ရည်ရွယ်ချက်
Vol. 54 Ch. 750
“ဒါနဲ့ အဲဒါတွေကို ခင်ဗျား ဘယ်လိုသိတာလဲ...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝမ်ယုထျန်းမှာ သူ ကိုယ်တိုင် လောကရှန့် တစ်ယောက် ဖြစ်သည့်တိုင် လောကရှန့်ထို တစ်ယောက် ဖြစ်လာရန် လိုအပ်ချက် အတိအကျကို ပြောပြနိုင်ခြင်း မရှိပါချေ။
သို့သော်လည်း ကွမ်ယုကတော့ လောကရှန့်ထို တစ်ယောက် ဖြစ်လာရန် အဓိက လိုအပ်ချက်မှာ လောက နှလုံးသား ရည်ရွယ်ချက်ဟု ပြောဆို နေခဲ့သည်။ ထိုအရာက အနည်းငယ် ထူးဆန်းနေသလို ဝေ့ဝူယင် ခံစားရ၏။
“ဟမ်...”
ကွမ်ယုမှာ ဝေ့ဝူယင်၏ မေးခွန်းကြောင့် အနည်းငယ် ကြောင်စီစီ ဖြစ်သွားပုံ ပေါ်၏။ သူက အနည်းငယ် ပြုံးလိုက်ရင်း ပခုံးတွန့်လိုက်သည်။
“ကျုပ် ကြားဖူးထားလို့ပါ...”
ကွမ်ယုက အကျယ်တဝံ့ ရှင်းမပြသည့်တိုင် ဝေ့ဝူယင် ထပ်မံ ဖိအားပေးခြင်း မပြုတော့ချေ။ ထိုအချက်အလက်များကို စာအုပ်တစ်ခုခု သို့မဟုတ် အမည် မဖော်လိုသည့် ထိပ်တန်း ပညာရှင် တစ်ယောက်ထံမှ ရရှိလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထိုအချက်အလက်များကို ပြည့်စုံသည် ဟုလည်း တစ်ထစ်ချ မဆိုနိုင်ပါချေ။
ကျင့်ကြံခြင်း အဆင့် တစ်ခုကို လုံးဝဥဿုံ နားလည်ရန်မှာ ထိုအဆင့် တစ်ခုလုံးကို ပြီးပြည့်စုံစွာ ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်ပေသည်။ အဇူရာ မူလ ကြယ်စင်စုတွင်ပင် ထိုအရာက အမှန်တရား ဖြစ်သည်။ ထို့ကြောင့်ပင် ကျင်းကျူး၏ အတွေးများနှင့် ကွမ်ယုပြောသမျှကို သူ ပေါ့ပေါ့တန်တန် ယုံကြည်မည်တော့ မဟုတ်ပါချေ။
ဝေ့ဝူယင်က လက်ထဲရှိ ဆေဘာဘက်ကို မျက်နှာမူလိုက်၏။
“ဒါနဲ့ ဒီဆေဘာကရော ဘာလို့ ဒီလို ဖြစ်နေတာလဲ... မသိရင် ကိုယ်တိုင် သက်ဝင် လှုပ်ရှားနေသလိုပဲ”
“စစ်အမတေက ကျင့်ကြံသူရဲ့ ဆန္ဒပေါ် မူတည်ပြီး ဖွဲ့စည်းနိုင်တယ်လေ... နောက်ပြီး ခင်ဗျားက ဆေဘာ နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ထားတာ မလား... ဒီတော့ ဆေဘာက အဲဒီ အတိုင်း အတိအကျ ရောင်ပြန်ဟပ် ရတာပေါ့... တကယ်လို့ ကျုပ် ဦးလေးသာ မှန်မယ် ဆိုရင်...”
ကွမ်ယုက တစ်ခဏမျှ ရပ်ကာ ဝေ့ဝူယင်ကို စိတ်အား ထက်သန်စွာ ကြည့်လိုက်၏။
“အတွင်းပိုင်း ဖွဲ့စည်းပုံကို ခင်ဗျား အာရုံခံကြည့်ပါလား”
ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားလိုက်ကာ ဝိညာဥ်အာရုံကို ဆေဘာအတွင်းသို့ ပို့လွှတ်ကြည့်လိုက်၏။ အတားအဆီး တစ်စုံတစ်ရာ မရှိပဲ ဝိညာဥ်အာရုံက ဆေဘာ အတွင်းပိုင်းကို ချောချောချူချူပင် ဝင်ရောက် သွားသည်။ တစ်ခဏ ကြာပြီးနောက် ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။
“ကျုပ် အာရုံခံလို့ မရဘူး...”
"ဘာကို အာရုံခံ မရတာလဲ...”
ကွမ်ယုက ရွှတ်နောက်နောက် လေသံဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်က သူ့ကို တစ်ချက် လှမ်းကြည့်ကာ ဆေဘာထံကိုသာ ပြန်လည် မျက်နှာမူလိုက်၏။
“ဒါကို ဖွဲ့စည်းထားတဲ့ သတ္တုတွေက ကြယ်တာရာ အဆင့် မဟုတ်ပဲ လျှို့ဝှက် အဆင့် အထိ ဖြစ်နေတာကို မင်း ပြောတာမလား...”
ကွမ်ယုက သဘောတူဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“အမှန်ပဲ... ကျုပ် ခန့်မှန်းချက်သာ မှန်ရင် ခင်ဗျားရဲ့ ဆေဘာက လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့်မှာ ရှိနေတယ်... ကြည့်ရတာ ခင်ဗျားရဲ့ လောကနှလုံးသား ရည်ရွယ်ချက်က အဆင့်မြင့်တဲ့ပုံပဲ”
သေမျိုးအဆင့် ဝိညာဥ်အာရုံမှာ လျှို့ဝှက်အဆင့် ပစ္စည်းများ၊ စွမ်းအင်များကို အာရုံ မခံနိုင်ကြောင်း ဝေ့ဝူယင် သိရှိထားပေသည်။ သူသည်လည်း သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်အာရုံဖြင့် ဘာကိုမှ ရှာဖွေမတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
“လောကနှလုံးသား ရည်ရွယ်ချက်တွေမှာလည်း အဆင့်တွေ ရှိသေးတာပေါ့...”
ဝေ့ဝူယင်က ချက်ချင်းပင် အထွတ်အထိပ် ဒြပ်စင် ရည်ရွယ်ချက် ကိုးခု ပေါင်းစည်းထားသည့် မူလဒြပ်စင် လောက နှလုံးသား ရည်ရွယ်ချက်ကို ဆက်သွယ်ကာ ဝတ်စုံဆီသို့ ပို့လွှတ် လိုက်လေ၏။
ဂျစ်... ဂျစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် တုန်ခါသံ တစ်ခုနှင့် အတူ သူ့ မီးခိုးရောင် ဝတ်စုံက အလွန်သန့်စင်သည့် အဖြူရောင် အဖြစ်သို့ ပြောင်းလဲ သွား၏။
“ဘာလဲ...”
ကွမ်ယုမှာ လန့်ဖျပ်သွားကာ နောက်သို့ပင် ခုန်ဆုတ်လိုက်မိသည်။
“အဲဒါက.... ဘုရားရေ... လျှို့ဝှက်လောက အဆင့်လား... မဖြစ်နိုင်ဘူး... နေဦး...အဲဒါက လျှို့ဝှက်မြေကြီးအဆင့်မှာပဲလား”
ကွမ်ယုမှာ လျှို့ဝှက်အဆင့် ရတနာများကို ကိုင်တွယ်ဖူးသည့် အတွေ့အကြုံ ရှိထားသူ တစ်ယောက် ဖြစ်လေရာ ဝေ့ဝူယင်၏ ဝတ်စုံက လျှို့ဝှက်မြေကြီး အထွတ်အထိပ် အဆင့်ထက် ကျော်လွန်နေကြောင်း ခံစားမိပေသည်။ သို့သော်လည်း... ၎င်းက လျှို့ဝှက်လောက အဆင့်နိမ့်တော့လည်း မဟုတ်ပြန်ချေ။
“ဆိုတော့ မူလဒြပ်စင် ရည်ရွယ်ချက်ကလည်း သဟဇာတ ဖြစ်တဲ့ပုံ ရတယ်... စိတ်ဝင်စားစရာ ကောင်းသားပဲ”
ဒြပ်စင် ရည်ရွယ်ချက်များမှာ သတ်ဖြတ်ခြင်း၊ စစ်ပွဲနှင့် ဆေဘာတို့ ကဲ့သို့ နယ်လွန် ရည်ရွယ်ချက်များ မဟုတ်ပဲ ရုပ်ဝတ္ထု ရည်ရွယ်ချက်များ ဖြစ်လေရာ ဝေ့ဝူယင်တွင် အစောပိုင်းက သံသယများ ရှိခဲ့သည်။ သို့သော်လည်း ထိုအချင်းအရာကို တွေ့မြင်ပြီး နောက်တွင် ဆက်စပ်မှု စစ်မြေပြင်၏ စနစ်က ရည်ရွယ်ချက် အမျိုးအစားကို မခွဲခြားကြောင်း သဘောပေါက် လာခဲ့သည်။
“ကြည့်ရတာ ဒြပ်စင်တွေကိုတောင် စစ်ပွဲမှာ လက်နက် အနေနဲ့ သုံးနိုင်လိမ့်မယ် ထင်တယ်”
ဆက်စပ်မှု စစ်မြေပြင်၏ အမျိုးမျိုးသော အားသာချက်နှင့် အားနည်းချက် အမျိုးမျိုးကို တွေးတောရင်း ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များကို အနည်းငယ် နားလည်လာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။
“ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်နဲ့ ဆေဘာနှလုံးသား ရည်ရွယ်ချက် နှစ်မျိုးကိုတောင် နားလည်ထားတာ ခင်ဗျား လူမှ ဟုတ်သေးရဲ့လား... ဘုရားရေ... ဒီလောကကြီးကိုတော့ ငါနားမလည်နိုင်တော့ဘူး”
ကွမ်ယုက စိတ်ဓာတ် တစ်ခုလုံး ချောက်ထဲ ပြုတ်ကျသွားဟန်နှင့် ရေရွတ်လိုက်သည်။ ထိုလူငယ်ကား ပါရမီရှင် တစ်ယောက်သာ မကချေ။ တကယ့်ကို မကောင်းဆိုးရွားတစ်ကောင် ဖြစ်သည်။ ထိုအခိုက်၌ သူ မည်ကဲ့သို့ ခံစားရမည်မှန်းပင် မသိတော့ချေ။
“ဒါနဲ့ အခြားလူတွေရော ကျုပ် ဖန်တီးထားတဲ့ လက်နက်ကို ကိုင်နိုင်လား...”
ဝေ့ဝူယင်က စိတ်ဝင်တစားနှင့် ဆက်၍ မေးလိုက်သည်။
"ဟမ်...”
ကွမ်ယုမှာ ဝေ့ဝူယင်၏ မေးခွန်းကို နားမလည်နိုင်ချေ။ မဟုတ်သေး...။ သူ မေးခွန်းကို နားလည်၏။ အဘယ်ကြောင့် ထိုကဲ့သို့ မေးရသည်ကို နားမလည်ခြင်းပင်။
ဝေ့ဝူယင်က ဆေဘာကို အသွားမှ ပြောင်းကိုင်ကာ အရိုးကို ကွမ်ယုဘက် ကမ်းပေးလိုက်၏။
“ခင်ဗျား ကိုင်ကြည့်... ရမလားလို့...”
ကွမ်ယု၏ မျက်လုံးများက တောက်ပသွား၏။ သူ ချက်ချင်းပင် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဆေဘာဆီသို့ လှမ်းလိုက်သည်။
‘မင်းက ငါ့ကို ကိုင်စေချင်တယ်ပေါ့... ဒါပေါ့... ငါကိုင်ပေးမယ်...’
ရွှင်း...
ဆေဘာက အရိုင်းဆန်စွာဖြင့် တွန်သံပေးလာကာ အလင်းတစ်စမှာ ကွမ်ယု၏ လက်ဝါးဆီ တိုးဝင်သွား၏။ ၎င်းက လက်ဖဝါးပြင်ကို ဖြတ်သန်းသွား၍ သွေးစက်များ ထွက်ပေါ်လာလေရာ ယွမ်ယုမှာ အလန့်တကြားနှင့် နောက်ကို ပြန်ဆုတ်လိုက်သည်။ ထို့နောက်... ရည်ရွယ်ချက် ရှိရှိ ထောင်ချောက် အဆင်ခံလိုက်ရသလို ရှုံ့တွတွ အမူအရာဖြင့် သူ ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ဒီလိုကိုး... ကျုပ် သဘောပေါက်ပြီ... သူ့မှာလည်း ဆန္ဒတစ်ခု ရှိနေတဲ့ပုံပဲဗျ... တောင်းပန်ပါတယ်”
ဝေ့ဝူယင်က ရိုးရိုးသားသားပင် တောင်းပန်လိုက်သည်။ ကြည့်ရသည်က သူ ဖန်တီးထားသည့် လက်နက်များကို သူမှ လွဲ၍ အခြားလူ ကိုင်တွယ် မရသည့် ပုံပင်။
ဝေ့ဝူယင်၏ တောင်းပန်မှုကြောင့် ကွမ်ယုမှာ သက်ပြင်းတစ်ချက် ချလိုက်စည်။ ဝေ့ဝူယင် အပေါ် သူ၏ သံသယများက လျှင်မြန်စွာပင် ကင်းစင်သွား၏။ သူ နှုတ်ခမ်းကို သပ်လိုက်ရင်း ဝေ့ဝူယင် လက်ထဲရှိ ဆေဘာကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ အကယ်၍ သူ့တွင်သာ ထိုကဲ့သို့ လက်နက် တစ်ခု ရှိပါက စစ်ဝိညာဥ်များကို ပိုမို လွယ်ကူစွာ စုစည်းနိုင်လိမ့်မည် ဖြစ်သည်။
တစ်ခဏကြာပြီးနောက် သူ၏ အကြည့်များက ဝေ့ဝူယင်၏ မျက်နှာဆီ ပြောင်းရွှေ့သွား၏။ သူ့မျက်နှာထက်၌ နားမလည်နိုင်သည့် အရိပ်အယောင် အချို့ ဖြစ်ပေါ်လာသည်။ ထိုလူငယ်က မည်သည့် နေရာမှ လာသနည်း။ အဘယ်ကြောင့် ထိုမျှ ထူးချွန် ထက်မြက်ရသနည်း။ အဘယ်ကြောင့် အခြေခံ ဗဟုသုတများတွင် ကင်းမဲ့နေသလော။
ဝေ့ဝူယင်နှင့် ကွမ်ယုတို့မှာ တစ်နာရီခန့် ကြာအောင် ဆက်လက် ဆွေးနွေး နေခဲ့ကြ၏။ ထိုအထဲ၌ အမျိုးမျိုးသော စစ်မြေပြင် ဇုန်များ၏ အရွယ်အစားများနှင့် သွင်ပြင် လက္ခဏာများ အကြောင်းလည်း ပါဝင်သလို ကွမ်ယု သတိထား ရှောင်ရှားလေ့ ရှိသည့် အခြား စစ်သည်တော်များ အကြောင်းလည်း ပါဝင်ပေသည်။
ကွမ်ယု၏ အဆိုအရဆိုလျှင်... သူ ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ ဆယ့်နှစ်နှစ်တိုင်တိုင် ကြာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က စစ်ဝိညာဥ် စုဆောင်းရသည်မှာ လွယ်ကူသည့်ပုံ မရချေ။ ကွမ်ယုက ဆက်စပ်မှု စစ်မြေပြင် အတွင်း၌ စစ်သည်တော် ထောင်ပေါင်းများစွာ ကျင်လည် ကျက်စား နေကြကြောင်းနှင့် နှစ်နှစ်စီတိုင်း အရေအတွက် များစွာ ရောက်လာတတ်ကြောင်းပါ ဆက်လက် ပြောပြသည်။
နောက်ဆုံး၌... ဝေ့ဝူယင်မှာ ဤဆက်စပ်မှု စစ်မြေပြင်တွင် ကိုယ်ပိုင် အကျိုးအမြတ်များ ရှာဖွေရန် မည်သည့် အရာများ ပြုလုပ်သင့်ကြောင်း အတိအကျပင် စတင်ကာ သိရှိလာခဲ့ပြီ ဖြစ်လေသည်။
“အကျိုးအမြတ် ရှာမယ် ဟုတ်လား... ဘယ်လို လုပ်မှာလဲဗျ...”
ကွမ်ယုမှာ ဝေ့ဝူယင်၏ စကားကြောင့် အံ့သြသွားကာ မေးလိုက်၏။
“စစ်တပ်တစ်ခု စုဆောင်းဖို့ပေါ့ဗျာ...”
ဝေ့ဝူယင် တောက်ပသော အပြုံးနှင့် ပြန်ဖြေလိုက်သော အခါတွင်တော့ ကွမ်ယုမှာ မျက်လုံးများ ပြူးကျယ်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားလေတော့သည်။