အတွေးများကို အတည်ပြုခြင်း
Vol. 54 Ch. 751
ဆက်စပ်မှု စစ်မြေပြင်၏ မြေကြီး မိုးကုပ်စက်ဝိုင်းဇုန်၌ ပုံရိပ် နှစ်ခုမှာ တစ်မီတာခန့် ခွာကာ လမ်းလျှောက် လာခဲ့ကြသည်။ ပထမ တစ်ယောက်မှာ မြန်နှုန်းမြှင့်တင်ရေး အတွက် ဦးတည် ဒီဇိုင်းဆွဲထားသည့် အနက်နှင့် အနီစပ် သံချပ်ကာကို ဝတ်ဆင်ထား၏။ သူက ပခုံးထက်တွင်တော့ အသွားနှစ်ခွပါ လှံတံတစ်ခုကို ရေပျဥ်ညီမျဥ်း အတိုင်းထမ်း၍ ထားသည်။ ထိုတစ်ယောက်မှာ ယွမ်ယုမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
ဒုတိယ တစ်ယောက်ကတော့ အဖြူရောင် ဆွတ်ဆွတ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ခါးထက်တွင်တော့ ဆေဘာတစ်စင်းကို ပုဝါနှင့် သိုင်း၍ ဆွဲထား၏။ သူ၏ မျက်လုံးများက မှိတ်ထားကာ ဖြောင့်မတ်စွာပင် ရှေ့တည့်တည့်ကို လျှောက်နေခဲ့လေသည်။ ထိုတစ်ယောက်ကတော့ ဝေ့ဝူယင် ဖြစ်မှန်း အားလုံး သိကြလောက်ပြီး ဖြစ်သည်။
“ခင်ဗျားက တကယ်ပဲ စစ်တပ်တစ်ခု ဖွဲ့စည်းဖို့ စီစဥ်နေတာလားဗျ... အဲဒါက ဖြစ်ရော ဖြစ်နိုင်ရဲ့လား...”
ကွမ်ယုက လမ်းလျှောက်နေရင်း ကောက်ခါငင်ကာ မေးလိုက်၏။ သူ၏ လေသံက ဝေ့ဝူယင်၏ အကြံအစည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေသည့်ပုံ ရသည်။
“အဲဒါက အကောင်းဆုံး အကြံပဲလေဗျာ...”
ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ ကွမ်ယု၏ ခြေလှမ်းများက အနည်းငယ် တုန့်ဆိုင်းသွား၏။ ထိုလူကြီး ကောင်းကောင်း နားမလည်သေးကြောင်း သဘောပေါက်လိုက်ရာ ဝေ့ဝူယင်က ရှင်းပြပေးဖို့ ဆုံးဖြတ်လိုက်သည်။
“စစ်ဝိညာဥ်ရဲ့ အဆိုအရဆိုရင် ဆက်စပ်မှု စစ်မြေပြင်ရဲ့ ရည်ရွယ်ချက်က ခင်ဗျားတို့ ကျုပ်တို့လို စစ်သည်တော်တွေ စစ်ကျောက်တိုင်ကို လေ့လာခွင့် ရဖို့ ဟုတ်တယ်မလား... အဲဒီ စစ်ကျောက်တိုင်က ဘယ်လောက် အဖိုးတန်လဲ... ဘယ်လို အခွင့်အရေးမျိုးတွေ ပေးနိုင်သလဲ ဆိုတာကိုတော့ ခင်ဗျားလည်း သိပုံ မရဘူး... နှိုင်းယှဥ်ပြီး တွေးကြည့်ဗျာ...လျှို့ဝှက် အာဏာရှင် အဆင့် ပုံရိပ်ယောင် တစ်သောင်းတောင် ကာကွယ်နေတာ ဆိုတော့ အဲဒါက ဘယ်လောက်တောင် အဖိုးတန်လိုက်မလဲ...”
“ဒါတော့ ဒါပေါ့ဗျာ...”
ကွမ်ယုက ဖြူရော်စွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ဒီနေရာက ထွက်ခွာဖို့ဆို စစ်ဝိညာဥ် တစ်သောင်းကို စုဆောင်းတာက ပိုပြီးတော့ လွယ်ကူတယ် မဟုတ်ဘူးလား... ဘာလို့ လျှို့ဝှက် အာဏာရှင် အဆင့် ပုံရိပ်ယောင် တစ်သောင်းကို အသေခံ တိုက်ခိုက်ရမှာလဲ... စစ်ဝိညာဥ်တွေကတင် ကျင့်ကြံခြင်းကို ပြီးပြည့်စုံအောင် ထောက်ပံ့ပေးနိုင်နေပြီကို”
“ဟုတ်ပြီဗျာ ထားတော့... စစ်ဝိညာဥ်တွေကတင် အဲဒီလောက် အံ့အားသင့်ဖို့ ကောင်းနေတယ် ဆိုရင် စစ်ကျောက်တိုင် ဆိုရင်ရော...”
ဝေ့ဝူယင်မှာ ကွမ်ယုနှင့် အမြင်ချင်း မတူသည့် အပေါ် စိတ်မရှိပါချေ။
“ဒါပေမဲ့ စစ်ကျောက်တိုင် အတွက် တိုက်ခိုက်မယ် ဆိုရင် သေဖို့ တစ်လမ်းပဲ စောင့်ကြိုနေမှာလေ... ဘယ်သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံချင်မှာလဲ... ကျုပ်တို့ဆီမှာ လျှို့ဝှက် အာဏာရှင် အဆင့် စစ်သည်တော်တွေတောင် ရှိတာ မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး အဲဒီ ပုံရိပ်ယောင် တစ်သောင်းကို ကျုပ်တို့ ရင်ဆိုင်နိုင်မှာလဲ”
ကွမ်ယုက မြင်သာအောင် နှိုင်းယှဥ်ကာ ရှင်းပြလိုက်၏။
“ကျုပ်တို့ ဟုတ်လား...”
ဝေ့ဝူယင်က ခြေလှမ်းများကို ရပ်ကာ ကွမ်ယုကို အနည်းငယ် ပြုံးရင်း လှည့်ကြည့်လိုက်၏။
“အင်းလေ... ကျုပ်တို့...”
ကွမ်ယုက တစ်ခဏမျှ တုန့်ဆိုင်းသွားကာ နားမလည်ဟန်ဖြင့် ဝေ့ဝူယင်ကို တန်ပြန် ကြည့်လိုက်၏။ သို့သော်လည်း မကြာခင်မှာပင် သူ့ကြက်သွေးရောင် မျက်လုံးများမှာ ပြူးကျယ် တောက်ပလာသည်။ ဝေ့ဝူယင် ထောက်မပြခင် အချိန်အထိ သူပြောခဲ့သည့် စကား၏ အဓိပ္ပာယ်ကို သူ ကိုယ်တိုင် နားမလည်ခဲ့ချေ။
သို့သော်လည်း... ကွမ်ယု၏ မျက်လုံးများက လျှင်မြန်စွာပင် ပြန်လည် မှေးမှိန်သွားသည်။ သူက ခြေလှမ်းများကို ပြန်လည် စတင်လိုက်လေ၏။
“အဲဒီတော့ရော ဘာဖြစ်လဲ... ကျုပ်တို့ အားလုံးက သေမျိုးအဆင့်မှာပဲ ရှိနေကြသေးတာလေ...”
သူ့အမြင်အရ... ဆက်စပ်မှု စစ်မြေပြင် အတွင်းရှိ စစ်သည်တော် အားလုံးကို စုဆောင်းလျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့် ပုံရိပ်ယောင် တစ်သောင်းကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်က ရှေ့သို့ ဆက်ကာ လျှောက်ရင်း အသာအယာပင် ပြုံးလိုက်သည်။
“စစ်ကျောက်တိုင်က စစ်မြေပြင်ကြီး တစ်ခုလုံးမှာ အကြီးကျယ်ဆုံး အကျိုးအမြတ် ဆိုလည်း ဟုတတယ်... နောက်ပြီး ကျုပ်တို့လို နာမည်ကျော် စစ်သည်တော်တွေပဲ တိုက်ခိုက်ခွင့် ရှိတဲ့ နေရာလေ... အဲဒီ ဆွဲဆောင်က တွန်းလှန်ဖို့ ခက်ခဲတယ်လို့ ခင်ဗျား မထင်ဘူးလား”
“...”
ကွမ်ယုက မငြင်းချေ။ သူ ကိုယ်တိုင်လည်း အခွင့်အရေး ရှိပါက လျှို့ဝှက် ဆန်းကြယ်သည့် စစ်ကျောက်တိုင်ကို လေ့လာချင်သည်သာ ဖြစ်သည်။
သူမွေးဖွားလာခဲ့သည့် နယ်မြေမှာ စစ်မြေပြင်၏ တည်ရှိမှု အကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ငါးသိန်းခန့် ကတည်းက သိရှိထားခြင်း ဖြစ်သည်။ ထိုအရာက အလွန် ရှည်လျားလှသည့် အချိန်ကာလ တစ်ခု ဖြစ်သော်လည်း မည်သည့် ကျင့်ကြံသူ တစ်ဦး တစ်ယောက်ကမှ စစ်ကျောက်တိုင်အား လေ့လာခွင့်နှင့် ပတ်သက်သည့် အချက်အလက်များ မထုတ်ဖော်နိုင်ခဲ့ပါချေ။ မည်သူတစ်ဦး တစ်ယောက်မှ မအောင်မြင်ခဲ့သောကြောင့်ပင်။
ကွမ်ယုက လေးပင်စွာပင် ခေါင်းခါလိုက်၏။
“အဲဒီလို ဆိုရင်တောင် စစ်တပ်တစ်ခု ဖွဲ့စည်းတာက အသုံးမဝင်ပါဘူးဗျာ...”
သူ့အမြင်အရ ဆိုလျှင် ထိုအယူအဆမှာ စတင် သန္ဓေတည်ချိန်မှ စ၍ ကျရှုံးနေခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့် အပင်ပန်း ခံရမည်နည်း။ ထိုဆန္ဒက လေးစားစရာ ကောင်းသည့်တိုင် လူများမှာ မွေးရာပါ တစ်ကိုယ်ကောင်းဆန်သူများ ဖြစ်သည်။ ထို့အပြင်... ဆက်စပ်မှု စစ်မြေပြင်ရှိ စစ်သည်တိုင်းမှာ ကိုယ်ပိုင် လမ်းကြောင်းများကို အသက်သွေးတို့နှင့် ထုဆစ် နေကြသူများ ဖြစ်သည်။ မည်သူက စစ်တပ် တစ်ခု အတွင်း ဝင်ရောက်ကာ သေဆုံးဖို့ သေချာသလောက် ရှိသည့် တိုက်ပွဲကို တိုက်ခိုက်မည်နည်း။
“အသုံးဝင်ချင်လည်း ဝင်မှာပေါ့ဗျာ... မဝင်ချင်လည်း မဝင်ဘူးပေါ့...”
ထိုကဲ့သို့ ပြောပြီးနောက် ရုတ်ချည်းပင် ဝေ့ဝူယင်၏ ခြေလှမ်းများက ရပ်တန့်သွား၏။ ကွမ်ယု၏ ခြေလှမ်းများကလည်း လိုက်လံ ရပ်တန့်သွားသည်။ သူတို့ နှစ်ယောက်စလုံး အရှေ့အရပ်ကို လှမ်းကာ ကြည့်လိုက်ကြ၏။
သင်းပျံ့သော ပန်းရနံ့နှင့် သွေးနံလှိုင်လှိုင်က ရောနှောကာ သူတို့ နှာသီးဝများဆီသို့ တိုးဝင်လာသည်။ ကွမ်ယုက ထိုအရပ်မျက်နှာကို ညွှန်ပြရင်း ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင် မျက်လုံးများ မှိတ်ထားတာကို သတိထားမိသော အခိုက်၌ သူ သက်ပြင်းတစ်ချက် ချလိုက်၏။
ထိုလူငယ် မျက်လုံးကွယ်နေသည်ကို သူ မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ထိုမျက်မမြင်ထံတွင် ရှုံးနိမ့်ခဲ့သည်ကို တွေးတာ ကွမ်ယု ကိုယ့်ကိုယ်ကို အံ့သြနေမိ၏။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူ သက်ပြင်းတစ်ချက်သာ ချလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုပုဂ္ဂိုလ်မှာ အလွန် နားလည်ရန် ခက်ခဲလှသည့် လောကနှလုံးသား ရည်ရွယ်ချက် နှစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင်... သူ၏ ရုပ်ခန္ဓာ ခွန်အားကလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထန်... ထန်...
လက်နက်ချင်း ထိခတ်သည့် အသံများမှာ အလွန် ဝေးကွာသည့် နေရာ တစ်ခုမှ ထွက်ပေါ်လာ၏။ အကယ်၍ သူတို့သာ သာမန် သေမျိုးများဆိုပါက ထိုဆူညံသံများသံကို ကြားမိကြလိမ့်မည်ပင် မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင်တော့ သူတို့၏ ခန္ဓာကိုယ်များက အမြင့်ဆုံး အဆင့်ထိ သန့်စင်ခံထားရလေရာ မိုင်ပေါင်းများစွာ အကွာအဝေးမှ ခြင်သံတစ်ခုကိုပင် ကြားနိုင်စွမ်း ရှိပေသည်။
“ခင်ဗျားကို ကြည့်ရတာ ဒီစစ်မြေပြင် အကြောင်း အတော် သိနေတာပဲ... အဲဒီ အချက်အလက်တွေကို ခင်ဗျား ဘယ်က ရလာတာလဲ...”
ဝေ့ဝူယင်က နေရာတွင်ပင် ရပ်ရင်း မေးလိုက်၏။ စစ်မြေပြင် အကြောင်း ဆွေးနွေးခဲ့စဥ်က ကွမ်ယုမှာ ရှောင်ရှားသင့်သည့် ကြောက်မက်ဖွယ် ကောင်းသော လူများ အကြောင်း ပြောပြခဲ့ပေသည်။ သူတို့ အကြောင်း အသေးစိတ် ပြောပြခြင်း မရှိသည့်တိုင် ထိုလူများကို သိရှိနေခြင်းကပင် အတော်လေး ထူးဆန်း နေချေပြီ ဖြစ်သည်။
ကွမ်ယုက ပါးစပ်ကို ဖွင့်လိုက်၏။ အဖြေပေးမလို့ ပြင်ပြီးမှ သူ ပြန်လည် တုန့်နှေးသွားသည်။ ထိုအရာများက လွယ်ကူစွာ မျှဝေပေး၍ မရသည့် လျှို့ဝှက်ချက်များဖြစ်ပေသည်။
ဝေ့ဝူယင်က သူ့ထံမှ အဖြေကို စောင့်ဆိုင်းခြင်း မရှိပါချေ။ ဆက်လက်၍ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။
“စစ်ဝိညာဥ်တွေကို ဘယ်နေရာမှာ လဲလို့ ရလဲ...”
ကွမ်ယုမှာ ရင်တဒိတ်ဒိတ် ခုန်သွားကာ ဝေ့ဝူယင် အံ့အားသင့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။ သို့သော်လည်း သူ လျှင်မြန်စွာပင် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
“လဲလို့ မရဘူးလေ... အဲဒါက...”
“ရပါတယ်...”
ဝေ့ဝူယင်က အသာအယာ ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျား ကိုယ်တိုင်ပဲ ပြောခဲ့တာလေ... ဒီစစ်မြေပြင်ရဲ့ ရည်ရွယ်ချက်က ပြောင်းလဲသွားပြီ... စစ်သည်တော်တွေဟာ စစ်ကျောက်တိုင်ကို လေ့လာဖို့ထက် အချင်းချင်း သတ်ဖြတ်ပြီး စစ်ဝိညာဥ်တွေ စုဆောင်းဖို့ပဲ ပိုပြီး အာရုံစိုက်ကြတော့တယ် ဆိုတာ... တစ်ယောက် အတွက် တစ်ယောက်ချင်းစီတိုင်းက ရန်သူတွေ မလား... ခင်ဗျား ဒီနေရာမှာ နှစ်ဆယ်ချီပြီး နေခဲ့တယ် ဆိုရင်တောင် တစ်ဦး တစ်ယောက်ချင်းစီတိုင်းရဲ့ အချက်အလက်တွေကို ရရှိဖို့ လုံးဝ မဖြစ်နိုင်ဘူး”
“...”
ကွမ်ယု၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ...”
“ဘာလို့လဲ ဆိုတော့...”
ဝေ့ဝူယင်က ကွမ်ယု ရှိရာ တည့်တည့်ကို ကြည့်လိုက်၏။
“ခင်ဗျားက အားနည်းလို့လေ...”
“...”
ကွမ်ယုက အံကို တင်းတင်းကြိတ်ကာ ဝေ့ဝူယင်ကို အနည်းငယ် မခံမရပ်နိုင် ဖြစ်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ အကယ်၍ လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည် ဆိုလျှင်ပင် သူက အားနည်း၍ မဟုတ်ချေ။ ဝေ့ဝူယင်က မွန်းစတား တစ်ကောင်လို ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်ပေသည်။
ဝေ့ဝူယင်က ကွမ်ယု၏ ဒေါသကို လျစ်လျုကာ တည်ငြိမ်စွာပင် ဆက်လက် ရှင်းပြလိုက်၏။
“ခင်ဗျားက လူသစ်တွေကိုပဲ အမဲလိုက်နေတာလေ... နောက်ပြီး စစ်ဝိညာဥ် အရေအတွက် တစ်ထောင်နား ကပ်နေတဲ့ လူတွေကို ရှောင်တယ်... ခင်ဗျားရဲ့ ဟင်းလင်းပြင် လက်စွပ်က အဲဒါကို သက်သေပြနေတယ် ... ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားရဲ့ စစ်ဝိညာဥ်က ၁၀၀၀ ကျော်နေပြီလေ”
“ဘာလဲ...”
ကွမ်ယုက အလန့်တကြားဖြင့် သူ့ ဟင်းလင်းပြင် လက်စွပ်ကို ငုံ့ကြည့်လိုက်၏။ သူ့တွင် စစ်ဝိညာဥ် မည်မျှ ရှိသည်ကို ထိုလူငယ်က မည်ကဲ့သို့ သိသနည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူ စုဆောင်းထားသည့် စစ်ဝိညာဥ် ၁၃၄၇ ခုလုံး မထိမခိုက် ရှိနေသေးသည်ကို မြင်လိုက်ရရာ ကွမ်ယု စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ဝေ့ဝူယင်ကို မွန်းစတား တစ်ကောင်လို ကြည့်လိုက်၏။
“ကျုပ်မှာ စစ်ဝိညာဥ် ဘယ်လောက်ရှိတယ် ဆိုတာ ခင်ဗျား ဘယ်လို သိလဲ... သွေးမျိုးဆက် စွမ်းအင် တစ်မျိုးမျိုးလား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ ကွမ်ယုမှာ ဟင်းလင်းပြင်နှင့် ဆက်နွယ်နေသည့် သူ့ သွေးမျိုးဆက် စွမ်းအင်ကို ရိပ်မိသွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်၏။ ယခုလို တင်းကြပ်သည့် စစ်မြေပြင်မျိုး မဆိုထားနှင့်... အပြင်လောကတွင်ပင် အကြည့်တစ်ချက်ဖြင့် သူ့အကြောင်း လွယ်ကူစွာ ခန့်မှန်းနိုင်သည့် လူမျိုး မတွေ့ဖူးချေ။
“ခင်ဗျားမှာ ကျုပ်အကြောင်း အချက်အလက်တွေ ရှိနေတာလား... “
ဝေ့ဝူယင်က ကောက်ခါငင်ခါ မေးလိုက်၏။ သူ့၏ စိတ်ကတော့ အနည်းငယ် အံ့အားသင့် နေသည်။ မည်သည့် အချိန်တုန်းက သူ သိရှိသွားသနည်း။
“...”
ကွမ်ယုမှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း သူ့ အမူအရာကတော့ မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေသည်။ သူ့မျက်နှာက ပိုမို၍ နီရဲလာ၏။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် အပေါ်ကို မော့ကြည့်လိုက်၏။ သူ့ ခေါင်းထက်၌ ရောင်ခြည် စက်ဝန်းတစ်ခု ရှိနေချေသည်။ ဝေ့ဝူယင် ထိုအရာကို မမြင်နိုင်၊ အာရုံမခံနိုင်သည့်တိုင် စစ်အမတေများကို ထုတ်လွှတ်နေကြောင်း ခံစားမိပေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဝေ့ဝူယင် လျှို့ဝှက်ချက်ကို ဖမ်းဆုပ်သွားနိင်ပြီ ဖြစ်ကြောင်း ကွမ်ယု သဘောပေါက်လိုက်၏။ သူက လေးပင်စွာပင် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ခင်ဗျား ဘယ်လိုလုပ်ပြီး သိသွားတာလဲ...”
ဝေ့ဝူယင်က ခေါင်းကို ရှေ့သို့ ပြန်လှည့်ကာ မေးစေ့ကို ပွတ်သပ်လိုက်၏။
“ခင်ဗျားပဲ အတည်ပြု ပေးခဲ့တာလေ...”
“...”
ကွမ်ယုမှာ ဆွံ့အ သွားခဲ့တော့၏။