အကူအင်အားများနှင့် အေးအေးဆေးဆေး ရှိနေခြင်း
Vol. 23 Ch. 312
“ရေခဲနတ်ဆိုး… မင်းက ယဲ့ရှီးကို သဘောမကျလို့ ငါ့ကို သူနဲ့ ရင်ဆိုင်စေချင်တာ မဟုတ်လား…”
ဦးခေါင်းပြောင်လူသည် အေးစက်စက် ပြောကာ ရေခဲနတ်ဆိုးထံ လှမ်းကြည့်သည်။
“ဟားဟား…အမှန်ပဲ။ ထားပါတော့။ မင်းက ခု ကျောင်းတော်သခင်ကို သွားတွေ့ချင်နေတာမလား။ ခုချိန်သွားတာ အကောင်းဆုံးပဲ။ ကျောင်းတော်သခင်က သူ့နောက်ဆုံး သွေးစတေးခံကနေ ချီသန့်စင်ခြင်းကို ခုထိ မစရသေးဘူး…”
အဖြူရောင်အရိပ်သည် ဂရုမစိုက်ဟန်ဖြင့် ဦးခေါင်းပြောင်လူကြီး၏ စိတ်ထဲ၌ ပူပန်နေမှုကို ထုတ်ပြောကာ အကြောင်းအရာကို လွှဲပြောသည်။
ဦးခေါင်းပြောင်လူကြီးသည် နှာခေါင်းရှုံ့ကာ အမှောင်ထုထဲ ဆက်လျှောက်သွားတော့သည်။
အချိုးအကွေ့များနှင့် ခြံဝန်းခုနစ်ခုလောက်ကို ဖြတ်ကျော်လာပြီးနောက်မှာ ထိုသူသည် အလွန်တရာ လူသူကင်းမဲ့လှသော ကျောက်သားဥယျာဉ်ထံ ရောက်လာခဲ့သည်။ သူ့မျက်နှာထက်တွင် လေးစားကြည်ညိုဟန် ပေါ်လာ၏။
“ငယ်သားထိုက်က ကျောင်းတော်သခင်ကို လေးစားသမှု ပြပါတယ်…”
ထိုသူသည် ဦးညွှတ်ကာ ကျယ်လောင်စွာ နှုတ်ခွန်းဆက်သည်။
“ထိုက်လော…မင်း ဘယ်လိုလုပ် ဒဏ်ရာ ရခဲ့တာလဲ…”
သက်လတ်ပိုင်းလူတစ်ယောက်၏ ညှို့ငင်နိုင်သော အသံတစ်သံသည် ကျောက်ဥယျာဉ်ထဲကနေ ထွက်ပေါ်လာသည်။
“ကျောင်းတော်သခင်ရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ၊ ဒါပေမဲ့ ဒီငယ်သားဟာ နတ်ဆိုးအသွင်ပြောင်းခြင်း ပညာရပ်ကို အသုံးပြုခဲ့တာပါ။ ဒါ့ကြောင့် ကျနော့်ရဲ့ အသက်ဓာတ်ကို နည်းနည်းပါးပါး ထိခိုက်သွားရုံပါပဲ…”
ဦးခေါင်းပြောင်လူသည် ကျောင်းတော်သခင်၏ စကားကို ကြားသည့်အခါ အလေးထားကာ ပြန်ဖြေသည်။
တအောင့်အကြာ ကျောင်းတော်သခင်သည် ချက်ခြင်း ပြန်မပြောလာသေးပေ။ အချိန်အတော်ကြာပြီးမှ သူက ဆို၏။
“ကျုပ် မြင်ရသလောက်တော့ ဒီတာဝန်ဟာ ကျရှုံးခဲ့တယ်မလား။ မဟုတ်ရင် ကျုပ်ရဲ့ တပည့်က မင်းနဲ့အတူ ပြန်လာသင့်တယ်…”
“ကျေးဇူးပြုပြီး…ကျနော့်ကို ခွင့်လွှတ်ပေးပါ…ကျောင်းတော်သခင်၊ ဒီငယ်သားက လူငယ်သခင်လေးနဲ့ ကာကွယ်သူဝမ်တို့ကို အကောင်းဆုံး မကာကွယ်ပေးနိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံး ရန်သူ့လက်ထဲ ကျရောက်သွားခဲ့ပါတယ်။ ဒီငယ်သားက ကျောင်းတော်သခင် ပြင်းပြင်းထန်ထန် အပြစ်ပေးတာကို ခံယူပါ့မယ်…”
ထိုသူသည် အံတင်းတင်းကြိတ်ကာ အရှက်ရဟန်ဖြင့် ပြောသည်။
“အပြစ်ပေးရမှာလား။ ကျုပ်က မင်းကို ဘာကြောင့် အပြစ်ပေးရမှာလဲ။ မင်းက နတ်ဆိုးအသွင်ပြောင်းခြင်းပညာရပ်ကိုပါ အသုံးပြုခဲ့ရမှတော့ မင်း ရင်ဆိုင်ရတဲ့ ရန်သူဟာ အားကောင်းလွန်းတာကို ပြနေတာပဲလေ။ ဒါက မင်း အကောင်းဆုံး မကြိုးစားခဲ့လို့ မဟုတ်ဘူး။ ဒါ့အပြင် တပည့်တစ်ယောက်နဲ့ ကာကွယ်သူတစ်ယောက်ပဲ၊ သူတို့ကို ဆုံးရှုံးတာက ဘာမှ ဆိုးဝါးသွားတာ မရှိဘူး။ တဖက်မှာတော့ မင်းသာ ရန်သူ့လက်ထဲ ကျသွားခဲ့ရင်တော့ ကျုပ်အနေနဲ့ အမှန်တကယ် ခေါင်းကိုက်ရလိမ့်မယ်…”
“ကျောင်းတော်သခင်ရဲ့ ခွင့်လွှတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီငယ်သားက ဒီကျရှုံးမှုကို ပြန်ဖာထေးနိုင်ဖို့အတွက် ကျောင်းတော်သခင် ဘာပဲခိုင်းခိုင်း ကျိန်းသေပေါက် ထမ်းရွက်ပါ့မယ်…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် သူ့ငယ်သား၏ စိတ်နှလုံးကို ကျနစွာ သိမ်းပိုက်နိုင်ခဲ့ပေသည်။ သူ ပညာသာပါပါ ပြောခဲ့သော စကားများကြောင့် သူ့ငယ်သားမှာ စိတ်လှုပ်တရှားဖြစ်ကာ သစ္စာပိုရှိစေမည် မဟုတ်လား။
“အင်း…ကောင်းတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ခင် မင်း ကြုံခဲ့ရတဲ့ တိုက်ပွဲအကြောင်း ငါ့ကို ပြောပြ။ အဲ့ကျင့်ကြံသူက ဘယ်ဂိုဏ်းကလာခဲ့တာ၊ ဘယ်လောက်ကြမ်းတာ ငါ သိချင်တယ်…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် ဦးခေါင်းပြောင်လူ၏ စကားများကြောင့် ကျေနပ်သွားခဲ့တာ သိသာသည်။ သို့သော်လည်း သူက ဟန်လိအကြောင်းကို သိချင်စိတ်ကြီးစွာဖြင့် မေးလာတုန်းပင်။
“သခင့်…သဘောအတိုင်းပါ…”
ဦးခေါင်းပြောင်လူသည် ချက်ခြင်း သဘောတူသည်။
“ကျနော်တို့ ဒီတစ်ခေါက် ဖမ်းချင်တဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူဟာ တကယ့်ကို တမူထူးပါတယ်။ မထင်မှတ်ဘဲ သူဟာ ရုပ်သေးတွေကိုလည်း ထိန်းချုပ်နိုင်တယ်။ ဒါ့အပြင် သူ့ခွန်အားကလည်း မသေးဘူး။ အဲ့အချိန်တုန်းက…”
ဦးခေါင်းပြောင်လူကြီးသည် ဟန်လိနှင့် တိုက်ခိုက်ခဲ့ရပုံ၊ သူ နတ်ဆိုးမိစ္ဆာအသွင်ပြောင်းခြင်း ပညာရပ်ကို အသုံးပြုခဲ့ရပုံတို့ကို ပြန်တင်ပြလေသည်။
သူ့စကားဆုံးသည့်အခါ ကျောက်ဥယျာဉ်မှာ ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားသည်။ မိစ္ဆာနက်ကျောင်းတော်သခင်သည် တစုံတခုကို တွေးနေပုံ ရသည်။ တအောင့်အကြာမှာ သူက ကြည်လင်အေးစက်သောလေသံဖြင့် ပြောလာသည်။
“ရုပ်သေးတွေ ထိန်းချုပ်နိုင်တယ်ဆိုတော့ ဒါဟာ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ ရုပ်သေးပညာရပ် ဖြစ်နိုင်တယ်။ ဒါ့ကြောင့် သူဟာ အဲ့ကျောင်းတော်က ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်တယ်။ ဝါးတစ်ထောင်ကျောင်းတော်က ကျင့်ကြံသူတစ်ချို့ ယွမ်ဝူနယ်စပ်မှာ ပေါ်လာခဲ့တယ်လို့ ကျုပ် အစောတည်းက ကြားထားခဲ့တယ်။ သူဟာ သူတို့ထဲက တစ်ယောက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ နတ်ဆိုးအသွင်ပြောင်းပြီး မင်း ထွက်ပြေးလာခဲ့တာဟာ ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ။ မဟုတ်ရင် မင်းအနေနဲ့ ခုချိန်မှာ ကျုပ်နဲ့ စကားပြောနေနိုင်မှာ မဟုတ်တော့ဘူး…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် မထူးခြားနားဟန်ဖြင့် ပြောသည်။
“အဲ့လိုတော့ မဟုတ်လောက်ပါဘူး။ ကျနော်က နတ်ဆိုးခန္ဓာကိုယ်ကို ပြောင်းလဲထားပြီး သူ့ရဲ့ ရတနာအဆောင်ကို အမှန်တကယ် ခုခံနိုင်လိမ့်မယ်လို့ ယုံကြည်မှု မရှိပေမယ့် နတ်ဆိုးအသွင်ပြောင်းပြီး ကျနော့်ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့မှာကြောင့်သာ မဟုတ်ရင် သူနဲ့ တကယ်ပဲ တိုက်ခိုက်ချင်ခဲ့တယ်။ ကျနော်က သူ့ပြိုင်ဘက် မဟုတ်ရင်တော့ ဒဏ်ရာမရဘဲ ထွက်လာနိုင်လောက်မှာပါ…”
ဦးခေါင်းပြောင်လူသည် လက်မခံနိုင်ဟန်ဖြင့် ထိုသို့ ပြောသည်။
“ထိုက်လော၊ မင်းအနေနဲ့ ရတနာအဆောင်ကို အရင်တုန်းက ခုခံနိုင်ခဲ့တာ ငါ သိတယ်။ ဒါပေမဲ့ ရတနာအဆောင်တွေဟာ တခုနဲ့တစ်ခု မတူဘူး။ တူညီတဲ့ မှော်ရတနာကနေ သန့်စင်ထားတဲ့ ရတနာအဆောင်နှစ်ခု ဖြစ်နေခဲ့ရင်တောင် သူတို့ရဲ့ခွန်အားဟာ တူလိမ့်မှာ မဟုတ်ဘူး။ ဒါ့အပြင် အဲ့ရတနာအဆောင်ရဲ့ ထူးခြားတဲ့အသွင်အပြင်ကြောင် မင်းအနေနဲ့ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်လိမ့်မှာ မဟုတ်ဘူး။ ချင်းဝမ်ရဲ့ သစ်သားနတ်ဆိုးမိစ္ဆာအသွင်ပြောင်းခြင်းခန္ဓာကိုယ်နဲ့ဆိုရင်တော့ အနိုင်ရနိုင်ဖို့ အခွင့်အရေးတချို့ ရှိနိုင်တယ်…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် ထိုသူ့ကို ကောင်းကောင်းရှင်းပြပေးသည်။
“ကျောင်းတော်သခင် ညွှန်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်…”
လက်သင့်မခံနိုင်ဟန် ဖြစ်နေသေးသော်လည်း ဦးခေါင်းပြောင်လူသည် သူ့သခင်၏ စကားများကို အသိအမှတ်ပြုကာ ကျေးဇူးတင်ကြောင်း ပြသသည်။
“ကျောင်းတော်သခင်…ကျနော်တို့ အဲ့ကျင့်ကြံသူကို ဘယ်လို တုန့်ပြန်ကြမလဲ။ ရန်သူဟာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက် မဟုတ်မှတော့ ကျနော်တို့ သွေးကျွန်လေးယောက်က သူ့ကို အသက်ရှင်လျက် သွားဖမ်းပြီး ကျောင်းတော်သခင်ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေဖို့ လက်ဆောင်ပေးရမလား…”
ဦးခေါင်းပြောင်လူသည် စိတ်အားတက်ကြွစွာ ပြောလိုက်သည်။ သူသည် သူခံလိုက်ရသည့်အပေါ် ဟန်လိအပေါ် မကျေမနပ် ဖြစ်ကာ သွားရှာချင်နေတာ သိသာသည်။
“မလိုဘူး။ သူဟာ ဝါးတစ်ထောင်ကျောင်းတော်က ဆိုတာက ကျုပ် ထင်ကြေးသပ်သပ်ပဲ။ မသေချာဘူး။ သူ့မှာ တခြားအကူတွေလည်း ရှိနေနိုင်တယ်။ ဒါ့အပြင် ကျုပ် တံခါးပိတ်ကျင့်ကြံတာဟာ အရေးကြီးတဲ့အချိန် ရောက်နေပြီ။ ဒါ့ကြောင့် အင်အားကြီးတဲ့ ရန်သူကို ရန်သွားမစချင်ဘူး။ လာမယ့်နေ့တွေမှာ မြို့တော်တွင်းမှာ ရှိတဲ့ တပည့်အားလုံးကို နန်းတော်မှာ လာနေဖို့ ခေါ်လိုက်။ ဒီကိစ္စကို ကျုပ်ရဲ့ ကျင့်ကြံမှုမှာ ကြီးမားတဲ့အဆင့်တစ်ခု အောင်မြင်တဲ့အထိ ဆိုင်းထားမယ်။ သွေးစတေးခံတွေအဖြစ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ မရှိရင်တောင် ကျုပ်ရဲ့ တိုးတက်မှုဟာ လနည်းနည်းလောက် နှောင့်နှေးသွားရုံလောက်ပဲ။ အဲ့အချိန်ကျရင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေကလွဲလို့ ဘယ် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူကမှ ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် ထိုသို့ ပြောနေစဉ် သူ၏ မူလတုန်းက တပြေးတည်း ဖြစ်နေသော အသံတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လာသည်။ မိစ္ဆာနက်ကျောင်းတော်သခင်၏ အတွေးများသည် ဟန်လိ ထင်ထားသည့်အတိုင်းသာ။
“ကျောင်းတော်သခင် အောင်မြင်တဲ့အဆင့်ထိ ချိုးဖျက်နိုင်ဖို့ ဒီငယ်သားက ဆုတောင်းပေးပါတယ်။ ကျနော် ခုပဲ ကျောင်းတော်ရဲ့ တပည့်တွေကို အင်ပါယာနန်းတော်မှာ လာနေဖို့ ချက်ခြင်း စီစဉ်လိုက်ပါ့မယ်…။ သူတို့ကို ကျောင်းတော်သခင်အပေါ် နည်းနည်းလေးတောင် နှောက်ယှက်ခွင့် ပြုမှာ မဟုတ်ပါဘူး…”
ဦးခေါင်းပြောင်လူသည် လိမ္မာပါးနပ်စွာဖြင့် ထိုသို့ ကျယ်လောင်စွာ ပြောလိုက်သည်။
“ကောင်းတယ်…စီစဉ်စရာ ရှိတာတွေ စီစဉ်တော့…”
မိစ္ဆာနက်ကျောင်းတော်သခင်သည် ထိုသို့ ပြောပြီးသည့်နောက်မှာ သူက ပင်ပန်းသွားပုံရသည်။ ဘာစကားမှ ထပ်မပြောလေတော့ပေ။ သို့ဖြစ်၍ ဦးခေါင်းပြောင်လူကြီးမှာ တလေးတစားဟန်ပန်ဖြင့် နောက်သို့ ခြေလှမ်းဆုတ်ကာ တဖက်သို့ လှည့်၍ ထွက်သွားလေတော့သည်။
သည်နေရာမှာ အေးစက်သောနန်းတော်ဆောင်တစ်ခု၏ မထင်မရှားနေရာလေးတစ်ခု ပြန်ဖြစ်သွားတော့သည်။
အချိန်ကုန်တာ မြန်လှသည်။ လဝက် ရှိသွားခဲ့လေပြီ။
ခုချိန်၌ မိစ္ဆာနက်ကျောင်းတော်နှင့် ဟန်လိတို့သည် တူညီစွာ နောက်ဆုတ်ထားလျက် ရှိကြသည်။
ပုန်းကွယ်နေသော ဟန်လိကို ရှာဖို့ မိစ္ဆာနက်ကျောင်းတော်ဘက်မှ အင်အားများ မစေလွှတ်သည် ဖြစ်၍ ဟန်လိသည်လည်း အင်ပါယာမြို့သို့ စွန့်စားကာ မသွားဝံ့ပေ။ သည်အချိန်အတွင်း နှစ်ဖက်လုံးသည် ဘာမှ မဖြစ်ခဲ့လေသကဲ့သို့ပင်။
မိစ္ဆာတာအိုဂိုဏ်းများသည်လည်း သူတို့ကိုယ်သူတို့ ဖော်ပြသင့်လာပြီ။
သို့ပေမည့် သူတို့၏ ဘာသတင်းမျှ မထွက်ပေါ်လာသည့်အတွက် ဟန်လိသည် စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
ဟန်လိ အစိုးရိမ်ဆုံးမှာ မိစ္ဆာနက်ကျောင်းတော်နှင့် မိစ္ဆာတာအိုဂိုဏ်းများ ပူးပေါင်းကာ ပြဿနာ ရှာမည်ကို ဖြစ်သည်။ အခုထိ ထိုသို့ မဖြစ်လာသည့်အတွက်ကြောင့် ဟန်လိမှာ စိတ်ထဲကနေ ကြိတ်၍ မပျော်မိဘဲ မနေနိုင် ဖြစ်မိသည်။
သူ့အထင် လီဟွာယွမ်သည် လူများ ပို့ပေးပါက အစောပိုင်း ဆယ်ရက်ဝန်းကျင်လောက်ဆို ရောက်လာနိုင်သည်။ ထို့ကြောင့် သူက နေ့ရက်တိုင်းမှာ တည်တည်ငြိမ်ငြိမ်သာ ကျင့်ကြံနေပြီး ဘာကိုမှ အလျင်မလိုပေ။ ဟန်လိ၏ အကြံပေးချက်ကြောင့် ချင်းယန်သည်လည်း ပြီးခဲ့သည့် ရက်ပိုင်များတွင် နေအိမ်တွင်သာ နေနေခဲ့ပြီး အပြင်မှ ဖိတ်ကြားမှုများကို ငြင်းဆန်ထားပေသည်။
သို့ပေမည့် ယနေ့ နံနက်ပိုင်း၌ အိပ်ယာပေါ်မှာ ဟန်လိ တရားထိုင်ကာ ချီသန့်စင်နေချိန်တွင် သူသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထံမှ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားလေသည်။
“ဘယ်က တာအိုရောင်းရင်းတွေက လာလည်တာများလဲ။ ပုန်းလျှိုးကွယ်လျှိုး လုပ်နေဖို့ မလိုဘူး။ ထွက်လာခဲ့ပါ…”
ဟန်လိသည် ထိုသို့ အေးတိအေးစက် ပြောပြီးနောက်မှာ သူက သူ့သိုလှောင်အိတ်ကို ပုတ်ကာ ချက်ခြင်းပင် အဖြူရောင်ကြေးခွံဒိုင်းကို ထုတ်၍ သူ့ရှေ့တွင် ကာသည်။ တချိန်တည်းမှာ သူ့တခြားလက်တစ်ဖက်ဖြင့် မီးတိမ်အဆောင်ကို ဆုပ်ကိုင်၏။ သူက မဟာရန်သူတော်တစ်ယောက်ကို ရင်ဆိုင်နေရသည့်နှယ်။
ဟန်လိသည် လေးလေးနက်နက် တုန့်ပြန်သည့်အတွက်ကြောင့် တံခါးအပြင်ဘက်တွင် ရှိနေသော အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ လေးယောက်ထဲမှ သုံးယောက်ကို အံ့အားတသင့် ဖြစ်သွားစေသည်။ သူတို့သည် ချီကွယ်ဝှက်ခြင်းမှော်ပညာရပ်များကို အသုံးပြုထားသော အမည်မဲ့မန္တာန်ကို ကျင့်ကြံထားသော ဟန်လိကတော့ သူတို့၏ တည်ရှိမှုကို ခံစားမိနိုင်သည်။
ဟန်လိသည် အံ့အားသင့်ထိတ်လန့်ကာ စိတ်ထဲကနေ ပြောလိုက်မိ၏။
“ခုရောက်လာတာ မိစ္ဆာနက်ကျောင်းတော်က မဟာသွေးကျွန်လေးယောက်များလား…”
ထိုအတွေးက သူ့စိတ်ထဲတွင် ပေါ်လာချိန်တွင် ဟန်လိသည် ချက်ခြင်းပင် သူ လွတ်မြောက်နိုင်မည့်လမ်းကို စီစဉ်တော့သည်။ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်နှင့် ချင်းအိမ်တော်မှ သူများအတွက်မူ သူ တတ်နိုင်တာ ဘာမျှ မရှိလေတော့။ သူတို့ ကံကောင်းပါစေဟုသာ ဆုတောင်းပေးရုံ ရှိတော့သည်။
ဟန်လိ၏ စိတ်သည် အတွေးများနှင့် ပြည့်နေစဉ် သူ မျှော်လင့်ထားသကဲ့သို့ အပြင်ဘက်မှ မည်သည့်မှော်ပစ္စည်းမှ သို့မဟုတ် တာအိုပညာရပ်မှ ထွက်ပေါ်လာတာ မရှိလေပေ။ ထိုအစား သူက အားပါးတရ အသံတစ်သံကိုသာ ကြားလိုက်ရ၏။
“ဟားဟား ဘယ်လိုလဲ၊ ငါ မပြောခဲ့ဘူးလား။ မင်းတို့ကိုယ်မင်းတို့ ဂျူနီယာညီလေးဟန်ဆီကနေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးလို့။ ဂျူနီယာညီလေးဟာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကို ရောက်နေပြီ။ မင်းတို့ရဲ့ ပမွှားအစွမ်းလေးတွေကို သူ့ရှေ့မှာ မပြကြနဲ့တော့…”
ထိုအသံကား ဟန်လိအတွက် ရင်းနှီးလှပေသည်။ သူ စိတ်လှုပ်ရှားသွားပြီး ကျယ်လောင်စွာ လှမ်းအော်သည်။
“စီနီယာအစ်ကိုစုန် ရောက်လာတာလား။ ဂျူနီယာညီလေးက အစ်ကို့ကို နှုတ်ဆက်ပါတယ်…”
ဟန်လိ၏ စကားများ၌ ကျေနပ်အံ့အားသင့်မှုတို့ ပြည့်နေ၏။
“ဂျူနီယာညီလေး…မင်း ထင်တာ မှန်ပါတယ်…” အသံပိုင်ရှင်က ထိုသို့ ဖြေပြီးနောက်မှာ တံခါးဖွင့်ကာ ဝင်လာသည်။ ထိုသူမှာ ဟန်လိ၏ လေးယောက်မြောက်အစ်ကို စုန့်မင်တည်း။
သူ့နောက်တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ရပ်နေကြသည်။ ရုပ်ချောချောနှင့် အလေးအနက်ဟန်ပန် ရှိသူ ရုပ်ချောချောတစ်ယောက်ကလွဲ၍ ကျန်နှစ်ယောက်သည် ဟန်လိကို ပြုံး၍ ကြည့်နေသည်။
သူတို့ကြား၌ ပညာတတ်ဟန်နှင့် အမျိုးသားတစ်ယောက်က ပြုံး၍ ပြောသည်။
“ဂျူနီယာညီလေးရှစ်၊ ကျုပ်က ဆရာ့ရှိကနေ မင်း အကြောင်းကြားပြီးသားပါ။ ကံမကောင်းတာကတော့ ဂျူနီယာညီမလေးခုနစ်နဲ့ ငါက မင်းနဲ့ ခုထိ တွေ့ဖို့ အခွင့်အရေး မရခဲ့သေးဘူး။ အခုတော့ ကျုပ်တို့က မင်းကို နောက်ဆုံးမှာ လူကိုယ်တိုင် မြင်ရပြီ။ ကျုပ်တို့က မင်းရဲ့ ကျင့်ကြံမှုဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်သွားတဲ့အပေါ် အံ့အားတသင့် ဖြစ်နေကြတာ။ အဲ့အတွက် ကျုပ်မှာ ပြောစရာ စကားပါ မဲ့ရတယ်…”
ထိုသူသည် လျှာခလုတ်တိုက်မည့်နှယ် အဆက်မပြတ် ပြောလာသည်။
သူ့ဘေးတွင် ရပ်နေသည့် ကျော့ရှင်းသော အမျိုးသမီးကမူ သည်စကားကို ကြားသည့်အခါ ရယ်ချင်စိတ်ကို ဖုံးကွယ်ကာ ဟန်လိကို စူးစမ်းစိတ်ဖြင့် လှမ်းကြည့်သည်။
ဟန်လိသည် ထိုအမျိုးသားနှင့်အမျိုးသမီးတို့ကို နောက်တစ်ခါ ထပ်ကြည့်သည်။ သို့သော် သူသည် သူတို့ကို မသိနေပေ။ သူသည် အိပ်ယာပေါ်ကနေ ချက်ခြင်းထကာ လေးစားသည့်ဟန်ပန်ဖြင့် ပြောသည်။
“ဆိုတော့ အစ်ကိုသုံးနဲ့ အစ်မနှစ်တို့ပါလား။ ဒီဂျူနီယာညီလေးက ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းကို ကြားပြီးသားပါ။ ကံမကောင်းစွာနဲ့ ကျနော်လည်း ခုထိ ခင်ဗျားတို့နဲ့ တွေ့ခွင့် မရခဲ့ဘူး။ ကျင့်ကြံမှုကတော့ စီနီယာအစ်ကိုက ကျုပ်ထက်တောင် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကို ဝင်ရောက်ခဲ့တာ မဟုတ်လား။ ဒီဂျူနီယာက အစ်ကို့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ…”
ဟန်လိ၏ စကားများက မော်ကြွားမနေပေ။ သည့်အတွက်ကြောင့် သူ၏ အစ်ကိုသုံးက သူ့အပေါ် အထင်အမြင်ကောင်းသွားသည်။