အခန်း (၄၅၇)
Vol. 33 Ch. 457
ကဗျာက ချက်ချင်းပြီးဆုံးသွားသည်။ ရွှေအလင်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
“ဟားဟား၊ ကျောက်စိမ်းပျံလွှားရေကန်မှာ နောက်ထပ် ထူးခြားတဲ့ကဗျာတစ်ပုဒ် ရှိလာပြီ”
လူအိုကြီးက ဓားကိုင်ထားပြီး ကျယ်လောင်စွာရယ်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဘေးတွင်ရှိနေသော ပုံရိပ်များကို ကြည့်သည်။
ထိုကဗျာသည် တော်ဝင်ကျောင်းတော်၏ ကွန်ဖြူးရှပ်ပညာရှင်များကို ဆွဲဆောင်ခဲ့သည်။
“ဒီကျောက်တုံးကို မရွှေ့တော့ဘူး။ ငါတို့အိမ်အတွက် အရမ်းကြီးလွန်းတယ်”
“ခင်ဗျားက ကျွန်တော်တို့အတွက် တစ်ခုရေးပေးမယ်လို့ ပြောခဲ့တယ်နော်”
ဟန်မူယဲ့က မူဝမ်ကိုခေါ်ပြီး ထွက်သွားသည်။
“တစ်ခုတင်မကဘူး ဆယ်ခု၊ အခုတစ်ရာဆိုရင်လည်း ရေးပေးမယ်”
လူအိုကြီးက ပြုံးလိုက်ပြီး နောက်မှ အော်ပြောသည်။
“ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ။ ငါ့နာမည်က ကျန်းရှုပါ”
“ကျန်းရှုတဲ့လား။ မြက်ရူးလို့သိတဲ့ အရူးကြီးကျန်းလား”
မူဝမ်က ရေရွတ်သည်။
“မူယဲ့ပါ။ လကြည့်မြို့ကိုပို့လိုက်ဖို့ မမေ့နဲ့နော်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်မိုးမခပင်များကြားတွင် မူဝမ်နှင့်အတူ ပျောက်ကွယ်သွားသည်။
“မူယဲ့၊ အမိန့်ပြန်တမ်းနဲ့ နတ်တွေကို ဘွဲ့ထူးချီးမြှင့်ခဲ့တဲ့လူလား”
ကျန်းရှုက တောက်ပနေသောမျက်လုံးများဖြင့် ပျောက်ကွယ်သွားသောဟန်မူယဲ့တို့ကို ကြည့်နေသည်။
“လူအိုကြီးကျန်း၊ ဒီကဗျာက ကောင်းသားပဲ”
သူ့နောက်တွင် ခရမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက် ပေါ်လာသည်။
“ကန်ဘေးမှာ လူငယ်တစ်ယောက် သီချင်းဆိုနေတယ်တဲ့လား။ လူအိုကြီးကျန်း၊ မင်းက လုယွီကျိုးရဲ့အကျင့်တွေကို သင်လာတာတော့ မဟုတ်ဘူးမလား”
တစ်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က ကျောက်တုံးဆီသို့လျှောက်လာပြီး ရေရွတ်သည်။
ချက်ချင်းဆိုသလိုပင် လူအများအပြားရောက်လာပြီး ကဗျာနှင့် စာအရေးအသားကို လေ့လာနေသည်။
ကျန်းရှုက ပြုံးနေသည်။ သူက တံမြက်စည်းကိုမြှောက်ပြီး စာလုံးအချို့ရေး၍ ထွက်သွားသည်။
“နန်းမြို့တော်ရဲ့ အရူးကြီးကျန်း၊ မူယဲ့၏ ကဗျာ။ မူယဲ့တဲ့လား”
“အဲ့ဒီလူလား။ သူဘယ်မှာလဲ”
“နှမြောစရာပဲ။ သူက တော်ဝင်ကျောင်းတော်မှာရောက်နေတာကို ဘာဖြစ်လို့ ငါနဲ့မတွေ့ရတာလဲ”
“ကျစ်ကျစ်၊ ဒီကဗျာကို ကြည့်လိုက်ပါအုံး။ သူက လုယွီကျိုးနဲ့ ဆက်ဆံရေးကောင်းနေတာ မထူးဆန်းတော့ပါဘူး”
“မြန်မြန်လေး ဒီကဗျာကို ကူးယူလိုက်။ ငါတို့တွေ အပျော်လှေကိုသွားရင် အသုံးဝင်လိမ့်မယ်”
ကျောက်ပြား၏ရှေ့တွင် လူများစုဝေးနေသည်။ အကြီးအကဲအချို့က ရင်ထုပြီး ခြေဆောင့်နေကြသည်။
လူအများစုက ကဗျာကိုလေ့လာရန်အတွက် လုယွီကျိုးကို သွားရှာကြသည်။
ဟန်မူယဲ့နှင့်မူဝမ်က တော်ဝင်ကျောင်းတော်မှထွက်လာပြီး လမ်းပေါ်တွင် သွားရည်စာအချို့ ဝယ်ခဲ့သည်။ ထို့နောက် သူတို့က မြင်းလှည်းငှား၍ လကြည့်မြို့သို့ ပြန်လာသည်။
ဟန်မူယဲ့က ပျံသန်းနိုင်သော်လည်း နန်းမြို့တော်၏စည်းကမ်းများကို လိုက်နာခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တွေးမိသည်။
မြင်းလှည်းမောင်းနေသောလူအိုကြီးက ကြာပွတ်မြှောက်လိုက်ပြီး နန်းမြို့တော်၏ စိတ်ဝင်စားဖွယ်ဇာတ်လမ်းကို ပြောပြနေသည်။
ဇူအော်လင်းကဲ့သို့ လူတိုင်းတွင် ပုံပြင်များရှိသည်။ နန်းမြို့တော်သည် ဇာတ်လမ်းများဖြင့် ပြည့်နေသည်။
ဆိုင်သို့ပြန်ရောက်လာသောအခါတွင် ညနေသို့ ရောက်သွားသည်။ ဆိုင်ကို ရှင်းလင်းထားပြီး လုယွီကျိုးဆီမှ ပြန်ယူလာသောပစ္စည်းများဖြင့် ဖြည့်ထားသည်။
“သခင်လေး၊ ဒါက ကျွန်တော့်ရဲ့သား ယုလုံပါ။ သူက ပုံမှန်အတိုင်းဆိုရင် တော်ဝင်ကျောင်းမှာ သင်ခန်းစာနားထောင်နေပေမဲ့ ဒီနေ့မှာတော့ စာအုပ်တွေ၊ ပန်းချီတွေ၊ စားပွဲတွေနဲ့ ကုလားထိုင်တွေကို မှတ်သားထားဖို့အတွက် သူ့ကို ကျွန်တော်ခေါ်လာခဲ့တယ်”
ဇူအော်လင်းက ဟန်မူယဲ့ကို စာအုပ်တစ်အုပ် ပေးသည်။
ဟန်မူယဲ့က စာအုပ်ကိုယူပြီး ဇူအော်လင်း၏နောက်တွင်ရှိသော လူနှစ်ယောက်ကိုကြည့်သည်။
တစ်ယောက်သည် ၁၇နှစ် ၁၈နှစ် အရွယ်ခန့်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးဖြစ်သည်။ သူက စိတ်လှုပ်ရှားနေပုံရပြီး ခေါင်းမော့မကြည့်ရဲပေ။
နောက်တစ်ယောက်သည် ၁၅နှစ် ၁၆နှစ်အရွယ်ခန့်ရှိသော မိန်းကလေးဖြစ်သည်။ သူမ၏မျက်လုံးများသည် တက်ကြွနေပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။
“ဒါက ကျွန်တော့်ရဲ့သမီး ယုထင်ပါ။ သူမက အာခီမီပညာရပ်မှာ ပါရမီအနည်းငယ်ရှိပြီး တိမ်တိုက်အာခီမီအဆောက်အအုံရဲ့ တပည့်တစ်ယောက်ပါ။ သခင်လေးနဲ့သခင်မလေးက ဆေးဆိုင်ဖွင့်ဖို့ ပြင်ဆင်ထားတယ်လို့ ညီလေးတထျန်းနဲ့ ညီမစွေ့စွေ့က ပြောတဲ့အတွက် ယုထင်က နည်းနည်းလောက် ကူညီပေးနိုင်မယ်လို့ ထင်မိပါတယ် ....”
ဇူအော်လင်းက ဟန်မူယဲ့၏မျက်နှာထားကို တိတ်ဆိတ်စွာမော့ကြည့်သည်။
ကံမကောင်းစွာဖြင့် မည်သည့်အရာကိုမှ မမြင်နိုင်ခဲ့ပေ။
မူဝမ်ကတော့ ပြုံးနေသည်။
“သခင်လေး၊ သခင်မလေး၊ သူတို့လိုလူငယ်တွေက တခြားဘာကိုမှ မလိုပါဘူး။ အတွေ့အကြုံရပြီး တစ်ခုခုသင်ကြားနိုင်ဖို့ပဲ မျှော်လင့်ကြတာပါ”
ဇူအော်လင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
အောင်မြင်မှုနှင့်ကျရှုံးမှုသည် သခင်လေးအပေါ်တွင် မူတည်နေသည်။
ဇူအော်ယုလုံက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားသည်။ ဆိုင်လက်ထောက်ဖြစ်လာလျှင် မည်သည့်အခွင့်အရေးမျိုး ရလာမည်ဖြစ်ကြောင်း သူသိထားသည်။
ဇူအော်ယုထင်က ကွန်ဖြူးရှပ်တာအိုကို မကျင့်ကြံသောကြောင့် ပန်းချီနှင့်စာအုပ်များ၏တန်ဖိုးကို မမြင်နိုင်ပေ။ သူမအဖေ၏ စီစဉ်မှုအရ ရောက်လာခြင်းဖြစ်သည်။ သူမက ဆိုင်တွင် အလုပ်လုပ်နိုင်လျှင် မာမိသားစုနှင့်လက်ထပ်ပွဲအကြောင်းကို ဆက်ပြောမည်မဟုတ်ကြောင်း ကတိပေးခဲ့သေးသည်။
“ညီမမူ၊ စီစဉ်ကြည့်လိုက်ပါ။ ခြံဝိုင်းထဲမှာ ဘာတွေပြင်ရအုံးမလဲ သွားကြည့်လိုက်မယ်”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဆိုင်နောက်သို့ ဝင်သွားသည်။
ဆိုင်၏သူဌေးသည် မူဝမ်ဖြစ်ကြောင်း သူပြောခဲ့သည်။ ထို့ကြောင့် သူမက ဆုံးဖြတ်ချက်ချလိမ့်မည်။
သူမပျော်လျှင် အဆင်ပြေသည်။
ခြံဝိုင်းလေးထဲတွင် လုယွီကျိုးဆီမှယူလာသော ပန်းအိုးများနှင့် ကျောက်ထိုင်ခုံနှစ်ခုံရှိနေသည်။
အခန်းထဲသို့မထည့်ရသေးသော စာအုပ်နှင့်ပန်းချီကားများသည် ကျောက်တုံးစားပွဲပေါ်တွင် ရှိနေသည်။
ဟန်မူယဲ့က စာအုပ်နှစ်အုပ်ကိုယူပြီး ဖတ်ကြည့်လိုက်သည်။ စာအုပ်များကို မဟာကျောင်းတော်သားကြီးနှစ်ဦးက ကိုယ်တိုင်ရေးသားထားခဲ့သည်။
သူက ပန်းချီစာလိပ်ကို ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်သောအခါတွင် အစိမ်းရောင်တောင်တန်းကို မြင်ရသည်။
သူ့လက်ဝါးထဲမှ သမာဓိစွမ်းအားအချို့ထွက်လာပြီး ပန်းချီကားထဲကို လွှမ်းခြုံလိုက်သည်။
လုယွီကျိုး၏ခြံဝိုင်းထဲတွင် သမာဓိစွမ်းအားဖြင့် စာအုပ်၏မှတ်ဉာဏ်များကို ရယူနိုင်ကြောင်း သိခဲ့ရသည်။
သမာဓိစွမ်းအားများကို ထည့်သွင်းလိုက်သောအခါ ဟန်မူယဲ့၏စိတ်ထဲတွင် ဗလာဖြစ်နေသော ပန်းချီစာရွက်တစ်ရွက် ပေါ်လာသည်။
မင်ရည်ထဲသို့နှစ်ထားသော စုတ်တံတစ်ချောင်းသည် တောင်တန်း၊ ရှေးဟောင်းသစ်ပင်၊ စံအိမ်၊ ရေတံခွန်နှင့် စမ်းချောင်းများကို ရေးဆွဲလိုက်သည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် စွမ်းအားတစ်ခု လှုပ်ရှားလာသည်။
‘ကမ္ဘာတစ်ခုတည်ဆောက်ဖို့အတွက် သန္ဓေတည်စပုံစံလား’
စိတ်နယ်ပယ်ထဲတွင်ရှိသော သမာဓိစွမ်းအားများ ဖရိုဖရဲဖြစ်လာပြီး ဆက်တိုက်လှုပ်ရှားနေသောကြောင့် ဟန်မူယဲ့က တစ်ခုခုကို နားလည်သွားသည်။
စာပေရေးသားခြင်း၊ မှတ်သားခြင်း၊ ပန်းချီဆွဲခြင်း စသည်တို့မှတစ်ဆင့် ကွန်ဖြူးရှပ်တာအိုကို ပုံဖော်ခြင်းသည် ကမ္ဘာတစ်ခု တည်ဆောက်ခြင်းဖြစ်သည်။
ထိုကမ္ဘာသည် တည်ဆောက်သူ၏ နတ်အာရုံမှ ဖြစ်လာသည်။
ထိုအရာသည် တာအိုနယ်မြေတစ်ခုတည်ဆောက်ခြင်းနှင့် နီးစပ်သည်။
သို့သော် အစစ်အမှန်တာအိုနယ်မြေကို လွယ်ကူစွာမရနိုင်ပေ။
“ဓားတာအိုအတွက်ရော”
ဟန်မူယဲ့က ရေရွတ်သည်။ ချီပင်လယ်တွင်ရှိသော ဓားဆန္ဒသည် ခန္ဓာကိုယ်ထဲမှ ထွက်သွားချင်သကဲ့သို့ လှုပ်ရှားနေသည်။
“ဖျက်ဆီးခြင်း၊ ရပ်တန့်ခြင်း”
ဟန်မူယဲ့က ရှေ့တွင်ရှိသောလေဟာနယ်ကို ထိုးခွဲချင်သကဲ့သို့ မျက်လုံးများ တောက်ပလာသည်။
ဓားတာအို၊ ဖျက်ဆီးခြင်းအခြေခံအုတ်မြစ် ....
“အစ်ကိုဟန်၊ ဒီပစ္စည်းတွေကို အခန်းထဲမှာ ထားလိုက်ရမလား”
မူဝမ်၏အသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး သမာဓိစွမ်းအားနှင့် ဓားဆန္ဒကို ထိန်းသိမ်းလိုက်သည်။
လူသားလောကတွင် နှလုံးသားကိုနှင့်စိတ်အခြေအနေကို လေ့ကျင့်နိုင်လျှင် ကျင့်ကြံခြင်းသည် လျင်မြန်စွာတိုးတက်လာလိမ့်မည်။
နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်းသည်လည်း ပိုမိုလျင်မြန်လာမည်။
သူက မူဝမ်ကို လှည့်ကြည့်သည်။
“ဘာလို့ အခန်းထဲမှာထားနေမှာလဲ”
“အကုန်လုံးကို ဆိုင်ပြင်မှာ ချိတ်ထားလိုက်လေ”
“ဒါတွေအားလုံးက စာပေရတနာတွေပဲ”
“ဒီပန်းချီကားတွေနဲ့ဆိုရင် ဆေးလာဝယ်တဲ့လူတွေက ဈေးလျော့ဖို့ ပြောရဲတော့မှာမဟုတ်ဘူး”
ဟန်မူယဲ့က ပန်းချီကားကိုလိပ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“အစ်ကိုဟန်က တကယ့်ကို စီးပွားရေးအမြင်ရှိတာပဲ”
မူဝမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာပြောသည်။
“အဲ့ဒါဆိုရင် မဟာကျောင်းတော်သားကြီးတွေရေးထားတဲ့စာအုပ်တွေကို ရောင်းဖို့အတွက် ဆိုင်ဖွင့်လိုက်ပါ့လား”
“အမြတ်ရမှာ သေချာတယ်”
ဟန်မူယဲ့က လေးနက်စွာခေါင်းညိတ်သည်။
“အဲ့ဒီလူအိုကြီးတွေကို အမြတ်ထုတ်ရမှာလား။ အကြံကောင်းပဲ”
သူတို့နှစ်ယောက်က ရယ်လိုက်ပြီး ပန်းချီကားများကို ဆိုင်ရှေ့သို့ ရွှေ့သည်။
“အစ်ကိုဟန်၊ ကျွန်မက ဇူအော်မောင်နှမကို အလုပ်ခန့်လိုက်တယ်။ သူတို့က ဉာဏ်ကောင်းတဲ့ပုံပေါ်တယ်”
“သူဌေးရဲ့စကားအတိုင်းပါပဲ”
“အစ်ကိုဟန်က ဂရုမစိုက်ဘူးပေါ့”
“သူဌေးကိုပဲ ဂရုစိုက်ပါတယ်”
....
နေဝင်ဆည်းဆာအောက်တွင်ရှိသော နန်းမြို့တော်သည် တောက်ပနေသည်။ လကြည့်ရေကန်တွင် သဘာဝစွမ်းအင်များ ပေါ်ထွက်နေပြီး လကြည့်မြို့သည် သုခဘုံတစ်ခုနှင့် တူနေသည်။
နန်းမြို့တော်၏ တိုးတက်မှုသည် မတူညီသောကမ္ဘာများကြောင့် ဖြစ်လာသည်။
မူတူညီသောကမ္ဘာများမှ မဟာကျင့်ကြံသူများသည် နန်းမြို့တော်တွင်နေထိုင်သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အသန်မာဆုံးမြို့တစ်မြို့ ဖြစ်လာသည်။
မြို့ထဲတွင် မရေမတွက်နိုင်သောကျင့်ကြံသူနှင့် သာမန်လူသားများ နေထိုင်ကြပြီး သက်ဝင်လှုပ်ရှားမှုအရှိဆုံး မြို့တစ်မြို့ဖြစ်သည်။
ညအချိန်တွင် နန်းမြို့တော်သည် ကောင်းကင်ထက်ရှိကြယ်များထက် ပိုမိုတောက်ပနေသည်။
တော်ဝင်ဥယျာဉ်လမ်းတွင် လမ်းမီးတိုင်များ ထွန်းညှိလိုက်သောအခါ နေ့အချိန်ထက် ပိုမိုအသက်ဝင်လာပုံရသည်။
အရာရှိများ၊ သာမန်လူသားများနှင့် ကျင့်ကြံသူများကို နေရာအနှံ့တွင် မြင်နိုင်သည်။
အင်မော်တယ်လရေကန်သည် လူများနှင့် သက်ဝင်လှုပ်ရှားနေသည်။
လူအများအပြားသည် ဟန်မူယဲ့၏ဆိုင်ကို ကြည့်လိုက်သည်။
ဆိုင်လက်ထောက်အသစ်ဖြစ်လာသော ဇူအော်ယုလုံသည် ဧည့်သည်များကိုနှုတ်ဆက်လျက် အလုပ်များနေသည်။ သူက ဟန်မူယဲ့၏ညွှန်ကြားချက်ကို လိုက်နာခဲ့သည်။
ဆိုင်ဖွင့်သော ပထမဆုံးရက်တွင် ၂၀%လျော့ဈေးပေးမည်။
ဇူအော်ယုထင်က စာအုပ်တစ်အုပ်ကိုင်ထားပြီး နောက်ပိုင်းတွင် ပြင်ဆင်ထားရမည့်ဆေးလုံးများကို မှတ်သားနေသည်။
ဘေးဆိုင်တွင်ရှိသော ရှောက်တထျန်းနှင့်စွေ့စွေ့ကလည်း ဟန်မူယဲ့၏အကြံပြုချက်ကို လိုက်နာခဲ့ပြီး ငါးအသားလွှာနှင့် တောင်ပိုင်းကုန်းမြေ၏သွားရည်စာအချို့ကို အလကားမြည်းစမ်းခွင့် ပြုထားသည်။
ရှောက်တထျန်းက ပန်းကန်ပြားများကိုသယ်၍ ကလေးများကို ဆွဲဆောင်နေသည်။
သူတို့၏ဆိုင်သည် ဆေးဆိုင်ထက် လူပိုများနေသည်။
အလယ်ပိုင်းကုန်းမြေသည် တောင်ပိုင်းကုန်းမြေကို သိမ်းပိုက်နေသော်လည်း အလယ်ပိုင်းကုန်းမြေတွင် တောင်ပိုင်းကုန်းမြေ၏သွားရည်စာများ သိပ်မရှိပေ။
နန်းမြို့တော်မှ လူများ၏အမြင်တွင် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများသည် ရှောက်တထျန်းကဲ့သို့ မဟုတ်ပေ။
ရှောက်တထျန်းက ကလေးများကို စနောက်နေသည်။ သူက ကလေးအချို့ကို ပခုံးပေါ်တွင်တင်ထားပြီး သုံးလေးယောက်ခန့်ကို လက်ထဲတွင် ပွေ့ချီထားသည်။ ကလေးများက ပျော်ရွှင်စွာဖြင့် သူ့ကို ဝိုင်းရံထားသည်။
စွေ့စွေ့က မျက်ရည်ဝဲနေပြီး ဘေးမှ အပြုံးတစ်ခုနှင့်အတူ ကြည့်နေသည်။
ရှောက်တထျန်းက ဤဘဝမျိုးကို လိုချင်သလား သူမ မသိပေ။
သူမ၏မိသားစုက သူမကို လွမ်းနေမလား မသိပေ။
အကယ်၍ သူမက ကလေးကို လွယ်ထားနိုင်ခဲ့လျှင် သူမ၏ကလေးက နန်းမြို့တော်တွင်ရှိသောကလေးများကဲ့သို့ လွတ်လပ်စွာနေနိုင်မည်လား မသိပေ။
ရှောက်တထျန်းက စွေ့စွေ့၏ခံစားချက်ကို အာရုံခံမိသွားပုံရသည်။ သူက သူမအနားသို့ ရောက်လာပြီး တီးတိုးပြောသည်။
“စွေ့စွေ့၊ ဒီမှာရှိတဲ့ကလေးတွေက ဘယ်လောက်တောင်ပျော်နေသလဲ ကြည့်လိုက်ပါအုံး”
“တောင်ပိုင်းကုန်းမြေမှာ သူတို့အရွယ်ကိုရောက်ရင် အမဲလိုက်ဖို့ သင်ယူနေရပြီ”
“ငါတို့ရဲ့ကလေးတွေကလည်း သူတို့လိုမျိုး ကျောင်းတက်နိုင်မှာမဟုတ်လား။ အမဲလိုက်ဖို့ သင်နေစရာ မလိုတော့ဘူးမဟုတ်လား”
စွေ့စွေ့က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာခေါင်းညိတ်သည်။
သိပ်မဝေးသောနေရာတွင် မူဝမ်က ပြုံးပြနေသောဟန်မူယဲ့ကို လှည့်ကြည့်သည်။
နန်းမြို့တော်တွင်နေထိုင်ရန် မလွယ်ကူပေ။ သို့သော် ဤနေရာသည် သုခဘုံဖြစ်သည်။
အနည်းဆုံး ယခုအချိန်သည် ပျော်ရွှင်ဖွယ်ကောင်းသည်။
“အစ်မ၊ သတ္တမအဆင့် လေဟာနယ်ပြန်လည်ပြုပြင်ခြင်းဆေးလုံးနဲ့ ဆဌမအဆင့် ခရမ်းရောင်နေမင်းဆေးလုံးတွေကို အများဆုံးမေးကြတယ်။ ခန္ဓာကိုယ်နဲ့ကိုက်ညီမဲ့ ဆေးလုံးတွေကိုလည်း မေးကြတယ်”
“ဆေးဖော်ခိုင်းချင်တဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ နန်းမြို့တော်ရဲ့ အာခီမီစီးပွားရေးအများစုက တိမ်တိုက်အာခီမီအဆောက်အအုံနဲ့ ကျောက်စိမ်းအာခီမီအဆောက်အအုံမှာ ရှိနေကြတယ်။ တခြားနေရာတွေမှာ အာခီမီဆရာသခင်တွေ သိပ်မရှိဘူး”