ကျင်းကျူးအတွက် အခွင့်အရေး
Vol. 54 Ch. 756
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ရှိစဥ်တုန်းက ပိုင်လင်မှာ အစစ်အမှန် မွေးဖွားခြင်း အခြေစိုက် စခန်း တစ်ခုကို ရှင်းပစ်ခြင်းဖြင့် ကမ္မတန်ဖိုး သုံးသောင်းကျော် ရရှိခဲ့သည်။ သို့သော်လည်း အရိပ်ဥမှာ ကမ္မ အပြစ်များကို ဦးတည် လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည့်အပြင် ထိုအတွင်း၌ ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့ အားလုံးက အပြစ်သားများ မဟုတ်သည့်တိုင် ထက်ဝက်ကျော်လောက်က အမှောင် လမ်းစဥ်ကို ဇိမ်ပြေနပြေ လျှောက်လှမ်းနေကြသူများ ဖြစ်သည်။
“အပြစ်သားတွေကို အငှားလက်နဲ့ သတ်တာက ကောင်းချီးခံတွေ ရလာမယ့် ကမ္မတန်ဖိုးကို လျော့ကျစေတာများလား...”
ဝေ့ဝူယင်၏ စိတ်ထဲတွင် နောက်ထပ် သီအိုရီ တစ်ခုမှာ ဖြည်းညင်းစွာပင် ပေါ်လာခဲ့လေ၏။
“ခင်ဗျား သူ့ကို သတ်လိုက်တာလား...”
ထိုအခိုက်တွင်ပင် ကွမ်ယု၏ အသံက ထွက်ပေါ်လာရာ ဝေ့ဝူယင်၏ အတွေးများမှာ အဆုံးသတ် သွား၏။
“အင်း... သူ သေသွားပြီ...”
ဝေ့ဝူယင်၏ အသံက ခံစားချက် တစ်စုံတစ်ရာ ကင်းမဲ့နေသည်။ သူက ညင်သာစွာပင် ပြန်လည် မတ်တပ်ရပ်ကာ ကွမ်ယုဘက်သို့ လှည့်လိုက်သည်။
“စစ်ဝိညာဥ် ဖလှယ်မှုနဲ့ ဆက်စပ်မှု စစ်မြေပြင် အကြောင်း အကုန်အစင် မှတ်တမ်းတင်ထားတဲ့ ပစ္စည်း တစ်ခုခု ခင်ဗျားဆီမှာ ပါလာလား...”
“ပစ္စည်း တစ်ခုခု...”
ကွမ်ယုမှာ ဝေ့ဝူယင် မေးခွန်းကြောင့် ပထမ၌ အနည်းငယ် တုန်လှုပ်သွား၏။ သို့သော်လည်း စစ်ဝိညာဥ် ဖလှယ်မှု အပါအဝင် သိထားသမျှ အကြောင်းအရာများကို သူ အမှန်အတိုင်း ပြောထားခဲ့ပြီး ဖြစ်လေရာ ဝေ့ဝူယင်၏ မေးခွန်းတွင် မကောင်းသော ရည်ရွယ်ချက်များ မပါလောက်ကြောင်း တွေးလိုက်မိသည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။
“ပါလာပါတယ်... ဘာလို့လဲ...”
“ကျုပ်ကိုပြပါ...”
ဝေ့ဝူယင်က လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ တောင်းခံလိုက်သည်။ ကွမ်ယုမှာ မျက်မှောင်ကြုတ်ကာ အနည်းငယ် တုန့်ဆိုင်း သွား၏။ သို့သော်လည်း ဦးခေါင်းတွင် အပေါက်ဖောက် ခံရကာ ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် သေဆုံးနေသည့် အရိုးစုကို မြင်ယောင်မိသော အခိုက်၌ သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လူငယ်ကို ဆန့်ကျင်ရန် ကြိုးပမ်း ခဲ့ပါက မိန်းကလေးလို သူ သေဆုံးသွားကောင်း သွားနိုင်ပေသည်။
ကွမ်ယုက ထောင့်မှန် စတုဂံ သဏ္ဌာန် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ လိုက်၏။ ၎င်းက လက်ဖဝါးအရွယ်ခန့် ရှိကာ အနားလေးဘက်စွန်းတွင် ထူးဆန်းသော အမှတ်အသားများ ပါရှိပေသည်။
“ဒါက မှတ်တမ်းတင် ကျောက်ပြားပဲ... ဒီအထဲမှာ ရှိတဲ့ အချက်အလက်တွေက နှစ်ပေါင်း နှစ်သိန်းကျော်လောက်တော့ ရှိနေပြီ... ဒါပေမဲ့ လျှို့ဝှက် အစီအရင် မရှိပဲ သူ့ကို ဖွင့်ဖို့ မဖြစ်နိုင်ဘူး”
ထိုကဲ့သို့ ရှင်းပြပြီနောက် ကွမ်ယုက ဝေ့ဝူယင် အနားသို့ လျှောက်လာကာ လက်ဝါးထက်သို့ တင်ပေးလိုက်သည်။ ဝေ့ဝူယင်က ကျောက်စိမ်းပြားကို ကိုင်ကာ ၎င်း၏ ချောမွေ့သည့် မျက်နှာပြင်ကို ပွတ်ကြည့်လိုက်၏။ ထိုအထဲ၌ ထူးဆန်းသော မန်နာ အချို့ ရှိနေသည်ကို သူ သတိထားမိပေသည်။
တစ်ခဏမျှ စဥ်းစားပြီးနောက် သူ မန်နာ ထိန်းချုပ်မှု စွမ်းရည်ကို မူလ မိုးကုပ်စက်ဝိုင်း အဆင့် အထိ မြှင့်တင်ကာ ထိုအသွင်း ပို့လွှတ်လိုက်၏။ ချက်ချင်းပင် ထူးဆန်းသော သင်္ကေတများမှာ စတင် လှုပ်ရှားလာကာ ဝိညာဥ် အလင်းများမှာ ကျောက်ပြား တစ်ခုလုံးကို ဖြန့်ကျက် လာခဲ့တော့သည်။ ထို့နောက် စာလုံးများမှာ အစီအရီပင် ပေါ်ထွက် လာခဲ့တော့၏။
ဝေ့ဝူယင်က ကွမ်ယုကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာ အမူအရာက “လျှို့ဝှက် အစီအရင် ဟုတ်လား... တကယ်ကြီးလား” ဟု ပြောဆို နေသယောင်ပင်။
သို့သော်လည်း ကွမ်ယုကတော့ မေးရိုးတစ်ခုလုံး အောက်သို့ ပြုတ်ကျကာ မျက်လုံးများ ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။ တစ်စုံတစ်ရာကို ပြောချင်သော်လည်းသူ့အသံက လည်ချောင်းထဲတွင်ပင် နင်နေဟန် ရ၏။ သူ၏ အမူအရာက လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရလေသည်။
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ကာ စာလုံးများကို လက်ဖြင့် ထိတွေ့၍ ဖတ်လိုက်၏။ ကျင်းကျူး၏ မူလ အဆင့် ကျင့်စဥ်မှာ ပြီးပြည့်စုံခြင်း မရှိသေးသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ်... မန်နာ ထိန်းချုပ်နိုင်သည့် စွမ်းရည်ကိုတော့ ပိုင်ဆိုင်ထားပြီး ဖြစ်ပေသည်။ သူ ဆိုလျှင်လည်း ကျောက်စိမ်းပြားကို ဖွင့်နိုင်မှာ သေချာပေသည်။
စာသားများကို ဖတ်ပြီးနောက် ဝေ့ဝူယင်က ကျောက်စိမ်းပြားကို ကွမ်ယုထံ ပြန်လည် ပေးလိုက်၏။
‘ဆိုတော့ကာ ကွမ်ယုရော ဟိုမိန်းကလေးရောက ကျင်းကျူးရဲ့ လမ်းကြောင်းမှာ အသတ်ခံရမယ့် အပြစ်သားတွေပေါ့... ကျင်းကျူးရဲ့ အကျိုးအမြတ်က စစ်ကျောက်တိုင် လေ့လာခွင့် ဆိုတာ ငါ သံသယ မရှိတော့ဘူး’
“ဆက်စပ်မှု စစ်မြေပြင်ကနေ ထွက်သွားပြီးရင် နောက်တစ်ခါ ပြန်လာလို့ ရလား...”
ဝေ့ဝူယင်က ကွမ်ယုကို မေးလိုက်၏။ ထိုအချက်အလက်ကို ကျောက်စိမ်းပြား ပေါ်တွင် သူ ရှာမတွေ့ပါချေ။
“ပြန်လာဖို့လား...”
ကွမ်ယုမှာ ဝေ့ဝူယင် ကျောက်စိမ်းပြားအား မည်ကဲ့သို့ ဖွင့်လိုက်သည်ကို ယခုအချိန် အထိ အံ့သြနေဆဲ ဖြစ်ပေသည်။ ထို့အပြင်... သူက မည်သည့် လမ်းညွှန်ချက်မှ မရှိပဲ တစ်ခဏ အတွင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ မသိလျှင် ကျောက်စိမ်းပြားက ၎င်း၏ ပိုင်ရှင်ရှေ့၌ အလိုအလျောက် ပွင့်ပေးခဲ့ရသည့် ပုံစံမျိုးပင်။
“မဖြစ်နိုင်ဘူး... သေမျိုး တစ်ယောက် အနေနဲ့ ပြန်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... လူတွေ အများကြီး ကြိုးစားခဲ့ဖူးပေမဲ့ အားလုံး ကျရှုံးခဲ့ကြတာချည်းပဲ... အဲဒီလို လုပ်ဖို့ဆိုရင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီး နောက်တစ်ကြိမ် အရည်အချင်း ပြည့်မှီဖို့ လိုတယ်... ဒါပေမဲ့ အဲဒါကလည်း မဖြစ်နိုင်ဘူးလို့ ကျုပ်ထင်တဘ်”
ကွမ်ယုက ကျောက်စိမ်းပြားကို အထက်အောက် လှန်ကာ စစ်ဆေး နေ၏။ သူက ထိုအရာကို ခါယမ်း၍ပင် ကြည့်နေသေးသည်။ ဝေ့ဝူယင်က မည်ကဲ့သို့ လုပ်လိုက်သနည်း။
ဝေ့ဝူယင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ကျင်းကျူး အတွက် စစ်ကျောက်တိုင်ကို သေမျိုး တစ်ယောက် အနေဖြင့် လေ့လာခွင့် ရဖို့က အတော်လေး ယုတ္တိ မရှိသလို သူ ခံစားရသည်။ မည်သို့ပင် ဆိုစေ... ထိုကဲ့သို့ ပြုလုပ်ရန် လျှို့ဝှက် အာဏာရှင် အဆင့် စစ်ဝိညာဥ် တစ်သောင်းကို အနိုင်ယူနိုင်ဖို့ လိုအပ်သည် မဟုတ်ပါလား။
ယခုတစ်ကြိမ် လက်လွှတ်လိုက်ပြီး နောက်မှ လျှို့ဝှက် အာဏာရှင် အဆင့်ဖြင့် ပြန်လည် ကြိုးစားခြင်းက ဖြစ်ကောင်း ဖြစ်နိုင်သလို သူ ခံစားရသည်။ သို့သော်လည်း သေတော့ မသေချာသေးချေ။ ဝေ့ဝူယင် အချက်အလက်များကို ထပ်မံ ဆွဲထုတ်ကာ ဆက်စပ် ကြည့်လိုက်၏။
ကျင်းကျူးတွင် အနန္တသင်္ချိုင်း အဆိပ်ကို လက်နက် အဖြစ် အသုံးပြုရန် နည်းလမ်း မရှိသည်ကတော့ သေချာပေသည်။ သူ့အတွက် ထိုအဆိပ်မှ အခွင့်အရေး ရယူရန် မဖြစ်နိုင်သလောက်ပင်။
ဝေူယင် မျက်မှောင်ကြုတ်ကာ မိန်းကလေး၏ အလောင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက လက်ထဲရှိ မိန်းကလေး၏ ဟင်းလင်းပြင် လက်စွပ်ကို လေ့လာလိုက်သည်။ ၎င်းတွင် ပိတ်ထားသည့် ချိပ်စည်း တစ်ခု ရှိကြောင်း သူ သတိထားမိလိုက်၏။ ထို့အပြင် ၎င်းက လျှို့ဝှက် အဆင့် ဖြစ်ပေသည်။
တစ်ခဏမျှ ငြိမ်သက်ပြီးနောက် ဝေ့ဝူယင် ပြုံးလိုက်၏။ ကောင်းကင်တာအိုတွင် ကောင်းချီးခံများ အတွက် အမြဲတမ်း နည်းလမ်း တစ်ခု ရှိပြီး ဖြစ်သည်။
ထိုချိပ်စည်းက မန်နာ အခြေခံ ဖြစ်သည်။ နောက်တစ်ကြိမ် မူလ အဆင့် မန်နာ ထိန်းချုပ်မှုကို အသုံးပြုကာ ဝေ့ဝူယင် လက်စွပ်ကို အခက်အခဲ မရှိ ဖွင့်လိုက်နိုင်ပြန်၏။
အရာများကို ကန့်သတ်ရန် မန်နာ အခြေပြု ချိပ်စည်းများ အသုံးပြုခြင်းက အဆင့်အတန်း မြင့်မားသည့် လူမှု အဖွဲ့အစည်းများ၏ ယဥ်ကျေးမှုလော ဝေ့ဝူယင် တွေးလိုက်မိသည်။ ဤသို့ဆိုလျှင် ၎င်းတို့ အားလုံးကို ဖွင့်ရန် ကျင်းကျူးထံတွင် အမြဲတမ်း သော့တစ်ခု ရှိနေလိမ့်မည် ဖြစ်သည်။ သူသည်လည်း အတူတူပင်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို သုံးကာ လက်စွပ် အတွင်းပိုင်းကို စစ်ဆေး ကြည့်လိုက်၏။ ၎င်းက ချိုက်လျှို့ယန်၏ လက်စွပ် ထက်ဝက် အရွယ်အစားခန့်ပင် ရှိနေပေသည်။ ထိုလက်စွပ်က ကျင်းကျူး အတွက် ပိုင်ဆိုင်မှု အသစ် ဖြစ်လာမည်လော။ ၎င်းဖြစ်ရပ်အား ဖန်တီးရန် ကောင်းကင်တာအိုက ကျင်းကျူးထံမှ ကမ္မတန်ဖိုး မည်ရွေ့မည်မျှကို နှုတ်ယူခဲ့သနည်း။
“ဒါက တော်တော်လေး အဆင်ပြေတာပဲဟ...”
လက်စွပ်ကို စစ်ဆေးရင်း ဝေ့ဝူယင် ထအော်လိုက်၏။ ပထမ၌ အနန္တ သင်္ချိုင်း အဆိပ်မှာ ထိုကံကြမ္မာကို ဆုပ်ကိုင်နိုင်ရန် ကျင်းကျူး အတွက် အခွင့်အရေးဟု သူ တွေးလိုက်မိသေးသည်။ သို့သော်လည်း ကျင်းကျူးတွင် ၎င်းကို လက်နက် အဖြစ် အသုံးပြုရန် နည်းလမ်း မရှိကြောင်း သတိရလိုက်မိသော အခိုက်၌ ထိုယူဆချက်က လျှင်မြန်စွာ မှေးမှိန်သွားခဲ့သည်။ သို့ဖြစ်လေရာ... ထိုလက်စွပ်ထဲတွင် ကျင်းကျူး အတွက် အသုံးဝင်သည့် တစ်စုံတစ်ရာ ရှိနေမည်မှာ ကျိန်းသေပေသည်။ ထင်မှတ်ထားသည့် အတိုင်းပင် ယခု၌ သူ ထိုအရာကို တွေ့ရှိခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင်လောက လျှပ်စီး အမတေ...
သေခြင်းတရားကို ရမ္မက်ဆန်စွာ တပ်မက်မောသည့် ထိုအဆိပ် နတ်မိမယ်ထံတွင် သလင်းကျောက် တစ်ခု ရှိနေပေသည်။ ထိုသလင်းကျောက်ထဲတွင် ကျင်းကျူး၏ မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို လုံးဝ ပြီးပြည့်စုံ သွားအောင် ကူညီပေးနိုင်စွမ်း ရှိသည့် တစ်ခုတည်းသော အရာ တစ်ဖြစ်လည်း ကောင်းကင်လောက လျှပ်စီး အမတေ ပါဝင်နေပေသည်။ အကယ်၍ သူသာ မူလ အဆင့်ကို အောင်မြင်သွားပါက လျှို့ဝှက် ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်ကာ ကြယ်တာရာ အမြုတေ အဆင့်၏ အကန့်အသတ်ကို လျှင်မြန်စွာပင် ချိုးဖျက် နိုင်လိမ့်မည် ဖြစ်သည်။
ကျင်းကျူး တစ်ယောက် သေမျိုးတာအို၏ အကန့်အသတ်သို့ ရောက်ရှိနေခြင်းကို ထောက်ချင့်ရပါက... ထိုအရာက အလွန် ချိန်သားကိုက်သည်။ အလွန့်အလွန်ကို ချိန်သားကိုက်လှသည်။
“...”
ဝေ့ဝူယင် စိတ်များကို ပြန်လည် စုစည်းရင်း လက်စွပ်ထဲရှိ အခြား အရာများကို ထပ်မံ စစ်ဆေး ကြည့်လိုက်၏။ သူ အလိုရှိသည့် အရာ ရှိလေမလား စတင် ရှာဖွေလိုက်သည်။
အစီအစဥ်တစ်ခုလုံးကို အောင်မြင်ရန် အတွက် ဆိုလျှင် ရေကန်ကြီး တစ်ခုစာ အရွယ်အစား ရှိသည့် အနန္တ သင်္ချိုင်း အဆိပ်များကို သူ လိုအပ်ပေသည်။ထိုမိန်းကလေးမှာ အနန္တသင်္ချိုင်း အဆိပ်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို ကျင့်ကြံနေလေရာ အရေးပေါ် ပြန်လည် ဖြည့်တင်းနိုင်သည့် ရင်းမြစ်တစ်ခုအား ပိုင်ဆိုင် ထားလောက်သည်။
သူ ကိုယ်တိုင် ပင်လျှင် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် ခမ်းခြောက်သွားပါက သွေးရင်းမြစ်များကို ပြန်လည် သိုလှောင်ရန် နဂါးသွေးပုလဲများကို အမြဲ ဆောင်ထားလေ့ ရှိသည် မဟုတ်ပါလား။
အကယ်၍ မတွေ့ရလျှင် သူမ၏ ခန္ဓာကိုယ်ကို သန့်စင်ဖို့ လုပ်ရလိမ့်မည် ဖြစ်သည်။ သူမက အဆိပ်ကို ကျင့်ကြံလေရာ ခန္ဓာကိုယ် တစ်ခုလုံး အဆိပ်များဖြင့် ပြည့်နှက်နေမှာ သေချာပေသည်။ ထိုအရာက မိန်းကလေး၏ ခန္ဓာကိုယ်ကို သူ ဖျက်ဆီး မပစ်ခဲ့သေးသည့် အကြောင်းရင်းပင်။
ဝေ့ဝူယင် အတွေးများကို နိဂုံးချုပ်လိုက်၏။ ကျင်းကျူး၏ ကံကြမ္မာက စစ်ကျောက်တိုင်ကို လေ့လာဖို့ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တော့ မဟုတ်ချေ။ သူ့အနေဖြင့် မူလ အဆင့် ပြီးပြည့်စုံသွားလျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းကို အနိုင်ယူဖို့ မဖြစ်နိုင်သေးချေ။
လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်ဖို့ ကြိုးစားလျှင်လား... ကျောက်စိမ်းပြားထံမှ အချက်အလက်များ အရ ဆိုလျှင် ဆက်စပ်မှု စစ်မြေပြင်တွင် ထိုကဲ့သို့ ပြုလုပ်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းပြီးမှသာ ကျင်းကျူး နောက်တစ်ကြိမ် ပြန်လာဖို့ ဖြစ်နိုင်ချေ ရှိသည်။
“ခင်ဗျား တစ်ခုခု ရှာတွေ့လို့လား...”
ကွမ်ယုက ကျောက်စိမ်းပြားကို ကိုင်ထားရင်း ဝေ့ဝူယင်ကို လှမ်းမေးလိုက်၏။
"ဒါပေါ့...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ အထက်ရှိ ရောင်ခြည်စက်ဝန်းကို မော့ကြည့်လိုက်လေ၏။
“ကျုပ် စစ်မြေပြင်ရဲ့ စစ်သည်တော် စစ်ဝိညာဥ်တွေကို လဲလှယ်ဖို့ ရှာဖွေနေပါတယ်... စစ်ပွဲနဲ့ အောင်မြင်မှု အတွက် ကျုပ် ဆန္ဒကို လိုက်လျောပေးပါ ဆက်စပ်မှုရဲ့ အရှင် စစ်ဝိညာဥ်...”
ကွမ်ယု၏ အမူအရာက ပြောင်းလဲ သွားလေ၏။
ဝမ်...
***