← Chapters

ဆက်စပ်မှု စစ်မြေပြင်

Vol. 54 Ch. 747

ဆက်စပ်မှု စစ်မြေပြင်

Vol. 54 Ch. 747

ဝိညာဥ်အာရုံကို ဆန့်ထုတ်ရန် ကြိုးပမ်းလိုက်သည်နှင့် ဝေ့ဝူယင်မှာ ကြီးစွာသော အတားအဆီးများနှင့် ရင်ဆိုင် လိုက်ရလေသည်။ ဤနေရာရှိ ကန့်သတ်ချက်များက ဇုန်ကိုးခု စစ်မြေပြင်ထက်ပင် အဆပေါင်း သိန်းချီအောင်ပင် ပိုမို မြင့်မားလှ၏။ တကယ် ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။

ဝေ့ဝူယင် ကြယ်တာရာ ဝိညာဥ်သုံးခုကို ချိပ်ပိတ်ထားရာမှ ပြန်လည် ပယ်ဖျက်လိုက်ကာ ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် တွန်းပို့ လိုက်သည်။ သို့တိုင်အောင် ပတ်ဝန်းကျင် တစ်မီတာ ခန့်ကိုသာ သူ ဖြန့်ကျက်နိုင်စွမ်း ရှိခဲ့ပေသည်။

သို့သော်လည်း ဝေ့ဝူယင်ကို ပိုမို အံ့အားသင့်စေခဲ့သည့် တစ်စုံတစ်ရာ ရှိနေခဲ့ပေသည်။ ၎င်းက ကြယ်တာရာ ဝိညာဥ် လေးခုစလုံးထံမှ စွမ်းအင်များကို အကန့်အသတ်ထိ ရောက်အောင် ဖော်ထုတ်ထားသည့်တိုင် မည်သည့် နာကျင်မှုကိုမှ မခံစားရခြင်း ဖြစ်သည်။ ထိုအရာက အတော်လေး ထူးဆန်းသည်။ ဝေ့ဝူယင် မယုံကြည်နိုင်စွာပင် ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်လိုက်၏။

“ငါ့ခန္ဓာကိုယ်က သန့်စင် ပြီးသွားတာလား... ဘယ်တုန်းကလဲ...”

တစ်ခဏမျှ ကြာပြီးနောက် ဝေ့ဝူယင်၏ မျက်ခုံးများက တွန့်ကွေးသွား၏။ နားမလည်နိုင်စွာပင်... သူ၏ ကြွက်သားများ၊ အရိုးများ၊ ကိုယ်တွင်း အင်္ဂါနှင့် အသွေးအသား တစ်အောင်စချင်းစီမှာ သန့်စင်နေကာ တစ်ခါမှ မရောက်ဖူးသည့် အဆင့် တစ်ခုကို ရောက်ရှိ နေခဲ့ချေပြီ ဖြစ်သည်။

ထိုသန့်စင်မှုက အဝတ်အစား ပြောင်းလဲတုန်းက ဖြစ်ပျက်သွားခဲ့သလော။ ဤသို့ဆိုလျှင် သိပ်တော့ မကြာလောက် သေးချေ။

ဝေ့ဝူယင် အနည်းငယ် ကြက်သီးထသွားမိ၏။ ဟင်းလင်းပြင်ကို ဖြတ်သန်းနေစဥ် အတွင်း သူ အိပ်ပျော်သွားခဲ့သေးသလော။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ကြယ်တာရာ ဝိညာဥ် လေးခု၏ အကူအညီနှင့် အတူ သူက ကောင်းကင်တာအို၏ အချိန် အေးခဲမှုကိုပင် ကျော်ဖြတ်နိုင်သူ ဖြစ်သည်။ သူ မသိပဲ ဖြစ်ပျက်သွားဖို့ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ဝေ့ဝူယင် လုံးဝ နားမလည်နိုင်တော့ချေ။

“ခန္ဓာကိုယ်တင် မကဘူး... ကြယ်တာရာ အမြုတေရော...”

ရုတ်တရက်... အသိစိတ် ပင်လယ် အတွင်းတွင် ဧဒင်၏ အော်ဟစ်သံကို ဝေ့ဝူယင် ကြားလိုက်ရ၏။

“ငါလည်း အတူတူပဲ... အတူတူပဲ...”

အိုရီကလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ချွင်...”

ဘုရင်ထံမှ သဘောတူသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အံ့အားသင့်သွားကာ အလျှင်အမြန်ပင် စိတ်မျက်လုံးဖြင့် ကြယ်တာရာ အမြုတေများကို အကဲခတ်လိုက်၏။

၎င်းတို့မှာ မူလ အရွယ်အစားအတိုင်း ဆက်လက် ရှိနေဆဲသာ ဖြစ်သည့်တိုင် ယခင်ကထက် သိသိသာသာ ပိုမို အားကောင်းကြောင်း သူ ခံစားနိုင်ပေသည်။ ၎င်းက နားမလည်နိုင်သည့် တိုးတက်မှု တစ်ခုပင်။ ထိုအရာ အားလုံးက မည်သည့် အချိန်က ဖြစ်ပျက်သွားခဲ့သနည်း။ မည်သို့မည်ပုံ ဖြစ်သွားခဲ့သနည်း။

“ဘယ်လိုဖြစ်တာလဲ... ကျုပ် ဘာကိုမှ အာရုံခံ မရဘူး...”

ခရာတိုက မသေချာ မရေရာစွာ ရေရွတ်လိုက်၏။ ဟင်းလင်းပြင် နဂါးတစ်ကောင် အနေဖြင့် သူ၏ အာရုံခံနိုင်စွမ်းမှာ နားမလည်နိုင်သည့် အဆင့်တစ်ခုတွင် ရှိပေသည်။ အကယ်၍ ဆန္ဒ ရှိပါက လေထဲရှိ မော်လီကျူး တစ်ခုချင်းစီ၏ အပြောင်းအလဲကိုပင် သူ အာရုံခံနိုင်ပေသည်။ သို့သော်လည်း ထိုဖြစ်စဥ် တစ်ခုလုံး မည်သည့် မည်ပုံ ဖြစ်ပျက်သွားသည်ကိုတော့ သူ မသိသာ အမှန်ပင် ဖြစ်သည်။

ဝေ့ဝူယင် ဆက်လက် မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။ လောကကြီးမှာ နားလည်ရ အလွန် ခက်ခဲကာ လျှို့ဝှက် ဆန်းကြယ်သော အရာများဖြင့် ပြည့်နှက်နေကြောင်း သူ သိသည်။ ထိုပဟေဠိများကို အဖြေရှာရန် လုပ်နိုင်သည့် တစ်ခုတည်းသော အရာက တစ်လှမ်းချင်း ဖြည်းဖြည်းမှန်မှန် လှမ်းဖို့ပင် ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနစ် များစွာက ကြယ်တာရာ အမြုတေ အဆင့်များမှာ သူ့အတွက် အလှမ်း မမှီနိုင်သော နတ်ဘုရားများ သဖွယ် ဖြစ်ခဲ့သည်။ သို့‌သော်လည်း ယခုတွင်တော့ ထိုပုဂ္ဂိုလ်ကြီးများမှာ သူ့အမိန့်ကို နာခံရသည့် နောက်လိုက်များ ဖြစ်နေခဲ့ချေပြီ ဖြစ်လေသည်။

လက်ရှိ သူ ပိုင်ဆိုင်ထားသည့် အချက်အလက်များဖြင့် ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာက ထိုဖြစ်စဥ်ကြီး တစ်ခုလုံးက ဆက်စပ်မှု စစ်မြေပြင်၏ အကျိုးအမြတ် တစ်ခု ဖြစ်ဖို့များပေသည်။ ဝေ့ဝူယင် အသက်ကို ခပ်ဖြည်းဖြည်းချင်း ရှူသွင်းလိုက်၏။ ထို့နောက်... ပတ်ဝန်းကျင် လောကကြီးကို ‌လေ့လာ စူးစမ်းဖို့ အတွက် မျက်ခွံများအား ဖွင့်ရန် ပြင်လိုက်သည့် အချိန်မှာပင် ရွှင်မြူးစွာဖြင့် ချဥ်းကပ်လာသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

“အိုဟိုး... ဒီနေရာမှာ နောက်ထပ် တစ်ယောက် ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး.. ငါ့အတွက် ကံကောင်းတဲ့နေ့ပဲဟေ့... နောက်ပြီး အသစ်ကလေး ဖြစ်ပုံရတယ်... လုံးဝ ပြီးပြည့်စုံသွားပြီ”

“...”

ဝေ့ဝူယင် ခေါင်းကို အသံလာရာဘက်သို့ လှည့်လိုက်၏။ သူ၏ အမူအရာက ကွဲပြားမှု မရှိပဲ မူလကလိုပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

ဝေ့ဝူယင် ခေါင်းကို လှည့်လိုက်သည်နှင့် ခြေလှမ်းများမှာ ရပ်တန့် သွား၏။ သူက အကြမ်းဖျဥ်း ဝေ့ဝူယင်နှင့် မီတာ နှစ်ဆယ်ခန့် ကွာဝေးပေလိမ့်မည်။ နှစ်ဖက်စလုံး၏ အသက်ရှူသံများမှာ တည်ငြိမ်သွား၏။

ဝေ့ဝူယင်မှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးနေသည့် စူးစူးရှရှ အကြည့်များကို ခံစားလိုက်ရသည်။ အချိန်ကြာလာသည်နှင့် အမျှ လေထုထဲသို့ စိမ့်ဝင် ပျံ့နှံ့လာသည့် သွေးရနံ့ကို သူ ခံစားလိုက်ရသည်။

“မင်းက အသစ်တစ်ယောက်နဲ့ မတူဘူး...”

အသံပိုင်ရှင်က နောက်တစ်ကြိမ် ပြောလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ရွှင်မြူးသော အငွေ့အသက်များ နေရာတွင် ‌လေးနက်မှုများက အစားထိုး သွားခဲ့ပြီ ဖြစ်သည်။ အသံကြိမ်နှုန်းက နိမ့်လည်း မနိမ့် မြင့်လည်း မမြင့်သည့်တိုင် ယောက်ျားသံ တစ်ခု ဖြစ်တာတော့ သေချာသည်။

"မင်းကို ကြည့်ရတာလည်း သေချင်နေတဲ့ပုံတော့ မရပါဘူး”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။ သူ၏ လေသံနှင့် စကားလုံးများက ထိုပုဂ္ဂိုလ်၏ ဖြစ်တည်မှု တစ်ခုလုံးကို လုံးလုံး ဂရုမစိုက်သည့်ပုံ ရသည်။

လောလောဆယ်၌ ဆက်စပ်မှု စစ်မြေပြင်နှင့် ပတ်သက်၍ မည်သည့် အချက်အလက်မှ သူ့ထံတွင် မရှိသလို ၎င်း၏ ပန်းတိုင်ကိုပင် သူ မသိချေ။ သူ မည်သူ့ကိုမှ မယုံကြည်နိုင်သလို ထိုပုဂ္ဂိုလ်တွင်လည်း မည်သည့် ရည်ရွယ်ချက် ရှိမှန်း မသိရချေ။

ဤသည်က စစ်မြေပြင် ဖြစ်သည်။ ထို့ကြောင့် အချို့ သဘောတရားများကို ကိုယ်တိုင် ရှင်းယူ၍ ရပေသည်။ ယေဘုယျအားဖြင့် စစ်မြေပြင်၌ ဗဟို အယူအဆ နှစ်ခုသာ ရှိသည်။ တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းတို့ပင်။ ထိုပုဂ္ဂိုလ်၏ အစောပိုင်း စကားလုံးများနှင့် လေထုထဲသို့ စိမ့်ဝင် ပျံ့နှံ့နေသည့် သွေးရနံ့တို့က စကားလုံးများ မလိုပါချေ။

“မင်းက ဘာကို ဆိုလိုချင်တာလဲ...”

အသံက တဖြည်းဖြည်း နက်ရှိုင်းလာကာ ရန်လိုမှုနှင့် ရက်စက်မှုတို့ကို သယ်ဆောင်ထားသည်။ စက္ကန့်တို့ တိတ်တဆိတ် ဖြတ်သန်းသွားတိုင်း သွေးနံ့များက ပိုမို ထူထဲလာ၏။ လေထု၏ တင်းမာမှုက ပိုမို ပြင်းထန် လာသည်။ အကယ်၍ ထိုဖြစ်စဥ်တစ်ခုလုံးကို စကားလုံး အချို့ဖြင့် ဖော်ပြရမည် ဆိုပါက သွေးထွက်သံယို အနိဋ္ဌာရုံ တိုက်ပွဲတစ်ခု၏ ရှေ့ပြေး လက္ခဏာ ရပ်များပင်။

"..."

ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ သူ၏ စိတ်တစ်ခုလုံးကတော့ များစွာသော အတွေးများနှင့် ပြည့်နှက် နေသည်။ ဤဆက်စပ်မှု စစ်မြေပြင်မှာ မူလစစ်မြေပြင်နှင့် လုံးဝ ခြားနားသည့် နေရာတစ်ခု ဖြစ်သည်။

ပထမ... ဤနေရာရှိ စိတ်၊ ရုပ်နှင့် ဝိညာဥ်တို့ အပေါ် ကန့်သတ်မှုက ပြင်ပကထက် အဆ သောင်းချီ ပိုမို မြင့်မားသည်။ ကြယ်တာရာ ဝိညာဥ် လေးခုစလုံး၏ အကူအညီဖြင့်ပင် သူ ဝိညာဥ်အာရုံကို တစ်မီတာ ပတ်လည်သာ ဖြန့်ကျက်နိုင်သည်။

ဒုတိယ အနေဖြင့် သူ၏ ခန္ဓာမှာ အကန့်အသတ်ထိ ရောက်အောင် တိုးမြှင့်ခံထားရသည်။ အကယ်၍ သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက ထိုအရာက ပမွှား ဖြစ်ရပ် တစ်ခုသာ ဖြစ်သော်လည်း... သူက ကြယ်တာရာ ဝိညာဥ် လေးခု၊ ဟင်းလင်းပြင် နဂါး နှလုံးသားနှင့် အစစအမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်တွင် ရုပ်ခန္ဓာကိုယ်ကို ထိုမျှ‌လောက် အဆင့်ထိ သန့်စင်၍ ရလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ထိုအရာက အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်။

တတိယ အားဖြင့်...

ဝေ့ဝူယင်၏ အတွေး မဆုံးသေးခင်မှာပင် ရန်လိုမှု၊ သတ်ဖြတ်လိုမှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“မင်းက ငါမေးတာကို လျစ်လျူရဲတယ်ပေါ့လေ... ငါ့ကို လေလို့ ထင်နေတာလား...”

ဝေ့ဝူယင်က သူ့မေးခွန်းကို ပြန်မဖြေချေ။ ထို့အစား တန်ပြန် မေးခွန်းတစ်ခုသာ ထုတ်လိုက်၏။

“မင်းက ငါ့မဟာမိတ် မလို့လား...”

အသံအနိမ့်အမြင့် အရ... ထိုအသံပိုင်ရှင်မှာ တိုက်တန် တစ်ယောက် မဖြစ်နိုင်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ ၎င်းက လူသား တစ်ယောက် ပိုမို ဖြစ်နိုင်ချေ ရှိသည်။

“ဘာ... မဟာမိတ် ဟုတ်လား...”

အသံက အနည်းငယ် တိုးသွားကာ ယောင်ဝါးဝါး ဖြစ်သွား၏။ ဝေ့ဝူယင် ဆိုလိုသည့် အရာကို နားမလည်သည်မှာ ထင်ထင်ရှားရှားပင်။

"...”

သူတို့ နှစ်ယောက် အကြားတွင် အချိန် အတန်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက်... တဟားဟား ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

“မင်းက လူသစ်တစ်ယောက်ပဲ...”

အသံက အတိအကျပင် ဆိုလိုက်၏။ ခြေသံများက ပေါ့ပေါ့ပါးပါးရှင် ရှေ့ဆက်တိုးလာကာ ကမ္ဘာမြေကြီးနှင့် ပွတ်တိုက်၍ တရှပ်ရှပ် အသံများထွက်ပေါ်လာသည်။ အသံပိုင်ရှင်မှာ တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်တော့မည် ဖြစ်ကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။

ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ရှိနေ‌သေးဆဲ ဖြစ်သည်။ သူက အသံလာရာကို မျက်နှာမူကာ အသာအယာပင် ပြုံးလိုက်၏။

“မင်းက ဘာလို့ အဲဒီလို ထင်တာလဲ...”

“တော်လောက်ပြီ...”

အသံပိုင်ရှင်က ရန်လိုစွာဖြင့် အော်ငေါက်လိုက်၏။

“မင်းက ငါ့ဆီက စကားနှိုက်လို့ ရမယ် ထင်နေတာလား... ငါ့ကို သောက်ရူး ထင်လို့လား... သေလိုက်တော့...”

စကားဆုံးသည်နှင့် ခြေလှမ်းများက ပိုမို လျှင်မြန်ကာ အနားသို့ ရောက်ရှိလာသည်ကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ တစ်ဆက်တည်းပင် သတ္တုတစ်ခု လေထုအား ထွင်းဖောက်လာသည့် အသံကို သူ နီးကပ်စွာ ကြားရလေ၏။

All Chapters