လောကရှန့်ထို အဆင့်အတွက် လျှို့ဝှက်ချက်
Vol. 54 Ch. 749
“ဒီနေရာကို လျှို့ဝှက်အာဏာရှင် အဆင့်တွေရော မဝင်ကြဘူးလား...”
အကယ်၍ ထိုစစ်တပ်ကြီး တစ်ခုလုံးကို လျှို့ဝှက် အာဏာရှင် အဆင့်နှစ် လျှို့ဝှက် ဝိညာဥ်အဆင့်များဖြင့် ဖွဲ့စည်းထားသည် ဆိုလျှင် အပြင်လောကမှ လျှို့ဝှက် အာဏာရှင် အဆင့်များလည်း ဝင်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေ ရှိပေသည်။
“ဟဟ... ဆုတောင်းလေ... ဘယ် အဆင့်နိမ့် လျှို့ဝှက် အာဏာရှင်မှာ ဒီကို ဝင်ဖို့ လမ်းကြောင်း ရှိမှာလဲ”
ကွမ်ယုက ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်၏။ သူ့အတွက် ဝေ့ဝူယင်၏ မှတ်ချက်စကားက အတော်လေး ရယ်စရာ ကောင်းနေပုံပင်။
"အဆင့်နိမ့် လျှို့ဝှက် အာဏာရှင် အဆင့် ဟုတ်လား...”
ဝေ့ဝူယင်က နားမလည်စွာ မေးလိုက်၏။ ကျင့်ကြံခြင်း လမ်းစဥ်နှင့် ပတ်သက်၍ ယွမ်ယုတို့ ကမ္ဘာမှ စံချိန်စံနှုန်းများ အကြောင်းကို သူ နားမလည်သေးချေ။ ထိုအရာက ဝမ်ယုထျန်း ပြောပြသည့် ယူဆချက်များနှင့် တူ မတူကိုပင် သူ မသေချာပါချေ။ မည်သို့ပင် ဆိုစေ... ဝမ်ယုထျန်းမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်များကို အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်ဟု သတ်မှတ်ခဲ့သည် မဟုတ်ပါလား။ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် ကျင်းကျူးတို့ ကြယ်တာရာ နယ်မြေတွင်တော့ တူညီသည့် စံချိန်စံနှုန်းများ ရှိပေသည်။
“ဟုတ်တယ်... အဆင့်နိမ့် လျှို့ဝှက် အာဏာရှင် အဆင့်... အဆင့်တစ်ကနေ အဆင့်သုံး အထိကို ပြောတာ... အဲဒီ အဆင့်တွေကိုပါ မသိဘူးလို့တော့ လာမပြောနဲ့နော်”
ကွမ်ယုက သံသယ ဝင်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထိုလူငယ်က ဗဟုသုတက အဘယ်ကြောင့် ထိုမျှ နိမ့်ပါး နေရသနည်း။ သို့သော်လည်း... ထိုအရာက အဓိပ္ပာယ် မရှိချေ။ စစ်ပွဲ၏ စစ်သည်တော် ဘွဲ့ထူး ချီးမြှင့် ခံရသူတိုင်းမှာ အခိုက်အမာ တည်ဆောက်ထားသည့် မိသားစု၊ မျိုးနွယ်၊ ဂိုဏ်းများမှ ထိပ်တန်း တိုက်ခိုက်ရေး သမားများသာ ဖြစ်သည်။
ဆက်စပ်မှု စစ်မြေပြင်၏ စစ်သည်တော် တစ်ယောက် ဖြစ်လာရန် အတွက် ပင်မ စစ်မြေပြင်တွင် စစ်ဝိညာဥ် ၁၀၀ ကို စုစည်းရမည့် အပြင် အနည်းဆုံး ထိပ်တန်း ကုသိုလ် သုံးခုကိုပါ ပိုင်ဆိုင်နိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့်ပင် သူတို့မှာ ပင်မ စစ်မြေပြင်၌ တစ်ကြိမ်ထက် ပိုမို၍ လွတ်မြောက်ခဲ့ကြဖူးသူများ ဖြစ်ပေသည်။ ထိုလိုအပ်ချက်များကိုပင် ကျော်ဖြတ်နိုင်ခဲ့ပြီးမှ အဆင့်နိမ့် လျှို့ဝှက် အာဏာရှင် အဆင့်ကို မသိခြင်းမှာ အဓိပ္ပာယ် မရှိပါချေ။
ကွမ်ယုက စိတ်ရှည်လက်ရှည်ပင် ဝေ့ဝူယင်ကို ဆက်လက်၍ ရှင်းပြလိုက်၏။ သူ၏ အဆိုအရ ဆိုလျှင်... လျှို့ဝှက် အာဏာရှင် အဆင့်များသည်လည်း ဤနေရာသို့ ဝင်ရောက်ရန် အတွက် စစ်ဝိညာဥ်များနှင့် ထိပ်တန်း ကုသိုလ်များကို စုစည်းရမည် ဖြစ်သည်။ သို့သော်လည်း လိုအပ်ချက်ကတော့ ပိုမို များပြားလှကာ စစ်ဝိညာဥ် ၁၀၀၀၀ နှင့် ကုသိုလ် ခုနစ်မျိုး ဖြစ်သည်။ ထို့အပြင် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သေမျိုးများကို သတ်ဖြတ်ခြင်းဖြင့် မည်သည့် စစ်ဝိညာဥ်ကိုမှ ရရှိလိမ့်မည် မဟုတ်ပဲ သူတို့နှင့် ကျင့်ကြံခြင်း အခြေခံ တူသူများကိုသာ သတ်ဖြတ်ရလိမ့်မည် ဖြစ်သည်။
စစ်ပွဲအတွင်း၌ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ တူညီသည့် အရေအတွက် ဂဏန်းဖြင့်သာ ပါဝင်ခွင့် ရလေရာ စစ်ဝိညာဥ် စုဆောင်း ရရှိဖို့ အလွန်ပင် ခက်ခဲပေသည်။ အကယ်၍ တပ်ရင်း တစ်ခုတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက် ပါဝင်သည် ဆိုလျှင် အခြား တပ်ရင်း တစ်ခုတွင်လည်း တူညီသည့် အရေအတွက် အတိုင်း ပါဝင်ရမည် ဖြစ်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့်၊ လျှို့ဝှက် ဝိညာဥ် အဆင့်များ အတွက်လည်း အလားတူပင် ဖြစ်လေသည်။
သို့သော်လည်း သေမျိုး စစ်တပ်များကတော့ အရေအတွက်ချင်း များစွာ ခြားနားမှု ရှိပေသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တပ်ရင်းမှူး တစ်ဦး ဦးစီးသည့် စစ်တပ်တွင် တပ်စိတ်ပေါင်း ၃၀၀ နှ၍့် စစ်သည် ၁၀၀၀ ပါဝင်ခွင့် ရှိပေသည်။ မျိုးနွယ်စုများမှာ သူတို့ မည်သူ့ထံ၌ စစ်မှုထမ်းမည်ကို ရွေးချယ်နိုင်သည်။ လျှို့ဝှက်ဝိညာဥ် ယောက်ချင်းစီက တပ်ပေါင်းစု တစ်ခုကို ဦးဆောင်ခွင့် ရရှိသည်။
ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် တိုက်တန်မျိုးနွယ်ဝင်များမှာ အတွင်းပိုင်း ပဋိပက္ခများစွာ ဖြစ်ပွားနေကာ မွေးနှုန်းကျဆင်းခြင်း ကဲ့သို့သော ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့်ပင် သူတို့မှာ မကြာခဏ ဆိုသလို သတ်မှတ်ထားသည့် အရေအတွက် မပြည့်ခြင်းများ ဖြစ်ပေါ်လေ့ ရှိသည်။
သို့သော်လည်း သေမျိုး အရေအတွက် ကွာခြားခြင်းက မျိုးနွယ်စု တစ်ခုလုံး၏ အင်အားကိုတော့ ကိုယ်စားပြုနိုင်ခြင်း မရှိပါချေ။ မျိုးနွယ်စု တစ်ခုချင်းစီ၏ အစစ်အမှန် အင်အားက သေမျိုးများထက် ထိပ်တန်း ကျင့်ကြံသူများ ပေါ်တွင်သာ မူတည်နေပေသည်။ မည်သို့ပင် ဆိုစေ... အစစ်အမှန် ပညာရှင်ကြီးများမှာ နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင် နေထိုင်နိုင်ကြသည် မဟုတ်ပါလား။
ထို့အပြင် ကွမ်ယုမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်များကို အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များ အဖြစ် ယူဆထားကြောင်း ဝေ့ဝူယင် သိရှိလာရသည်။ သူ၏ တုန့်ပြန်မှုများက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
“ဒါနဲ့ ခင်ဗျား ခံစားလို့ရလားဗျ...”
ကွမ်ယုက ဝေ့ဝူယင်ကို စိတ်ဝင်တစားဖြင့် ကြည့်ရင်း မေးလိုက်၏။ ဝေ့ဝူယင်က နားမလည်ဟန်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ကျုပ်က ဘာကို ခံစားရမှာလဲ...”
ကွမ်ယုက တစ်ခဏမျှ တိတ်ဆိတ်သွားကာ ဝေ့ဝူယင်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သို့သော်လည်း မကြာခင်မှာပင် သူ တစ်စုံတစ်ရာကို သတိရလိုက်၏။
“ဟုတ်သားပဲ... ခင်ဗျားက သေမျိုး တစ်ယောက်လည်း ဖြစ်တဲ့ အပြင် မျက်စိလည်း ကန်းနေတာကိုး... ဘယ်မြင်နိုင်မလဲ... အခု ခင်ဗျားရဲ့ ဘေးနားမှာ ခင်ဗျားနဲ့ အတူ လိုက်ပါ ရွေ့လျားနေတဲ့ အဖြူရောင် အလင်းစက်တွေ မရေမတွက်နိုင်အောင် ရှိတယ်... အဲဒီ အလင်းစက်တွေကို စစ်အမတေလို့ ခေါ်တယ်... သူတို့ကို ခင်ဗျား တွေးမိသမျှ ဘယ်လက်နက်၊ ဘယ်သံချပ်ကာ၊ ဘယ်ပစ္စည်း ဖြစ်ဖြစ် ပေါင်းစပ်ပစ်လို့ ရတယ်... ဒါပေမဲ့ အရည်အသွေးကတော့ အမြဲတမ်း ကြယ်တာရာ အဆင့် အထွတ်အထိပ်မှာပဲ ကန့်သတ်နေလိမ့်မယ်”
“ခင်ဗျား ခုဝတ်ထားတဲ့ ဝတ်စုံက မူယင်း ပေးထားတဲ့ အတိုင်း ဆိုပေမဲ့ ဆန္ဒရှိရင် သတ္တုပြားတွေ၊ ကြိုးတွေ စသဖြင့် ကြိုက်တဲ့ ဒီဇိုင်း ထပ်ထည့်လို့ ရတယ်... ကုန်ကုန်ပြောရရင်ဗျာ... အရမ်းလေးတဲ့ သတ္တု သံချပ်ကာကြီး လိုမျိုးပြောင်းပစ်တောင် ရတယ်... ခင်ဗျားလုပ်ဖို့ လိုအပ်သမျှက စိတ်ကို အာရုံစိုက်ပြီး ပတ်ဝန်းကျင်ကို ချိတ်ဆက် ပုံဖော် လိုက်ရုံပဲ”
ဝေ့ဝူယင် ထိုအရာကို လက်တွေ့ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ ကွမ်ယုပေးသည့် လမ်းညွှန်ချက် အတိုင်း လိုက်လံ လုပ်ဆောင် လိုက်၏။
ဂျစ်... ဂျစ်...
ပတ်ဝန်းကျင် လေထု တုန်ရီသွားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် လက်ဝါးဆီမှ အလေးချိန် တစ်ခုကို သူ ခံစားလိုက်ရသည်။
လခြမ်းကွေး သဏ္ဌာန် ဆေဘာ ဓားတစ်လက်ကား သူ့လက်ဝါးထက်၌ ရောက်ရှိနေချေပြီ ဖြစ်လေသည်။ ဆေဘာကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုက်နက် လောကကြီးကို တုန်လှုပ် သွားစေသည့် ပဲ့တင်သံ တစ်ခု ထွက်ပေါ်လာခဲ့တော့၏။
ရွှမ်း...
၎င်းက ဆေဘာတွန်သံ တစ်ခုပင်။ ဆေဘာတွန်သံနှင့် အတူ လေထုထဲတွင် ဆေဘာအော်ရာများကို ပြိုးပြိုးပျက်ပျက် ထွက်ပေါ်လာ၏။ သူသာ ဆန္ဒ ရှိပါက ဓား၏ အရွယ်အစားနှင့် အရှည်ကို လိုသလို ပြောင်းလဲ ပစ်နိုင်သလို ခံစားချက်မျိုး ဝေ့ဝူယင် ရနေခဲ့သည်။ ထိုအရာက သက်ဝင်လှုပ်ရှားနေသည့် အတွေ့အကြုံမျိုးပင်။
ရွှမ်း...
ဝေ့ဝူယင် ဆေဘာကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဆေဘာတွန်သံ တစ်ခု ထွက်ပေါ်လာကာ အရွယ်အစားနှင့် အလေးချိန်မှာ သူ့စိတ်ထဲတွင် ရှိသည့် ပုံစံအတိုင်း ပြောင်းလဲသွား၏။ ဓားသွား၏ အစွန်းကတော့ အဆုံးမဲ့ ဆေဘာ စွမ်းအင်တို့ဖြင့် တလက်လက် တောက်ပနေ၏။ ထိုအခိုက်၌ ဆေဘာကို မမြင်နိုင်သည့်တိုင် ၎င်း၏ ကွေးညွှတ်မှုတိုင်း၊ အလေးချိန်တိုင်းနှင့် တုန့်ပြန်မှုတိုင်းကို ဝေ့ဝူယင် ခံစား၍ ရနေခဲ့၏။
“ပြီးပြည့်စုံတယ်...”
ဝေ့ဝူယင်၏ မျက်နှာထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက သူ့ကိုယ်ပိုင် ဆေဘာဖြစ်သည့် “ဒြပ်စင်” ကိုင်တွယ် နေရတာနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတွင် ချွတ်ယွင်းချက် တစ်ခုပင် မရှိချေ။
“ခင်ဗျား... ခင်ဗျားက...”
ရုတ်တရက် ကွမ်ယုက အထိတ်တလန့်ဖြင့် ရေရွတ်လိုက်၏။
“ဘာဖြစ်ပြန်ပြီလဲ...”
ဝေ့ဝူယင် ဆေဘာကို လက်ဖြင့် ဆကြည့်ရင်း ကွမ်ယုဘက်သို့ မျက်နှာမူလိုက်၏။
"ခင်ဗျား ဆေဘာ နှလုံးသား ရည်ရွည်ချက်ကို နားလည်ထားတယ်”
သူ၏ လေသံက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေ၏။
ဝေ့ဝူယင် အသာအယာပင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့ မျက်ခုံးများကတော့ မသိမသာ တွန့်ကွေးသား၏။
ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင် လောက နှလုံးသား ရည်ရွယ်ချက်များ အကြောင်း ဖော်ပြထားတာ မရှိသလောက်ပင် ဖြစ်သည်။ ကျင်းကျူး ပင်လျှင် တစ်ခါမျှ နားမလည်ထားချေ။ သူက လေး၊ စစ်ပွဲ၊ သတ်ဖြတ်ခြင်းနှင့် လှံ ဟူသည့် နိုးထခြင်း အဆင့် ရည်ရွယ်ချက် လေးခုကိုသာ နားလည်ထားပေသည်။ ထို့ကြောင့် ဤနေရာ၌ လောကနှလုံးသား ရည်ရွယ်ချက် တွင်ကျယ်ခြင်း ရှိ၊ မရှိကို သူ မခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
“အဲဒီ ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတော့ ဘာဖြစ်လို့လဲ...”
ဝေ့ဝူယင်က စုံစမ်းလိုက်၏။
"ဘုရားရေ... မင်း တကယ် မသိဘူးလား...”
ကွမ်ယု၏ လေသံက လုံးဝ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေ၏။ အကယ်၍ ဝေ့ဝူယင်သာ မျက်လုံးများကို ဖွင့်ထားပါက သူ့မေးရိုးများ ပြုတ်ထွက်တော့မတတ် ဖြစ်နေသည်ကိုပင် တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ကျုပ်ကို ရှင်းပဲပြပါ”
ဝေ့ဝူယင်က ပခုံးတစ်ချက် တွန့်ရင်း တိုက်တွန်းလိုက်သည်။ ထိုကွမ်ယုတွင် မေးခွန်းများကို ချက်ချင်း ပြန်မဖြေ တတ်သည့် အကျင့်တစ်ခု ရှိသည့်ပုံပင်။
ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ မျက်လုံးများကတော့ ဆေဘာအလင်းများ စီးဆင်းနေသည့် ဝေ့ဝူယင် လက်ထဲမှ ဓားကို စိုက်ကြည့်နေသည်။ အဆုံးသတ်တွင်တော့ သူက အရှုံးပေးဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
“လောကရှန့်ထို တစ်ယောက် ဖြစ်လာဖို့ လောကနှလုံးသား ရည်ရွယ်ချက် တစ်ခု လိုတယ် ဆိုတာ ခင်ဗျား မသိတာလား... မြေကြီးရှန့်ထိုတွေတောင် အဲဒီ ရည်ရွယ်ချက် တစ်ခု နားလည်ဖို့ သူတို့ ဘဝ သက်တမ်း တစ်လျှောက် ဖြစ်တဲ့ နှစ်ပေါင်း သုံးသောင်းလောက် အချိန်ပေးကြတာတောင် အများစုက အရှုံးနဲ့ပဲ ရင်ဆိုင် ကြရတယ်... အခု ခင်ဗျားမှာ လောကရှန့်ထို တစ်ယောက် ဖြစ်လာနိုင်တဲ့ သော့ချက် ရှိနေပြီ... ဒီလောက် ကံကောင်းနေတာကိုတောင် ဘာလို့ မသိရတာလဲ...”
ကွမ်ယုမှာ ဖြူရော်စွာ ပြုံးလိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ သူ့အတွက်တော့ လောကကြီးက မတရားဟု ခံစားနေရသည့်ပုံပင်။
ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွားသည်။ လောကရှန့်ထို တစ်ပါးဖြစ်ရန် သော့ချက်က လောကနှလုံးသား ရည်ရွယ်ချက်လော။ ထိုနှစ်ခုက မည်ကဲ့သို့ ဆက်နွယ်နေကြောင်း သူ စဥ်းစား မရပါချေ။ သို့သော်လည်း သူ၏ အံ့အားသင့်မှုက ထိုမျှနှင့် ကန့်သတ် မထားချေ၊ ကျင်းကျူး၏ အဆိုအရ ဆိုလျှင် သူ ပိုင်ဆိုင်ထားထားသည့် မူလအဆင့်မှာ ကောင်းကင်ရှန့်ထို အဆင့်ကို ရောက်ရှိရန် သော့ချက်ဟု ဆိုပေသည်။
၎င်းတို့က ပုံမှန် ကျင့်ကြံသူများ အတွက် အလွန် အရေးကြီးသည့် လိုအပ်ချက်များ ဖြစ်သည့်တိုင် သူကတော့ အစောကတည်းကပင် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူ ထိုအရာများ၏ ကျင့်ကြံခြင်း ဝိညာဥ်များ၏ ထင်ရာစိုင်းမှုနှင့် အတူ အမှတ်မထင် ရရှိထားခြင်း ဖြစ်သည်။ အစောပိုင်း နေ့ရက်များမှာတုန်းက သူ၏ ကျင့်ကြံခြင်း လမ်းစဥ်မှာ ရှုပ်ထွေးလွန်းသည်ဟု ထင်မိသော်လည်း အမှန်တကယ်တွင်တော့ ပုံမှန် အသိအမြင် ဗဟုသုတများအား ကျော်လွန်နေသည့် လမ်းကြောင်း တစ်ခုပေါ်တွင်သာ ရှိနေခြင်း ဖြစ်ပေသည်။ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဥ် အပေါ် ဝေ့ဝူယင်၏ သံသယများမှာ တဖြည်းဖြည်း ကင်းစင်သွားခဲ့တော့၏။