← Chapters

ဆုလာဒ်

Vol. 54 Ch. 745

ဆုလာဒ်

Vol. 54 Ch. 745

စစ်ဝိညာဥ်၏ ကြေညာသံကို နားထောင်ပြီးနောက် ဝေ့ဝူယင်၏ နှလုံးသား တစ်ခုလုံးမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် အမျိုးမျိုးသော အင်အားစုများမှာ စစ်ဝိညာဥ် ငါးခု အတွက်ပင် လျှို့ဝှက် အဆင့် ရတနာများနှင့် လဲလှယ်ကြသည်ဟု ဆိုသည်။ မြေကြီးရှန့်ထို တစ်ယောက်က ကူညီ၍ ဝိညာဥ်လမ်းစဥ်ကို ခြေချစေခြင်းပင် ပျမ်းမျှ စစ်ဝိညာဥ် အခု ငါးဆယ်ခန့်သာ လိုအပ်ပေသည်။

ထို့အပြင် စစ်ဝိညာဥ်များကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြု၍လည်း ရပေသေးသည်။ အခြားလူများထံမှ ကျင်းကျူး ကြားရသလောက် ဆိုလျှင် စစ်ဝိညာဥ်များကို ဝိညာဥ် ကျင့်ကြံခြင်း လမ်းစဥ်တွင် သန့်စင်၍ အသုံးပြုနိုင်ကာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကိုပင် တက်လှမ်းအောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။ တစ်နည်း ဆိုရလျှင် စစ်ဝိညာဥ်များမှာ အရည်အသွေး အထွတ်အထိပ် အဆင့် အဆင့်ကိုး ထာဝရ ခြေချခြင်း ဆေးလုံးနှင့်ပင် ညီမျှပေသည်။ စစ်မြေပြင်မှ ထွက်ခွာရန် အတွက်တော့ စစ်ဝိညာဥ် ဆယ်ခု တိတိ လိုအပ်ပေသည်။

သို့သော်လည်း ထိုအရာများမှာ စစ်မြေပြင်မှ သတ်မှတ်ထားသည့် စည်းကမ်းများကာ ဖြစ်ကာ စစ်ဝိညာဥ်များကို ပြင်ပ လောကတွင် လက်နက်၊ အဆောင်၊ အဂ္ဂိရတ် ထုတ်ကုန် အစရှိသဖြင့် အခြား အဖိုးတန် ရတနာများနှင့် လဲလှယ်နိုင်ပေသေးသည်။

ဝေ့ဝူယင်ကို ထပ်မံ၍ အံ့အားသင့်စေခဲ့သည့် တစ်ခုကား စစ်ဝိညာဥ်များကို ဝိညာဥ် အာဟာရ ရတနာ အဖြစ် အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။ စစ်ဝိညာဥ်များမှာ ဝိညာဥ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ကာ ယာယီ ဉာဏ်အလင်း ရရှိခြင်း ကဲ့သို့သော အခြေအနေတစ်ရပ် ရောက်အောင် ဖန်တီးပေးနိုင်စွမ်း ရှိသည်။

ထိုကဲ့သို့ နားလည်မှုကို လှုံ့ဆော်ပေးနိုင်သော စွမ်းရည်ကြောင့်ပင် အဇူရာ မူလ ကြယ်စင်စုမှ အင်အားစုများမှာ စစ်ဝိညာဥ်များ၏ တန်ကြေးကို ပိုမို တိုးမြှင့်ပေးလေ့ ရှိသည်။ လျှို့ဝှက် အာဏာရှင် အဆင့်တွင် နားလည်နိုင်စွမ်းသည် အက္ခရာ ဆိုပါက စစ်ဝိညာဥ်များမှာ ဘုရေားပေးသည့် အခွင့်အ‌ရေး တစ်ရပ် ဖြစ်သည်။

ကံကောင်းထောက်မစွာပင် မြေကြီးရှန့်ထိုနှင့် အထက်ဆင့် ကျင့်ကြံသူများကို စစ်မြေပြင်သို့ မဝင်ရောက်နိုင်အောင် တားဆီးထား၍ တော်သေးသည်။ မဟုတ်ပါက သူတို့က စစ်မြေပြင် ဇုန်ကိုးခု လုံးကို လွှမ်းခြုံကာ အဆုံးမဲ့ သတ်ဖြတ်ပွဲများကို ဆင်နွှဲကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... နားလည်မှု မြှင့်တင်ခြင်းက ဝေ့ဝူယင် အတွက် အရေးတကြီး လိုအပ်နေသည့် အခန်း ကဏ္ဍတော့ မဟုတ်ပါချေ။ အမှန်တကယ် အ‌‌ရေးပါသည့်၊ ဘုရင်ကိုပင် စိတ်လှုပ်ရှားအောင် စွမ်းဆောင်နိုင်သည့် အရာက ဝိညာဥ် အာဟာရ ရတနာများ အဖြစ် အသုံးပြုနိုင်သည့် ၎င်း၏ စွမ်းရည်ပင် ဖြစ်သည်။ ၎င်းကို သာမန် ဝိညာဥ်များ အတွက်သာ မက... ဝိညာဥ်နှင့် ပတ်သက်သည့် ထူးဆန်းသည့် ဖြစ်တည်မှုများ အတွက်ပါ အသုံးပြု နိုင်ပေသည်။

ဥပမာအားဖြင့် အခြေတည် ဝိညာဥ်... ထိုထက် ပိုမို၍ အတိအကျ ပြောရလျှင် အခြေတည် ဆေဘာ ဝိညာဥ် ကဲ့သို့... ဖြစ်တည်မှုများ အတွက် ၎င်းကို အသုံးပြုနိုင်ပေသည်။

အခြေတည် ဆေဘာ ဝိညာဥ် ဖြစ်သည့် “ဒြပ်စင်” ကို ရရှိခဲ့သည့် အချိန်တည်းက ဝေ့ဝူယင်မှာ ဝိညာဥ် ပျိုးထောင်ခြင်း ရတနာများကို မည်သည့် နေရာတွင်မှာမှ ရှာမတွေ့ခဲ့ချေ။ အနန္တ ဧကရာဇ်ဂိုဏ်း၏ ရတနာသိုက် တစ်ခုလုံးကို လှန်လှော ရှာဖွေ ပြီးချိန်တွင်ပင် မည်သည့် ရတနာကမှ ၎င်းကို မြှင့်တင်ရန် အသုံးမဝင်ခဲ့ချေ။

ဝိညာဥ်ကို ပြုစု ပျိုးထောင်ရန် သူ သိသည့် တစ်ခုတည်းသော နည်းလမ်းက အပြစ်သား ကျမ်းစာတွင် ဖော်ပြထားသည့် အစစ်အမှန် အပြစ်၏ ဝိညာဥ် နည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းက အခြေတည် ဝိညာဥ် တစ်ခုကိုပါ သက်ရောက်စေနိုင်မည်လားတော့ သူလည်း မသိချေ။ ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင်ပင် စစ်ဝိညာဥ်များမှ လွဲ၍ အခြား နည်းလမ်းများကို သူ ရှာမတွေ့ချေ။

ဝေ့ဝူယင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်း နေစဥ်မှာပင် အသံပိုင်ရှင်က ဆက်လက် ကြေညာလိုက်လေ၏။

“စစ်သည်... သင်ဟာ စစ်မြေပြင်မှာ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင် နိုင်ခဲ့တယ်... ဒါကြောင့် သင့်ကို စစ်ပွဲရဲ့ စစ်သည်တော် ဆိုတဲ့ ဘွဲ့ထူး ပေးအပ်ပြီး စစ်ကျောက်တိုင်ကို လေ့လာခွင့် အတွက် တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တယ်... ဆက်စပ်မှု စစ်မြေပြင်ဟာ သင့်ကို စောင့်ကြိုနေတယ်...”

“ဘာတုံး...”

“စစ်ပွဲရဲ့ စစ်‌သည်တော်...”

“စစ်ကျောက်တိုင်ကို လေ့လာခွင့်...”

“ဆက်စပ်မှု စစ်မြေပြင်...”

“...”

ဝေ့ဝူယင် ကြောင်တောင်တောင် ဖြစ်သွား၏။ ထိုအရာများက အဘယ်နည်း။ ထိုစကားလုံးများကို ဝေ့ဝူယင် တစ်ခါမှ မကြားဖူးချေ။ ကျင်းကျူး၏ မှတ်ဉာဏ်များ ထဲတွင်ပင် မမြင်ဖူးချေ။

ဝေ့ဝူယင် မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အသံပိုင်ရှင်က ဆက်လက်၍ ပြောလိုက်လေ၏။

“စစ်သည်တော်... စစ်မြေပြင်ကို ပါဝင်ခဲ့တဲ့ အချိန်ကစလို့ သင်ဟာ ထူးချွန်တဲ့ လုပ်ရပ်တွေနဲ့ ကုသိုလ်တွေကို စုဆောင်း နိုင်ခဲ့တယ်.. သင် ရရှိခဲ့တဲ့ ကုသိုလ်အမှတ်က...”

ဝေ့ဝူယင်မှာ ရင်တဒိန်းဒိန်း တုန်ရီလာ၏။ သူ စဥ်းစားထားသည့် မေးခွန်းများကား လည်ချောင်းထဲတွင်ပင် ပြန်လည် ပျောက်ရှ သွားခဲ့ပြီ ဖြစ်သည်။ သူ စောင့်ဆိုင်းနေစဥ်မှာပင် စစ်ဝိညာဥ် ပလ္လင်ထက်ရှိ “စစ်” သင်္ကေတမှာ လျှင်မြန်စွာဖြင့် တုန်ရီလာ၏။

ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ထူးဆန်းသော စွမ်းအင် တစ်ခုမှာ စစ်ဝိညာဥ် ပလ္လင်ထက်၌ ပေါက်ကွဲလာကာ သူ့ ခန္ဓာကိုယ်ကို ‌နောက်တစ်ကြိမ် ပင့်မ သွားခဲ့တော့သည်။

ဟူး... ဟူး...

ထူးဆန်းသော စွမ်းအင်၏ ရစ်ပတ်မှုနှင့် အတူ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လေထဲတွင် အလိုအလျောက်ပင် မျောပါနေ၏။ လွတ်လပ်မှု၊ ပေါ့ပါးမှုတို့နှင့် အတူ ထိုအခိုက်၌ တစ်စုံတစ်ရာ၏ ကောင်းချီးပေးမှုကို ခံယူ နေရသလို သူ ခံစားနေရသည်။

“ဘာတွေ ဖြစ်နေတာလဲ...”

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်စဥ်မှာပင်... “စစ်” သင်္ကေတထဲမှ အုန်းသီးလုံးခန့် ရှိသည့် အလင်းလုံးလေးများ ထွက်ပေါ်လာကြသည်။ ၎င်းတို့က သူ့ကို ဝန်းရံကာ လှပသည့် အလင်း ကွန်ယက်များ အဖြစ် ဖန်တီးလိုက်ကြ၏။ မကြာခင်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ထိုအလင်းလုံးများ အကြား နစ်မြုပ် သွားလေတော့သည်။

“စစ်ဝိညာဥ်ပေါင်း ၄၉၇၇၀...”

“ဘာလဲ...”

ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ မယုံကြည်နိုင်လောက်သည့် ထိတ်လန့်မှုများနှင့် ပြည့်နှက် သွား၏။ စစ်မြေပြင်၌ အံ့မခမ်း စွမ်းဆောင်ရည်မျိုး ပြသခဲ့သည် ဆိုသည့်တိုင် ထိုမျှလောက် သူ မျှော်လင့် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအရာက ထိပ်တန်း ကြယ်တာရာ နယ်မြေတစ်ခုတွင်ပင် သူဌေးသူကြွယ် တစ်ယောက် အဖြစ် ရပ်တည်နိုင်သည့် ကြွယ်ဝမှုမျိုး ဖြစ်သည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်ခြင်းက တကယ်ပင် စျေးမပေါလှချေ။

လေထဲတွင် လွင့်မျောနေသည့် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဟန်ချက်ညီအောင် ထိန်းသိမ်းရင်း ဝေ့ဝူယင် အလင်းလုံးများထံ ဝိညာဥ်အာရုံကို ပို့လွှတ်လိုက်၏။ မျက်လုံးများနှင့် မြင်တွေ့နိုင်စွမ်း မရှိသည့်တိုင် ထိုစစ်ဝိညာဥ်များနှင့် သူ့ အကြားတွင် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိနေသလို သူ ခံစားနေရသည်။

ဝိညာဥ်အာရုံ အလင်း အလင်းလုံးကို ထိတွေ့သည်နှင့် တစ်ပြိုင်နက် အမျိုးမျိုးသော ပုံရိပ်များမှာ သူ့ စိတ်အတွင်း တိုးဝင်လာ၏။ ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် မည်းမှောင်သွားကာ မျက်မှောင်ကြုတ် လိုက်သည်။ ထိုစစ်ဝိညာဥ်များထဲတွင် စစ်ပွဲအတွင်း သူ့ လုပ်ဆောင်ချက် ပုံရိပ်များကို ထည့်သွင်း ထားပေသည်။ ထိုအထဲမှ အများစုက သေခြင်းတရားနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချိုက်လျှို့ယန် သေဆုံးသွားသည့် ပုံရိပ်ကို ဝေ့ဝူယင် တွေ့လိုက်ရ၏။ မြင်ကွင်း တစ်ခုလုံးက အနှေးပြကွက်ဖြင့် ဖြစ်ကာ ပြင်းထန်သော ပေါက်ကွဲမှု မတိုင်မီ သူမ လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက် အားလုံးကို ပြည့်ပြည့်စုံစုံပင် ဖော်ပြထားသည်။ သူမက ကျင်းကျူး၏ အလောင်းကို ပွေ့ပိုက်ကာ ကာကွယ်ဖို့ ကြိုးစားခဲ့ပေသည်။

သို့သော်လည်း... မီးတောက်များက သူမ အရေပြားကို လာဟပ်ကာ အသွေးအသားတို့ကို လောင်ကြွမ်းရန် စတင် ကြိုးစားခဲ့ချိန်တွင်တော့ ထိုအားထုတ်မှုများက အဓိပ္ပာယ် မရှိကြောင်း ချိုက်လျှို့ယန် သိရှိသွားပုံ ပေါ်သည်။ ထို့နောက်... မယုံကြည်နိုင်စရာ ကောင်းစွာပင် သူမက ကိုယ်ပိုင်အကာအကွယ် စွမ်းအားကို ကျင်းကျူး၏ အလောင်းထံ လွှဲပြောင်းပေးခဲ့သည်။

“သူက ကျင်းကျူးရဲ့ အလောင်းကို အကောင်းအတိုင်း ထိန်းသိမ်း ထားချင်တာလား...”

ဝေ့ဝူယင် ရေရွတ်လိုက်မိ၏။ သူ၏ စိတ်ခံစားချက်များက အနည်းငယ် ရှုပ်ထွေးနေသည်။ နောက်ဆုံးသော အခိုက်အတန့်တွင်ပင် ကျင်းကျူး၏ အလောင်းကို ကာကွယ်ပေးခဲ့သည့် ချိုက်လျှို့ယန်၏ လှုပ်ရှားမှုများက သူ့ ကိုယ်ပိုင် အတိတ်တစ်ချို့ကို အမှတ်ရစေသည်။

သို့သော်လည်း အဆုံးသတ်၌ သူမ၏ အားထုတ်မှုများက အရာမထင်ခဲ့လေရာ ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ သူမ၏ ခန္ဓာကိုယ် လောင်ကြွမ်း ပြာကျသွားပြီး တစ်ခဏ အတွင်းမှာပင် ကျင်းကျူး၏ အလောင်းမှာလည်း ထပ်ချပ် မကွာ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ခဲ့ရပေသည်။ သူမ၏ ပေးဆပ်မှုများက ရလဒ်ကို မပြောင်းလဲ စေခဲ့ပါချေ။

ဝေ့ဝူယင် ထိုစစ်ဝိညာဥ်ထံမှ ဝိညာဥ်အာရုံကို ပြန်လည် ရုတ်သိမ်းကာ အခြား စစ်ဝိညာဥ်များကို ထပ်မံ၍ ကြည့်ရှု လိုက်၏။ မကြာခင်မှာပင် ချိုက်လျှို့ယန်၏ သေဆုံးမှုကို တွေ့မြင်ခဲ့ရခြင်းက တိုက်ဆိုင်မှု သက်သက်မျှသာ မဟုတ်ကြောင်း သူ သဘောပေါက် လာခဲ့သည်။ စစ်ဝိညာဥ်များထဲမှ အများစုမှာ ထိုမြင်ကွင်းကိုသာ ပုံဖော် ကြပေသည်။ သူမ၏ သေဆုံးခြင်းက စစ်ဝိညာဥ် အမြောက်အများကို ထုတ်လုပ် ပေးခဲ့သည့်ပုံ ပေါ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ စစ်ပွဲများကား တကယ်ပင် ရက်စက်လွန်းသည်။ သို့သော်လည်း... သူ ဝမ်းနည်မှုနှင့် နောင်တတရားတို့ကိုတော့ မခံစားရပါချေ။ ကျင်းကျူးနှင့် ချိုက်လျှို့ယန်တို့ ကိုယ်တိုင်သည်လည်း မရေမတွက်နိုင်သည့် လူသား၊ တိုက်တန်နှင့် ‌ကောင်းကင်သက်ရှိများကို သတ်ဖြတ်ခဲ့ဖူးကြသည်သာ ဖြစ်သည်။ ထိုသေဆုံးသွားရသူများတွင်လည်း မိသားစုများ၊ ချစ်သူများ၊ အိပ်မက်များ ရှိကြပေသည်။

လောကတွင် မည်သူက အရေးပါသနည်း။ မည်သူက တန်ဖိုးမဲ့သနည်း။ ဝေ့ဝူယင် အတွက်တော့ လူတစ်ဦး တစ်ယောက်ချင်းစီတိုင်း၏ အသက်က သူတို့ အတွက် အဖိုးအတန်ဆုံး ဖြစ်ပေသည်။ သူ၊ ကျင်းကျူး၊ ချိုက်လျှို့ယန်၊ လင်းမင်နှင့် လုံချန်တို့ အပါအဝင် အားလုံးမှာ ထိုစနစ်ကြီးထဲမှ သားကောင်များသာ ဖြစ်ပေသည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ကမ္ဘာတွင် အောင်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ခွန်အားနှင့် ဉာဏ်ပညာတို့သာလျှင် ဖြစ်ပေတော့သည်။

All Chapters