← Chapters

ကွမ်ယု

Vol. 54 Ch. 748

ကွမ်ယု

Vol. 54 Ch. 748

ဝှစ်...

ဝေ့ဝူယင် တည်ငြိမ်စွာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ လက်နက်မှာ သူ့ လည်ပင်း နံဘေးမှ နေ၍ ပွတ်သပ်ထွက်သွားကာ လေထုကို ရှပ်၍ ရိုက်ခတ်လာသည့် လှိုင်းများကိုပင် ခံစားလိုက်ရသည်။

ဝေ့ဝူယင် အလျှင်အမြန်ပင် ဝိညာဥ်အာရုံကို အကန့်အသတ်ထိ ရောက်အောင် ဖော်ထုတ်ကာ ထိုလက်နက်နှင့် ပတ်သက်သည့် အချက်အလက်များကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ ထိုအရာက ရှည်လျားသော အသွားနှစ်ဖက်ပါ အနက်ရောင် လက်နက် တစ်ခု ဖြစ်သည်။ ၎င်း၏ အသွားနှင့် ထိပ်ဖျားတွင်တော့ သွေးစ သွေးန အချို့ ဖုံးလွှမ်းနေ၏။

လက်နက် တိုးဝင်လာသည့် ရှု့ထောင့်နှင့် အလျားတို့ကို တွက်ချက်ကာ တိုက်ခိုက်လိုက်သူ၏ ယေဘုယျ တည်နေရာကို ဝေ့ဝူယင် ခန့်မှန်းလိုက်သည်။ ထို့နောက် လျှင်မြန်စွာပင် ရှေ့သို့ ခြေတစ်လှမ်း ပြန်တိုးကာ ညာဘက် လက်သီးကို ဆန့်ထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုက အလွန်ပင် ချောမွေ့ လျှင်မြန်လွန်းလှလေရာ ထိတ်လန့် တုန်လှုပ်သွားသည့် အသံတစ်ခုကို ကြားလိုက်ရ၏။

လက်သီးက သူနှင့် ဆင်တူ ဝတ်စုံ ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် ပေါ်သို့ ကျ‌ရောက်သွားသယောင် ဝေ့ဝူယင် ခံစားလိုက်ရသည်။ သို့သော်လည်း... လက်သီးချက်မှ သယ်ဆောင်လာသည့် ခွန်အားက ကြမ်းတမ်း ခက်ထန်စွာပင် အတွင်းပိုင်းဆီသို့ ဆက်လက် တိုးဝင်သွားသည်။

ရင်ဘတ်ရှိ နံရိုး လှောင်အိမ်နှင့် မာကြောသော အသွေးအသားများမှာ လက်သီးချက်ကို ကာကွယ်ရန် ကြိုးစားကြသည့်တိုင် ၎င်းတို့သည်လည်း ဝတ်စုံ ကဲ့သို့ပင် တစ်ခဏအတွင်း ကျိုးပျက် သွား၏။

ဘုန်း...

လက်သီးက ရန်သူ၏ ရင်ဘတ်ကို ဖောက်ထွက်ကာ အတွင်းပိုင်း အထိ တိုးဝင်သွား၏။ လက်ဆစ်များ၏ အဆုံးသတ်နှင့် ထိတွေ့နေသည့် ကိုယ်တွင်း အင်္ဂါများကိုပင် ဝေ့ဝူယင် ခံစားလိုက်ရသည်။

“အား...”

နာကျင်သည့် အော်ဟစ်သံ တစ်ခုနှင့် အတူ သွေးများမှာ နှုတ်ခမ်းဖျားမှ ဖွာလန်ကြဲ ထွက်လာ၏။ သွေးစသွေးနများက ဝေ့ဝူယင်၏ မျက်နှာကိုပင် ပေကျံစင်သွားသည်။ သို့သော်လည်း သူက ရပ်တန့်ခြင်း မပြုပဲ ရှေ့သို့ ဆက်တိုးကာ ထိုခန္ဓာကိုယ်ဆီသို့ နောက်ထပ် လက်သီးချက် တစ်ခု ပို့လွှတ်လိုက်၏။

ဘုန်း...

မာကြောသော မြေပြင်ပေါ်သို့ ခန္ဓာကိုယ် တစ်ခု လဲကျသွားသည့် အသံနှင့် လျှောတိုက်သွားသည့် အသံများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာ၏။

“ဂစ်... ဘယ်... ဘယ်လို လုပ်ပြီး...”

အသက်ရှူ လမ်းကြောင်းထဲ သွေးများ ပြည့်လျှံနေရင်းကပင် မယုံကြည်နိုင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က ထိုအသံကို ကြားပုံပင် မရကာ သူ့လက်သီးကိုသာ အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ လက်သီးတွင် ပေကျံနေသည့် သွေးများနှင့် အညှိအချွဲများကို သုတ်ပြီးမှသာ သူက ရုန်းကန်ကာ မတ်တပ်ရပ်ရန် ကြိုးပမ်းနေသည့် အသံရှင်ဘက်သို့ လှည့်လိုက်၏။

“ဒီတော့ ငါ့ယူဆချက်တွေက မှန်နေတာပေါ့... အံ့အားသင့်စရာပဲ...”

ဝေ့ဝူယင် မှတ်ချက်ချလိုက်သည်။ သူ၏ ရုပ်ခန္ဓာမှာ ကြယ်တာရာ အမြုတေ အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိ နေချေပြီ ဖြစ်သည်။ ထိုအဆင့်က အခြား ကျင့်ကြံသူများ အတွက် ထူးမခြားနား ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် အစစ်အမှန် နဂါး သွေးမျိုးဆက်ကြောင့် သူ့ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်က ပိုမို တိုးမြင့်လာရာ လုံးဝ ခြားနားသည့် အားသာချက် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုပုဂ္ဂိုလ် မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် မသိပါချေ။ သို့သော်လည်း ဤဆက်စပ်မှု စစ်မြေပြင်တွင်တော့ သူက ရန်သူ တစ်ယောက်ဖြစ်တာ ထင်ရှားပေသည်။ ထို့အပြင်... ၎င်းပုဂ္ဂိုလ်မှာ ဆက်စပ်မှု စစ်မြေပြင်၏ ရည်ရွယ်ချက်ကို သိထားသူ တစ်ယောက် သို့မဟုတ် ဤနေရာ၌ သူ့ထက် ကာလရှည်ကြာ နေခဲ့သူ တစ်ယောက် ဖြစ်ပုံ ပေါ်သည်။ သို့ဖြစ်လေရာ လက်မလွှတ်သင့်သည့် သတင်းရင်းမြစ် တစ်ခုဆိုလည်း မမှားပါချေ။

သို့သော်လည်း ကံမကောင်းတာ တစ်ခုက ထိုအခိုက်အတန့်တွင် အဂ္ဂိရတ် ဧဒင် အင်အား အပါအဝင် သူ၏ အင်အားအားလုံး ပိတ်ပင် တားဆီး ခံထားခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ လွယ်ကူစွာပင် ထိုပုဂ္ဂိုလ်၏ မှတ်ဉာဏ်များကို ထွင်းဖောက်ကာ စစ်ဆေး နိုင်လိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်က အသံရှင် ရှိရာဘက်ကို မျက်နှာမူရင်း အသာအယာ ပြုံးလိုက်၏။

“ငါမေးတာကို ကောင်းကောင်းဖြေမယ် ဆိုရင် မင်းကို မသတ်ဖို့ စဥ်းစားပေးမယ်... ဒါပေမဲ့ အဲဒါကလည်း မင်းဆီက အချက်အလက်တွေ ဘယ်လောက် မှန်ကန်သလဲ၊ ငါ့အတွက် အသုံးဝင်သလဲ ဆိုတဲ့ အပေါ်လည်း မူတည် သေးတာပေါ့လေ”

“...”

အသံပိုင်ရှင်မှာ တိတ်ဆိတ်နေ၏။ အနည်းငယ် အလှမ်း ကွာဝေးနေသေးသည့်တိုင် ကျယ်လောင်သည့် အသက်ရှူသံများကို ဝေ့ဝူယင် ကြားနေရသည်။ အတန်ကြာပြီးနောက် ဝေ့ဝူယင်က တိတ်ဆိတ်မှုကို နောက်တစ်ကြိမ် ချိုးဖျက်လိုက်၏။

“ဆိုတော့ကာ မင်းက လူသား တစ်ယောက်ပေါ့...”

တိုက်ပွဲအတွင်း၌ ဝေ့ဝူယင် သူ့ကို ဝိညာဥ်အာရုံဖြင့် မြင်တွေ့ခဲ့ရပြီး ဖြစ်လေသည်။ သူက အသက် ငါးပေ၊ ခြောက်လက်မခန့် မြင့်ကာ ခိုင်မာ တောင့်တင်းသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ အသားအရေကတော့ အနည်းငယ် အညို‌ရောင်သမ်းနေကာ ပခုံးကျော်ထိ ရောက်သော ဆံပင်များက ကြက်သွေးရောင်ဖြင့် စပ်ထား၏။ နီညို‌‌ရောင် မျက်လုံး၊ ခပ်ချွန်ချွန် မေးစေ့တို့နှင့် အတူ သူက ထူးချွန်ထက်မြက်သည့် ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အသံရှင်က မျက်လုံးကိုများကို ကျဥ်းမြောင်းလိုက်ရင်း ဝေ့ဝူယင်ကို ပြန်လည် စိုက်ကြည့်ကာ လေ့လာလိုက်၏။

“ဆိုတော့ကာ မင်းက မျက်မမြင်ပေါ့...”

သူက ဝေ့ဝူယင် စကားအတိုင်းပင် တန်ပြန် မေးခွန်းထုတ်လိုက်၏။ စတင် ရောက်ရှိသည့် အချိန်ကတည်းက ဝေ့ဝူယင် မျက်လုံး တစ်ကြိမ်မှ မဖွင့်သည်ကို သူ သတိထားမိပြီး ဖြစ်သည်။ ထိုလူငယ်မှာ အကြား၊ အနံ့ စသည်ဖြင့် အခြား အာရုံများကို အထူးပြုကာ ကျင့်ကြံနေသူ တစ်ယောက်လော သူ သိချင်မိသည်။

“အဲဒီလို ပြောလို့လည်း ရပါတယ်...”

ဝေ့ဝူယင်က ပခုံးတစ်ချက် တွန့်ပြလိုက်သည်။

“ဒါနဲ့ မင်း နာမည်က ဘယ်သူလဲ...”

“အဲဒါက အရေးပါလား...”

ယောက်ျားက ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်၏။ သို့သော်လည်း သူ့အသံက ပျော့ပျောင်းကာ ထိပ်တိုက် ရင်ဆိုင်လိုခြင်း ကင်းမဲ့နေသည်။

“မင်းက ဘာလို့ ဆက်ဆံရ ခက်ခဲနေရတာလဲ... ပျော်စရာ မကောင်းဘူးလား”

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုလူက အတော်လေး ပြောရဆိုရ လက်ပေါက်ကပ်လွန်းသည်။ အကယ်၍ သူသာ ဧဒင်အင်အားကို သုံးနိုင်ပါက ထိုမျှ စိတ်ရှည် မနေပဲ အသိစိတ် ပင်လယ်ကို တန်းကာ ရှာဖွေမိလိမ့်မည် ဖြစ်သည်။

“ခက်ခဲတယ် ဟုတ်လား... မင်းက ငါ့ကို မိန်းမလို့ ပြောလိုက်တာလား...”

လူကြီးမှာ အနည်းငယ် ဒေါသထွက်လာပုံ ရ၏။ ဝေ့ဝူယင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အငွေ့အသက် အချို့ ဖြစ်ပေါ်လာကာ ခေါင်းခါလိုက်သည်။

“ဆက်ဆံရ ခက်ခဲတာက ယောက်ျား မိန်းမနဲ့ မဆိုင်ပါဘူး... ဥပမာ ခင်‌ဗျားကို ကြည့်... ဗလတောင့်တောင့် မုတ်ဆိတ် နှုတ်ခမ်းမွေးနဲ့ ယောက်ျား ရင့်မာကြီး... ဒါပေမဲ့ ဒီစစ်မြေပြင်မှာ ခင်ဗျားလောက် ဘယ်သူမှ ဆက်ဆံရတာ လက်ပေါက် မကပ်ဘူး... ကျုပ် ယောက်ျားတွေရော မိန်းမတွေနဲ့ရောပါ ဆက်ဆံပြီးပြီ... အနည်းဆုံး သူတို့က မေးခွန်းမေးရင် ဘယ်လို ပြန်ဖြေသင့်တယ် ဆိုတာ သိကြတယ်”

“...”

လူကြီးမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက်မှ သူက ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကျုပ်နာမည် ကွမ်ယု... ခင်ဗျားကရော”

"ဝေ့ဝူယင်...”

ကွမ်ယု၏ အမူအရာကို အတိအကျ မမြင်နိုင်သည့်တိုင် တင်းမာနေသည့် လေထု၏ အခြေအနေကတော့ သိသိသာသာ ပျော့ပျောင်းသွားကြောင်း ခံစားနိုင်ပေသည်။ ထို့ကြောင့် သူ ဆက်စပ်မှု စစ်မြေပြင်နှင့် ပတ်သက်သည့် မေးခွန်းများကို စတင် မေးမြန်းလိုက်တော့၏။

စစ်မြေပြင်နှင့် ပတ်သက်၍ ဝေ့ဝူယင်တွင် အသိပညာ ဗဟုသုတ မည်မျှ ကင်းမဲ့နေကြောင်း သိလိုက်ရရာ ကွမ်ယုမှာ အံ့သြဆွံ့အ၍ပင် သွားခဲ့၏။ နောက်တစ်ကြိမ် မေးခွန်းများကို ဖြေရန် အတွက် ဝေ့ဝူယင်မှာ အတော်လေးပင် တွန်းအား ပေးလိုက်ရသည်။

ကွမ်ယုမှာ အတော်လေး ငြီငြူးဖွယ် ကောင်းလှသည့်တိုင် ဆက်စပ်မှု စစ်မြေပြင်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ကြွယ်ဝသူ တစ်ယောက် ဖြစ်သည်။ ဆက်စက်မှု စစ်မြေပြင်မှာ ပင်မ စစ်မြေပြင်နှင့် တူညီခြင်း မရှိချေ။ ၎င်းက ထာဝစဥ် အသက်ဝင်နေ၏။ ထို့အပြင် ၎င်းက စစ်တပ်တစ်ခု စစ်မြေပြင်မျိုး မဟုတ်ချေ။ တစ်ဦးတစ်ယောက်ချင်းစီ အတွက်သာ ဖြစ်သည်။

ကွမ်ယု၏ ပြောစကား အရဆိုလျှင် ဆက်စပ်မှု စစ်မြေပြင်သို့ ဝင်ရောက်လာသူများမှာ အခြေအနေ နှစ်မျိုးဖြင့် ထွက်ခွာနိုင်ပေသည်။ ထိုအရာက စစ်ကျောက်တိုင် လေ့လာခွင့် အရည်အချင်း ပြည့်မှီပြီးလျှင် ဖြစ်နိုင်သလို လုံလောက်သည့် စစ်ဝိညာဥ်များ စုစည်းပြီးလျှင်လည်း ဖြစ်နိုင်ပေသည်။ ထိုအရာက ပင်မ စစ်မြေပြင်တွင် အိမ်ပြန်ခွင့် အတွက် စစ်ဝိညာဥ် ဆယ်ခုနှင့် လဲလှယ်ရခြင်းမျိုးနှင့် ဆင်တူပေသည်။

သို့သော်လည်း... ဤစစ်မြေပြင်တွင် စစ်ဝိညာဥ် လိုအပ်ချက်ကတော့ ပိုမို များပြားကာ စုစုပေါင်း တစ်ထောင်တိတိ ဖြစ်သည်။ ပင်မ စစ်မြေပြင်နှင့် ယှဥ်လျှင် ၎င်းက အဆတစ်ရာ ဖြစ်သည်။ အကယ်၍ လိုအပ်ချက် ပြည့်မှီ၍ အိမ်ပြန်လိုပါက စစ်မြေပြင်၏ အစွန်းဘက်သို့ သွားကာ ဆက်စပ်မှု နံရံများနှင့် တိုက်ရိုက် ချိတ်ဆက်လိုက်ရုံသာ ဖြစ်သည်။

သို့သော်လည်း... စစ်ကျောက်တိုင်ကို လေ့လာခွင့်ကတော့ အလွန်အမင်း ခက်ခဲလွန်းလှသည်။ ၎င်းကို လေ့လာရန် အတွက် စစ်သည် တစ်ယောက်မှာ အင်အား တစ်သောင်း ပါဝင်သည့် စစ်တပ်ကြီး တစ်ခုကို အနိုင်ယူရလိမ့်မည် ဖြစ်သည်။ ထိုစစ်သည်များက အစစ်အမှန် လူများတော့ မဟုတ်ပါချေ။ အလွန်အမင်း သန်မာသည့် ပုံရိပ်ယောင်များသာ ဖြစ်ပေသည်။

ကွမ်ယု၏ အဆိုအရဆိုလျှင် စစ်ကျောက်တိုင်ကို လေ့လာခွင့်အတွက် ထိုစစ်တပ်ကြီးကို အနိုင်ယူရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပါချေ။ ထိုကဲ့သို့ အောင်မြင်သွားသူ ဟူ၍လည်း သူ ကြားပင် မကြားဖူးချေ။

ထို့ကြောင့်ပင် ဤနေရာ၌ စစ်သည်တော်များမှာ တစ်ယောက်ကို တစ်ယောက် အမဲလိုက်ကြခြင်းသာ ဖြစ်သည်။ သူတို့မှာ ဤနေရာမှ လွတ်မြောက်ခွင့် ရရန် အတွက် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ကာ စစ်ဝိညာဥ်များကို စုဆောင်းကြသည်။ မဟုတ်လျှင် ကျင့်ကြံခြင်း ရင်းမြစ် ခမ်း‌ခြောက်ကာ အဖက်ဖက်မှ အစွမ်းရောက်လွန်းသည့် ဤနေရာတွင် သူတို့ လျှင်မြန်စွာ အိုမင်းကာ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

“ပထမ နည်းလမ်းက ဘာလို့ မဖြစ်နိုင်တာလဲ...”

ဝေ့ဝူယင်က မေးလိုက်၏။ ကွမ်ယုက ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။ သူ၏ ထူးဆန်းသည့် မျက်နှာ အမူအရာက “ဒါလေးတောင် နားမလည်ဘူးလား” ဟု မေးနေသယောင်ပင်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ဝေ့ဝူယင်မှာ မျက်လုံးကန်းနေသူ တစ်ယောက် ဖြစ်ရာ သူ့အမူအရာကို မမြင်နိုင်ကြောင်း သဘောပေါက် သွား၏။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း စိတ်ရှည်စွာပင် အဖြေပေးလိုက်သည်။

“စစ်သား တစ်ယောက်ချင်းစီက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နဲ့ ညီမျှတယ်... အတုအယောင် ကျင့်ကြံသူတောင် မဟုတ်ဘူးနော်... တကယ့် အစစ်အမှန် လျှို့ဝှက် ဝိညာဥ် အဆင့်... အချို့ဆိုရင် ပိုပြီးတောင် မြင့်မားသေးတယ်... သူတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်းကို မာကြောတဲ့ အပြင် လျှို့ဝှက် အဆင့် လက်နက်တွေ၊ သံချပ်ကာတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်... ပြီးတော့ အရေအတွက်က တစ်သောင်းနော်...”

“ဒါပေမဲ့ ငါတို့ စစ်သည်တော်တွေ အားလုံးက ကြယ်တာရာ အဆင့် လက်နက်နဲ့ ဝတ်စုံတွေကိုပဲ တတ်နိုင်တဲ့ သေမျိုးတွေလေ... ကဲ မင်းပဲ တွေးကြည့်တော့... ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ...”

အဆုံးသတ်နား၌ ကွမ်ယု၏ အသံက မခံချင်စိတ်ဖြင့် အနည်းငယ် တင်းမာသွား၏။ ဝေ့ဝူယင်ကတော့ ဘာမှ ပြန်မပြောနိုင်ပဲ တစ်ခဏမျှ တိတ်ဆိတ် သွားတော့သည်။

All Chapters