အခန်း (၄၅၃)
Vol. 33 Ch. 453
“သံမဏိတောအုပ်ကို ကျောင်းတော်ရဲ့ လေ့ကျင့်ရေးမှူး ချောင်ချွမ်က ချန်ထားခဲ့တယ်။ ဆရာချောင်က ဒီနေရာမှာ လက်ရေးလှပညာရပ်ကို နှစ်ပေါင်းသုံးဆယ်ကြာအောင် သင်ယူခဲ့တယ်လို့ ပြောကြတယ်”
“သခင်လေးနဲ့သခင်မလေး ကြည့်လိုက်ပါ။ ဟိုနေရာမှာရှိတဲ့စံအိမ်က နာမည်ကြီးတဲ့ နတ်ဘုရားမူးစံအိမ်ပဲ”
“ဒီနေရာမှာ ဆရာလျှိုကုန်းလင်းက တံခါးပိတ်ကျင့်ကြံခဲ့တယ်”
....
တော်ဝင်ကျောင်းတော်သည် နှစ်ထောင်ချီသမိုင်းကြောင်းရှိသောကြောင့် နေရာတိုင်းသည် သမိုင်းဝင်နေရာများ ဖြစ်ကြသည်။
မြင်းလှည်းသည် ဂိတ်တံခါးတစ်ခု၏ရှေ့တွင် ရပ်သွားသည်။
ဟန်မူယဲ့နှင့်မူဝမ်က မော့ကြည့်လိုက်သောအခါတွင် ရွှေအလင်းများဖြင့်တောက်ပနေသော စာလုံးများကို မြင်ရသည်။
“တော်ဝင်ကျောင်းတော်”
“စားလုံးတွေထဲမှာ ဝိညာဉ်ရှိတယ်။ စုတ်ချက်တွေကလည်း ခိုင်မာတယ်။ ဒီနာမည်ကိုရေးခဲ့တဲ့လူက ထူးခြားတဲ့ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတာပဲ”
ဟန်မူယဲ့က အောက်တွင်ရှိသောလက်မှတ်ကို ကြည့်သည်။
တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ဖြစ်သော သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူ ....
လက်ထောက်ကျောင်းအုပ်သည် တော်ဝင်ကျောင်းတော်တွင် တံခါးပိတ်ကျင့်ကြံခဲ့သည်ဟု ပြောကြသည်။ သူက နှစ်တစ်ရာကြာသည်အထိ သင်ကြားမှုမပြုလုပ်ဘဲ သူ့ကိုမြင်ဖူးသောလူများလည်း မရှိကြပေ။
ကျောင်းတော်သားဝတ်စုံနှင့်လူအချို့က မြင်းလှည်းဆီသို့ရောက်လာပြီး သွားမည့်နေရာကို မေးလိုက်သည်။
တော်ဝင်ကျောင်းတော်သည် အပြင်လူများကို ဝင်ရောက်ခွင့်ပြုထားသည်။
အတန်းတက်ချင်သောလူများသည် နာမည်စာရင်းပေးသွင်းပြီး တက်ရောက်နိုင်သည်။
ထိုအရာသည် တော်ဝင်ကျောင်းတော်၏ စိတ်ဝိညာဉ်ပင်ဖြစ်သည်။
“ကျွန်တော့်ရဲ့သခင်လေးက ....”
ဇူအော်လင်းက နောက်သို့လှည့်ကြည့်ပြီး ပြောသည်။
“လုယွီကျိုး”
ဟန်မူယဲ့က ပြောလိုက်သည်။
“လု .... လု .... လက်ထောက်ကျောင်းအုပ်လား”
ဇူအော်လင်းက လျှာကိုက်လုနီးပါး ဖြစ်သွားခဲ့သည်။
နန်းမြို့တော်တွင်ရှိသော ဆရာသခင်အများစုသည် နှိမ့်ချ၍ နေထိုင်ကြသည်။
သူတို့က ဆယ်စုနှစ်အနည်းငယ်ကြာလျှင် တစ်ကြိမ်ထွက်လာပြီး သင်ခန်းစာပို့ချပေးသည်။
လမ်းမပေါ်တွင်ရှိသော သာမန်အဘိုးကြီးတစ်ယောက်သည် ဆရာသခင်တစ်ယောက် ဖြစ်နေနိုင်သည်။
သူတို့သည် နာမည်ကြီးသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ ထင်ပေါ်ခြင်းမရှိပေ။
သို့သော် လုယွီကျိုးသည် ချွင်းချက်ဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် အလယ်ပိုင်းကုန်းမြေ၏ အကြီးမားဆုံးဖြစ်ရပ်သည် တာအိုနယ်မြေနှင့်အတူပြန်လာသော လက်ထောက်ကျောင်းအုပ် လုယွီကျိုး ဖြစ်သည်။
ထိုဖြစ်ရပ်မျိုးသည် နှစ်ပေါင်းထောင်ချီကြာသည်အထိ မဖြစ်ခဲ့ပေ။ ထို့ကြောင့် လုယွီကျိုး၏နာမည်ကို လူတိုင်း သိသွားကြသည်။
ထို့အပြင် ထိုလူ၏ဂုဏ်သတင်းသည် .....
ဇူအော်လင်းက ရင်တုန်သွားသည်။
လုယွီကျိုးတွင် များပြားလှသော တရားမဝင်ကလေးများ ရှိနေသည်။
‘အဲဒီလိုဖြစ်နေတာလား’
သူတွေးမိသည်။
“လက်ထောက်ကျောင်းအုပ်က အနောက်ဘက်ခြံဝိုင်းရဲ့ ချင်ဟွားဥယျာဉ်မှာ နေပါတယ်။ အနောက်ဘက်ကို မောင်းသွားလိုက်ပါ”
ကျောင်းတော်သားဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က စုတ်တံကိုပေးလိုက်ပြီး ပြောသည်။
“ကျေးဇူးပြုပြီး နာမည်ချန်သွားပေးပါ”
ဟန်မူယဲ့က စုတ်တံနှင့်စာအုပ်ကို ယူလိုက်သည်။ စာအုပ်ထဲတွင် လုယွီကျိုးဆီသို့ အလည်လာသောဖြစ်ရပ်ကို မှတ်တမ်းတင်ထားခဲ့သည်။ သူနာမည်ကို ရေးထိုးရန်သာ လိုအပ်တော့သည်။
ဟန်မူယဲ့က တော်ဝင်ကျောင်းတော်ဟူသော စကားလုံးများကို မော့ကြည့်သည်။ ထို့နောက် သူ့နာမည်ကို ညင်သာစွာရေးလိုက်သည်။
စာအုပ်နှင့်စုတ်တံကို ပြန်ပေးလိုက်ပြီး မြင်းလှည်းက ဖြည်းညင်းစွာ ထွက်သွားခဲ့သည်။
“လက်ထောက်ကျောင်းအုပ်လုယွီကျိုးဆီကို အလည်လာတဲ့လူလား။ ဘယ်သူလဲ”
“လက်ထောက်ကျောင်းအုပ်ကို လာရှာတဲ့ နောက်ထပ်အမျိုးတစ်ယောက်လား။ ဒီကိစ္စတွေက တကယ့်ကိုအဆုံးမရှိဘူးပဲ”
တံခါးရှေ့တွင် လူအချို့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းငုံ့၍ စာအုပ်ထဲတွင်ရှိသောနာမည်ကို ကြည့်သည်။
“ကောင်းလိုက်တဲ့လက်ရေးပဲ”
လူတစ်ယောက်က အော်ပြောသည်။
စကားလုံးများသည် သစ်သားပေါ်တွင်ထွင်းထုထားသကဲ့သို့ ခိုင်မာသည်။
စုတ်တံ၏ထက်မြိမှုကို မြင်နိုင်သည်။
“ဒီစာလုံးတွေမှာ အသိစိတ်ရှိနေတာလား”
လူတစ်ယောက်က ခေါင်းမော့လိုက်ပြီး ဂိတ်တံခါးကို ကြည့်သည်။
ဂိတ်တံခါးပေါ်ရှိစာလုံးများသည် စာအုပ်ပေါ်ရှိစာလုံးများပေါ်သို့ အလင်းရောင်ပေါင်းထည့်ပေးနေသည်။
“မူယဲ့တဲ့လား”
“မူယဲ့ပဲ”
စာအုပ်ကိုင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးက မျက်လုံးပြူးသွားပြီး မြင်းလှည်းကို လှမ်းကြည့်သည်။
“အမိန့်ပြန်တမ်းနဲ့ တရားဝင်နတ်တွေကို ဖြစ်ပေါ်လာစေတဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူကြီးလား”
“လက်ထောက်ကျောင်းအုပ်နဲ့ ညီအစ်ကိုတွေဖြစ်နေတဲ့ ကျင့်ကြံသူကြီးလား”
“အရမ်းငယ်တာပဲ”
ကောလဟာလများအရ ထိုကျင့်ကြံသူကြီးသည် ငယ်ရွယ်သည်ဟု ပြောကြသော်လည်း လူအများစုက မယုံကြည်ခဲ့ပေ။
သို့သော် ထိုကောလဟာလသည် အမှန်ဖြစ်ပုံရသည်။
လှည်းမောင်းနေသောဇူအော်လင်းက ကြောင်အနေသည်။ သူက ချင်ဟွားဥယျာဉ်သို့ရောက်သည်အထိ သတိပြန်ဝင်မလာခဲ့ပေ။
လမ်းတစ်လျှောက်တွင်ရှိသော ကျောင်းတော်သားများကိုမေးလိုက်ပြီး မြင်းလှည်းသည် တိတ်ဆိတ်သောခြံဝိုင်းတစ်ခုသို့ ရောက်လာခဲ့သည်။
ဟန်မူယဲ့က လှည်းပေါ်မှဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“အဲဒီ ကျောက်ခုံတန်းနှစ်ခုက ကောင်းသားပဲ။ ကျောက်စာတွေကလည်း မဆိုးဘူး။ ဇူအော်လင်း အဲဒါတွေကို လှည်းပေါ်တင်လိုက်”
‘လှည်းပေါ်တင်ရမှာလား’
ဇူအော်လင်းက တွေးမိသည်။
‘ဒီပစ္စည်းတွေကို ဒီအတိုင်းပဲ ယူသွားလို့ရတယ်ပေါ့’
ဟန်မူယဲ့က တခြားပစ္စည်းများကို ဆက်လက်လေ့လာနေကြောင်း မြင်လိုက်ရသောအခါတွင် ဇူအော်လင်းက အံတင်းတင်းကြိတ်ပြီး ကျောက်ထိုင်ခုံနှစ်ခုကို ရွေ့လိုက်သည်။
ဤလုပ်ရပ်ကြောင့် ဆက်ဆံရေးခိုင်မာလာလိမ့်မည်။
သူက တစ်ခုခုလုပ်မပေးဘဲ သခင်လေး၏ယုံကြည်မှုကို ရနိုင်မည်မဟုတ်ပေ။
ကျောက်ထိုင်ခုံနှစ်ခုသည် အလွန်လေးသောကြောင့် ဇူအော်လင်းက အင်မတန်အားထုတ်ပြီး မြင်းလှည်းပေါ်သို့ တင်လိုက်ရသည်။
ကျောက်ထိုင်ခုံများကို ရွေ့ပြီးသောအခါတွင် ဟန်မူယဲ့က ပန်းအိုးများကို လက်ညှိုးထိုးပြသည်။
“အစ်ကိုဟန်၊ ဒီကျောက်စိမ်းရှားစောင်းပန်းတွေက အတော်လေး အဖိုးတန်တယ်”
မူဝမ်က တီးတိုးပြောသည်။
“အဆင်ပြေပါတယ်။ လုယွီကျိုးရဲ့ပစ္စည်းတွေကို ငါကြိုက်ရင် ယူလို့ရတယ်။ သူက ငါ့ကိုမပေးဘဲ မနေရဲပါဘူး”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ပန်းအိုးတွေကို သယ်သွားလိုက်”
ဇူအော်လင်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
‘သခင်လေးနဲ့ လက်ထောက်ကျောင်းအုပ်လုတို့ရဲ့ဆက်ဆံရေးက ငါထင်ထားတဲ့အတိုင်း ဖြစ်နေတာလား’
‘ဒါပေမဲ့ လုမိသားစုမှာ တရားဝင်သားတစ်ယောက်ရှိပြီးသားလေ။ သခင်လေးက လက်ထောက်ကျောင်းအုပ်လုရဲ့ပစ္စည်းတွေကို အကုန်ယူသွားရင် လုမိသားစုကို ရန်စသလို ဖြစ်သွားမှာလား’
ဇူအော်လင်းက ခေါင်းခါလိုက်ပြီး အံကြိတ်၍ ပန်းအိုးများကို လှည်းပေါ်တင်သည်။
ဤကိစ္စနှင့်ပတ်သတ်၍ သူမတတ်နိုင်ပေ။
ပစ္စည်းများရွေ့နေစဉ် လူမိမသွားရန် မျှော်လင့်ရုံသာ တတ်နိုင်သည်။
“အမ်၊ မင်းက ဘယ်သူလဲ။ မင်းက လူအိုကြီးလုရဲ့ ကျောက်စိမ်းရှားစောင်းပင်တွေကိုတောင် ရွေ့ရဲတယ်လား”
“သူက အဲ့ဒီပန်းပင်တွေကို တန်ဖိုးထားတယ်”
ဇူအော်လင်းက လက်ထဲတွင်ရှိသောပန်းအိုနှင့်အတူ ရပ်တန့်သွားသည်။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် သာမန်အင်္ကျီတစ်ထည်နှင့် မုတ်ဆိတ်များဖြူဖွေးနေသော လူအိုကြီးတစ်ယောက်ကို မြင်ရသည်။ ထိုလူအိုကြီးက အင်္ကျီလက်များကို ခေါက်တင်ထားပြီး သူ့ကို သိချင်စိတ်များနှင့် ကြည့်နေသည်။
ဇူအော်လင်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ဆက်ရွေ့နေ”
“ပြီးတော့ ဒီတစ်ခုကိုလည်း လှည်းပေါ်တင်လိုက်”
ဇူအော်လင်းက အားတင်းပြီး ပန်းအိုးကို လှည်းပေါ်တင်သည်။
မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။
“ငါသိပြီ။ လူအိုကြီးလုက အကြွေးတင်နေပြန်ပြီထင်တယ်”
ထို့နောက် သူက ခြံဝိုင်းလေးကိုကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်သည်။
“လူအိုကြီးလု၊ လူအိုကြီးလု၊ မြန်မြန်ထစမ်း။ မင်းရဲ့ကျောက်စိမ်းရှားစောင်းပင်တွေကို ယူသွားပြီဟ”
စကားပြောပြီးသွားသောအခါတွင် တံခါးပွင့်လာပြီး ဆံပင်နှင့်အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော လုယွီကျိုးက ပြေးထွက်လာခဲ့သည်။
“ဘယ်မျိုးမစစ်က ....”
ပန်းအိုးများ၏နေရာတွင် ဗလာဖြစ်နေသောကြောင့် လုယွီကျိုးက ကျိန်ဆဲတော့မည့်အချိန်တွင် ပြုံးပြနေသောဟန်မူယဲ့ကို မြင်လိုက်ရသည်။
“ဟန်၊ ညီအစ်ကိုဟန်”
“ခွပ် ....”
ဇူအော်လင်းက ပန်းအိုကျကွဲသွားသည်။
မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက ဟန်မူယဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
“ညီအစ်ကိုယွီကျိုး၊ ကျွန်တော်က ခရီးဝေးကနေ လာခဲ့ရတာ။ ကျွန်တော့်ကို အိမ်ထဲမဖိတ်တော့ဘူးလား”
ဟန်မူယဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ပြုံးသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လုယွီကျိုးက အဝတ်အစားများကို သပ်ရပ်အောင်ပြင်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုမူယဲ့”
“ကျေးဇူးပြုပြီး အထဲဝင်ပါ”
အကယ်၍ ဟန်မူယဲ့မလှုပ်ရှားခဲ့လျှင် ကွမ်မြစ်ဝတိုက်ပွဲသည် လျင်မြန်စွာပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။
သူ လုယွီကျိုးသည် ဒေသရှစ်ခုတွင် နတ်များဖြစ်ပေါ်လာအောင် မဆောင်ရွက်နိုင်ပေ။
တာအိုဂိုဏ်းများကို မဖြိုခွဲနိုင်လျှင် တုန်းရှန်ဒေသသည် ဖရိုဖရဲဖြစ်နေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အမတ်ချုပ်ကြီးဝမ်သည် ထိုကိစ္စလေးအတွက် လှုပ်ရှားလာမည်မဟုတ်ပေ။
တခြားကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကလည်း ဘေးတွင် ရပ်ကြည့်နေလိမ့်မည်။
“မူယဲ့တဲ့လား”
မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက မျက်လုံးများတောက်ပသွားပြီး ခြံဝိုင်းထဲသို့ ဝင်လာသည်။
“လူအိုကြီးယန်၊ မင်းက အိမ်မှာ ကျင့်ကြံနေတာမဟုတ်ဘူးလား။ ဒီကို ဘာလာလုပ်တာလဲ”
လုယွီကျိုးက မုတ်ဆိတ်ဖြူနှင့်လူအိုကြီးကို ဒေါသတကြီး ကြည့်လိုက်သည်။
“အမ်၊ မင်းဆီကို ဧည့်သည်တစ်ယောက် ရောက်လာတယ်လေ။ အဲဒါကြောင့် ငါလာကြည့်တာပေါ့”
လူအိုကြီးက ပြုံးလိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်နေသည်။
လုယွီကျိုးက သူ့ကိုကြည့်လိုက်ပြီး ပွစိပွစိပြော၍ အထဲသို့ခေါ်လိုက်သည်။
ပန်းအိုအကွဲကို သန့်ရှင်းရေးလုပ်နေသော ဇူအော်လင်းက ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
“ဇူအော်လင်း၊ အထဲဝင်လာပြီး မက်မွန်သားကုလားထိုင်ကို ရွေ့လိုက်ပါအုံး”
....
အိမ်ထဲတွင် ခန်းဆောင်အသေးတစ်ခုနှင့် စာကြည့်ခန်းတစ်ခန်း ရှိသည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်အချို့က ရှေ့တက်လာပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
သူတို့က တာအိုကိုရရှိပြီး လုယွီကျိုးနောက်သို့ လိုက်လာသော ထင်းရှူးပင်နှင့် မြက်ပင်များဖြစ်သည်။
‘လုယွီကျိုးက သူတို့ကို သားသမီးအရင်းလို ဆက်ဆံနေတာပဲ’
ဟန်မူယဲ့က တွေးမိသည်။
“သူတို့အားလုံးကိုကြည့်ရတာ တိုးတက်လာသလိုပဲ။ တော်ဝင်ကျောင်းတော်မှာ စာလေ့လာနေတာလား”
ဟန်မူယဲ့က လုယွီကျိုးကိုကြည့်လိုက်ပြီး ရှေ့တွင်ရှိသောနံရံကို ကြည့်သည်။
“ဒီသစ်ခွပန်းချီကားက မဆိုးဘူးပဲ။ တောင်တန်းတွေကြားမှာ ပုန်းကွယ်နေတယ်။ ဒါကို ဆရာချင်းထန့်က ဆွဲခဲ့တာလား”
သူက ရှေ့တက်သွားပြီး လက်ကိုဆန့်ထုတ်သည်။
ထို့နောက် ပန်းချီကားကို သိမ်းလိုက်သည်။
လုယွီကျိုးက ရင်နာသောကြောင့် တစ်ကိုယ်လုံးတုန်ခါသွားသည်။
မုတ်ဆိတ်ဖြူနှင့်လူအိုကြီး၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
ဟန်မူယဲ့က နောက်ထပ်ပန်းချီကားတစ်ချပ်ကို သိမ်းလိုက်သည်။
လုယွီကျိုး၏ စာကြည့်ခန်းထဲတွင် ထည့်ထားသောကြောင့် ပစ္စည်းကောင်းများပင်ဖြစ်သည်။
ဇူအော်လင်းက ပန်းချီကားများနှင့် လက်ရေးလှစာများကို သယ်ယူရန်အတွက် သုံးလေးကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရသည်။
သူက မူးဝေနေပြီး ဟန်မူယဲ့ညွှန်ကြားသည့်အတိုင်း ရိုးရှင်းစွာဆောင်ရွက်နေသည်။
လုယွီကျိုးက ရင်နာနေသော်လည်း ဟန်မူယဲ့ကို ပစ္စည်းများယူခွင့်ပြုသည်။