ကြယ်တာရာ ဆင်းတု
Vol. 54 Ch. 752
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ သူက သွေးနှင့် ပန်းရနံ့များကို ရှူသွင်းလိုက်ရင်း လက်နက်ချင်း ထိခတ်သံများ ထွက်ပေါ်လာနေသည့် နေရာဆီသို့ ဦးတည်လိုက်သည်။ ကွမ်ယုမှာ အနည်းငယ် ကြောင်အ နေသေး၏။ ထို့နောက်တွင်တော့ မျက်စိနှင့် နားများကို အစွမ်းကုန် ဖွင့်ကာ ဝေ့ဝူယင် နောက်သို့ လိုက်သွားခဲ့တော့သည်။
“ဆိုတော့ကာ ခင်ဗျားရဲ့ မျိုးနွယ် ဒါမှမဟုတ် အင်အားစုမှာ ဒီစစ်မြေပြင်ကို ဝင်ဖို့ အရည်အချင်း မှီခဲ့တဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ရှိခဲ့ဖူးတာပေါ့...”
ဝေ့ဝူယင်က အတွေးများကို ထပ်မံ မချဲ့ထွင်တော့ပဲ တိုက်ရိုက်ပင် မေးလိုက်၏။
“ဟုတ်ပါတယ်... တပ်ရင်းမှူး တစ်ယောက်ပါ...”
ကွမ်ယုက ခေါင်းကို ငိုက်စိုက်ချလိုက်၏။ သူက ဆက်လက် ဖုံးကွယ်ဖို့ မကြိုးပမ်းတော့ချေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းကျော်လောက်ကပါ... စစ်ဝိညာဥ်က သူ့ကို ဆက်စပ်မှု စစ်မြေပြင်နဲ့ ပတ်သက်နေတဲ့ လုပ်ဆောင်ချက်နဲ့ စည်းမျဥ်းတွေ အကြောင်း ရှင်းပြခဲ့တယ်လေ... ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ ဒီနေရာကနေ မလွတ်မြောက်ခဲ့ပါဘူး... ကျုပ်တို့ မျိုးနွယ်ကပဲ အခြားလူ တစ်ယောက်က အဲဒီ အချက်အလက်တွေကို ယူလာခဲ့တာ”
“တပ်ရင်းမှူးကိုတော့ ရှင်းပြတယ်... မထင်မရှား စစ်သည်လေးတွေကိုတော့ ရှင်းမပြဘူးပေါ့... ဟဟ...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။ တကယ်ဆိုလျှင်... စစ်ဝိညာဥ်မှာ စစ်မြေပြင်ဆီ ဝင်ရောက်လာသူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်သည်။ ထိုအရာက တမင်သက်သက် မျက်နှာလိုက်ခြင်းမျိုးပင်။
“ဒါနဲ့ မြေပြင် အခြေအနေ ဘယ်လိုရှိလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ သူတို့က ခြေလှမ်းများက တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာနှင့် ပိုမို၍ နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။
ကွမ်ယုမှာ ဝေ့ဝူယင်ကို အချက်အလက်များ ထိန်ချန်ထား၍ မရတော့ကြောင်း သဘောပေါက်လိုက်ချေပြီ ဖြစ်သည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် လေထုမှာ တုန်ရီသွားကာ ထူးဆန်းသော ဝိညာဥ် အော်ရာများ ထွက်ပေါ်လာခဲ့တော့၏။
“အရှိန်တက်လာနေပြီ...”
ကွမ်ယုက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် အဖြေပေးလိုက်၏။ ပိုမို နီးကပ်လာသည်နှင့် အမျှ ထူးဆန်းသော ဝိညာဥ်အော်ရာက ပိုမို ပြင်းထန်လာနေသည်ကို ဝေ့ဝူယင် ခံစားနေရသည်။ သို့သော်လည်း ထိုအရာက အော်ရာ သက်သက်သာ ဖြစ်သည်။ မြင်ကွင်း မဟုတ်ချေ။ ထို့အပြင် ဝိညာဥ်အင်အားမှာ တစ်မီတာ ပတ်လည်တွင်သာ ကန့်သတ်ခံထားရရာ သူ ဘာကိုမှ ဆုပ်ကိုင်နိုင်စွမ်း မရှိချေ။
“ဒီဝိညာဥ်အော်ရာကရော ဘာကြီးလဲဗျ...”
ဝေ့ဝူယင်က ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ရော မေးလိုက်၏။
“ခင်ဗျား မသိဘူး...”
ကွမ်ယုမှာ ဝေ့ဝူယင်၏ မေးခွန်းကြောင့် အလွန် အံ့အားသင့်သွားပုံ ပေါ်၏။ ထိုစစ်သည်တော်က အဘယ်ကြောင့် ရိုးရှင်းသည့် ကိစ္စများကို အရေးတယူလုပ် မေးနေရသနည်း။ ကြည့်ရသည်က ပင်မ စစ်မြေပြင်နှင့် ဆက်စပ်မှု စစ်မြေပြင် အကြားမှ ကွဲပြားခြားနားမှုများကို သူ ရေရေရာရာ မသိသေးသည့်ပုံပင်။
“ပင်မ စစ်မြေပြင်မှာ ဆိုရင်ဗျာ... ဝိညာဥ်၊ ကြယ်တာရာ အင်အား၊ မြေဆွဲအား၊ အမတေနဲ့ အလင်း စွမ်းအင်တွေ အပေါ်မှာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ရှိတယ်မလား... ဒါပေမဲ့ ဆက်စပ်မှု စစ်မြေပြင်မှာတော့ အတော်လေး ခြားနားတယ်... သန့်စင်ခံထားရတဲ့ ရုပ်နဲ့ ကြယ်တာရာ အမြုတေတွေကိုတော့ ခင်ဗျား သတိထားမိမှာပေါ့”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူ၏ လက်ချောင်းများကတော့ အသာအယာပင် ပွတ်သပ်နေကာ လေထုအတွင်းမှ အော်ရာကို ခံစားနေခဲ့သည်။ ကွမ်ယုက တည်ငြိမ်စွပင် ပြုံးလိုက်၏။
“အဲဒါက ကြယ်တာရာ ဆင်းတု ဆိုတဲ့ ကွဲပြားခြားနားမှုရဲ့ အဓိက အကြောင်းရင်းပဲ...”
“ကြယ်တာရာ ဆင်းတု ဟုတ်လား...”
ဝေ့ဝူယင် ထိုအသုံးအနှုန်းကို တစ်ခါမှ ကြားဖူးခြင်း မရှိပါချေ။ သူသိသည့် တစ်ခုတည်းသော ဆင်းတုက ဝိညာဥ်ဆင်းတုများသာ ဖြစ်သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင်ပင် ကြယ်တာရာ ဆင်းတုနှင့် ပတ်သက်သည့် အချက်အလက်များ အကြောင်း သူ မတွေ့ဖူးချေ။
“ကြယ်တာရာဆင်းတုကို ခင်ဗျား တကယ် မသိတာလား... ဘယ်လိုလုပ်ပြီး မသိရတာလဲ”
စကားပြောနေရင်းကပင် ကွမ်ယု၏ အမူအရာက ပို၍ မသေမချာ ဖြစ်လာဟန် ရ၏။ သူ၏ သွေးနီရောင် မျက်လုံးများက ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ တဖြည်းဖြည်း ပြူးကျယ်လာသည်။
ဝေ့ဝူယင်မှာ ကွမ်ယု၏ စိတ်ခံစားချက်များနှင့် မျက်နှာ အမူအရာတို့ကို မမြင်နိုင်သည့်တိုင် ပိုမို ကျယ်လောင်လာသည့် နှလုံးခုန်သံများကို ကြားနေရသည်။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ကြည့်ရသည်က သူ အချိန်ယူကာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လေ့လာရတော့မည့်ပုံပင်။
“မ... မဖြစ်နိုင်တာ...”
ကွမ်ယုက ဖြစ်နိုင်ချေကို ငြင်းဆန်သည့် ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ အချိန်နှင့် အမျှ ဝေ့ဝူယင် အပေါ် သူ့အကြည့်များက ပိုမို၍ ထူးဆန်းလာသည်။ သို့သော်လည်း သူတို့ စကား မဆက်နိုင်ခင်မှာပင် အသံတစ်ခုမှ အဝေးဆီမှ ထွက်ပေါ်လာခဲ့တော့၏။
ထိုအရာက အလွန်အမင်း နာကျင်မှု၊ လက်မခံလိုမှုတို့ ပြည့်နှက်နေသည့် အသံတစ်ခု... သေခါနီး လူတစ်ယောက်၏ လည်ချောင်းမှ နောက်ဆုံး အကြိမ်အဖြစ် ညှစ်ထွက်လာခဲ့သော ညီးတွားသံ တစ်ခုပင်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် အရိုးကျိုးသံ၊ သွေးများ တရဟော ပန်းထွက်လာသံများပါ ထပ်မံ ထွက်ပေါ်လာ၏။
အလွန် ဝေးကွာနေဆဲ ဖြစ်သည့်တိုင် သူတို့ နှစ်ယောက်မှာ အကုန်လုံးကို အသေးစိတ် ကြားနေရသည်။ ကွမ်ယုမှာ ကျောရိုးများ စိမ့်တက်လာသလို ခံစားလိုက်ရ၏။ သူ ဘဝ တစ်လျှောက် လူပေါင်းများစွာကို သတ်ဖြတ်ဖူးသည့်တိုင် ထိုကဲ့သို့ ငယ်သံငယ်ရင်းပါသည့် အော်သံကို ကြားရသော အခါတွင်တော့ ကြက်သီး မထပဲ မနေနိုင်အောင် ဖြစ်ရသည်။ သူ အံကို တင်းတင်းကြိတ်လိုက်မိ၏။
ဝေ့ဝူယင်က မျက်လုံးများ ပိတ်ထားရင်းကပင် ကွမ်ယုဘက်သို့ မျက်နှာမူလိုက်သည်။ သူ၏ အမူအရာက အနည်းငယ် အံ့အားသင့်နေဟန် ရ၏။ ဆက်စပ်မှု စစ်မြေပြင်ကိုပင် ဝင်ရောက်နိုင်ခဲ့သည့် ကွမ်ယုလို စစ်သည်တော် တစ်ဦးက ထိုမျှလောက် ကြောက်လန့်လိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ် မထားခဲ့တာ အမှန်ပင် ဖြစ်လေသည်။
ကွမ်ယုမှာ ဝေ့ဝူယင်၏ အထင်သေးနေဟန် ရသည့် အကြည့်ကို ခံစားမိလေရာ အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်သွား၏။ သို့သော်လည်း သူ ရှင်းမပြချင်ပေ။ လေထုထဲ၌ ပျံ့နှံ့လာသည့် အော်ဟစ်သံ၏ နောက်ကွယ်တွင် မည်သည့် အရာများ ရှိကြောင်း သူ တစ်ယောက်တည်းသာ သိပေသည်။
ဖျပ်... ဖျပ်... ဖျပ်...
ညင်သာသော ခြေသံများမှာ သူတို့ထံသို့ ချဥ်းကပ်လာခဲ့၏။ ကွမ်ယု၏ မျက်လုံးများက ချောက်ချားခြင်းများနှင့် ပိုမို၍ ပြည့်နှက်လာသည်။ သူက ပခုံးထက်၌ ထမ်းထားသည့် အသွားနှစ်ဖက်ပါ လက်နက်ကို ရင်ဘတ်ရှေ့သို့ ယူဆောင်ကာ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“ကြယ်တာရာ ဆင်းတုဆိုတာက ဘာလဲဗျ ကျုပ်ကို ရှင်းပြစမ်းပါ...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် တောင်းဆိုလိုက်၏။ သူ၏ အမူအရာက ကြီးစွာသော ဣန္ဒြေနှင့် ပြည့်စုံ နေသည်။ အကယ်၍ စစ်တပ်တစ်ခု စုဆောင်းချင်သည် ဆိုလျှင်ပင် သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိသည်ဟု မဆိုလိုပါချေ။ အစီအစဥ်တိုင်း အစီအစဥ်တိုင်းမှာ ဆန္ဒ တစ်ခုဖြင့်သာ စတင်ကြရသည်ချည်းသာ ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းဆန္ဒကို စိတ်ဖြင့် တည်ဆောက်၍ နှလုံးသားဖြင့် မောင်းနှင်ရသည်။
“ဟမ်...”
ကွမ်ယုက ဝေ့ဝူယင်၏ မေးခွန်းကို မကြားလိုက်ဟန်နှင့် ထပ်မံ၍ မေးလိုက်၏။ သူ၏ မျက်လုံးများကတော့ တိုက်ပွဲဝင်ရန် သတိ အနေအထားဖြင့် ပိုမို၍ တောက်ပလာနေခဲ့သည်။
ခြေသံ ထွက်ပေါ်လာစေသည့် ရင်းမြစ်ကို ကြောက်လန့်မိသည့်တိုင် ကွမ်ယု၏ အတွေးနှင့် ခံယူချက်တို့ကတော့ ဝေ့ဝူယင်နှင့် ထပ်တူပင် ဖြစ်သည်။ သူက စစ်ပွဲ၏ စစ်သည်တော် တစ်ယောက် ဖြစ်သည်။ သူ့ကိုယ်သူ စစ်မီးတောက်များ၊ သေခြင်းတရားများနှင့် ထုဆစ်နေသူ ဖြစ်သည်။ သူက လူသစ်များကိုသာ အမဲလိုက်သည် ဆိုသည့်တိုင် သူတို့မှာလည်း အလွန် ထူးချွန်သည့် ပါရမီရှင်များ ဖြစ်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို ငကြောက် တစ်ယောက်ဟု ဆို၍ မရချေ။ သူက စစ်မြေပြင်ကို အချက်အလက်များနှင့် စကားနေသူ တစ်ယောက်သာ ဖြစ်ပေသည်။
ဖျပ်... ဖျပ်... ဖျပ်...
ခြေသံများက ပိုမို၍ နီးကပ်လာ၏။
“ကြယ်တာရာ ဆင်းတု အကြောင်း ကျုပ်ကို ပြောပြလို့ ပြောနေတာ...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ထပ်မံ၍ ပြောလိုက်၏။ ကွမ်ယု၏ စကားအသွားအလာ အရဆိုလျှင် ကြယ်တာရာ ဆင်းတုက စစ်မြေပြင်၏ အလွန် ကြီးမားသော အားသာချက် တစ်ရပ် ဖြစ်နိုင်သည်။ ထိုအားသာချက်ကို မဆုပ်ကိုင် နိုင်သေးပဲ သူ မတိုက်ခိုက်လိုချေ။
တစ်ချိန်တည်း၌... သူ့လက်သီးချက် နှစ်ချက်ကို အလူးအလဲ ခံခဲ့ရသည့်တိုင် ကွမ်ယု တစ်ယောက် အဘယ်ကြောင့် သူ ပြောသည့် ကြယ်တာရာ ဆင်းတု ဆိုသော အရာအား မထုတ်ဖော်ခဲ့သည်ကို ဝေ့ဝူယင် အနည်းငယ် အံ့သြ နေမိခဲ့သည်။
“ကောင်းပြီလေ...”
ကွမ်ယုမှာ ဝေ့ဝူယင်၏ တည်ငြိမ်မှုကို ကြည့်ကာ အနည်းငယ် တုန်လှုပ်သွားမိ၏။ သို့သော်လည်း... ထိုအရာက အံ့အားသင့်စရာတော့ မရှိပါချေ။ ထိုလူငယ် ကိုယ်တိုင်က အလွန် မွန်းစတား ဆန်လွန်းနေသည် မဟုတ်ပါလား။
“ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ ရုပ်ခန္ဓာကို သေမျိုး တာအိုရဲ့ အကန့်အသတ် ရောက်အောင် သန့်စင်နိုင်တဲ့ အခါမှာ ကြယ်တာရာ ဝိညာဥ်နဲ့ အတူ ထူးခြားတဲ့ စွမ်းရည် တစ်မျိုးကို ဖော်ထုတ် လာနိုင်တယ်... နောက်ပြီး ကြယ်တာရာ ဆင်းတုတွေက ဝိညာဥ်ဆင်းတုတွေလို ဝိညာဥ်စွမ်းအင် တစ်ခုတည်းကိုပဲ ကိုယ်စားမပြုဘူး... ကျင့်ကြံသူရဲ့ စွမ်းအင် လေးခုလုံးကို အကန့်အသတ်ထိ ရောက်အောင် တိုးမြှင့်ပေးနိုင်တယ်”
ကွမ်ယုက လျှင်မြန်စွာပင် ရှင်းပြလိုက်၏။ သို့သော်လည်း... သူ့ အချက်အလက်များက အခြေခံ အကြောင်းအရာများသာ ဖြစ်လေရာ လောနေကြောင်း သိသာလှပေသည်။
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
“ဒါဆို ဒီနေရာမှာ ရှိတဲ့ စစ်သည်တော်တိုင်း ကြယ်တာရာ ဆင်းတုတွေကို ထုတ်ဖော်တတ်မှာပေါ့ ဟုတ်လား...”
လက်ရှိ သူ့ရုပ်ခန္ဓာ စွမ်းအင်မှာ အကန့်အသတ်ထိ ရောက်ရှိနေကြောင်း ဝေ့ဝူယင် အပြည့်အဝ ယုံကြည်ပေသည်။ သူ ကိုယ်တိုင်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်မလား သိချင်မိသည်။
“အဲဒီလိုတော့ မဟုတ်ဘူး... ရုပ်ခန္ဓာ စွမ်းအင် အကန့်အသတ်ကို ရောက်နေတဲ့ လူတွေပဲလေ...”
ကွမ်ယုက တိုတိုတုတ်တုတ်သာ အဖြေပေးလိုက်၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုရှင်းပြချက် တစ်ခုလုံးကို သူ နားမလည်နိုင်သေးချေ။
ကွမ်ယုမှာ ဝေ့ဝူယင် သဘောမပေါက်သေးကြောင်း နားလည်လိုက်ရာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် နားလည်အောင် ရှင်းပြတာ တကယ် ခက်ခဲလွန်းလှသည်။
ဖျပ်... ဖျပ်...
ကွမ်ယု၏ လေသံက စိတ်လှုပ်ရှားဟန်ဖြင့် ပိုမို၍ မြန်ဆန်လာ၏။
“ရုပ်ခန္ဓာနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အဆင့်တွေ ရှိတယ်... ဒါကြောင့် အဲဒီ လမ်းစဥ်မှာ အကန့်အသတ် ရောက်ဖို့ မတူကွဲပြားတဲ့ လိုအပ်ချက်တွေ ရှိတယ်... ပိုပြီး သန်မာလေလေ အောင်မြင်ဖို့ ပိုခက်ခဲလေလေပဲ”
သူက ဝေ့ဝူယင် ပိုမို နားလည်ရ လွယ်ကူစေရန် အတွက် အရိုးရှင်းဆုံး စကားလုံးများဖြင့် ကြိုးစားပမ်းစား ရှင်းပြလိုက်သည်။
ဝေ့ဝူယင်၏ စိတ်အတွေးများက လျှင်မြန်စွာပင် လည်ပတ်နေ၏။ သူ နည်းနည်းလေးတော့ နားလည်လာပြီ ဖြစ်လေသည်။ ထိုအခိုက်တွင်ပင် အသံတစ်ခုမှာ သူတို့ နားစည်များဆီသို့ တိုးဝင် လာခဲ့လေတော့၏။
“ဒီတော့ကာ နှစ်ယောက်တောင်ပေါ့...”