန်ရန် စစ်ဝိညာဥ်ဆယ်ခု မပြည့်မှီခဲ့ခြင်း သို့မဟုတ် သူတို့ လိုအပ်သည့် အရာများကို ရယူရန် မလုံလောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
မိမိ အလိုရှိသည့် ပန်းတိုင်များကို ဆုပ်ကိုင်နိုင်ရန် အတွက် သူတို့မှာ စစ်မြေပြင်တွင် ဆက်လက် နေထိုင်ကာ တိုက်ခိုက်ရဦးမည် ဖြစ်လေသည်။
ဘောရက်က တပ်စိတ် နှစ်ကို ဆက်လက်၍ လှုပ်ရှားရန် အမိန့်ပေးလိုက်၏။ မကြာခင် သူတို့သည်လည်း ပိုမို နည်းပါးသည့် အရေအတွက်ဖြင့် ဆင်းသက်လာကြသည်။ အခြား တပ်ရင်းများမှာလည်း တူညီစွာပင် ပြုမူ နေကြ၏။ နာရီပိုင်းခန့် ကြာမြင့်ပြီးနောက်...
“တပ်စိတ် ၄၉...”