← Chapters

နတ်ဆိုးအသွင်ပြောင်းလဲခြင်

Vol. 23 Ch. 309

နတ်ဆိုးအသွင်ပြောင်းလဲခြင်

Vol. 23 Ch. 309

“မင်း ဒီဓားချက်ကို မခံနိုင်ဘူး။ မြန်မြန် ရှောင်လိုက်…”

ပြင်းထန်စွာ နာကျင်မှုကို ခုခံနေသည့်ကြားက၊ ဟန်လိ၏ လက်ထဲတွင် ရောက်နေသည့်ကြားကနေ အကြီးအကဲဝမ်သည် မင်းသားငယ်ကို သတိပေးရန် လှမ်းအော်သည်။ သိသာ၏။ သူ၏ သတိပေးစကားမှာ နောက်ကျသွားခဲ့ပြီ။

ထိုစကားကို ကြားသည့်အခါ မင်းသားငယ်သည် ဘေးသို့ မသိစိတ်ကနေ ရှောင်သည်။ သူသည် ဓားချက်ကို ရှောင်ချင်နေပြီ။ သို့သော် ဓားက ခုတ်ပိုင်းသည့် ဦးတည်ရာကို ပြောင်းကာ သူ့ခြေထောက်နှစ်ဖက်ကို အသာအယာ ဖြတ်ပိုင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အနက်ရောင်ချီသည် ထိုတိုက်ခိုက်မှုကြောင့် လွင့်ပြယ်သွားပြီး နည်းနည်းလေးမျှ သက်ရောက်မှု မရှိတော့ပေ။

ရလဒ်အနေဖြင့် မင်းသားငယ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရတော့သည်။

သူသည် မွေးကတည်းက ခမ်းနားသာယာစွာ စည်းစိမ်ဖြင့် နေခဲ့သူ ဖြစ်သည်။ ယခုကဲ့သို့ အရင်က လုံးဝ မခံစားဖူးခဲ့ရပေ။ သူ့အဖို့ ခြေထောက်စုတ်ပြတ်သွားခြင်းကြောင့် နာကျင်မှုကို တောင့်မခံနိုင်တာ သဘာဝသာ။ သို့သော် ထိုမြင်ကွင်းမှာ ဟန်လိကိုပါ အလန့်တကြား ဖြစ်သွားစေသည်။ သူသည် မိုးပြားအနှစ်သာရဓားအလင်းတန်းကို အသုံးမပြုခဲ့တာ ကြာပြီ ဖြစ်သောကြောင့် ထိုကောင်ကို မတော်တဆများ လက်လွန်ကာ သတ်မိသွားတာများလားဟု ထင်မိသွားစေသည်။ သို့သော် ဖြစ်ပျက်သွားတာကို သိလိုက်ရပြီးနောက်တွင်မူ ဟန်လိသည် ရယ်မော၍ မင်းသားငယ်ကို ဖမ်းဆီးလျက် မြူတောင်တန်းမှ မိစ္ဆာလေးဖော်ထံ ပျံသန်းသွားသည်။

ဟန်လိသည် သူ၏ ပြတ်ပြတ်သားသား အောင်ပွဲအတွက် စိတ်ပျော်မြူးနေသည်။ သို့သော် တချိန်တည်းမှာ သူသည် စဉ်းစားမရ ဖြစ်နေသေးသည်။

မင်းသားငယ်နှင့် ထိုအကြီးအကဲဝမ်တို့ထံမှ သူ ခံစားမိသော အန္တရာယ်ခံစားချက်သည် မနည်းပါးခဲ့ပေ။ သို့သော် အခု သူက သည်နှစ်ယောက်ကို အလွန်လွယ်ကူစွာဖြင့် ဖမ်းနိုင်ခဲ့ပြီ။ သူ၏ ဆန်းကြယ်သော အလိုလို သိစိတ်ကများ မှားခဲ့တာလား။ ဟန်လိ ခေါင်းယမ်းမိ၏။ တစ်ခုခုတော့ ထူးခြားသည်ဟု သူ ခံစားမိသည်။

ထိုအခိုက်အတန့်တွင် အဝေးကနေ သည်မြင်ကွင်းကို လှမ်းမြင်သော လက်ကျန်ဝတ်ရုံနက်တချို့သည် သည်နေရာ၌ သူတို့ ဆက်မနေသင့်တော့မှန်း သိကြသည်။ အချင်းချင်း အပြန်အလှန် ကြည့်ပြီးနောက်မှာ သူတို့သည် လူစုခွဲကာ မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားတော့သည်။ သူတို့၏ အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်သွား၏။

ဟန်လိသည် ထိုသူများ၏ နောက်သို့ လိုက်ဖို့ စိတ်မကူးထားပေ။ သူတို့မှာ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်ကဲ့သို့ အသုံးချခံသပ်သပ်သာ။

ထိုသို့ တွေး၍ ဟန်လိသည် မြူတောင်တန်းမှ မိတ်ဆွေလေးယောက်နား ပြန်ရောက်လပြီး သူ အသက်ရှင်လျက် ဖမ်းထားသော နှစ်ယောက်ကို ပစ်ပေးလျက် မထူးခြားနားစွာ ပြောသည်။

“သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်၊ ကျုပ် သူတို့နဲ့ ညှိနှိုင်းဖို့ လိုတယ်…”

လူငယ်နှင့် ဒုတိယအစ်ကိုတို့မှာ ချက်ခြင်း လှုပ်ရှားကာ ထိုနှစ်ယောက်ကို လှမ်းဖမ်းယူသည်။ သူတို့သည် မနာခံကြောင်း စိုးစိမျှ မပြဝံ့ကြပါ။ ခုချိန်တွင် မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် ဟန်လိကို လေစားနေပြီသာမက သူတို့စိတ်ထဲ၌ ကြည်ညိုအားကျမှုများပါ ဖြစ်ပေါ်နေလေပြီ။ အစောပိုင်းတုန်းက ဟန်လိ ပြသခဲ့သော ခွန်အားက သူတို့စိတ်ထဲ၌ မမေ့နိုင်အောင် ဖြစ်ကျန်ခဲ့လေပြီ။

“စီနီယာရဲ့ ကျင့်ကြံမှုက တကယ့်ကို လေးနက်တာပဲ။ ဒီဂျူနီယာတွေကို အမြင်ကျယ်စေခဲ့ပါတယ်…”

မျက်နှာမည်းမည်းနှင့်အဘိုးအိုသည် တလေးတစား ပြောလာ၏။

“ထူးထူးခြားခြား မဟုတ်ဘူး။ အသေးအမွှား အစွမ်းလေးတွေပဲ…”

ဟန်လိသည် ထိုလေးယောက်၏ လေးစားအားကျနေသည့် ဟန်ပန်များကို မြင်သည့်အခါ သူ့ကိုယ်သူ ဂုဏ်ယူမိလေ၏။ သို့သော် သူသည် ဘာမှ မဟုတ်လေဟန်ဖြင့်သာ ပြောသည်။ ထိုအခါ ယင်းလေးယောက်အဖို့ သည်စီနီယာဟန်သည် လေးနက်ဆန်းကြယ်သူကြီး ဖြစ်သွားလေ၏။

တန်…တန်…။ ထိုအခိုက်အတန့်တွင် ကျယ်လောင်စွာ ပေါက်ကွဲသံများကြောင့် ဟန်လိ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။

မိတ်ဆွေလေးယောက်မှာလည်း အလျင်စလို လှမ်းကြည့်သည်။ သက်လတ်ပိုင်းအမျိုးသမီးမှာ ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါတွင် သူမသည် အလန့်တကြား အမူအရာဖြင့် လက်ညှိုးထိုးကာ ဟန်လိကို လှမ်းအော်ပြောသည်။

“စီနီယာ…မြန်မြန် ကြည့်ပါ။ ရှင့်ရဲ့ မှော်ပစ္စည်းက…”

ဟန်လိသည် ဦးခေါင်းပြောင်လူကို ချုပ်နှောင်ထားသော သူ၏ ကောင်းကင်ခြုံလွှမ်းခြင်းခွက်ထံ လှည့်ကြည့်လိုက်ပြီး ဖြစ်သည်။ အထဲမှ ဆူညံသံများ စတင်ထွက်ပေါ်လာခြင်းနှင့်အတူ ၎င်း၏ အနားစ၌ ပုံပျက်ယွင်းလာသည်။

ထိုအသံများ၏ နောက်ကွယ်၌ ကောင်းကင်ခြုံလွှမ်းခြင်းခွက်၏ ဘေးအနားသားများသည် အက်ကွဲလာသည်။ အသံကျယ်ကြီးများ ဆက်ကြိမ်မက ထွက်ပေါ်ပြီးနောက်မှာတော့ ယင်းခွက်၏ မူလပုံစံကို မမြင်ရတော့ပေ။

သို့သော် ပိုဆိုးသွားသည်မှာ ခွက်၏ အဝါရောင်အလင်းကပါ မှိန်ဖျော့လာ၏။ ဦးခေါင်းပြောင်လူမှာ အချိန်မရွေး ထိုခွက်ကို ချိုးဖျက်နိုင်တော့မည့်ပုံ ပေါ်သည်။ ဟန်လိလည်း တုန်လှုပ်အံ့အားသင့်သွား၏။

သူသည် ထိုသို့ဖြစ်မှန်း ဘာကြောင့် မသိသော်လည်း ထိုကောင်းကင်ခြုံလွှမ်းခြင်းခွက်မှာ ထိုလူကို ဆက်၍ ထိန်းထားနိုင်စွမ်း မရှိတော့တာကတော့ ထင်ရှားနေလေပြီ။ သည်အခိုက်၌ သူက နောက်ထပ် လှုပ်ရှားမှ ရတော့မည်။

ထိုအတွေးဖြင့် ဟန်လိသည် သူ့အပေါ် လှည့်ပတ်နေသော မှော်ပစ္စည်းများကို ပြန်ရုတ်သိမ်းသည်။ ရုပ်သေးသားရဲခုနစ်ခု၊ရှစ်ခုကို ထုတ်၏။ အစောပိုင်းတည်းကလည်း ဟန်လိသည် သူ့ရှေ့ တည့်တည့်မှာ ရုပ်သေးလေးကောင်ကို ထုတ်ထားပြီး မိတ်ဆွေလေးဖော်အတွက် အကာအရံတစ်ခုကို ဖန်တီးထားခဲ့ပြီး ဖြစ်သည်။

ထိုသို့ ပြုလုပ်ပြီးသည်နှင့် အင်မတန်ကျယ်လောင်သော အသံကြီး ပေါက်ကွဲထွက်လေ၏။ ကောင်းကင်ခြုံလွှမ်းခြင်းခွက်မှာလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ ထို့နောက်တွင်မူ လူသားမမည်တော့သော မွန်းစတားတစ်ကောင်သည် ခွက်အပိုင်းအစများကြားကနေ ပျံသန်းထွက်လာသည်။

“ဒါက ဘာကြီးလဲ…”

သက်လတ်ပိုင်းလူသည် ဤသည်ကို မြင်သည့်အခါ အလန့်တကြား အော်မိသည်။ သူမဘေးမှ သုံးယောက်၏ အမူအရာများလည်း စိမ်းဖန့်ဖန့် ဖြစ်သွားသည်။

ဟန်လိကိုယ်တိုင်သည်ပင် သူ တွေ့မြင်သည့်အရာကြောင့် အံ့ဩတုန်လှုပ်သွားသည်။

ဦးခေါင်းပြောင်နှင့်လူသည် မကောင်းဆိုးဝါးအသွင်ဖြင့် ခုန်ပေါက်ထွက်လာသည်။

အခုအခါတွင် သူ၏အရပ်မှာ ခြောက်မီတာကျော်လောက် မြင့်နေပြီ။ သူ့သွားများမှာ ချွန်မြနေ၏။ သူ့ဦးခေါင်းမှ အနက်ရောင်ချိုနှစ်ခု ထိုးထွက်နေသည်။ သူ၏နောက်တွင် ရှည်လျားသော သံကြေးခွံအမြှီးတစ်ခု တွဲလဲကျနေသည်။ သို့သော် ဟန်လိကို အံ့အားသင့်တုန်လှုပ်သွားစေသည်မှာ ထိုသူ၏ ခန္ဓာကိုယ်တွင် ခြုံလွှမ်းထားသော အနီနှင့်အနက်အကွက်များသာ။ သူ့ဗလာခန္ဓာကိုယ်အများစုကို အမျိုးအမည်မသိရသော မိစ္ဆာချီဖြင့် ကွယ်ဖုံးနေသည်။

ဦးခေါင်းပြောင်လူ၏ မူလပုံပန်းသွင်ပြင်မှာ သူ့မျက်နှာပေါ်တွင်သာ ခပ်ရေးရေး ကျန်တော့သည်။ သူ၏ မျက်လုံးများမှာ အစိမ်းရောင်လင်းလက်နေသည်။ သွေးနှင့်သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ အပြည့်အဝ ပြည့်နှက်လျက် ရှိသည်။ သူသည် ဟန်လိနှင့် တခြားသူများထံ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ကာ မြားတစ်စင်းနှယ် တိုးဝင်လာသည်။

မြူတောင်တန်းမှ မိတ်ဆွေလေးဖော်မှာ ဤသည်ကို မြင်သည့်အခါ သူတို့ကား ဘေးကပ်ဘေးကျရောက်တော့မလို အလန့်တကြား ဖြစ်ကုန်သည်။ သို့သော် သူတို့ ဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိ ဖြစ်နေကြစဉ် ဟန်လိ၏ အသံကို ရုတ်တရက် ကြားရသည်။

“မင်းတို့ရဲ့ မှော်ပစ္စည်းတွေကို ထုတ်ဖော်လိုက်…”

ဟန်လိ၏ အမိန့်အတိုင်း သူတို့ရှေ့မှ ရုပ်သေးဆယ်ယောက်ကျော်သည် ပါးစပ်ဟကာ အလင်းတန်းဆယ်ခုကျော်ကို အသွင်ပြောင်းလဲထားသော မိစ္ဆာထံ လျှပ်စီးအလား တိုးဝင် တိုက်ခိုက်သည်။ သတိလက်လွတ်ဖြစ်နေသော ထိုမိစ္ဆာကောင်သည် မြေပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေ၏။ ဤသည်ကို မြင်သည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်သည် အပျော်လွန်သွားကြသည်။ သူတို့၏ မှော်ပစ္စည်းများဖြင့် ထိုသူ့ကို အဘက်ဘက်မှ ဆက်၍ တိုက်ခိုက်သည်။ သူတို့သည် ထိုကြောက်လန့်စရာကောင်းသော မွန်းစတားကို အလျင်အမြန် အမြစ်ဖျက်ချင်နေသည်။

ကံမကောင်းစွာဖြင့် သူတို့၏ လှပသော စိတ်ကူးလေးမှာ ကြာကြာမခံလိုက်ပါ။ အကြောင်းကား ထိုမိစ္ဆာကောင်ထံမှ မိစ္ဆာချီတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်လာခြင်းနှင့်အတူ သူကိုယ်တိုင်လည်း ကြမ်းကြုတ်စွာ ခုန်တက်လာသည်။ သူ့ကို တိုက်ခိုက်သော မှော်ပစ္စည်းများကို လစ်လျူရှုထား၏။ ၎င်းတို့မှာ သူ့ကို နည်းနည်းလေးမျှ ဒဏ်ရာမရသွားစေပေ။ သို့အတွက်ကြောင့် မိတ်ဆွေလေးယောက်သည် တုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကုန်သည်။

မိစ္ဆာသည် ကောင်းကင်ထက်သို့ ရူးသွပ်စွာ အော်ဟစ်လျက် သူ့လက်များကို ဝေ့ယမ်းကာ သူ့အား ဝန်းရံထာသော မှော်ပစ္စည်းများကို ကုတ်ခြစ်တိုက်ခိုက်လေ၏။ ချက်ခြင်းပင် သူ၏ ခွန်မြလှသော လက်ချောင်းများက ၎င်းမှော်ပစ္စည်းများကို ပိုင်းဖြတ်ပစ်ကာ သတ္တုအစအနများ ဖြစ်သွားစေသည်။

မိတ်ဆွေလေးဖော် တုန်လှုပ်ချောက်ခြားနေရာကနေ ပြန်မကောင်းလာခင်မှာပင် မိစ္ဆာကောင်၏ မျက်လုံးသည် ကျောက်စိမ်းရောင်တောက်လာသလို သူ့ခန္ဓာကိုယ်မှာ အဆများစွာ ပိုကြီးမားလာပြီး ဟန်လိနှင့် သူတို့လေးယောက်၏ အရံအတားရှေ့တွင် ပေါ်လာကြသည်။ မိစ္ဆာကောင်က ၎င်း၏ လက်သည်းရှည်များကို ဆန့်ထုတ်ကာ ကြမ်းတမ်းစွာ ဝေ့ရမ်းသည်။

ခရက်။

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် အလျင်အမြန် လှုပ်ရှား၏။ အချိန်မီ ဒိုင်းကို အသက်သွင်းသည်။ သို့ပေမည့် နက်ရှိုင်းသော လက်သည်းရာငါးခုမှာ ဒိုင်းပေါ်တွင် ထင်ကျန်ခဲ့၏။ သည့်အပြင် အဘိုးအို၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွားရသည်။ သူ၏မှော်စွမ်းအားဖြင့် သည်တိုက်ခိုက်လာမှုအပေါ် ဒိုင်းအား ထိန်းထားနိုင်ရန် မလုံလောက်တာ သိသာသည်။

ထိုသည်ကို မြင်သည်နှင့် ဦးခေါင်းပြောင်လူကြီး (ဝါ) မိစ္ဆာကောင်သည် မသတီစရာကောင်းလောက်အောင် ရယ်မောပြီး ဒိုင်းကို တခြားလက်သည်းဖြင့် ကုတ်ချပြန်သည်။ သူ၏ ကုတ်စွဲချက်ကား လျှပ်စီးနှယ် မြန်လှ၏။

သို့ပေမည့် သူ၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားသည်။ သူက သူ့လက်သည်းကို ခပ်ကြမ်းကြမ်း ပြန်နှိုတ်သိမ်း၏။ သူ့လက်ကို ပြန်ရုတ်လျက် သူ့ရှေ့တွင် ကြက်ခြေခတ်အသွင် ကာသည်။ ထိုအခိုက်မှာ သူ့ရှေ့ကနေ ဒုတိယမြောက်အလင်းတန်းလှိုင်းတစ်ခု ပေါ်လာကာ သူ့အား ထပ်မံ၍ ရိုက်ချပြန်သည်။

သို့သော် သည်တစ်ကြိမ်၌ မိစ္ဆာကောင်မှာ တိုက်ခိုက်မှုကြောင့် အောက်ဘက်သို့ လွင့်ထွက်မသွား။ သူက တိုက်ခိုက်မှုလှိုင်းများကြောင့် နောက်ဘက် မီတာတစ်ရာလောက်ထိ အဆက်မပြတ် ဆုတ်သွားရသည်။ ပထမဆုံးလက်သည်းရိုက်ချက်ကို ခုခံခဲ့သော အဘိုးအိုသည် ခုမှ သက်ပြင်းရှည်ကြီး မှုတ်ထုတ်နိုင်တော့သည်။ သူက သူ့နှဖူးထက်မှ ချွေးများကို သုတ်၍ တခြားသုံးယောက်ကို ပူပန်တကြီး ပြောသည်။

“သူ့တိုက်ခိုက်မှုတွေဟာ ကြမ်းလွန်းတယ်။ တစ်ယောက်တည်းရဲ့ မှော်စွမ်းအားနဲ့ သူ့တိုက်ခိုက်မှုတွေကို ကြာကြာ ခုခံနိုင်မှာ မဟုတ်ဘူး။ လူတိုင်းပဲ ဒိုင်းထဲကို မင်းတို့ရဲ့ စွမ်းအားတွေ စုစည်းထားကြ…”

သူတို့ အကြီးဆုံးအစ်ကိုဖြစ်သူ၏ စကားများကို ကြားသည်နှင့် ကျန်သုံးယောက်လည်း တုန့်နှေးမနေကြ။ သူတို့လက်များကို အဘိုးအို၏ ပုခုံးပေါ် ချက်ခြင်း တင်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို သွန်းလောင်းပေးသည်။

ချက်ခြင်းလက်ငင်း အဘိုးအို၏ ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် အရောင်ပြန်ရှိသွားသည်။

မိစ္ဆာကောင်၏ ဒုတိယတိုက်ခိုက်မှုမှာ သူ့အပေါ်သို့ မသက်ရောက်ခဲ့ပေ။ ရုပ်သေးသားရဲများ၏ အလင်းတန်းများက လွင့်ပါးသွားချိန်တွင်မူ ၎င်းက ရှေ့သို့ ထပ်မံ တိုးဝင်လာပြန်သည်။ သို့ပေမည့် အဖြူရောင်ကြေးခွံဒိုင်းကို တိုက်ခိုက်ခါနီးဆဲဆဲမှာ နောက်ထပ် အလင်းတန်းလှိုင်းသည် ၎င်းကို နောက်ပြန်ဆုတ်သွားစေပြန်သည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လက မျက်မှောင်တင်းတင်း ကြုံ့၏။

သည်မွန်းစတားကောင်မှာ ကောင်းကင်ခြုံလွှမ်းခြင်းခွက်ကို ချိုးဖျက်နိုင်စွမ်း ရှိပြီး ၎င်း၏ ခန္ဓာကိုယ်ဖြင့်ပင် ရုပ်သေးများထံမှ အလင်းတန်းတိုက်ခိုက်မှုများကိုပါ ခုခံနိုင်နေသည်ဖြစ်၍ သာမန်ထိပ်တန်းမှော်ပစ္စည်းများသည် ၎င်းအပေါ် ဘာသက်ရောက်မှုမှ မရှိနိုင်လောက်ပေ။ ရတနာအဆောင်များဖြင့်သာ တိုက်ခိုက်မှု လုပ်နိုင်လောက်မည်။

ထိုအတွေးဖြင့် ဟန်လိသည် နောက်ထပ် တွေဝေမနေတော့၊ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်ကို အမိန့်ပေးသည်။

“ရုပ်သေးတွေနဲ့ အဲ့ကောင်ကို အတူတူ ဆက်ထိန်းထားပါ။ ကျုပ် မှော်ပစ္စည်းတစ်ခု ချခင်းထုတ်ဖော်ဖို့ အချိန်တစ်ခု လိုတယ်…”

ထိုသို့ ပြောကာ ဟန်လိသည် သူတို့၏ တုန့်ပြန်မှုကို စောင့်မနေကြတော့။ သူက သူ့သိုလှောင်အိတ်ထဲမှ မိုးပြာမြူအဆောင်ကို ထုတ်ကာ မျက်လုံးမှိတ်လျက် အလေးအနက် ထိုင်သည်။ သူ့လက်ထဲ၌လည်း ထိုအဆောင်ကို ကိုင်ထား၏။

ဟန်လိသည် ရတနာအဆောင်နှင့် ပတ်သတ်သည့်ကိစ္စကို သူတို့အား မပြောပေ။ အကြောင်းမှာ ထိုကျင့်ကြံသူများသည် ဤကဲ့သို့သော အရာနှင့်ပတ်သတ်ပြီး မသိနိုင်ဖို့ များသောကြောင့်ပင်။ ပို၍ အရေးကြီးသည်ကား သူ့မှာ ရှင်းပြဖို့ အချိန် ရှိမနေခြင်းပင်။

မိတ်ဆွေလေးဖော်မှာလည်း ဤသည်ကို ကောင်းကောင်းနားလည်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ မျက်နှာမည်းမည်းနှင့်အဘိုးအိုသည် သတ္တိမွေးလျက် သဘောတူရုံသာ တတ်နိုင်တော့သည်။

ထိုသို့ဖြင့် မိစ္ဆာကောင်က ခုနစ်ကြိမ်ရှစ်ကြိမ်လောက် ဆက်တိုက် တိုက်ခိုက်လာခဲ့ပြီ။ သို့သော် ၎င်း၏ တိုက်ခိုက်မှုတိုင်းမှာ မအောင်မြင်သေးပေ။

သူ၏ လက်သည်းချက်များကြောင့် အဖြူရောင်ကြေးခွံဒိုင်းပေါ်၌ ထိခိုက်သည့် အရိပ်အယောင်များ ပေါ်လာသောငြားလည်း မိတ်ဆွေလေးယောက်၏ ထိန်းချုပ်မှုအောက်မှာ တိုက်ခိုက်မှုအားအား ဟန့်တားနိုင်တုန်းပင်။ ထို့အပြင် ရုပ်သေးများထံမှ အလင်းတန်းများကလည်း အကူအညီဖြစ်စေသည်။ သို့ပေမည့် မိစ္ဆာကောင်ထံမှ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် သူတို့လေးယောက်သည် အသက်ပင် မရှုနိုင် ဖြစ်နေရပြီ။

All Chapters