ဆက်စပ်မှု စစ်မြေပြင်
Vol. 54 Ch. 746
ဝေ့ဝူယင် အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်၏။ သူ စစ်ဝိညာဥ်များကို ကိုယ်ရေး မှတ်ပုံတင်ထဲ ထည့်သွင်း သိမ်းဆည်းခြင်း မပြုချေ။ ထိုသိုလှောင်မှု စနစ်ကို သူ မယုံချေ။ ကျင်းကျူးသည်ပင် စစ်ဝိညာဥ်များကို သိုလှောင်ရန် အခြား ပစ္စည်းတစ်ခုကို စီမံထားပြီး ဖြစ်သည်။
ဝေ့ဝူယင် ကျင်းကျူး၏ ဟင်းလင်းပြင် လက်စွပ်ကို ထုတ်ယူကာ စစ်ဝိညာဥ်များနှင့် သူ့အကြားရှိ ဆက်နွယ်မှုကို အသက်သွင်းလိုက်၏။ ၎င်းတို့က အမိန့်အတိုင်းပင် နာခံကာ သူ့ထံသို့ လျှင်မြန်စွာ ရွေ့လျား လာကြသည်။ ဝေ့ဝူယင်က လက်စွပ်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ၎င်းတို့က ထိုအတွင်း တိုးဝင်လာကြ၏။ တစ်ခဏ အတွင်းမှာပင် အားလုံးမှာ သရဲတစ္ဆေများလို ပျောက်ကွယ် သွားကြတော့သည်။
ဝေ့ဝူယင် လက်စွပ်ထဲရှိ စစ်ဝိညာဥ်များကို စစ်ဆေး ကြည့်လိုက်၏။ ၎င်းတို့မှာ ပျံဝဲ နေကြဆဲ ဖြစ်သော်လည်း တည်ငြိမ်စွာပင် ရှိနေကြပေသည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်၏။ ကတိပေးထားသည့် အတိုင်း ကျိဖူကို သူ စစ်ဝိညာဥ် အချို့ ပေးအပ်ရဦးမည် ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ထူးဆန်းသော အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပြန်၏။
“ဖျက်ဆီးခြင်း စစ်ပွဲကို အတည်ပြုတယ် စစ်သည်တော်... အဆင်သင့် ပြင်ထားပါ... ဆက်စပ်မှု စစ်မြေပြင်ရဲ့ တပ်ဖြန့်မှုက နောက်ထပ် ဆယ်စက္ကန့်အတွင်း စတင်တော့မယ်”
“ကိုးစက္ကန့်...”
ရေတွက်မှုက ရုတ်ချည်းပင် စတင်လာရာ ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွား၏။ အဘယ်ကြောင့် ထိုမျှ လောရသနည်း။ စစ်ဝိညာဥ်များနှင့် လဲလှယ်ရန် စာရင်းကိုပင် သူ့ထံ မပေးတော့သည်လော။ နောက်ပြီး ဆက်စပ်မှု စစ်မြေပြင်... ထိုကိစ္စကို သူ ဘယ်တုန်းက သဘောတူလိုက်လို့နည်း။
ထိုဆက်စပ်မှု စစ်မြေပြင် မဆိုထားနှင့်... ဤနေရာသည်ပင် အသက်ရှင်သန်ရန် အလွန် အန္တရာယ် များပြားနေပြီ ဖြစ်သည်။ ဆေးတောင့်များကြောင့်သာ မဟုတ်လျှင် သူ ကိုယ်တိုင် ချိုက်လျှို့ယန်၏ လက်ချက်ဖြင့် သေဆုံး နေလောက်ပြီ ဖြစ်သည်။ သူ တိုက်ပွဲများကို နှစ်ခြိုက်သည့်တိုင် လုံလောက်သည့် ပြင်ဆင်မှု မရှိပဲ အန္တရာယ်များသည့် နေရာ တစ်ခုကိုတော့ မသွားချင်ပေ။
“ရှစ်စက္ကန့်...”
“ခုနစ်စက္ကန့်...”
“ခြောက်စက္ကန့်...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအရာက ကျင်းကျူး အတွက် အခွင့်အရေး တစ်ခု ဖြစ်လေမည်လား သူ တွေးလိုက်မိသည်။
မည်သို့ပင် ဆိုစေ... ကျင်းကျူးမှာ အလွန် အစွမ်းထက်သည့် လက်နက်များ၊ အဆောင်များနှင့် ရတနာများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ကြယ်တာရာ သခင် အဆင့် ကျင့်ကြံခြင်း အခြေခံကို ထပ်မံ ပေါင်းထည့်ပါက သူက အားနည်းသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်ပေသည်။
သူ ရရှိခဲ့သည့် စစ်ပွဲ၏ စစ်သည်တော် ဆိုသည့် ဘွဲ့ထူး သည်ပင် ကျင်းကျူး အတွက် ကောင်းကင်တာအိုမှ စီစဥ်ထားသည့် သတ်မှတ်ချက် တစ်ခု ဖြစ်နိုင်သည်။
“ငါးစက္ကန့်...”
“ကောင်းပြီလေ...”
နောက်ဆုံး၌ ဝေ့ဝူယင် စိတ်ကို ဒုန်းဒုန်းချလိုက်၏။ အကယ်၍ ထိုအရာကသာ အခွင့်အရေး တစ်ရပ် ဆိုပါက သူ အရာအားလုံးနှင့် ရင်းနှီး၍ ရယူရတော့မည် ဖြစ်သည်။
ဝေ့ဝူယင် လျှင်မြန်စွာပင် ခရာတိုအား ချိပ်ပိတ်ထားရာမှ ဖြေကာ ကျင်းကျူး၏ လက်စွပ်နှင့် ကျိဖူတို့ကြား တိုက်ရိုက် ဟင်းလင်းပြင် လိုဏ်ခေါင်း တစ်ခု ဖန်တီး လိုက်၏။ ထို့နောက် စစ်ဝိညာဥ် နှစ်ရာကို ဟင်းလင်းပြင် ပုံဆောင်ခဲကာ သူမထံ တစ်ခါတည်း လွှဲပြောင်းပေးလိုက်သည်။ စစ်ဝိညာဥ်များမှာ လျှို့ဝှက် အဆင့် ရတနာများ ကဲ့သို့ ဟင်းလင်းပြင် စွမ်းအင်ကို ဖီဆန်ခြင်း မရှိလေရာ ၎င်းတို့ကို ချိပ်ပိတ်ရသည်က အတော်လေး လွယ်ကူလှပေသည်။
“နှစ်စက္ကန့်...”
“တစ်စက္ကန့်...”
ဝေ့ဝူယင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးပြီးသွားပြီ ဖြစ်စည်။ အစစ်အမှန် ဝိညာဥ်သခင် တစ်ယောက် ဖြစ်လာခြင်း မဖြစ်လာခြင်းကတော့ ထိုတိုက်တန် မိန်းကလေး အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ထို့နောက်... သုညစက္ကန့်သို့ အရောက်တွင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် စစ်ဝိညာဥ် ပလ္လင်ထံမှ အဖြူရောင် အလင်းများမှာလည်း လျှင်မြန်စွာ မှေးမှိန်ကာ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
သေမျိုးနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုအဖြစ်အပျက်ကို ကြည့်ကာ ကြောင်စီစီ ဖြစ်နေကြ၏။ မည်သည့် အရာများ ဖြစ်ပျက်သွားသနည်း။ ထူးဆန်းသည့် လူသား မျိုးနွယ် ပေါက်စလေးကရော မည်သည့် နေရာသို့ ရောက်သွားသနည်း။
မိနစ်အနည်းငယ် ကြာသည့်တိုင် အဖြေမရှာနိုင်ကြလေရာ တိုက်တန် မျိုးနွယ်ဝင်များမှာ စစ်ဝိညာဥ် ခံယူခြင်းကိုသာ ဆက်လက် ပြုလုပ် လိုက်ကြတော့၏။
ထိုက်ဟိုနှင့် ကျိဖူတို့ကတော့ မေးခွန်းများစွာနှင့် အတူ စစ်မြေပြင်မှ ထွက်ခွာ သွားကြပြီ ဖြစ်လေသည်။ အလိုရှိသည့် အရာ အသီးသီးကို ရယူနိုင်ခဲ့ပြီး ဖြစ်လေရာ သူတို့ အိမ်များဆီ ပြန်နိုင်ကြတော့မည် ဖြစ်လေသည်။
...
စစ်မြေပြင်မှာ အလွန်ပင် ကျယ်ပြန့်လှ၏။ ၎င်းကို ဇုန်ကြီး ကိုးဇုန်အဖြစ် ခွဲခြားထားကာ တစ်ဇုန်ချင်းစီကိုပါ ကိုယ်ပိုင် ဒေသများ၊ ပိုင်နက်များ၊ မြေပြန့်လွင်ပြင်များ၊ တောင်တန်းများ၊ ရွှံ့ညွံတောများ၊ ရေပြင်များ... စသည်ဖြင့် ထပ်မံ၍ ခွဲခြား ထားသေးသည်။ ဝေ့ဝူယင်တို့ အနိုင်ရရှိခဲ့သည့် စစ်မြေပြင်မှာ အလွန် ကျယ်ပြန့်သော စစ်မြေပြင်ကြီးထဲမှ တစ်စိတ်တစ်ဒေသ နေရာငယ် ကလေးသာ ဖြစ်ပေသည်။
သို့သော်လည်း... နယ်မြေများ မည်မျှပင် ကျယ်ပြန့်၍ ကွဲပြားသည် ဖြစ်စေ မှုန်မှိုင်းသော လေထု၊ အုံ့မှိုင်းသော ကောင်းကင်နှင့် ကြောက်မက်ဖွယ် ပတ်ဝန်းကျင်ကတော့ စစ်မြေပြင် တစ်ခုလုံးတွင် အတူတူပင် ဖြစ်ပေသည်။ ရေများမှာ အဆိပ်အတောက်များဖြင့် ပြည့်နှက်နေကာ အပင်များမှာ အဆိပ်ငွေ့များကို လေထုထဲသို့ မှုတ်ထုတ်နေသည်။ တောင်တန်း တောင်တန်းများမှာလည်း အချိန်မရွေး ပြိုကျရန် အဆင်သင့် ဖြစ်နေတတ်၏။ ၎င်း၏ နေရာတိုင်း၊ အစိတ်အပိုင်းတိုင်းက သက်ရှိများ၏ အသက်ကို နည်းအမျိုးမျိုးဖြင့် နှုတ်ယူနိုင်သည့် အားသာချက်များဖြင့် ပြည့်နှက် နေပေသည်။
သို့သော်လည်း... အဇူရာ မူလ ကြယ်စင်စုကြီး အတွင်းရှိ အနည်းငယ်သော ထိပ်တန်း ကျင့်ကြံသူများကတော့ စစ်မြေပြင်ကို ဇုန်ကိုးခုတွင်သာ ကန့်သတ် မထားကြောင်း သိပေသည်။ အမှန်တကယ်အားဖြင့် ဇုန်ဆယ်ခု ရှိပေသည်။ ၎င်းကို ဆက်စပ်မှု စစ်မြေပြင်ဟု ခေါ်လေ၏။
မူလ ဇုန်ကိုးခုနှင့် ခြားနားစွာပင် ဆက်စပ်မှု စစ်မြေပြင်ကို လူတိုင်း ဝင်ရောက်ခွင့် မရှိပါချေ။ ၎င်းက လုံလောက်သည့် စစ်ဝိညာဥ်နှင့် ကုသိုလ် စုဆောင်းထားသူများသာ ပါဝင်ခွင့် ရသည့် နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဝင်ခွင့်ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ မူလဇုန်များနှင့် အံ့မခန်း စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ကြသူများချည်းသာ ဖြစ်ကာ စစ်ပွဲ၊ သွေး၊ သေခြင်းတရားနှင့် စိတ်လှုပ်ရှားမှုကို ဆာလောင် နေကြသူများ ဖြစ်သည်။ သူတို့က လွတ်လွတ်လပ်လပ်နှင့် ဂရုဏာ ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသူများ ဖြစ်သည်။
ဆက်စပ်မှု စစ်မြေပြင်မှာ ကြီးမား ကျယ်ပြန့်ခြင်း မရှိပါချေ။ အခြားဇုန်များနှင့် နှိုင်းယှဥ်လျှင် အလွန်ပင် သေးငယ်လှကာ အကြမ်းဖျဥ်း ဧရိယာ မိုင်နှစ်ရာ ဂဏန်းလောက်သာ ရှိပေလိမ့်မည်။ ၎င်းကို မတူကွဲပြားသည့် သွင်ပြင် လက္ခဏာကိုးခုဖြင့် တည်ဆောက်ထား၏။ အနီးကပ် လေ့လာကြည့်မည် ဆိုပါက ထိုသွင်ပြင် လက္ခဏာ တစ်ခုချင်းစီမှာ မူလဇုန်ကြီး ကိုးခု၏ အသေးစား သွင်ပြင်သဏ္ဌာန်များသာ ဖြစ်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
မူလ စစ်မြေပြင်နှင့် ဆက်စပ်မှု စစ်မြေပြင် အကြားတွင် သိသာထင်ရှားသည့် ကွဲပြားမှု ဟူ၍ နှစ်ခုသာ ရှိသည်။ ဆက်စပ်မှု စစ်မြေပြင်၏ အစွန်းများတွင် အလွန် ကျယ်ပြန့် ကြီးမားလှသည့် ခရမ်းရင့်ရောင်နှင့် ငွေရောင် အလင်း နံရံများ ရှိနေချိန်တွင် မူလဇုန်ကိုးခု စစ်မြေပြင်ကြီးကိုတော့ တိမ်စိုင်တိမ်လိပ်ကြီးများနှင့် အမှောင် ဟင်းလင်းပြင်တို့ကသာ ဝန်းရံထားပေသည်။
နောက်ထပ် ခြားနားမှု တစ်ခုကတော့ အလယ်ဗဟိုတည့်တည့် နေရာပင် ဖြစ်လေသည်။ ဆက်စပ်မှု စစ်မြေပြင်၏ အလယ်ဗဟို တည့်တည့်တွင် ဆယ့်သုံးမီတာ အမြင့်ရှိသည့် အနက်ရောင် ကျောက်တိုင် တစ်ခု ရှိပေသည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုကျောက်တိုင်ကို မြင်ပါက ၎င်းက သူ အိပ်မက်ထဲ၌ တွေ့မြင်ခဲ့ရသည့် ကျောက်တိုင်ပင် ဖြစ်ကြောင်း သတိထားမိသွားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် တိုက်တန်မျိုးနွယ်ဝင်များနှင့် အတူ တိုက်ပွဲဝင်ခဲ့သည့် နေရာမှာ မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် မြေပြန့် လွင်ပြင်ကြီး တစ်ခု ဖြစ်ကာ အမည်နာမည်အားဖြင့် ၎င်းကို မြေကြီးမိုးကုပ်စက်ဝိုင်းဇုန် ဟု ခေါ်၏။ ဆက်စပ်မှု စစ်မြေပြင်တွင်လည်း အလားတူ တူညီသည့် ပတ်ဝန်းကျင် တစ်ခု ရှိနေပေသည်။ ယနေ့ ထိုဇုန်ထက်ရှိ ဝေဟင် တစ်နေရာတွင် ပုံရိပ်တစ်ခုမှာ ဖျပ်ခဲ ပေါ်လာခဲ့၏။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ပေအနည်းငယ် အမြင့်မှ မာကြောသော မျက်နှာပြင်ထက်သို့ ပြုတ်ကျသွားသည်။ ထို့နောက်... ချောမွေ့စွာဖြင့် ဒူးတစ်ဖက် ထောက်လျှက် အနေအထားဖြင့် မြေပြင်ပေါ် ရောက်ရှိ သွားသည်။ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် မီးခိုးရောင် အလင်းမှာ လျှင်မြန်စွာပင် ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ကာ ပျောက်ကွယ် သွား၏။
“အဲဒါက ပျက်သုဥ်းခြင်း ဟင်းလင်းပြင် ဆိုတာလား...”
ဝေ့ဝူယင်၏ ပထမဆုံး အတွေးက ပတ်ဝန်းကျင် အသစ်ကို လေ့လာ စူးစမ်းရန် မဟုတ်ခဲ့ပဲ သူ ဖြတ်သန်းလာခဲ့သည့် ဟင်းလင်းပြင်ကိုသာ စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက်နေသည်။ ခရီးစဥ် တစ်လျှောက် မီးခိုးရောင် အလင်းတန်းက သူ့ကို အပြည့်အဝ ကာကွယ်ထားသည့်တိုင် အပြင်ကို ရှင်းလင်းစွာပင် ဖြတ်သန်း မြင်နိုင်ခဲ့သည်။ ထိုအရာက ထူးပြား ဆန်းကြယ်သည့် အတွေ့အကြုံတစ်ခုပင်။
ဟင်းလင်းပြင်ကို ဖြတ်သန်းနေစဥ် အတွင်း၌ အချိန်၊ တည်နေရာနှင့် အကွာအဝေးတို့ အပေါ် သူ၏ အာရုံ ခံစားမှုများမှာ လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ သူ၏ အာကာသ နာရီနှင့် ဟင်းလင်းပြင် သံလိုက်အိမ်မြှောင် တို့ပင် အလုပ်မလုပ်တော့ချေ။ အမှန်အတိုင်း ဝန်ခံရပါက နေ့တစ်နေ့ ဖြတ်ကျော်သွားပြီလား သို့မဟုတ် အချိန် တစ်စက္ကန့်မျှလား ဝေ့ဝူယင် ဝေခွဲနိုင်စွမ်း မရှိခဲ့ချေ။
ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် တစ်ဦး အနေဖြင့်ပင် ထိုအတွေ့အကြုံမျိုးကို ဝေ့ဝူယင် မည်ကဲ့သို့ ဖော်ပြရမှန်း မသိချေ။ ထိုအရာက အမှန်တကယ် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
“ဒါက ဘယ်နေရာလဲ...”
ဝေ့ဝူယင် ဒူးထောက်လျှက် အနေအထားမှ ထရပ်လိုက်၏။ သို့သော်လည်း ပတ်ဝန်းကျင်ကို မစူးစမ်း ရသေးခင်မှာပင် သူ့ ခန္ဓာကိုယ်ထက်ရှိ အနက်ရောင် သိုင်းဝတ်စုံက မီးခိုးရင့်ရောင် ဝတ်စုံ အဖြစ် ပြောင်းလဲ သွားကြောင်း အရင်ဦးဆုံး သတိထားမိလိုက်သည်။
“ဘာတုန်း...”
ဝေ့ဝူယင် သူ့အင်္ကျီကို ပြန်ထိကြည့်ရင်း အနည်းငယ် တုန်လှုပ်သွား၏။ ထိုအရာကို ကြယ်တာရာ အဆင့် ထိပ်တန်း ရတနာ တစ်ခုခုဖြင့် ပြုလုပ် ဖန်တီး ပြုလုပ်ထားဟန် ရသည်။ သာမန် ကြယ်တာရာ သခင် အဆင့်များပင် ထိုဝတ်စုံကို ထိခိုက်အောင် လုပ်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ နှိုင်းယှဥ်ရလျှင် ၎င်းက သူ့ ယခင် ဝတ်စုံထက် အများကြီး ပိုမို၍ ကောင်းပေသည်။
“ဒီဝတ်စုံကို ငါ အပိုင်ရတာလား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ အကယ်၍ သူ၏ မျက်လုံးများသာ ဖွင့်ထားပါက ထိုအထဲတွင် လောဘအရိပ်အငွေ့ အချို့ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် ငါ ဒီဟာကို အပိုင်ယူရမယ်”
တစ်ဖက်သတ် ဆုံးဖြတ်ချက်တစ်ခုကို လျှင်မြန်စွာပင် ချမှတ်လိုက်ပြီးနောက် ဝေ့ဝူယင် ပတ်ဝန်းကျင်ကို စတင်ကာ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဝိညာဥ်အာရုံက ဖြည်းညင်းစွာပင် အသက်ဝင်လာကာ စတင် ဖြန့်ကျက်သွား၏။ ချက်ချင်း ဆိုသလိုပင် သူ့မျက်ခုံးများမှာ တွန့်ကွေး သွားလေတော့၏။