သေဆုံးခြင်း၏ အရသာ
Vol. 54 Ch. 755
“ဒါနဲ့ သူက လှလား...”
ကွမ်ယု၏ အမူအရာက ထူးဆန်းသွား၏။ သူ့ မျက်လုံးများထဲတွင်တော့ ရွံရှာသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
“အဲဒီလို ထင်တာပဲ... ဘာလို့လဲ...”
ဝေ့ဝူယင်တွင် မည်သည့် ရည်ရွယ်ချက်များ ရှိနေကြောင်း မသိသည့်တိုင် ထိုကဲ့သို့ မေးခွန်း အမေးခံရခြင်းကပင် သူ့ကို ရွံရှာသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။ သို့သော်လည်း ဝေ့ဝူယင်ထံမှ အဖြေစကားက သူ့ကို အံ့အားသင့် သွားစေခဲ့၏။
“ငါတော့ အဲဒီလို မထင်လို့...”
ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က ပုံမှန် ခြေလှမ်းများဖြင့် လဲပြိုကျနေသည့် မိန်းကလေး အနားသို့ ဦးတည်လိုက်သည်။
ကွမ်ယုမှာ ဝေ့ဝူယင် မည်သည့် အရာကို ဆိုလိုကြောင်း နားမလည်နိုင်သော်လည်း လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဝေ့ဝူယင် နောက်မှ လိုက်လာခဲ့၏။ ရှင်းလင်းစွာပင် သူက မိန်းကလေး အနားသို့ သွားရန် တုန့်ဆိုင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း... ချိုအီသော မွှေးရနံ့ကတော့ လုံးလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
“ခင်ဗျား ဆိုလိုတာက...”
ကွမ်ယုက လမ်းလျှောက်ရင်း နားမလည်စွာဖြင့် မေးလိုက်၏။ မိန်းကလေးနှင့် ဆယ်မီတာခန့် အကွာသို့ အရောက်တွင်တော့ သူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက ကွမ်ယုကို ခြေဟန်လက်ဟန် ပြလိုက်၏။ သူ့ နှုတ်ခမ်းများက အနည်းငယ် ပြုံးယောင်သမ်းနေကာ ‘ခင်ဗျား စိတ်ဝင်စားရင် ကိုယ်တိုင် သွားရှာချေ’ ဟု ပြောနေသယောင် ရသည်။
ကွမ်ယုမှာ မသေမချာ ဖြစ်နေသလို ခံစားနေရ၏။ သို့သော်လည်း စိတ်ဝင်စားမှုက ပိုမို၍ နေရာယူနေသည်။
“သူ တကယ် သတိလစ်နေတာပါနော်...”
ကွမ်ယု သေချာအောင် ထပ်မံ မေးလိုက်သည်။ သူ သတိလက်လွတ် မလုပ်ရဲပါချေ။ ဝေ့ဝူယင်က ရွှင်မြူးစွာဖြင့် အနည်းငယ် ရယ်မောလိုက်သည်။
“အေးလေ... တကယ်လို့ သူ သတိပြန်ရလာရင်ရော မင်း လက်ထဲက လက်နက်နဲ့ အဆုံးသတ် ပစ်လို့ ရတာပဲ... ဒီလောက် ကပ်နေတာတာင် သတ်မပစ်နိုင်ဘူးလို့ ငါ့ကို လာမပြောနဲ့”
ကွမ်ယုက ဖြူရော်စွာ ပြုံးလိုက်သည်။
“ကျုပ် သတ်နိုင်ပါတယ်...”
သူက ဖြည်းညင်းစွာပင် မိန်းကလေး အနားသို့ လျှောက်သွားကာ လှပသည့် မျက်နှာကလေးကို စိုက်ကြည့် လိုက်၏။ သူ၏ မျက်လုံးများက တပ်မက်မှု၊ လေးစားမှု၊ ချီးမွမ်းမှု၊ ကြောက်ရွံ့မှုတို့ဖြင့် တစ်ပြိုင်နက်တည်း ပြည့်နှက်နေသည်။ ထိုမိန်းမက အမြဲတမ်း သွေးဆာနေတာ နှမြောစရာ ကောင်းလွန်းသည်။ မဟုတ်ပါက... သူမကို အိမ်သူ သက်ထားအဖြစ် ပိုင်ဆိုင်ခွင့် ရရှိရန် အတွက် ယောက်ျားတကာမှာ အသေအလဲ တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
မိန်းကလေး၏ မျက်နှာကို ထိတွေ့ရန် ကွမ်ယု လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူမ၏ ညင်သာ ပျော့ပျောင်းသည့် လေသံကို ပြန်လည် ကြားလိုက်မိသော အခိုက်၌ အနည်းငယ် တုန်ရီသွားသည်။ မိန်းကလေး တစ်ယောက် သတိလစ်နေချိန်တွင် အသားယူ၍ မျက်နှာကို ထိတွေ့ခြင်းက မကောင်းဟု သူ တွေးလိုက်မိသည်။ အကယ်၍ ပုံမှန် စစ်မြေပြင်တွင် ဆိုပါက သူ လှံရှည်ဖြင့် သူမကို တစ်ခါတည်း ထိုးဖောက် လိုက်မိမည် ဖြစ်သော်လည်း ဤအခြေအနေက သိပ်မတူညီပါချေ။
“ဆွဲလိုက်...”
ဝေ့ဝူယင်က နောက်မှ အော်ဟစ်လိုက်၏။
“အမ်...”
ကွမ်ယုမှာ အနည်းငယ် အံ့အားသင့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ဝေ့ဝူယင်က သူ့ကို ဆွဲသည့် ပုံစံ လုပ်ပြလိုက်၏။
“ဆွဲလို့ပြောတာ...”
“ဆွဲရမယ်...”
ကွမ်ယုက သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။ သူက မိန်းကလေးဘက်သို့ ပြန်လှည့်လိုက်ကာ နူးညံ့သော ပါးပြင်ကလေးကို ထိလိုက်သည်။ ထို့နောက် ဆွဲဖျစ်ကြည့်လိုက်၏။
ပထမ၌ ဘာမှ မထူးခြားချေ။ ထိုအရာက သာမန် မိန်းကလေး တစ်ယောက်၏ မျက်နှာ အရေပြားလိုပင် နူးညံ့ ပျောင့်ပျောင်းကာ ချောမွေ့လှပေသည်။ သို့သော်လည်း ပိုမို၍ ဆွဲလိုက်သည်နှင့် အမျှ ထိုအရေပြားက သဘာဝ မကျသည့် အမူအရာဖြင့် ပြောင်းလဲလာလေရာ သူ့မျက်လုံးများမှာ ပြူးကျယ် လာခဲ့တော့၏။
သိချင်စိတ်က ပိုမို ပြင်းပြလာလေရာ ကွမ်ယု ခပ်တင်းတင်း ထပ်မံ၍ ဆွဲလိုက်လေ၏။
ကျွီ... ကျွီ...
သားရေကြိုးစတစ်ခုကို ဆွဲဆန့်လိုက်သလို ထူးဆန်းသော အသံများ ထွက်ပေါ်လာ၏။
“ဘာတုန်း...”
ကွမ်ယုက ထိတ်လန့်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်၏။ သူ့မျက်လုံးများက ပြူးကျယ်သွားကာ ပါးစပ်က အဟောင်းသား ဖြစ်နေသည်။ သူ့လက်ထဲတွင်တော့ မျက်နှာ အရေပြား တစ်ခု ရှိနေခဲ့သည်။ ၎င်းတွင် သွေးစသွေးနများ မရှိပါချေ။ ဆန့်ကျင်ဘက် မျက်နှာပြင်တွင်သာ ထူးဆန်းသည့် စေးကပ်ခြင်းများ ရှိနေခဲ့၏။ သို့သော်လည်း ကွမ်ယုကို ထိတ်လန့်ကာ နောက်သို့ ခုန်ဆုတ်သွားစေခဲ့သည်က ထိုမျက်နှာ မဟုတ်ပါချေ။
၎င်းက မျက်ရစ်၊ မျက်ခွံ ကင်းမဲ့နေသည့် ရောင်စုံ မျက်လုံးများနှင့် အရိုးခေါင်း တစ်ခုပင်။ ထို့အပြင် ဦးခေါင်းခွံက ဦးနှောက်ပင် မပါရှိသည့် အလား ပြားချပ်နေ၏။ ကွမ်ယု နှလုံးသားထဲမှ နေ၍ ပြို့တက်လာကာ အော့အန်ချင်စိတ်ပင် ဖြစ်လာခဲ့သည်။
သူက လက်ကို ကပျာကယာပင် နှာခေါင်းဆီသို့ အုပ်လိုက်၏။ ထိုအခါ မိန်းကလေး၏ အလွန်အမင်း လှပေသော မျက်နှာက သူ့လက်ထဲတွင် ရှိနေကြောင်းသတိထားလိုက်မိသည်။ သူ ထအော်ကာ ထိုအရာကို ကပျာကယာပင် ဘေးသို့ လွှင့်ပစ်လိုက်၏။ ခန္ဓာကိုယ် တစ်ခုလုံး သက်တောင့်သက်သာ မရှိစွာဖြင့် ယားကျိကျိ ဖြစ်လာသလိုပင် ကွမ်ယု စိတ်ထဲမှ ခံစားလိုက်ရသည်။
သူ ဝေ့ဝူယင်ဘက်ကို လှည့်ကြည့်လိုက်၏။ ထိုချောမောသော လူငယ်က ဆွဲဆောင်မှု ရှိသည့် အပြုံးတစ်ခုကို ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်ပေသည်။ ကြည့်ရသည်က သူ သိလောက်ပြီး ဖြစ်သည်။ ကွမ်ယုမှာ သိချင်စိတ်များကို ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ရော မေးလိုက်၏။
“ခင်ဗျား လုပ်လိုက်တာလား...”
ဝေ့ဝူယင် ဆေးလုံးတစ်လုံးအား ပစ်ပေါက်လိုက်ပြီး နောက်တွင် မိန်းကလေးမှာ မေ့မျောသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မျက်နှာတစ်ခုလုံး ပြုတ်ထွက် သွားခဲ့သည်။ ကွမ်ယုမှာ တွေးရင်း တွေးရင်း ပိုမို၍ ထိတ်လန့် လာခဲ့၏။ ထိုဆေးလုံးက အရေပြားကို ဆုံးရှုံးသွားအောင် လုပ်နိုင်စွမ်း ရှိသလော။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ သူ ကိုယ်တိုင်ရော သူမ ကဲ့သို့ ကြုံတွေ့လာရမည်လော။
ဝေ့ဝူယင်က ကွမ်ယု၏ အဖြစ်အပျက်ကို ကြည့်ကာ အသာအယာပင် ရယ်မောရင်း ခေါင်းကို ခါလိုက်၏။
“ဘယ်ကသာပါဗျာ... အဲဒီ မိန်းကလေးက ရုပ်စွမ်းအင်တွေကို သန့်စင်ဖို့ အတွက် အဆိပ် ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို သုံးခဲ့တာ... အဲဒါကတော့ အကျိုးသက်ရောက်မှု ဆိုပါတော့... အဆိပ် အကြောင်း ကျုပ် နည်းနည်း လေ့လာဖူးတယ်... အဆိပ်ကို သုံးတဲ့ လူရဲ့ အရေပြားက ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး... တကယ်လို့ ကောင်းနေတယ် ဆိုရင်...”
“သူ့အရေပြား မဖြစ်နိုင်ဘူး”
ကွမ်ယုက ဝေ့ဝူယင်၏ စကားကို ဖြည့်စွက်လိုက်၏။ သို့သော်လည်း သူ၏ စိတ်များက ရှုပ်ထွေးနေသေးဆဲ ဖြစ်သည်။ ဤသို့ဆိုလျှင် သူမက မည်သူ့ အရေပြားကို သုံးထားသနည်း။ ထိုမျှ ပျော့ပျောင်းသည့် အရေပြားက အတုတော့ မဟုတ်နိုင်ချေ။ ဤသို့ဆိုလျှင် အစစ်လော။ မဟုတ်သေး...။
ကွမ်ယု တစ်ယောက် စိတ်အတွေး ယောက်ယက်ခတ် နေချိန်တွင် ဝေ့ဝူယင်က လက်နှစ်ဖက်ကို ဆန့်တန်းရင်း အကြောလျှော့လိုက်၏။ ထို့နောက် သူက ရှေ့သို့ ဆက်လျှောက်လာခဲ့ကာ မိန်းကလေး၏ မျက်နှာမဲ့ ခန္ဓာနားသို့ ရောက်လာခဲ့၏။ ဤသည်က အစီအစဥ်ကို အကောင်အထည်ဖော်ရတော့မည့် အချိန်ပင် ဖြစ်သည်။
ဝေ့ဝူယင် မိန်းကလေး ဘေးနားတွင် မုဆိုးထိုင် ထိုင်လိုက်၏။ သူမက ဆက်လက် အသက်ရှူနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း ဝင်သက်ထွက်သက်တိုင်းက အလွန်အမင်း ဖျော့တော့နေလေရာ မကြာခင် သေဆုံးသွားတော့မည် ဖြစ်ကြောင်း ညွှန်ပြနေသည်။ သူမ ဆက်လက် အသက်ရှင် နေရသည့် တစ်ခုတည်းသော အကြောင်းရင်းက အဆိပ်ဖြင့် သန့်စင်ထားသည့် ခန္ဓာကြောင့်ပင် ဖြစ်လေသည်။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လက်ကို ဆန့်ထုတ်လိုက်ကာ မိန်းကလေး၏ မျက်နှာမဲ့ ဦးခေါင်းခွံထံ လှမ်းလိုက်၏။ သူ၏ လက်ညိုးက မာကြောသော အရိုးများကို ဖောက်ကာ ဦးခေါင်းခွံ အတွင်း ဝင်ရောက်သွားသည်။ မိန်းကလေး၏ ခန္ဓာကိုယ်က အနည်းငယ် တွန့်လိမ်သွားကာ နောက်ဆုံး၌ လုံးဝ ငြိမ်ကျသွားသည်။
“မင်းလုပ်ခဲ့တဲ့ အပြစ်တွေက ဒီလို ငြိမ်ငြိမ်းချမ်းချမ်း သေခြင်းမျိုးနဲ့ မထိုက်တန်ဘူး... ဒါပေမဲ့ မင်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဖြည့်ဆည်း ပေးလိုက်မယ်... သေဆုံးခြင်းရဲ့ ဒီအရသာကို မင်းကြိုက်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
ဝေ့ဝူယင်က သူမ စကားများကို ပြန်လည် ကြားယောင်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအခိုက်တွင်ပင် လောကကြီးက နောက်တစ်ဖန် အေးခဲ သွားခဲ့ပြန်သည်။ အပြစ်သား တစ်ယောက်အား သတ်ဖြတ်ခဲ့ခြင်း အတွက် ဆုလာဒ်ကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည်။
ကမ္မတန်ဖိုး... ၄၃၈၀၉.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး ကျော်လွှားခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၆ နှစ်
...
ကမ္မတန်ဖိုး... ၄၄၁၂၂.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး ကျော်လွှားခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၆ နှစ်
လောကကြီးမှာ အေးခဲနေရာမှ ပြန်လည် အသက်ဝင်လာ၏။ အပြစ်သား သွေးမျိုးဆက်ကတော့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့အစည်း၏ အခြေစိုက် စခန်း တစ်ခုအား ပိုင်လင် ရှင်းပစ်ခဲ့ပြီးနောက် ကြုံတွေ့ခဲ့ရသလိုမျိုး ဝေ့ဝူယင် ခံစားနေရသည်။
“၃၁၃.၃...”
ပြောင်းလဲမှုကို စစ်ဆေးပြီးနောက်တွင် သူ အနည်းငယ် အံ့အားသင့်သွား၏။ အပြစ်သား တစ်ယောက်အား သတ်ဖြတ်ခြင်းဖြင့် ကမ္မတန်ဖိုး ထိုမျှလောက် အထိ ရရှိရအောင် မိန်းကလေး၏ ကမ္မ အပြစ်က မည်မျှ ကြီးမား နေခဲ့သနည်း။