တော်ဝင်မိသားစု
Vol. 23 Ch. 310
အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကြောင့် ဟန်လိသည် သူ ချီစုဆောင်းခြင်းအဆင့်မှာထက် ရတနာအဆောင်ကို အဆများစွာ ပိုမြန်မြန်ဆန်ဆန် အသက်သွင်းနိုင်ပြီ ဖြစ်သည်။
တအောင့်အကြာတွင် သူ၏လက်ထဲရှိ အဇူရာအဆောင်မှာ လက်မများစွာ ရှည်လျားသော ကျောက်စိမ်းတုတ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး လင်းလက်တောက်ပမှုများ စီးဆင်းနေချေသည်။
ယင်းအခိုက်တွင် မြူတောင်တန်းမှ မိတ်ဆွေလေးယောက်၏ ပူးပေါင်းစွမ်းအားမှာ အကန့်အသတ်သို့ ရောက်လာခဲ့ပြီ။ မိစ္ဆာကောင်မှာ အဖြူရောင်ကြေးခွံဒိုင်းကို တူဖြင့် ထုသည့်နှယ် အချက်ပေါင်းများစွာ ထိုးနှက်တိုက်ခိုက်နေသည်။ မိတ်ဆွေလေးဖော်မှာ ဖြူဖပ်ဖြူရော်အသွင်များဖြင့် မောပမ်းလွန်းနေကြပြီ။
“စီနီယာ…မြန်မြန်…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ဟန်လိ၏ အဆောင်က အသွင်ပြောင်းလဲသွားတာကို လှမ်းမြင်သည့်အခါတွင် သူသည် ပူပန်တကြီးဖြင့် ဟန်လိကို အလျင်လိုစွာ လှမ်းခေါ်မိသည်။ ဟန်လိကမူ ထိုအဘိုးအိုကို အာရုံစိုက်နေရန် အချိန်မရှိ။ ထိုအစား သူသည် ရုပ်သေးများ၏ အလင်းတန်းများနှင့် တိုက်ခိုက်ခံလိုက်ရသော ဦးခေါင်းပြောင်းလူကြီးကနေ အသွင်ပြောင်းလဲသွားသော မိစ္ဆာကောင်ကို လှမ်းမြင်သည့်နောက်မှာ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို ကျောက်စိမ်းတုတ်ထံ ချက်ခြင်း သွန်းလောင်းထည့်သည်။
ချက်ခြင်းပင် သူ၏ လက်အထက်မှာ ဝဲနေသော ကျောက်စိမ်းတုတ်ကား အပြာရောင်အလင်း ဖြာထွက်လေ၏။ ၎င်းမှာ နှစ်ပိုင်း၊ ထိုမှသည် လေးပိုင်း၊ ရှစ်ပိုင်း…။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အလားတူ ကျောက်စိမ်းတုတ်ငယ်များ ရာချီအထိ ခွဲထွက်သည်။ ကျောက်စိမ်းတုတ်တစ်ခုစီမှာ တုန်ဟည်းမြည်သံကို ထုတ်လွှတ်လျက် အဆက်မပြတ် တုန်ခါနေပြီး ဟန်လိကို လှည့်ပတ်နေလေသည်။
ယင်းသို့ အံ့ချီးဖွယ်မြင်ကွင်းကြောင့် မိတ်ဆွေလေးဖော်သည် စွံ့အမိကုန်သည်။ သူတို့ကား ဤမြင်ကွင်းမှာ ပုံရိပ်ယောင်တစ်ခုဟုပင် ထင်ကုန်သည်။ သူတို့ ကိုယ်ပိုင်မျက်စိဖြင့် မြင်နေရသော အခြင်းအရာကို မယုံကြည်ဝံ့ ဖြစ်ကုန်သည်။
တစ်စက်လေးမျှ နှေးဖင့်မနေဘဲ ဟန်လိသည် မိစ္ဆာကောင်အသွင်ပြောင်းထားသောသူထံ လေးနက်သောဟန်ပန်ဖြင့် လက်ညွှန်လိုက်လေပြီ။ ထို့နောက်တွင်ကား ကျောက်စိမ်းတုတ်ပေါင်းများစွာသည် တရကြမ်း တိုးဝင်လာတော့သည်။
ဦးခေါင်းပြောင်လူကနေ မိစ္ဆာအသွင်ပြောင်းထားသူ၏ စိတ်မှာ ရှင်းလင်းကြည်လင်နေခြင်း မရှိသော်ငြားလည်း သူသည် ဟန်လိ၏ ရတနာအဆောင် ထိုးနှက်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည်နှင့် အခြေအနေ မဟန်တော့ကြောင်း သဘောပေါက်သည်။ သူ၏မျက်နှာထက်၌ ထိတ်လန့်ဟန် ပေါ်လာ၏။ အနီရောင်အလင်း ဖြတ်ခနဲလင်းလက်မှုနှင့်အတူ သူက ဟန်လိ၏ နတ်လေလှေငယ်ထက် မလျော့သော အမြန်နှုန်းဖြင့် ဘေးသို့ ဒုန်းစိုင်း ရှောင်တိမ်းလေသည်။
ထိုမြင်ကွင်းကြောင့် ဟန်လိမှာ မင်သက်သွားကာ တွေဝေသွားသည်။ တဖက်သူမှာ မီတာသုံးရာကျော်ထိ ပြေးနှင့်ပြီး ဖြစ်၏။
သက်ပြင်းချကာ ဟန်လိက နောက်မှ မလိုက်တော့ပေ။ ထိုအစား သူက သူ့လက်ကို အသာအယာ ဝေ့ရမ်း၏။ ကျောက်စိမ်းတုတ်အဆောင်ရတနာကို ပြန်သိမ်းလိုက်၏။ ထိုအဆောင်မှာ မိုးပြာအဆောင်အဖြစ်သို့ ပြန်ပြောင်းလဲကာ သူ၏လက်နောက်ဘက်မှာ လွင့်မြောနေသည်။
ဟန်လိ ထိုကဲ့သို့ ပြုမူခြင်းမှာ နောင်လာမည့် ပြဿနာများကို မကာကွယ်လို၍ မဟုတ်ပေ။ သို့ပေမည့် ကျောက်စိမ်းတုတ်အဆောင်ကို အသုံးပြု၍ ရသော ကျန်သည့် အကြိမ်အရေအတွက်မှာ အကန့်အသတ် ရှိလေ၏။ သူသာ နောက်မှ လိုက်ကာ အချိန်အတန်ကြာထိ ထိုမိစ္ဆာကောင်ကို မဖမ်းဆီးနိုင်ခဲ့လျှင် သည်ရတနာအဆောင်က မည်ရွှေ့မည်မျှ ကြာရှည်ခံလေမည်ကို သူ မသိပါ။ ထို့အပြင် သူ့လက်၌ အရှင်ဖမ်းမိထားသူများလည်း ရှိထားပြီး ဖြစ်၍ ဤကဲ့သို့ နောက်မှ လိုက်လံမတိုက်ခိုက်တော့ရန် ရွေးချယ်မှုမှာ ပို၍ အကျိုးအကြောင်း သင့်နေသည်။
ဟန်လိထံမှ ထိတ်လန့်ဖွယ်ရန်သူတော် ထွက်ပြေးသွားသည်ကို မြင်သည့်အခါ မိတ်ဆွေလေးယောက်သည် ခေါင်းယမ်းလျက် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့၏ အခြေအနေက သိပ်မကောင်းလှတာကို မြင်သည်နှင့် ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် သူ့သိုလှောင်အိတ်ထဲကနေ ဆေးပုလင်းငယ်တစ်ခုကို ထုတ်၍ သူတို့ထံ လှမ်းပစ်ပေးသည်။
“အကုန်လုံး ဆေးတစ်လုံးစီ သောက်လိုက်ကြ။ ဒါက မင်းတို့ရဲ့ ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်…”
ဟန်လိက မဆိုသလောက် ပြုံး၍ ထိုသို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တိုက်ပွဲ၌ ထိုသူများကလည်း အတော်လေး အကူအညီ ဖြစ်စေခဲ့ပေသည်။ သူသည် ကြင်နာမှာတချို့ ပြပေးရမှာ သဘာဝပင်။
မျှော်လင့်ထားသည့်အတိုင်း မိတ်ဆွေလေးယောက်သည် ကျေးဇူးတင်သည့်ဟန်များ ဖြစ်ပေါ်ကုန်သည်။ ထို့နောက်တွင် အဘိုးအိုသည် ဆေးပုလင်းကို တရိုတသေ ယူကာ သူ့လက်ထဲသို့ ဆေးလုံးလေးလုံး သွန်ချ၏။ ထိုဆေးများမှာ နီရဲရဲအရောင်ရှိကာ လက်သည်းခွံအရွယ်အစားလောက် ဖြစ်၏။ ဆေးနံ့ဖြင့်ပင် သူ့စိတ်ဝိညာဉ်မှာ တက်ကြွသွားသည်။ ထိုအဘိုးအိုသည် အတွေ့အကြုံများသူ တစ်ယောက်ဖြစ်သဖြင့် ဆေး၏ တန်ဖိုးကြီးမားပုံကြောင့် ကျေနပ်အံ့အားသင့်သွားတော့သည်။ သူက ဟန်လိကို အခါခါ ကျေးဇူးတင်စကား ပြောပြီးနောက်မှာ တခြားသူများကိုပါ ဆေးလုံးများ ဝေငှပေးလိုက်သည်။
ဆေးလုံးများက သူတို့၏ ဝမ်းဗိုက်ထဲ ရောက်သွားရုံရှိသေး ဆေးအာနိသင် ပြန့်ကာ သူတို့ခန္ဓာကိုယ်များ၏ တစ်လက်မတိုင်းစီသို့ နွေးထွေးစွာ စီးဆင်းလေသည်။ ထိုအခါ သူတို့ ရထားခဲ့သော ဒဏ်ရာများသည် အတော့်ကို သက်သာသွားကြ၏။ မိတ်ဆွေလေးယောက်မှာ ကျေနပ်ပျော်ရွှင်ကုန်သည်။
“သွားကြစို့။ ဒီမှာ ကြာကြာနေရင် မိစ္ဆာနက်ကျောင်းတော်ကသူတွေ ထပ်ရောက်လာနိုင်တယ်…”
ဟန်လိက သူ ဖမ်းထားသောမင်းသားငယ်နှင့် အကြီးအကဲဝမ်တို့ကို တစ်ချက်လှမ်းကြည့်၍ အလေးအနက် ပြောသည်။ မိတ်ဆွေလေးဖော်မှာ ဘာမှ မနာခံစရာ မရှိချေ။ သူတို့က ဖမ်းမိထားသူနှစ်ယောက်ကို ဟန်လိ၏ နတ်လေလှေပေါ်သို့ ခေါ်လာသည်။ ထို့နောက်တွင်မူ ဟန်လိသည် သူတို့အားလုံးနှင့်အတူ အလျင်အမြန် ပျံသန်းထွက်လာချေ၏။
ဘုံကျောင်းပျက်ပေါ်ရှိ ကောင်းကင်ယံမှာ တဖန် ပြန်အေးချမ်းမှု ရသွားလေပြီ။ မည်သူကမျှ သည်နေရာ၌ ကျင့်ကြံသူများကြား ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟုပင် ပြောနိုင်တော့မည့် မဟုတ်ပါ။
……
ဟန်လိနှင့် သူ့လူများက ချင်းအိမ်တော်သို့ ပြဿနာ တစုံတရာ မရှိဘဲ ပြန်ရောက်လာကြပြီး သူတို့နေထိုင်ရာနေရာများ၌ ဆင်းသက်သည်။ အချိန်ဆွဲခြင်းက ပြဿနာများကို ယူဆောင်လာမည်ကို စိုး၍ ဟန်လိသည် ထိုညမှာပင် အကြီးအကဲဝမ်နှင့် မင်းသားငယ်တို့ကို မေးမြန်းဖို့ စီစဉ်သည်။
ဟန်လိက သူကိုယ်တိုင်ကမူ မင်းသားငယ်ကို စစ်ဆေးမည်။ အကြီးအကဲဝမ်ကိုတော့ မိတ်ဆွေလေးဖော်က စစ်ဆေးရမည်ဟု စီစဉ်သည်။ မျက်နှာမည်းမည်းအဘိုးအို၏ ပါးနပ်ရက်စက်မှုကြောင့် သူ ကျေနပ်သောအဖြေတစ်ခုခု ရနိုင်လိမ့်မည်ဟု ယုံကြည်ထားပေ၏။
ကျင့်ကြံသူများမှာ အမှန်ကို ပြောဖို့သည် တခြားသူများထက် များစွာ ပိုခက်ခဲသည်။ သို့သော် ညှို့ငင်ခြင်းပညာရပ်ကို အကြမ်းဖျဉ်း နားလည်ပြီး ဆေးတာအိုအပေါ်မှာ ကျွမ်းကျင်သော ဟန်လိအတွက်မူ ဤသည်မှာ ပြဿနာ မရှိလေပေ။ အထူးသဖြင့် ကျင့်ကြံခြင်းအဆင့် ကွာခြားသူကို စစ်ဆေးချိန်၌ ဖြစ်၏။
မင်းသားငယ်က အစပိုင်း၌ ဖြေဆိုဖို့ အတင်းအကြပ် ငြင်းဆန်ခဲ့သည်။ သို့သော် ဟန်လိက အားနာမနေခဲ့။ မင်းသားငယ်ကို ဆေးအရည်တစ်ခု အတင်းအကြပ် တိုက်ပစ်သည်။ ထိုအခါ မင်းသားငယ်သည် မူးဝေသွားပြီး သူ့စိတ်လည်း ဂယောက်ဂယက် ဖြစ်သွားခဲ့သည်။ တအောင့်အကြာမှာ ဟန်လိက လူအများ အသုံးပြုလေ့ရှိသော ညှို့ငင်ခြင်းမျက်လုံး ပညာရပ်ကို အသုံးပြုကာ သူ့စိတ်ကို ချောမွေ့စွာ ထိန်းချုပ်နိုင်သွားသည်။ ထို့နောက်တွင်မူ မင်းသားငယ်သည် ရုပ်သေးတစ်ကောင်နှယ် ဟန်လိ၏ မေးခွန်းများကို နာနာခံခံ ဖြေရတော့သည်။
မင်းသားငယ်ထံမှ မိစ္ဆာနက်ကျောင်းတော်အကြောင်း ကြားရပြီးသည့်အခါ ဟန်လိ၏ အမူအရာသည် အဆုံးသပ်တွင် ပြောင်းလဲမသွားပေ။ အစပိုင်း၌ သူက လေးနက်တည်ကြည် အေးစက်နေခဲ့သည်။ အလယ်တွင် သူ မင်သာ အံ့အားသင့်ခဲ့သည်။ အဆုံးသပ်တွင်မူ စိတ်ရှုပ်ထွေး သုန်မှုန်သွားခဲ့သည်။ မင်းသားငယ်ထံမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးသည့်အခါ ဟန်လိသည် တကိုယ်တည်း ရေရွတ်မိ၏။ ထို့နောက်တွင် သူက ကြိုတင်ပြင်ဆင်ထားသော အနက်ရောင်ဆေးလုံးတစ်ခုကို ထုတ်ကာ မင်းသားငယ်၏ လည်ချောင်းထံ ထည့်ပေးခဲ့လေသည်။ ပြီးနောက် သူက အခန်းထဲမှ ထွက်လာခဲ့ပြီး မင်းသားငယ်ကို တစ်ချက်လေးမှ လှည့်မကြည့်တော့ပေ။
ဝိညာဉ်ချိုးဖျက်ခြင်းဆေးလုံးသည် မင်းသားငယ်ကို တိတ်တဆိတ် သတ်ပစ်ဖို့ရာ လုံလောက်လေ၏။
ဟန်လိသည် အကာအကွယ်မဲ့နေသောသူတစ်ယောက်အား အဆိပ်သုံး၍ သတ်ပစ်ရသည့်အပေါ် တမျိုး မခံစားရတာ မဟုတ်။ သို့သော်လည်း ထိုမင်းသားငယ်မှာ ကျင့်ကြံသူဆယ်ယောက်ကျော်ကို သွေးစတေးခံပြုလုပ်ပြီး မိစ္ဆာပညာရပ်တစ်ခုကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ သူ၏ သေဆုံးခြင်းသည် မမျှမတဟု သတ်မှတ်၍ မရနိုင်ပေ။
ဟန်လိက ကြည်သာသံခြံဝန်းထံ ရောက်လာသည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်သည် လေးနက်သောဟန်ပန်ဖြင့် ဆွေးနွေးတိုင်ပင်နေကြသည်။ သူတို့က ဟန်လိ ဝင်လာတာ မြင်သည်နှင့် ထရပ်ပြိး ဟန်လိကို ကြိုဆိုကာ ရှေ့ဆုံး ထိုင်ခုံမှာ ထိုင်စေသည်။ ဟန်လိလည်း ငြင်းမနေဘဲ ထိုင်ချကာ မေးသည်။
“ဘယ်လိုလဲ။ အကြီးအကဲဝမ် ဘာတွေ ပြောခဲ့လဲ…”
မိတ်ဆွေလေးဖော်က အပြန်အလှန် ကြည့်မိသည်။ အကြီးဆုံးအစ်ကိုဖြစ်သူ မျက်နှာမည်းမည်းနှင့်အဘိုးအိုက ထရပ်ကာ ပြန်ဖြေသည်။
“စီနီယာလည်း အဲ့တာကို သိထားနှင့်ပြီး ဖြစ်မှာပါ။ အခြေအနေက အတော်လေး ရှုပ်ထွေးမှာ စိုးမိတယ်။ အထူးသဖြင့် အကြီးအကဲဝမ် မလိမ်ခဲ့ရင်ပေါ့လေ…”
ထိုသို့ပြောပြပြီး ယင်းအဘိုအိုသည် ဟန်လိကို မသိမသာ တချက်လှမ်းအကဲခတ်သည်။ သို့သော် ဟန်လိ၏ အမူအရာကမူ ပုံမှန်သာ။ ဘာစိတ်ခံစားချက်ကိုမျှ မပြပေ။
အဘိုးအိုက စကားခဏ ရပ်ပြီးနောက်မှာ အားတင်း၍ ဆက်ပြောရတော့သည်။
“မိစ္ဆာနက်ကျောင်းတော်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် တော်တော်များများကို ကျနော် သိခဲ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ဘာမှ သိပ်အရေးမပါဘူး။ ကိစ္စတစ်ခုကတော့ အတော်လေးကို အရေးကြီးပါတယ်။ အဲ့တာက မိစ္ဆာနက်ကျောင်းတော်သခင်ဟာ အင်ပါယာမြို့တော်မှာ ပုန်းနေတယ် ဆိုတာပါပဲ။ ဒါ့အပြင် ယွဲ့ဒေသရဲ့ ခုလက်ရှိ အင်ပါယာဟာလည်း သူ့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားခဲ့ပြီး နန်းတော်ကို မိစ္ဆာနက်ကျောင်းတော်ရဲ့ အသိုက်အမြုံအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ ပြီးတော့ မိစ္ဆာနက်ကျောင်းတော်သခင်ဟာ လီပိုယွမ်လို့ခေါ်တဲ့ လူတစ်ယောက်တဲ့။ သူက အင်ပါယာနန်းတော်ရဲ့ အကြီးအကဲတွေကြားက တစ်ယောက်ပဲ။ သူဟာ တံခါးပိတ်ကျင့်ကြံလက်စလို့လည်း ပြောနိုင်ပါတယ်…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ထိုသို့ ပြောနေသည့်အချိန်၌ မျက်မှောင်စုကြုံ့နေသည်။ သူသည် ထိုကိစ္စမှာ ကိုင်တွယ်ရန် မလွယ်ဟု ခံစားမိသည်။ တကယ်တော့ ကျင့်ကြံသူများသည် သေမျိုးများကို အထင်းသေးကြလျှင်ပင် သူတို့သည် သေမျိုးလောကကို အုပ်ချုပ်သူများနှင့် ပတ်သတ်၍မူ သတိထားရသည်သာ။ ဟန်လိက ထိုစကားများကို ကြားရပြီးနောက် သူ့မျက်နှာ အမူအရာမှာ ပြောင်းလဲမသွားပေ။ သို့သော် စိတ်ထဲကမူ သက်ပြင်းအခါခါ ချမိနေသည်။
သူသည် အင်ပါယာအပေါ် ကြောက်နေတာ မဟုတ်ပေ။ သို့သော် ယွဲ့ဒေသ၏ ခုလက်ရှိ အင်ပါယာသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိထားမှန်း သူ သိနေသည်။
ဂိုဏ်းတိုင်း၌ စာဖြင့် မရေးထားသော တင်းကြပ်သည့် စည်းမျဉ်းတစ်ခု ရှိပေ၏။ ဤသည်မှာ တားမြစ်ထားသောမြို့ထံ ခြေလှမ်းတဝက်ပင် မချဖို့ ဖြစ်၏။ ဤသည်မှာ ကျင့်ကြံခြင်းဂိုဏ်းများက တော်ဝင်မိသားစုများကို အတင်းအကြပ် ပြုမူခြင်းနှင့် တခြားဂိုဏ်းများကို ဆိုးကျိုးဖြစ်စေခြင်းတို့ကနေ ရှောင်ကြဉ်နိုင်ရန်အတွက် ဖြစ်လေသည်။
သို့ဖြစ်၍ နှစ်ပေါင်းရာချီအတွင်း ယွဲ့ဒေသ၏ အင်ပါယာမြို့တော်တွင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တပည့်များ၏ အရိပ်အယောင် လုံးဝ မပေါ်လာခဲ့တာ ဖြစ်သည်။ ယွဲ့ဒေသ၏ အင်ပါယာက ဂိုဏ်းကြီးခုနစ်ဂိုဏ်းထံ ကမ်းလှမ်းခြင်း မရှိဘဲ ပြဿနာကြီးကြီးမားမား မလုပ်သေးသ၍ ဂိုဏ်းခုနစ်ဂိုဏ်းသည် သူတို့ကို သည်အတိုင်း ရှိစေလိမ့်မည်သာ။ ဤသည်ကို မိစ္ဆာနက်ကျောင်းတော်က အခွင့်အရေး ယူခဲ့တာ ဖြစ်နိုင်သည်။
ဟန်လိသည် မင်းသားငယ်၏အဖြေများကို အခါခါ စဉ်းစားကြည့်ပြီး ဖြစ်သည်။ သို့သော် ခုထိ သူ ဘာလုပ်ရမလဲ မသေချာမရေရာသေးပေ။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းကြား သေမျိုးလောက၏ အင်ပါယာမိသားစုကို မနှောက်ယှက်ရ ဟူသော စည်းမျည်း ရှိနေခဲ့တာ အချိန်ကြာမြင့်ခဲ့ပေပြီ။ သူက မိစ္ဆာနက်ကျောင်းတော်သခင် မည်သူမည်ဝါမှန်း ဖော်ထုတ်နိုင်ခဲ့လျှင်ပင် အင်ပါယာမြို့အပေါ် ကျူးလွန်သည့် သူ့ပြစ်မှုအတွက် မည်သူက အစားခံမည်ကို ဘယ်သူ သိနိုင်ပါ့မည်နည်း။ အင်ပါယာနန်းတော်တွင် လှုပ်ရှားပါက သူ့အဖို့ အကျိုးအမြတ်များ မရသည့်အပြင် အပြစ်ပေးတာပါ ခံရနိုင်ချေ ရှိသည်။
မည်သို့ လုပ်ရမှန်းမသိ ဖြစ်နေ၍ ဟန်လိသည် အတော့်ကို စိတ်ရှုပ်နေ၏။ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ရှည်ကြာလှသော သမိုင်းကြောင်း၌ အလားတူ ဖြစ်ရပ်များ အရင်က ဖြစ်ခဲ့ဖူးတာတော့ ရှိသည်။
ဟန်လိမှာ အကျိုးဆက်အပေါ် လန့်နေမိသည်။ သူသည် ရလဒ်သေချာကောင်း၊မကောင်း မသိရသော ကိစ္စအတွက် အားစိုက်ထုတ်ချင်သည့် လူစားမျိုးလည်း မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ မိစ္ဆာနက်ကျောင်းတော်သခင်၏ ပုံရိပ်အမှန်ကို လွယ်ကူစွာ သိနိုင်ခဲ့ခြင်းကတော့ တကယ့်ကို မထင်မှတ်စရာ ဖြစ်လေ၏။ သို့သော် ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ။ မင်းသားငယ်၏ သိထားမှုအရ အခြေခံတည်ဆောက်ခြင်းယဇ်ဆရာများသည်ပင် ကျောင်းတော်သခင်၏ ပုံပန်းသွင်ပြင်ကို မမြင်ဖူး၊ သူ့ဇစ်မြစ်ကို မသိကြဟု ဆိုနိုင်သည်။
မိစ္ဆာနက်ကျောင်းတော်သခင် မည်သူမည်ဝါမှန်း သိသူမှာ လူအချို့သာ ရှိသည်။ ထိုနှစ်ယောက်က ယင်းလူနည်းစု၌ ပါနေခဲ့တာ ဖြစ်သည်။ အကြောင်းမှာ အကြီးအကဲဝမ်နှင့် မင်းသားငယ်တို့က မိစ္ဆာနက်ကျောင်းတော်သခင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသောကြောင့်ပင်။
သူတို့ထဲမှ တစ်ယောက်သည် မိစ္ဆာနက်ကျောင်းတော်သခင်၏ အစ်ကိုဝမ်းကွဲဖြစ်ကာ သူ့အသက်ကို အရင်က တခါ ကယ်ခဲ့ဖူးသည်။ တခြားတစ်ယောက်ကမူ သူ၏ တစ်ဦးတည်းသော တရားဝင်တပည့် ဖြစ်ပြီး မျက်နှာသာပေးခြင်းကို ရထားသူ ဖြစ်နေသည်။ ယင်းကြောင့် သူတို့သည် မိစ္ဆာနက်ကျောင်းတော်၏ အရေးပါသောသူများ၏ နောက်ခံပုံရိပ်ကို သိနိုင်စွမ်း ရှိခဲ့တာပင်။
မဟုတ်ပါက ယွဲ့ကျင်းကဲ့သို့ ကြီးမားလှသော မြို့တော်အတွင်း၌ မိစ္ဆာနက်ကျောင်းတော်၏ ချီစုဆောင်းခြင်းတပည့်များစွာ ကြားမှာ ထိုနှစ်ယောက်သည် ယခုကဲ့သို့ ကျောင်းတော်၏ လွှမ်းမိုးနိုင်သောအဆင့်အတန်းတွင် မည်သို့ ရှိနေနိုင်ပါ့မည်နည်း။