ကုသိုလ်များ
Vol. 54 Ch. 744
နောက်ဆုံး၌ တပ်စိတ် ၄၉ အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း စစ်ဝိညာဥ် ပလ္လင်ဆီသို့ ဦးတည် လိုက်၏။ သို့သော်လည်း ထိုအခိုက်တွင်ပင် သူ့ ခြေလှမ်းများကို နှောင့်နှေး သွားစေခဲ့သည့် အသံတစ်ခု နောက်နားမှ ထွက်ပေါ်လာ၏။
“ဆရာ...”
အသံပိုင်ရှင်က ကျိဖူ ဖြစ်ကြောင်း ဝေ့ဝူယင် ကြားရုံဖြင့် သဘောပေါက် လိုက်သည်။ သူက သူမဘက်ကို လှည့်လိုက်ကာ ကြည့်လိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ကျိဖူမှာ စကားပြောရန် တုန့်ဆိုင်းနေခြင်း မရှိတော့ချေ။ သူမက တိုက်ရိုက်ပင် မေးလိုက်၏။
“တကယ်လို့ ဆရာ့မှာ စစ်ဝိညာဥ် အလုံအလောက် ရှိရင် ကျွန်မ အတွက် ဝိညာဥ်လမ်းစဥ် ဆေးရည် လဲပေးလို့ ရမလား...”
သူမ၏ လေသံက အမြင့်မားဆုံးသော မျှော်လင့်ချက်တို့နှင့် ပြည့်နှက် နေ၏။ ဝေ့ဝူယင်မှာ ထင်မှတ် မထားသည်ကို ကြားလိုက်ရရာ အနည်းငယ် ဆွံ့အသွားသည်။
ကျိဖူမှာ သူမ၏ စကားလုံးများက မည်မျှ ဘောင်ကျော်နေကြောင်း ကိုယ်တိုင် သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူမက ခပ်မြန်မြန်ပင် ထပ်မံဖြည့်၍ ပြောလိုက်သည်။
“ကျွန်မရဲ့ တောင်းဆိုမှုက အတော်လေး လွန်နေတယ် ဆိုတာတော့ သိပါတယ်... ဒါပေမဲ့ ကျွန်မ...”
“ရှင်းပြဖို့ မလိုပါဘူး...”
ဝေ့ဝူယင်က သူမ စကားမဆုံးခင်မှာပင် ပြုံးလျှက် ပြောလိုက်၏။
“သူစိမ်းတစ်ယောက်ဆီက ခုလို တောင်းဆိုဖို့ မင်း ဘယ်လောက် သတ္တိမွေးခဲ့ရလဲ ဆိုတာကို ငါ နားလည်ပါတယ်... ဟဟ... ကြည့်ရတာ ငါတို့ကြားမှာ ကံကြမ္မာ တစ်ခု ရှိနေတဲ့ ပုံပဲ... နင်ရော ဘယ်လိုထင်လဲ...”
ကျိဖူမှာ အနည်းငယ် ဆွံ့အသွား၏။ သူမ၏ အသက်ရှူသံများပင် တစ်ခဏမျှ ရပ်တန့်သွားသည်။ ကံကြမ္မာ...။ သူမ ဝေ့ဝူယင်ကို မျက်တောင် မခပ် ကြည့်နေမိ၏။ မျက်လုံးများ မှိတ်ထားသည့်တိုင် ထိုလူငယ်လေးမှာ အလွန် ချောမောနေဆဲ ဖြစ်သည်။ သူ့နှုတ်ခမ်းထက်ရှိ အပြုံးများက ပြီးပြည့်စုံလှ၏။ ရုတ်တရက် ကျိဖူမှာ နှလုံးသားက အနည်းငယ် လှုပ်ရှားလာသလို ခံစားလိုက်ရသည်။
ဝေ့ဝူယင်က တိုက်တန် မိန်းကလေး၏ အဖြစ်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူ ဆိုလိုချင်သည်က ထိုအရာ မဟုတ်ပါချေ။ ဝေ့ဝူယင်က လက်ဝါးကို ဖြန့်လိုက်ရာ ဟင်းလင်းပြင် လက်စွပ် တစ်ခု ပေါ်လာခဲ့၏။
“စစ်မြေပြင်ကနေ ထွက်ပြီးတဲ့နောက် ငါ့နောက်ကို လိုက်ဖို့ သဘောတူတယ် ဆိုရင် မင်း ဒါကို ယူလိုက်ပါ...”
ထို့နောက် သူက ဆက်ပြောလိုက်လေသည်။
“နောက်ပြီး ဝိညာဥ် လမ်းစဥ် ဆေးလုံး အတွက်လည်း မစိုးရိမ်နဲ့... ငါ့မှာ ပေးစရာ စစ်ဝိညာဥ်တွေ အလုံအလောက် ရှိမယ် ဆိုရင် မင်းရမှာပါ”
ကျိဖူမှာ တိတ်ဆိတ်သွား၏။ သံမဏိ ခေါင်းစွပ်နောက်မှ နေ၍ လက်စွပ်ကို ကြည့်လိုက်ရင်း သူမ နှုတ်ခမ်းများကို ကိုက်လိုက်မိသည်။ ထိုလက်စွပ်က မည်သည့် အရာ ဖြစ်ကြောင်း သူမ သေချာ မသိပါချေ။
ဝေ့ဝူယင်က ဆက်ပြောလိုက်၏။
“ဒီလက်စွပ်က မင်းကိုရော မင်းရဲ့ မျိုးနွယ်စုကိုရော အန္တရာယ် ပြုမှာ မဟုတ်ဘူး... အထဲမှာ အဂ္ဂိရတ် ထုတ်ကုန်တွေပဲ ပါတယ်... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အစစ်အမှန် ဝိညာဥ်သခင် တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာမျိုး ငါ တွေ့ရတယ်... မင်း ဒီအခွင့်အရေးကို လက်လွှတ်ခံမှာလား”
ထိုက်ဟိုမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် နေခဲ့၏။ သူ ကိုယ်တိုင် ဆိုလျှင်လည်း မည်ကဲ့သို့ ရွေးချယ် မိမည်မှန်း မသိလေရာ ဘေးနားကသာ တိတ်တဆိတ် ကြည့်နေမိသည်။ ထိုအရာက သံသယ ဖြစ်ဖွယ် အခြေအနေမျိုး ဖြစ်လေရာ ကျိဖူ လက်ခံမည်လား၊ ငြင်းဆန်မည်လား သူ စိတ်ဝင်စားနေမိသည်။
သို့သော်လည်း ကျိဖူ အတွက်တော့ ဆုံးဖြတ်ရန် အချိန် ကြာကြာ ယူလိုက်ရပုံ မပေါ်ချေ။ သူက လက်စွပ်ကို လှမ်းယူလိုက်ကာ ခေါင်းညိတ်လိုက်၏။
“ကျွန်မ လက်ခံပါတယ်... လျှို့ဝှက် ကျိန်စာ ကျိန်ဆိုပြီးတော့...”
“မလိုပါဘူး...”
ယခုတစ်ကြိမ်တွင်လည်း ဝေ့ဝူယင်က ကြားဖြတ် ဟန့်တားလိုက်၏။ သူ့အတွက် ကျိန်ဆိုခြင်းက ဘယ်တုန်းကမှ အရေးမကြီးပါချေ။
ဝေ့ဝူယင် ထိုက်ဟန်ဘက်သို့ လှည့်လိုက်၏။ ထို့နောက် လက်ဝါးကို ဖြန့်လိုက် နောက်ထပ် လက်စွပ် တစ်ကွင်း ပေါ်လာခဲ့သည်။
“ဒီထဲမှာလည်း အဆင့်ကိုး ထုတ်ကုန်တွေ ပါတယ်... ယူမလား မယူဘူးလား ဆိုတာ မင်းဘာသာမင်း ဆုံးဖြတ်”
ထိုက်ဟို၏ ခန္ဓာကိုယ်က တုန်ရီသွားကာ ဝေ့ဝူယင် လက်ထဲရှိ လက်စွပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက စဥ်းပင် မစဥ်းစားတော့ပဲ ထိုလက်စွပ်ကို လက်ခံ လိုက်တော့၏။ အထဲ၌ ပါဝင်နေသည့် ပစ္စည်းများကို စစ်ဆေးပြီးနောက် သူ့ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။ ၎င်းတို့က စစ်ဝိညာဥ်ထံမှ သူ လိုချင်သည့် အရာများထက်ပင် ပိုမို အဖိုး ထိုက်တန် နေခဲ့သည် မဟုတ်ပါလား။
“ကျုပ်လည်း လက်ခံတယ်...”
ဝေ့ဝူယင် အသာအယာ ပြုံးကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လှေကားထစ်များထံသို့ ဦးတည်လိုက်ကာ စစ်ဝိညာဥ် ပလ္လင်ထက်သို့ စတင် တက်လိုက်သည်။ အပေါ်သို့ တဖြည်းဖြည်း မြင့်တက် လာသည်နှင့် အမျှ သူ့ဦးခေါင်းထက်ရှိ ရောင်ခြည် စက်ဝန်းမှာ စတင်၍ တုန်ခါလာ၏။
ဝမ်... ဝမ်...
လှေကားထစ် တစ်ဝက်မျှသို့ ရောက်သော အခိုက်၌ စစ်ဝိညာဥ် ပလ္လင်ကြီး တစ်ခုလုံးပါ ရိုင်းစိုင်းစွာဖြင့် စတင် လှုပ်ခါ လာတော့သည်။ ဝေ့ဝူယင်မှာ အထက် ကေင်းကင်ဆီမှ ကြီးမားသော ဖိအားတစ်ခုကို ခံစား လိုက်ရကာ ကျိဖူနှင့် ထိုက်ဟိုတို့ထံမှ အာမေဍိတ်သံများကိုပါ ကြားလိုက်ရ၏။ ခေါင်းကို မော့၍ ကြည့်လိုက်သော အခိုက်၌ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
“ဒီတော့ ဆန်းကြယ်တဲ့ ဖြစ်စဥ် တစ်ခု ရှိတယ်ပေါ့”
ဝေ့ဝူယင် ထိုကဲ့သို့ တွေးလိုက်မိစဥ်မှာပင် သူ့ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းတန်းများဖြင့် ဝန်းရံသွားကာ အထက်သို့ မြင့်တက်သွား၏။ ထိုအခိုက်အတန့်တွင်ပင် စစ်ဝိညာဥ် ပလ္လင် တစ်ခုလုံးမှာ သက်ရှိ ဖြစ်တည်မှုတိုင်းကို မျက်လုံးကန်းသွား စေနိုင်သည့် အလင်းတန်းများဖြင့် စတင် ထွန်းလင်း လာခဲ့တော့၏။
“ဘာတွေ ဖြစ်နေတာလဲ...”
သေမျိုးအဆင့် စစ်သည်များမှာ မျက်လုံးများကို လက်ဖြင့် ကာရင်း တစ်ယောက်ကို တစ်ယောက် ထိတ်လန့်တကြား မေးခွန်းထုတ် လိုက်ကြ၏။
“အား...”
“အမလေး...”
တစ်ချိန်တည်း၌ လျှို့ဝှက် အာဏာရှင် အဆင့် စစ်သည်များထံမှ နာကျင်စွာ အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာသည်။ သေမျိုးအဆင့် ကျင့်ကြံသူများနှင့် ခြားနားစွာပင် သူတို့မှာ စစ်ဝိညာဥ် ပလ္လင်ထံမှ အလင်းကို စူးစမ်းရန် အတင်းအကြပ် ကြိုးစားရန် ကြိုးစားလိုက်ကြခြင်း ဖြစ်သည်။ ထိုအရာက သူတို့အတွက် မဟာ အမှားကြီး တစ်ခု ဖြစ်ပေသည်။ အချို့ဆိုလျှင် ပြင်းထန်သည့် နာကျင်မှု ဝေဒနာကြောင့် မြေပြင်ပေါ်ကို ပစ်၍ပင် လဲကျသွားကြ၏။
မည်သို့ လျှို့ဝှက် အာဏာရှင် အဆင့်ကမှ အလင်းကို ထပ်မံ စူးစမ်းရန် မကြိုးစားရဲကြတော့ချေ။ သူတို့က ချက်ချင်းပင် မျက်လုံးကို လက်များ၊ ဒိုင်းကာများဖြင့် ပိတ်ဆို့လိုက်ကြကာ မထင်မှတ်ပဲ စုပ်ယူမိထားသည့် အလင်းများကိုလည်း အစွမ်းကုန် ဖယ်ထုတ်ရန် ကြိုးပမ်း လိုက်ကြလေ၏။
ထိုဖြစ်စဥ်များ ဖြစ်ပေါ် နေချိန်တွင် ဝေ့ဝူယင်ကတော့ ထူးဆန်းသော စွမ်းအား တစ်ခု၏ ချည်နှောင်မှုဖြင့် စစ်ဝိညာဥ် ပလ္လင် ထိပ်သို့ ရွေ့လျား သွားခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ သူ၏ ဝိညာဥ်ပင်လျှင် မည်သည့်အရာက ခန္ဓာကိုယ်ကို ပင့်မထားကြောင်း ဝေ့ဝူယင် ကိုယ်တိုင်ပင် နားမလည်နိုင်ချေ။ သူ ခံစားနိုင်သမျှက နတ်ဘုရား လက်တစ်ဖက်က အန္တရာယ် အငွေ့အသက် တစ်စုံတစ်ရာ မရှိပဲ သူ့ကို ဆွဲခေါ် သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ခုခံခြင်းပင် မပြုခဲ့ချေ။
မကြာခင်မှာပင် ထူးဆန်းသော စွမ်းအင်၏ ရစ်ပတ်မှုနှင့် အတူ ဝေ့ဝူယင်မှာ စစ်ဝိညာဥ် ပလ္လင်ထက်၌ ရောက်ရှိနေကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရသည်။ ကျိဖူနှင့် ထိုက်ဟိုတို့ နှစ်ယောက်ကတော့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း သူ သတိထားမိလိုက်သည်။ ထိုထူးဆန်းသော နတ်ဘုရား လက်တစ်ဖက်က သူတစ်ယောက်တည်းကိုသာ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ပုံ ပေါ်သည်။
ထိုအဖြစ်အပျက်က မျှော်လင့်ချက် အကန့်အသတ်ကို ကျော်လွန် နေသည့်တိုင် ဝေ့ဝူယင်ကတော့ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင် ဝိညာအာရုံကို ယာယီ တိုးမြှင့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ ပလ္လင် မျက်နှာပြင်တစ်ခုလုံး နီးပါးက အလွတ် ဖြစ်နေသည်ကို တွေ့သည့် အခိုက်၌ သူ အနည်းငယ် အံ့သြ သွားခဲ့သည်။ မျက်နှာပြင် တစ်ခုလုံးတွင် သူနှင့် ရင်းနှီးပြီးသား ဖြစ်သည့် “စစ်” ဆိုသည့် သင်္ကေတ ကိုသာ ထွင်းထုထားပေသည်။
ထူးဆန်းသော စွမ်းအားက ဝေ့ဝူယင်ကို သင်္ကေတ တည်ရှိရာ ပလ္လင် ဗဟိုနားသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွား၏။ ထိုသင်္ကေတမှာ လက်ရေး စာလုံး တစ်ခုနှင့် တူညီသော်လည်း နှလုံးခုန်သံ တစ်ခု ကဲ့သို့ တသမတ်တည်း ခုန်နေကြောင်း သူ ခံစားလိုက်ရသည်။
“စစ်” သင်္ကေတ၏ အထက်တွင် ထူးဆန်းသော စွမ်းအား၏ ရစ်ပတ်မှုနှင့် အတူ ပျံဝဲရင်း ဝေ့ဝူယင်မှာ ညာဘက်လက်က စတင် တုန်ခါလာသလို ခံစားလိုက်ရ၏။ ၎င်း၏ တုန်ခါမှုက စစ်ဝိညာဥ် ပလ္လင်ထက်ရှိ တုန်ခါမှုနှင့် အတိအကျပင် တသမတ်တည်း တူညီနေသည်။ သို့သော်လည်း သူ၏ လက်ပေါ်ရှိ စစ်အမှတ်အသားက “ပျက်သုဥ်းခြင်း” အဖြစ် ပြောင်းလဲ သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ဟမ်...”
ရုတ်တရက် ထွက်ပေါ်လာသည့် ခပ်တိုးတိုး အသံ တစ်ခုကြောင့် ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ ထိုအသံက သူ့ဘေးနားမှ ရပ်ကာ ပြောနေသယောင်ယောင်၊ ဝေးကွာသည့် အရပ်ဒေသ တစ်ခုခုမှ လွင့်ပျံ လာလေသယောင် ခံစားရသည်။ ဝေ့ဝူယင်၏ စိတ်က မသေချာ မရေရာသည့် အချိန်ကွဲလွဲမှုထဲ တစ်ခဏတာမျှ ကျရောက်သွား၏။
သူ အသက်ကို ခပ်ပြင်းပြင်း ရှူကာ ကိုယ့်ကိုယ်ကို အာရုံစိုက်ရန်သာ ကြိုးစားလိုက်၏။ အကယ်၍ ထိုကွဲလွဲမှုများကို လိုက်လံ၍ ခံစားနေပါက မသေချာ မရေရာသည့် ခံစားမှုများထဲ မျောပါက နာကျင်မှုများကိုပင် ခံစားရနိုင်ကြောင်း သူ သိပေသည်။
“အိုး...”
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ ထိန်းချုပ်နိုင်စွမ်း မရှိပဲ ဝေ့ဝူယင်၏ စိတ်က နောက်တစ်ကြိမ် ထူးဆန်းသော ခံစားမှုထဲ နစ်မြုပ် သွားပြန်သည်။ ထိုအရာက နီးသလော၊ ဝေးသလော၊ အတိတ်လော၊ ပစ္စုပ္ပန်လော၊ အနာဂတ်လော သူ ခွဲခြားနိုင်စွမ်း မရှိချေ။
နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်စဥ်၌ ဝေ့ဝူယင်မှာ သူ့ ခြေထောက်များက မာကြောသော ကြမ်းပြင်နှင့် ထိနေကြောင်း သတိထားမိလိုက်၏။ ထူးဆန်းသော စွမ်းအင်က သူ့ကို ပင့်မထားခြင်း မရှိတော့ချေ။
“သေမျိုးတာအိုရဲ့ စစ်သည်... သင့်ရဲ့ ခမ်းနားလှတဲ့ ကုသိုလ် အတွက် ကျွန်ုပ်ရဲ့ ဖတ်ကြားချက်ကို နာခံလော့...”
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ သေမျိုး အကန့်အသတ်အား ကျော်လွန်နေသည့် တစ်စုံတစ်ရာက ရှေ့တည့်တည့်သို့ ရောက်ရှိနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ကံမကောင်းစွာပင် သူ မျက်လုံးများကို မှိတ်ထားရလေရာ မည်သည့် အရာကိုမှ စူးစမ်း နိုင်စွမ်း မရှိချေ။
“တပ်မဟာ သုံးခုကြားထဲက အောင်ပွဲ... သင် ရွေးချယ်ထားတဲ့ စစ်တပ်ဟာ သင်တို့ရဲ့ စစ်ဇုန် အတွင်းမှာ အနိုင်ယူနိုင်ခဲ့တယ်.... ရန်သူတွေကို ချေမှုန်းနိုင်ခဲ့တယ်... နှစ်ထပ်ကွမ်း အောင်မြင်မှု ကုသိုလ်ကို သင် ရရှိတယ်”
“အောင်ပွဲ အတွက် အကြီးမားဆုံး ပံ့ပိုးမှု... မဟာမိတ်တွေကို ကူညီခြင်း၊ အင်အားစုတွေကို ဦးဆောင်ခြင်း၊ ရန်သူတွေကို ချေမှုန်းခဲ့ခြင်း စတဲ့ နည်းလမ်း သုံးသွယ်နဲ့ သင်ဟာ စစ်ပွဲ အတွက် အကြီးမားဆုံး ပံ့ပိုး ပေးခဲ့တယ်... အဲဒီ အတွက် အကြီးမားဆုံး ပံ့ပိုးခြင်း ကုသိုလ်ကို သင် ရရှိတယ်”
"စစ်မြေပြင်ရဲ့ သားသတ်သမား... သင်က ရန်သူတွေကို ညှာတာ သနားခြင်း မရှိပဲ သတ်ဖြတ် သုတ်သင်ခဲ့တယ်... သူတို့ရဲ့ အသက်တွေကို အလျှင်မြန်ဆုံး လှုပ်ရှားမှုနဲ့ ရယူခဲ့တယ်... သတ်ဖြတ်သူ ကုသိုလ်ကို သင် ရရှိတယ်”
“အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ အာဏာ ပါးကွက်သား... သင်က စစ်မြေပြင် တစ်ခုလုံးမှာ ရန်သူ အများဆုံးကို သတ်ဖြတ် နိုင်ခဲ့တယ်... သင့်ရဲ့ တပ်မဟာ အတွက် သင့်ရဲ့ သတ်ဖြတ်မှုက မယုံကြည်နိုင်လောက်တဲ့ ချီးမွမ်းမှုတွေနဲ့ ထိုက်တန်တယ် စစ်သည်တော်... သင့်ရဲ့ နည်းလမ်းတွေက ရုတ်ရင်း ကြမ်းကြုတ်လွန်းလှတယ်... ဒါမေမဲ့ ဝိညာဥ် အတွက်တော့ စစ်မှန်ခြင်း မည်တယ်... ဒီအတွက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ကုသိုလ်ကို ရရှိတယ်”
"သေမျိုးတာအိုရဲ့ နတ်ဘုရား သတ်ဖြတ်သူ... သင်က သေမျိုး တစ်ယောက် အဖြစ်နဲ့တင် သင့် အကန့်အသတ်ထက် အဆများစွာ ကျော်လွန်တဲ့ ဖြစ်တည်မှု တစ်ခုကို သတ်ဖြတ်နိုင်ခဲ့တယ်... သင့်ရဲ့ လုပ်ရပ်က ကောင်းကင်ကိုတောင် ဆန့်ကျင်နေတယ်... သင့်ရဲ့ သတ်ဖြတ်မှုက အကန့်အသတ် မရှိဘူး... စစ်ပွဲ အတွက် သင့်ရဲ့ လက်နက်က ခွဲခြားမှု မရှိဘူး... အဲဒီ အတွက် သင်က အသေခံ သတ်ဖြတ်ခြင်း ကုသိုလ်ကို ရရှိတယ်”
“...”
“သင်က မဟာမိတ် စစ်သည်တော်တွေရဲ့ ဒဏ်ရာတွေကို ကုသ ပေးခဲ့တယ်...”
“ပြန်လည် နုပျိုစေခြင်း ကုသိုလ်ကို သင်ရရှိတယ်”
"သင်က...”
“...”
ဝေ့ဝူယင် တိတ်တဆိတ်ပင် နားထောင် နေခဲ့၏။ အသံက အရှိန်အဟုန်နှင့် အတူ ဆက်လက် ပြောနေကာ တစ်နာရီခန့် အထိပင် ကြာမြင့်သွားသည်။ သို့သော်လည်း အားလုံးကတော့ သူ့ လုပ်ဆောင်ချက်များ အတွက် ရရှိသည့် ကုသိုလ်များ အကြောင်းပင် ဖြစ်လေသည်။
အလွန် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကိုပင် တဖွဲ့တနွဲ့ ချီးမြှောက်၍ ကုသိုလ်များ ပေးအပ် နေလေရာ ဝေ့ဝူယင်မှာ နားထောင်ရတာ အနည်းငယ် သက်တောင့်သက်သာ မရှိ ဖြစ်နေခဲ့၏။
“စစ်သည်တော်... သင်ဟာ စစ်ပွဲ အတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး အဲဒီ ကုသိုလ်တွေကြောင့်ပဲ အကောင်းမွန်ဆုံးသော ဆုလာဒ်ကို လက်ခံရရှိလိမ့်မယ်”
ကံကောင်း ထောက်မစွာပင် တစ်နာရီခွဲခန့် ကြာပြီးနောက်၌ နိဂုံးချုပ်ခြင်းနှင့် အတူ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။ ထိုအသံက ဝေ့ဝူယင် အတွက်တော့ ပျားသကာထက်ပင် ပိုမို၍ ချိုမြိန် လှပေတော့သည်။