အခန်း (၄၅၉)
Vol. 33 Ch. 459
ဇူအော်ယုထင်က အခန်းထဲတွင် ဆေးလုံးသန့်စင်နေသောမူဝမ်ကို ကူညီပေးနေသည်။ ဟန်မူယဲ့က ရှေ့တွင် ဆိုင်ကိုစောင့်ကြည့်နေသည်။ ဇူအော်ယုလုံက ဘေးတွင် အသင့်ရှိနေသည်။
ဇူအော်လင်းက ပရိဘောဂများဝယ်ယူရန်အတွက် အပြင်ထွက်သွားပြန်သည်။
ဆိုင်အတွက် ဝိညာဉ်ကျောက်တုံးထောင်ချီ၍ သုံးစွဲခဲ့သည်။
သခင်လေးနှင့် သခင်မလေးသည် စီးပွားရေးလုပ်ရန်အတွက်မဟုတ်ဘဲ စိတ်ကြိုက် လုပ်ချင်တာလုပ်နိုင်ရန်အတွက် ဆိုင်ဖွင့်ခြင်းဖြစ်မည်ဟု ဇူအော်လင်းနှင့် ဇူအော်ယုလုံက သီးသန့်ဆေးနွေးခဲ့သည်။
ပရိဘောဂများအတွက် ဝိညာဉ်ကျောက်တုံးထောင်ချီ၍ အသုံးပြုသော စီးပွားရေးမျိုး မရှိပေ။
“ဧည့်သည်ခင်ဗျာ၊ ကျွန်တော်တို့က ဆေးဆိုင်ပါ။ ဒါပေမဲ့ ဆိုင်က မဖွင့်သေးတာမလို့ အရင်ဆုံး ရက်ချိန်းယူထားရင် အဆင်ပြေပါလိမ့်မယ်”
တံခါးဝတွင် ဇူအော်လုယုံက ပြောလိုက်သည်။
သို့သော် တံခါးဝတွင်ရှိနေသောလူက ပြောသည်။
“သခင်လေး”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မော့ကြည့်သည်။
ခုန်းချောင်တိရောက်လာသည်။
ဝတ်ရုံရှည်ဝတ်ထားသောခုန်းချောင်တိက ဆိုင်အပြင်ဘက်တွင် စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ရှိနေသည်။
“ရှုရှီဒေသကနေ ဒီအထိ သက်သက်လာခဲ့တာလား”
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ခပ်ဟဟရယ်သည်။
ဆိုင်ရှင်၏မိတ်ဆွေ ဖြစ်နေသောကြောင့် ဇူအော်ယုလုံက ဘေးဖယ်နေလိုက်သည်။
ခုန်းချောင်တိက ရှေ့တစ်လှမ်းတိုးပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
“ကျေးဇူးပါသခင်လေး”
ဟန်မူယဲ့က သူကျေးဇူးတင်လိုက်သောအကြောင်းအရင်းကို သိထားသည်။
ဟန်မူယဲ့မရှိလျှင် ခုန်းမိသားစု၏အဖြစ်ဆိုးကို ဖော်ထုတ်ပေးမည့်လူမရှိပေ။
ချင်းယုနွန်ကလည်း နန်းမြို့တော်သို့ ရောက်လာမည်မဟုတ်ပေ။
ချင်းရီမင်က ခုန်းမိသားစု၏အကြောင်းကို သိနေလျှင်ပင် တရားဝင်စာထုတ်၍ ဖြေရှင်းချက်ပေးမည်မဟုတ်ပေ။
ခုန်းချောင်တိတွင် ထိုစွမ်းရည်မျိုး မရှိပေ။
“မင်းရဲ့ခုန်းမိသားစုက တကယ့်ကို မှားယွင်းပြစ်တင်ခံရတယ်။ တကယ်လို့ ချင်းရီမင်ရဲ့ဖြေရှင်းချက်ကို မကျေနပ်ဘူးဆိုရင် ငါ့ကိုပြောပါ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။
“ပြီးတော့ ဟယ်ကျီးဒေသကို ပြန်သွားချင်ရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့စီးပွားရေးကို အရင်ဆုံး တည်ငြိမ်အောင်လုပ်သွားပါ”
ဟန်မူယဲ့က ကုန်သွယ်ရေးအဖွဲ့အစည်းမှရလာမည့် ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်ပေ။
သို့သော် သူက ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များအတွက် စဉ်းစားပေးရမည်။
ကုန်သွယ်ရေးအဖွဲ့အစည်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် အကျိုးကျေးဇူးများပေးနိုင်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များအတွက် အရင်းအမြစ်အမျိုးမျိုးကို ယူဆောင်လာနိုင်သည်။
ချင်းရီမင်၊ ဟယ်ကျီးဒေသ ....
ဘေးတွင်ရှိနေသော ဇူအော်ယုလုံက အသက်ရှူမှားသွားသည်။
ဆိုင်ရှင်က ပေါ့ပါးစွာပြောလိုက်သည်။
‘အဲဒါက တောင်ပိုင်းကုန်းမြေကိုသိမ်းပိုက်ထားတဲ့ ကျွမ်းကျင်သူကြီးမဟုတ်ဘူးလား’
သူတွေးမိသည်။
‘ဒါက ကျွမ်းကျင်သူတွေရဲ့လောကလား’
“သခင်လေး၊ ခေါင်းဆောင်ချင်းက အခြေအနေကိုရှင်းပြဖို့အတွက် ကိုယ်တိုင်စာရေးပြီး ပို့လိုက်ပါတယ်။ ချင်းယုနွန်နဲ့ တခြားလူတွေကလည်း ထိုက်တန်တဲ့ပြစ်ဒဏ်ကို ခံယူရမှာပါ”
ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဒီကိစ္စက အရှေ့တောင်ပိုင်းရဲ့ ဒေသရှစ်ခုမှာရှိတဲ့ တာအိုဂိုဏ်းတွေနဲ့လည်း သက်ဆိုင်နေတယ်။ သခင်လေးရဲ့အကူအညီကြောင့် ကျွန်တော်က အသက်ရှင်နိုင်ခဲ့တာပါ”
“ဟယ်ကျီးဒေသကိုတော့ ခုန်းမိသားစုနဲ့ မိသားစုခွဲတွေက ပြန်သွားပါလိမ့်မယ်”
ခုန်းချောင်တိ၏မျက်နှာထားက လေးနက်နေပြီး တီးတိုးပြောသည်။
“အနာဂတ်မှာ ကျွန်တော် ခုန်းချောင်တိက သခင်လေးအတွက် ကြိုးစားပြီး အလုပ်လုပ်ပေးပါ့မယ်။ ကုန်သွယ်ရေးအဖွဲ့အစည်းကိုလည်း ပိုပြီးတိုးတက်လာအောင် သေချာစီမံပါ့မယ်”
ဇူအော်ယုလုံက လက်ဖက်ရည်တည်ခင်းပေးလိုက်ပြီး ဆိုင်ပေါက်ဝသို့ ပြန်သွားလိုက်သည်။
ခုန်းချောင်တိက ဆိုင်တွင် ကြာမြင့်စွာမနေခဲ့ပေ။ သူက စာလိပ်နှစ်လိပ်ပေးခဲ့ပြီး ဟန်မူယဲ့၏ညွှန်ကြားချက်များကိုနားထောင်၍ ထွက်သွားသည်။
တံခါးဝတွင် ခုန်းချောင်တိက ဇူအော်ယုလုံ၏ပခုံးကို ပုတ်ပေးပြီး အပြုံးတစ်ခုနှင့်အတူ ပြန်သွားခဲ့သည်။
ဇူအော်ယုလုံက ခုန်းချောင်တိ၏အပြုအမူကို နားမလည်ပေ။
သို့သော် ထိုလူသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူနားလည်သည်။
“ဇူအော်ယုလုံ၊ ဒီစာလိပ်ကို ရှောက်တထျန်းတို့ဆီ ပေးပြီး ဆိုင်နာမည်ဖြည့်ဖို့ ပြောလိုက်ပါ”
ဟန်မူယဲ့က စာလိပ်တစ်ခုကို ထုတ်ယူသည်။
‘ဆိုင်ဖွင့်ဖို့အတွက် စာရွက်စာတန်းတွေလား’
ဇူအော်ယုလုံက အံ့အားသင့်သွားသည်။
တရားဝင်စာရွက်စာတန်းများရနိုင်ရန်အတွက် ဝိညာဉ်ကျောက်တုံးအများအပြားလိုအပ်ပြီး အဆက်အသွယ်ရှိမှ အဆင်ပြေသည်ဟု ပြောကြသည်။
သူက စာလိပ်ကို ယူလိုက်သောအခါတွင် နန်းမြို့တော်ကူးသန်းရောင်းဝယ်ရေးဌာန၏ ချိပ်စည်းတံဆိပ်ကို မြင်လိုက်ရသည်။
စာလိပ်ကို ပို့ပြီးသောအခါတွင် ရှောက်တထျန်းနှင့်စွေ့စွေ့တို့ ရောက်လာခဲ့သည်။
သူတို့နှစ်ယောက်က ဟန်မူယဲ့နှင့်မူဝမ်၏အကူအညီကို တည်ငြိမ်စွာလက်ခံခဲ့သည်။
ရှောက်တထျန်းက နေ့ဘက်တွင် ဆိုင်ကို ကူစောင့်ပေးပြီး စွေ့စွေ့က တစ်နေ့တွင် ထမင်းသုံးနပ် ချက်ကျွေးသည်။
“သခင်လေး၊ ကျွန်တော်တို့မှာ ဆိုင်နာမည်မရှိသေးဘူး။ ကျွန်တော်တို့အတွက် နာမည်ပေး ပေးပါ”
ရှောက်တထျန်းက ခေါင်းကုတ်လိုက်ပြီး စာလိပ်ကို ပြန်ပေးသည်။
“သခင်လေး ကျွန်မတို့ဆိုင်မှာ ချိတ်ထားဖို့အတွက် နာမည်ပြားရေးပေးနိုင်မလား။ တခြားဆိုင်တွေမှာ နာမည်ပြားရှိတယ်”
စွေ့စွေ့က ညင်သာစွာပြောသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး တောင်ပိုင်းကုန်းမြေသွားရည်စာဟု ရေးလိုက်သည်။
ထို့နောက် သူက ဇူအော်လင်းဝယ်လာသော သတ္တုပြားအလွတ်တစ်ခုကိုယူ၍ ချိတ်ဆွဲပေးလိုက်သည်။
ဇူအော်ယုလုံက ဇူအော်လင်းပြန်လာသည်အထိ တံခါးဝတွင် ရပ်နေသည်။
“ယုလုံ၊ ဘာဖြစ်လို့လဲ” ဇူအော်လင်းက ရှေ့တက်လာပြီး ဇူအော်ယုလုံ၏အင်္ကျီလက်စကို ဆွဲသည်။
“ဘာမှ .... မဟုတ်ပါဘူး”
ဇူအော်ယုလုံက ဘေးဆိုင်တွင်ရှိသော နာမည်ပြားဆီမှ အကြည့်လွဲရန်အတွက် ရုန်းကန်လိုက်ရသည်။
ထိုစာလုံးများသည် မဟာကွန်ဖြူးရှပ်ပညာရှင်၏ လက်ရေးများအတိုင်း ဆွဲဆောင်မှုရှိသည်။
‘ငါ့ဆိုင်ရှင်က မဟာကျောင်းတော်သားတစ်ယောက်လား’
သူတွေးမိသည်။
‘လောကမှာ ဒီလိုမျိုးငယ်ရွယ်တဲ့ ကျောင်းတော်သားမျိုးလည်း ရှိနေတာလား’
ဇူအော်လင်းကလည်း စာလုံးများကို လှမ်းကြည့်သည်။
သူက ကွန်ဖြူးရှပ်တာအိုကို မကျင့်ကြံသော်လည်း နန်းမြို့တော်တွင် နေထိုင်ခဲ့သောကြောင့် စာပေပညာရပ်နှင့် ရင်းနှီးသည်။
သို့သော် ထိုစာလုံးများကို ဟန်မူယဲ့ရေးခဲ့ကြောင်း သူမသိပေ။ သူက နှစ်ခါစုတ်သပ်လိုက်ပြီး သစ်သားစင်များကို ဆိုင်ထဲသို့ သယ်လာသည်။
ထိုအချိန်တွင် လူများရောက်လာသည်။
“တထျန်း၊ မင်းက ဆိုင်တောင်ဖွင့်နေပြီလား။ မြန်လိုက်တာ”
လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ရှောင်ချူးနှင့် ခပ်ဝဝကျားယန်ဖြစ်သည်။
ရိုးသားစွာပြောရလျှင် ဟန်မူယဲ့နှင့်မူဝမ်ကြောင့် ရှောင်ချူးနှင့်ကျားယန်က ရှောက်တထျန်းတို့ကို အရေးတယူရှိနေခြင်း ဖြစ်သည်။
ရှောက်တထျန်းနှင့်စွေ့စွေ့တို့က နန်းမြို့တော်အထိ မူဝမ်၏နောက်မှ လိုက်လာသောကြောင့် သူတို့နှစ်ယောက်က စိုးရိမ်မှုများပြသပြီး စွေ့စွေ့အတွက် အားဖြည့်စာများ မကြာခဏ ပို့ပေးခဲ့သည်။
ထိုအရာသည် လောက၏ အလုပ်လုပ်ပုံပင်ဖြစ်သည်။
စွေ့စွေ့နှင့်ရှောက်တထျန်းက သူတို့ကို သဘာဝကျကျ နှုတ်ဆက်လိုက်ပြီး ဆိုင်ထဲတွင်ရှိသောစားစရာများကို တည်ခင်းပေးသည်။
ကျားယန်က စားစရာများကို မြည်းကြည့်လိုက်ပြီး သူတို့၏ ဟင်းချက်စွမ်းရည်ကို ချီးကျူးသည်။ သူ့စားသောက်ဆိုင်တွင်ရှိသော ဟင်းလျာချက်ပြုတ်နည်းကိုပင် သင်ကြားပေးမည်ဟု ပြောခဲ့သည်။
ထို့ကြောင့် ရှောက်တထျန်းနှင့်စွေ့စွေ့တို့က ပျော်ရွှင်သွားသည်။
“ဟီးဟီး၊ ဒါက သခင်လေးမူယဲ့နဲ့ နတ်မိမယ်မူတို့ဖွင့်ထားတဲ့ ဆေးဆိုင်လား”
ရှောင်ချူးက အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် တစ်ဖက်သို့လှည့်ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဟုတ်ပါတယ်။ သခင်လေးက ဆိုင်ရှင်ဖြစ်နေပြီ။ ဒါပေမဲ့ ဆိုင်က အခုထိမဖွင့်သေးဘူး”
ရှောက်တထျန်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်ကို တစ်ဖက်ဆိုင်သို့ လျင်မြန်စွာခေါ်သွားသည်။
ကျားယန်နှင့်ရှောင်ချူးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ပြုံးသည်။
သူတို့က မြေခွေးအိုကြီးများဖြစ်ကြပြီး ထိုဆိုင်ကို ရက်အနည်းငယ်ခန့်ကြာသည်အထိ အာရုံစိုက်ထားခဲ့သည်။
ယခုအချိန်တွင် အလည်လာခြင်းသည် ဟန်မူယဲ့တို့အား နှောင့်ယှက်မိမည်မဟုတ်သလို သူစိမ်းဆန်နေသည်ဟုလည်း ခံစားရမည်မဟုတ်ပေ။
ထို့အပြင် သူတို့က ရှောက်တထျန်းနှင့်စွေ့စွေ့ကို တမင်သက်သက် အဆက်အသွယ်လုပ်နေသည့်ပုံစံမျိုးလည်း မဟုတ်ပေ။
ထို့ကြောင့် ဆေးဆိုင်သို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့က သူတို့ကို အဆင်ပြေစွာဧည့်ခံပြီး ဇူအော်ယုလုံကို လက်ဖက်ရည်ပွဲချပေးရန်အတွက် ပြောခဲ့သည်။
သူတို့နှစ်ယောက်က ဆိုင်တွင် ကြာမြင့်စွာမနေဘဲ ဆိုင်ဖွင့်ရမည့်အကြောင်းနှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့်အရာများကို ပြောပြနေသည်။
သူတို့ကလည်း ဗလာစာရွက်များကို ယူလာခဲ့သည်။ သို့သော် ဟန်မူယဲ့တွင် ရှိပြီးသားဖြစ်နေသောကြောင့် သူတို့က ပြုံးလိုက်ပြီး ပြန်သိမ်းထားလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
သူတို့က ဆိုင်ထဲတွင်ရှိသော အပြင်အဆင်များကိုကြည့်လိုက်ပြီး အနည်းငယ်တောင့်တင်းနေသောပုံစံဖြင့် ထွက်သွားသည်။
“ညီအစ်ကိုရှောင်၊ ငါထင်တာမမှားရင် အဲဒီ အချစ်သီချင်းပန်းချီကားက သူတော်စင်တစ်ဝက်အဆင့် ဝမ်မော့ကျဲရဲ့ လက်ရာမဟုတ်လား”
လမ်းတစ်ဝက်တွင် ကျားယန်က နောက်လှည့်ကြည့်ပြီး တီးတိုးပြောသည်။
“လုယွီကျိုးရဲ့ လက်ရေးစာမူနဲ့ ဆရာနွယ်စိမ်းရဲ့ ပန်းချီကားလည်း ရှိသေးတယ်”
“တကယ့်ကို အမြင်ကျယ်သွားရပြီ”
ရှောင်ချူးက ဖျော့တော့စွာပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“ငါက လက်ဆောင်အချို့ ယူလာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ထုတ်ပေးလိုက်ဖို့ အရမ်းရှက်စရာကောင်းနေတယ်”
ကျားယန်ကလည်း လေးနက်စွာခေါင်းညိတ်သည်။
“ငါလည်း အတူတူပဲ”
....
ညနေပိုင်းတွင် ဇူအော်ယုထင်က လေးစားနေသောမျက်နှာထားဖြင့် အခန်းထဲမှ ထွက်လာသည်။
သူဌေးသည် အာခီမီဆရာတစ်ယောက် ဖြစ်နိုင်သည်ဟု သူမ၏အစ်ကိုဖြစ်သူကို တီးတိုးပြောခဲ့သည်။
သူဌေးသည် သူမစိတ်ကူးထားသကဲ့သို့ သာမန်အာခီမီပညာရှင်မဟုတ်ဘဲ အသေးစိတ်ကျသော ကျွမ်းကျင်မှုများနှင့် အာခီမီဆရာအဆင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
ဇူအော်ယုလုံက ညီမဖြစ်သူ၏မျက်နှာထားကို ကြည့်လိုက်ပြီး ဆိုင်ရှင်သည် မဟာကျောင်းတော်သားတစ်ယောက်ဖြစ်နိုင်ကြောင်း မပြောလိုက်တော့ပေ။
“အစ်ကိုဟန်၊ ကျွန်မက နန်းမြို့တော်မှာလည်ပတ်နေတဲ့ ဆေးလုံးတွေနဲ့ သိပ်ပြီးမရင်းနှီးဘူး။ တိမ်တိုက်အာခီမီအဆောက်အအုံကို သွားကြည့်ချင်တယ်”
မူဝမ်က သန့်စင်ထားသောဆေးလုံးများကို ဟန်မူယဲ့ဆီသို့ပေးလိုက်ပြီး ညင်သာစွာပြောသည်။
ဆေးလုံးများအားလုံးသည် ဆဌမအဆင့်နှင့် သတ္တမအဆင့်တွင်ရှိပြီး အရည်အသွေးကောင်းသည်။
နန်းမြို့တော်တွင် အဆင့်မြင့်အရည်အသွေးဆေးလုံးများမရှိလျှင် ထုတ်ရောင်းရန်အတွက် ရှက်စရာကောင်းလိမ့်မည်။
ထိပ်တန်းအဆင့်ဆေးလုံးများကို ဝိညာဉ်ဆေးလုံးအဖြစ် ယူဆနိုင်သည်။ ထိုဆေးလုံးများသည် ရေပန်းစားသော ဆေးလုံးများဖြစ်သည်။
နန်းမြို့တော်တွင် မရေမတွက်နိုင်လောက်သော အာခီမီအလုပ်ရုံများ ရှိသည်။ အဆင့်မြင့်အရည်အသွေးဆေးလုံးကို သန့်စင်နိုင်သောလူများကသာ ပညာသင်ကြားမှု ပြီးဆုံးသည်ဟု သတ်မှတ်နိုင်သည်။
ဇူအော်လင်းက မြင်းလှည်းမောင်းနေသည်။ ဇူအော်ယုထင်က တိမ်တိုက်အာခီမီအဆောက်အအုံနှင့် ရင်းနှီးသောကြောင့် ဟန်မူယဲ့နှင့်မူဝမ်ကို ရှင်းပြနေသည်။
တိမ်တိုက်အာခီမီအဆောက်အအုံသို့ ရောက်လာသောအခါတွင် ဆေးရနံ့များကို ရလိုက်သည်။
ထိုရနံ့သည် လူများကို စိတ်လှုပ်ရှားသွားစေသည်။
“ကျောက်စိမ်းအလင်းဆေးလုံး၊ လသုံးစင်းဆေးလုံး၊ နှလုံးကြည်ကျောက်စိမ်းဆေးလုံး၊ နေမင်းပေါင်းစပ်ဆေးလုံး ....”
ဟန်မူယဲ့က အနံ့ခံမိသောဆေးလုံးများကို ရေရွတ်နေသည်။
မူဝမ်က ခေါင်းညိတ်သည်။
ဇူအော်ယုထင်က ဟန်မူယဲ့ကို အံ့အားသင့်စွာကြည့်သည်။
‘ငါ့ရဲ့ဆိုင်ရှင်က အာခီမီကိုလည်း နားလည်တာလား’
မြင်းလှည်းပေါ်မှ ဆင်းလာသောအခါ လမ်းဘေးနှစ်ဖက်တွင်ပြည့်နေသော ဆေးဆိုင်များကို မြင်လိုက်ရသည်။
ဆိုင်တချို့ကို အာခီမီပညာရှင်များက ဖွင့်လှစ်ထားပြီး တချို့ကို အာခီမီဂိုဏ်းများက ဖွင့်လှစ်ထားသည်။ ဆိုင်အများစုကို အာခီမီပညာရပ်တွင်အထူးပြုသော အစိုးရရုံးတော်များမှ တိုက်ရိုက်ဖွင့်လှစ်ထားသည်။
အာခီမီပညာရပ်တွင်အထူးပြုသော အစိုးရရုံးတော်ကို ကောင်းကင်အံ့ဖွယ်အာခီမီဌာနဟု ခေါ်သည်။ ထိုဌာနသည် အမတ်ချုပ်ကြီး၏ခြံဝိုင်းတွင် တည်ရှိသည်။
အာခီမီဌာနတွင် အာခီမီဆရာသခင်များ များပြားစွာရှိနေသည်ဟု ပြောကြသည်။
“သူဌေး၊ ဒါက အာခီမီပညာရပ်ကို ကျွန်မ သင်ယူနေတဲ့ ကံကောင်းခြင်းအာခီမီစံအိမ်ပါ”