ဆုံးဖြတ်ချက်
Vol. 23 Ch. 313
ထိုအခိုက်တွင် ဟန်လိသည် ခေါင်းလှည့်ကာ ရုပ်ချောချောလူငယ်ထံ လှမ်းကြည့်၍ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ “အစ်ကိုခြောက်ပါ ရောက်လာခဲ့တာကို။ ကျနော့်ကြောင့် အစ်ကိုတို့ အလုပ်ရှုပ်ရပြီ…”
ဝူရွှမ်သည် ‘အင်း’ ဟု တခွန်းသာ တုန့်ပြန်သည်။ သူက ဘာမှ ထပ်မပြောတော့ပေ။
ဟန်လိက ပြုံး၏။ သူ့အတွက် ဘာမှ မဖြစ်လေသည့်အလား။ သူသည် တုန်းရွှမ်အာ ကိစ္စနှင့် ပတ်သတ်ပြီး အစ်ကိုခြောက်သည် သူ့ကို သဘောမကျနေတာကို ကောင်းကောင်း နားလည်သည်။ ဟန်လိကိုယ်တိုင်မှာလည်း အမှန်တကယ် စိတ်ထဲ၌ သိပ်မထားပေ။ တကယ်တော့ ထိုသူသည် ဟန်ဆောင်တတ်သူများနှင့် စိတ်ရင်းမှန်ကို ဖုံးကွယ်ထားသူများထက် ရင်ဆိုင်ရတာ အများကြီး ပိုလွယ်ကူသည် မဟုတ်လား။
သို့ပေမည့် ဝူရွှမ်ကမူ ဟန်လိကို လှမ်းကြည့်ချိန်တွင် အံ့အားတသင့်ဖြစ်ဟန် အရိပ်အယောင် ပါနေသည်။
နောက်ဆုံးအကြိမ် သူတို့ တစ်ယောက်နှင့်တစ်ယောက် စုံခဲ့ချိန်တုန်းက ဟန်လိမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သို့သော် အခုတွင်မူ အချိန်တိုအတွင်း အလယ်အဆင့်သို့ ဝင်ရောက်နေလေပြီ။ သို့ဖြစ်၍ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသော ဝူရွှမ်မှာ အံ့အားတသင့်မဖြစ်မိ၊ မနာလိုအားကျမဖြစ်မိဘဲ ဘယ်နေပါ့တော့မည်နည်း။
စီနီယာအစ်ကိုတို့…ကျေးဇူးပြုပြီး ဝင်ထိုင်ကြပါ။ ကျနော် ခင်ဗျားတို့အတွက် လဘ္ဘက်ရည်အိုး ပြင်ပေးဖို့ လုပ်လိုက်အုံးမယ်…”
ဟန်လိက ထိုလေးယောက်ကို အခန်းထဲသို့ ပြုံး၍ ဖိတ်ခေါ်သည်။ ထို့နောက်တွင် သူက တဖက်သို့ လှည့်ကာ အခန်းထဲ ခြေလှမ်းသွားသည်။
“လဘ္ဘက်ရည်သောက်နေဖို့ အလျင်လိုစရာ မရှိပါဘူး။ အရင်ဆုံး မိစ္ဆာနက်ကျောင်းတော်ရဲ့ ကျွမ်းကျင်သူတွေနဲ့ ပတ်သတ်ပြီးပဲ ပြောကြရအောင်။ ကျုပ်က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေနဲ့ အမှန်တကယ် တိုက်ခိုက်ချင်နေတာ။ ကံမကောင်းစွာနဲ့ ဆရာ့ဘေးမှာပဲ နေနေရတော့ ကျုပ်က ဂျူနီယာညီလေးဟန်လို့ မိစ္ဆာတာအိုဂိုဏ်းကကောင်တွေကို စိတ်ကြိုက် သတ်လို့ မရခဲ့ဘူး။ မဟုတ်ရင် ကျုပ်လည်း ဂျူနီယာညီလေးဟန်လို ရှေ့တန်းစစ်ပွဲမှာ စေလွှတ်ခံနေရလောက်ပြီ…”
စုန့်မင်နှင့် တခြားသူများသည် အခန်းထဲ ဝင်လာကာ ထိုင်ပြီးသည့်နောက်မှာ သူက မိစ္ဆာနက်ကျောင်းတော်အကြောင်း သိချင်စိတ်ဖြင့် စိတ်မရှည်တော့ဘဲ ထိုသို့ အလျင်စလို မေးတော့သည်။
“အဓိပ္ပာယ် မရှိလိုက်တာ။ ရှေ့တန်းစစ်ပွဲတွေက အရင်တုန်းက မင်း ရန်သူ ဘယ်လောက်များများ သတ်ခဲ့လဲအပေါ် လုံးလုံး မူတည်နေတာ မဟုတ်ဘူးလို့ ကျုပ် ကြားခဲ့တယ်။ ပိုပြီး အရေးကြီးတာက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းပဲ။ ဂျူနီယာညီလေးဟန်က ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးတဲ့နောက် လူတိုင်း မရနိုင်တဲ့ အောင်မြင်မှု ရခဲ့တာကြောင့် သူဟာ အဲ့ဧရိယာမှာ အောင်မြင်နိုင်စွမ်း ရှိခဲ့တာ သဘာဝပဲ…”
အစ်ကိုသုံးလျှိုကျင်းသည် စုန့်မင်၏ စကားများကို ကြားသည့်အခါ သူသည် မျက်နှာကြော တင်းတင်းဖြင့် ဆူသံပေါက်နေသော လေသံဖြင့် ထိုသို့ ပြောလေသည်။ ဤသည်ကို ကြားသည့်အခါ ဟန်လိလည်း အတော်လေး အံ့အားသင့်မိသွားသည်။
သူသည် ထိုစီနီယာအစ်ကိုများသည် ခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်းတွေ ပြောမည်ဟု မထင်ထားမိခဲ့ပေ။
ဟန်လိ မင်သက်နေစဉ် စုန့်မင်ကမူ ရယ်ရုံသာ ရယ်နေပြီး ငြိမ်သွားတော့သည်။
ဟန်လိလည်း အံ့အားသင့်နေစဉ် သူ၏ စီနီယာအစ်ကိုသုံးယောက်က သူ့ဘက် ရုတ်တရက် ခေါင်းလှည့်ကာ မေးလေတော့၏။
“ဆရာက ကျုပ်တို့ကို အကြမ်းဖျဉ်းတော့ ရှင်းပြထားပြီးပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းအချက်အလက်အသစ်တွေကိုတော့ ငါတို့ သေချာ မသိဘူး။ ဟန်လိက အသေးစိတ် သေချာရှင်းပြပေးဖို့ ငါ မျှော်လင့်တယ်…”
“ဟုတ်တယ်။ ကျမလည်း သိချင်နေတာ။ ဒီမကောင်းဆိုးဝါးကျောင်းတော်ရဲ့ ဘယ်သူကများ ကျင့်ကြံသူအများအပြားကို ဖမ်းဆီးဝံ့နေရတာလဲ။ သူတို့က တကယ်ပဲ သတ္တိတွေ သိပ်ကောင်းနေကြတယ်ပေါ့….”
စီနီယာအစ်မခုနစ် ကျုံးဝေနင်သည် ဟန်လိထက် အသက်အများကြီး ကြီးပုံ မပေါ်ပေ။ သူမက လုံးဝန်းသော မျက်နှာပေါက်၊ ကြည်ဖြူသော အသားအရေနှင့် နှစ်ထပ်ပြုံးကို ပိုင်ဆိုင်ထားကာ အမှန်တကယ် ချစ်ခင်စဖွယ်ရုပ်ရည် ရှိသူပင်။
သို့သော် ဟန်လိသည် ထိုစီနီယာအစ်မ ကျုံးသည် ပါရမီရှင်ကျင့်ကြံသူတစ်ယောက်မှန်း ကောင်းကောင်း သဘောပေါက်ထားသည်။ သူမက အသက်ဆယ့်ခြောက်နှစ်တည်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့မှန်း သူ ကြားဖူးထား၏။ အခုဆို သူမသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကို ရောက်ဖို့ ခြေလှမ်းတဝက်သာ လိုတော့ပေသည်။ သည့်အပြင် သူတို့၏ဆရာဖြစ်သူ လီဟွာယွမ်နှင့် ဆရာကတော်တို့ထံမှလည်း မျက်နှာသာပေးခြင်းကို ခံရသူ ဖြစ်သည်။
ထိုသို့ တွေးမိနေရင်းဖြင့် ဟန်လိသည် သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောပြလေသည်။
“စီနီယာအစ်မကျုံးလည်း သိမှာပါ။ ကျင့်ကြံသူအများအပြားဟာ မိစ္ဆာနက်ကျောင်းတော်ရဲ့ မတရားဖမ်းဆီးခံရ၊ ပြန်ပေးဆွဲခံရတာကိုလေ။ အဲ့လိုဖမ်းဆီးခံရတဲ့သူတွေကို သူတို့က ကျင့်ကြံခြင်းအတွက် သွေးစတေးခံအဖြစ် အသုံးပြုကြတာ။ ခုလိုမျိုး မကောင်းဆိုးဝါးဆန်တဲ့ ကျင့်ကြံသူအုပ်စုကို ပေါ်တင်မြင်ရခဲတယ်လေ။ သူတို့က သတ္တိတွေ ကောင်းနေကြတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာကြာလာတော့ သူတို့မှာလည်း အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေကိုပါ ပိုင်ဆိုင်လာခဲ့တယ်။ သူတို့အကုန်လုံးက အစွန်းရောက်အောင် ရက်စက်ကြမ်းကြုတ်လှတဲ့သူတွေပဲ…”
“သွေးစတေးခြင်းလား။ ဒီမကောင်းဆိုးဝါး ကျင့်ကြံမှုဟာ တခြားကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရကို စုပ်ယူပြီးမှ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို တိုးတက်စေနိုင်တာမလား…”
ဝူရွှမ်သည် ဟန်လိ၏ စကားကို ကြားသည့်အခါ မျက်နှာတင်းမာသွားသည်။ သူ မေးလိုက်သော အသံပင် တုန်နေလေသည်။
စုန့်မင်နှင့် တခြားသူများကလည်း အလားတူ ဖြစ်ကုန်ကြသည်။
“ဂျူနီယာညီလေးရှစ်…မင်း မှား ပြောတာတော့ မဟုတ်ပါဘူးနော်။ ဒါက သွေးဆာတဲ့ ကျင့်ကြံခြင်းပညာရပ်ဆိုတာ အမှန်ပဲလား…”
လျှိုကျင်းက အလေးအနက် မေးလာ၏။ သူ့မျက်လုံးမှာလည်း အရောင်တလက်လက် တောက်နေသည်။
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲ၌ တုန်လှုပ်သွားမိသည်။
သူသည် လီဟွာယွမ်၏ တပည့်များကြားမှာ အစ်ကိုသုံးသည် ကျင့်ကြံမှုအမြင့်ဆုံး မဟုတ်သော်လည်း ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ဂျူနီယာမျိုးဆက်များကြား မိစ္ဆာများအပေါ် အမုန်းတီးဆုံး သူ့လက်ချက်ကြောင့် မိစ္ဆာလမ်းစဉ် လိုက်သော ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည့်အတွက်ကြောင့် နာမည်ကျော်မှန်း သိထားပြီး ဖြစ်သည်။ စုန့်မင်ကဲ့သို့ သိုင်းရူးသည်ပင် အစ်ကိုသုံးလျှိုကျင်းကို လေးစားခြင်းမှာ သည့်အတွက်ကြောင့် ဖြစ်သည်။ “ကျနော် ပြောတာ အမှန်ပါပဲ။ သူတို့က နှစ်ပေါင်းများစွာ အဲ့လို ကျင့်ကြံခဲ့ကြတာပါ…”
ဟန်လိက မိစ္ဆာနက်ကျောင်းတော်နှင့် ပတ်သတ်ပြီး ဘာကိုမှ မဖုံးကွယ်ထားခဲ့ပေ။ သူက သေချာသည်ဟု ခေါင်းညိတ်ပြသည်။
“ဂျူနီယာညီလေးဟန်…ဖြစ်ခဲ့သမျှ အကုန်လုံး ကျုပ်တို့ကို ပြောပါ…”
စီနီယာအစ်ကိုလျှိုသည် ဟန်လိကို လေးလေးနက်နက် ပြောလေ၏။
“အဖြစ်သနစ်တွေကတော့ အဲ့လိုပါပဲ…”
ဟန်လိသည် မင်းသားရှင်းနေအိမ်တော်၌ ဖြစ်ပျက်ခဲ့သည်မှစ၍ သူ ကြုံခဲ့ရသည့် အခြင်းအရာများကို ဖြည်းဖြည်းချင်း ဇာတ်ကြောင်း ပြန်ပြောပြသည်။ သူနှင့်သာ ပတ်သတ်သော လျှို့ဝှက်ချက် အသေးစိတ်များကိုတော့ ချပ်လှန်ထားခဲ့၏။
သို့ပေမည့် ဟန်လိသည် စီနီယာအစ်ကိုများမှာ လှည့်ဖြားရန် သိပ်မလွယ်ဟု မထင်ထားမိခဲ့ပေ။ သူတို့က အကြိမ်ကြိမ် သူ့စကားများကို ဖြတ်ဖြတ်မေးသည်။ သိပ်မရှင်းသော အသေးစိတ်တချို့နှင့် ပတ်သတ်ပြီး မေးမြန်းကြသည်။ အနည်းငယ်လောက်မှား ဖြစ်ရုံနှင့် ဟန်လိသည် အရာအားလုံးကို ဖော်မိသား ဖြစ်ပေလိမ့်မည်။ သူတို့၏ မေးခွန်းများမှာ သူ့နောက်ကျောကနေ ချွေးများအကြိမ်ကြိမ် စီးကျစေခဲ့သည်။
ဤသည်မှာ ဟန်လိသည် ပထမဆုံးအကြိမ်အဖြစ် မုသားဆိုရာတွင် အမှန်တကယ် ခက်ခဲလှသည်ဟု ခံစားမိတာ ဖြစ်သည်။
သူသည် လျှိုကျင်း၏ မေးခွန်းများအားလုံးကို ဖြေပြီးသည့်နောက်မှာ တခြားသုံးယောက်၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
မိစ္ဆာနက်ကျောင်းတော်၌ အခြေခံတည်ဆောက်ခြင်းသွေးကျွန်လေးယောက် အမှန်တကယ် ပိုင်ဆိုင်ထားနေ၏။ သူတို့၏ ဆန်းကြယ်လေးနက်သော ကျင့်ကြံမှု ရှိသည့် ကျောင်းတော်သခင်ကို ထည့်မတွက်ရသေး။
ထို့အပြင် ပြဿနာ အဖြစ်စေဆုံးမှာ သူတို့၏ အသိုက်က ယွဲ့ကျင်း၏ တားမြစ်မြို့တော်တွင် အမှန်တကယ် ရှိနေတာ ဖြစ်သည်။ “စီနီယာအစ်ကိုလျှို၊ ကျုပ်တို့ ဆရာရှိက ညွှန်ကြားချက် တောင်းခံသင့်လား။ ဂိုဏ်းကနေ လူထပ်လွှတ်ခိုင်းသင့်လား။ ကျုပ်တို့နဲ့ပဲဆို မိစ္ဆာနက်ကျောင်းတော်သခင်ကို ဖမ်းနိုင်ဖို့ အတော်လေး ခက်ခဲသွားမှာကို စိုးမိတယ်…”
ဝူရွှမ်သည် ချီတုံချတုံဟန်ဖြင့် ပြောသည်။
“ဘာလဲ…။ ညီခြောက်က သွေးကြောင်နေတာလား…”
လျှိုကျင်းက ဝူရွှမ်၏ စကားများကို ကြားသည့်အခါ မျက်ခုံးပင့်ကာ စိတ်ပျက်ဟန်ဖြင့် ထိုသို့ ပြောလာသည်။
“မဟုတ်ရပါဘူး။ ကျနော်က အခုလို လှုပ်ရှားတာဟာ သိပ်မသင့်တော်လှဘူး ခံစားမိလို့ပါ။ ဂျူနီယာညီလေးဟန်ရဲ့ ပြောစကားအရဆို သူတို့ဟာ အချိန်တစ်ခုကြာတဲ့အထိ ထွက်ပြေးနိုင်မှာ မဟုတ်လောက်ဘူး။ ဆရာရဲ့ အမြင်ကို တောင်းခံထားက ပိုပြီး သင့်တော်မလားလို့ပါ…”
ဝူရွှမ်သည် ချီတုံချတုံဖြင့် ပြန်ပြောသည်။ သူသည် သူ သတ္တိကြောင်မိတာကို ဝန်မခံချင်တာ သဘာဝပင်။
“အို…ကောင်းတာပေါ့။ ဒီတတိယအစ်ကိုကြီးက သံသယ ဝင်သွားလို့ပါ။ ဒါပေမဲ့ ဂျူနီယာညီဝူက ခုလိုမျိုး စိုးရိမ်ပူပန်တဲ့ မေးခွန်းမျိုး မေးဖို့ မလိုပါဘူး။ ကျုပ်တို့ ရောက်လာတဲ့အချိန်မှာ ဆရာဟာ ကျုပ်တို့ကို အခါခါ သတိပေးခဲ့ပြီးပြီ။ ကျုပ်တို့မှာ ဘာအခက်အခဲပဲ ကြုံကြုံ ဂိုဏ်းကိစ္စတွေအတွက် အနီးအနားက တောင်ကျီးကန်းမြို့ကို ရောက်နေတဲ့ သိုင်းစီနီယာဟိုင်မင်းရဲ့ တပည့်တွေရှိကနေ အကူအညီတောင်းလို့ ရတယ်တဲ့။ ဆရာနဲ့ စီနီယာဟိုင်မင်တို့ကြား ရင်းနှီးတဲ့အတွက် သူတို့က ကျုပ်တို့ကို ကျိန်းသေပေါက် ကူညီပေးမှာပါ…”
“ဟက်…ကျုပ်တို့က အင်ပါယာနန်းတော်ဟာ မိစ္ဆာကောင်တွေ ခိုနားရာ နေရာမှန်း သိထားပြီး ဖြစ်မှတော့ လျှိုဆိုတဲ့ ကျုပ်က မသိချင်ယောင်ဆောင်ပြီး ဘယ်လိုလုပ်နေပါ့မလဲ။ ငါ့နောက်ကို လိုက်ဖို့ တွေဝေမနေကြနဲ့။ အင်ပါယာနန်းတော်ထဲ ကျုပ်တို့ ဝင်သောင်းကြမ်းရင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သလို ဖြစ်နေရင်တောင် ကျုပ်ဆိုတဲ့ လျှိုကျင်းဟာ အဲ့အတွက် တာဝန်ခံမယ်…”
လျှိုကျင်းသည် အေးစက်ပြတ်သားစွာ ပြောလာသည်။
အစ်ကိုသုံးကို ရွှန်းလဲ့သော မျက်ဝန်းဖြင့် ကြည့်နေသော ညီမခုနစ်စီနီယာကျုံးဝေနင်ကလွဲ၍ ကျန်သည့်သူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်မိကုန်သည်။ သူမမှာ အစ်ကိုသုံးကို သဘောကျနေတာ သိသာသည်။
“ကောင်းပြီ။ အစ်ကိုသုံးက အဲ့လို ပြောမှတော့ ဂျူနီယာညီလေးက အစ်ကိုဘေးကနေ အတူတူ တိုက်ခိုက်ပါ့မယ်…” စီနီယာအစ်ကိုလျှို၏ စကားများကြောင့် စုန့်မင်သည် စိတ်လှုပ်တရှားဖြစ်ကာ ရဲဝံ့သောဟန်ပန်ဖြင့် ထိုသို့ ပြောလေသည်။
“ကျမလည်း စီနီယာအစ်ကို့ကို တစ်ယောက်တည်း မသွားခိုင်းပါဘူး။ ကျမလည်း အစ်ကိုနဲ့အတူ အင်ပါယာမြို့တော်ဆီ လိုက်ပါ့မယ်…”
ကျုံးဝေနင်သည် အခါခါအထပ်ထပ် သဘောတူကြောင်း ပြောလေ၏။
လျှိုကျင်းသည် ထိုနှစ်ယောက်၏ ပြောစကားကို ကြားသည့်အခါတွင် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာကာ ကျေးဇူးတင်ကြောင်း ပြသည်။ ထို့နောက်တွင်မူ သူသည် ဟန်လိနှင့်ဝူရွှမ်တို့ကို လှမ်းကြည့်ကာ မေးသည်။
“ဂျူနီယာညီနှစ်ယောက်ကကော ဘယ်လိုများ စိတ်ကူးထားကြလဲ။ စီနီယာအစ်ကိုဖြစ်သူ၊ ကျုပ်ရဲ့ နည်းလမ်းတွေက မသင့်တော်ဘူးထင်ရင် ဒီတိုက်ပွဲမှာ မပါဝင်ချင်ရင် ကျုပ်က မင်းတို့ကို အတင်းအကြပ် ဖိအားပေးမှာ မဟုတ်ဘူး…”
သူက ထိုသို့ ပြောလာသည့်အခါ ဟန်လိလည်း ချီတုံချတုံ ဖြစ်နေသည်။ ဆိုးကျိုးကောင်းကျိုးကို ချိန်ဆနေ၏။ တဖက်တွင်မူ ဝူရွှမ်က အံတင်းတင်းကြိတ်ထားသည်။ သူ့မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေပြီးနောက် သူက ပြောလာသည်။
“ဆရာကိုယ်တိုင်က သူ့ပါးစပ်ကနေ အဲ့လို လုပ်ခွင့် ပေးတယ်လို့ မပြောခဲ့ဘူးဆိုရင် ကျနော်ကတော့ အဲ့ဒီ စည်းကမ်းတားမြစ်ချက်ကို ဖောက်ဖျက်မှာ မဟုတ်ဘူး။ စီနီယာအစ်ကိုက အင်ပါယာနန်းတော်ထဲ ကိုယ်တိုင်ကိုယ်ကျ တကယ်ပဲ သွားချင်တယ်ဆိုရင်လည်း ကျနော်ကတော့ ပါမှာ မဟုတ်ဘူး။ ဆရာ့ရှိက ညွှန်းကြားချက်ကိုပဲ ကျနော်က အရင်တောင်းခံမယ်…”
သူ၏အကြောင်းပြချက်များသည် လက်သင့်ခံနိုင်စရာပင်။
“နင်…” ထိုစကားများကို ကြားသည့်အခါ ကျုံးဝေနင်သည် ဒေါသတကြီး ထရပ်သည်။ သူမက တခုခု ပြောချင်နေသည်။ သို့သော် လျှိုကျင်းက သူမကို တားလိုက်၏။
“ဂျူနီယာညီခြောက်ရဲ့ စကားတွေက အကျိုးအကြောင်းသင့်ပါတယ်။ ကျုပ်နဲ့အတူတူ တားမြစ်မြို့ထဲ သွားတာဟာ နည်းနည်း မိုက်မဲရာကျပြီး ဆုလဒ်မရနိုင်တဲ့ တာဝန်ပဲ။ ဒါ့အပြင် ကျုပ်တို့ကို အပြစ်တင်ခံရတာပါ ဖြစ်နိုင်သေးတယ်…”
အစ်ကိုသုံးက ထိုသို့ တည်ငြိမ်စွာ ပြောလေ၏။
“မောင်လေးဟန်ကကော ဘယ်လိုထင်လဲ။ သတ္တိကြောင်တဲ့သူလား။ နင်က အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်၊ ဒါ့ကြောင့် သွေးမကြောင်မှာတော့ သေချာလောက်မှာပါ…”
သူမချစ်ရသူကို အကူအညီဖြစ်စေဖို့အတွက် ကျုံးဝေနင်သည် ထိုသို့ ခပ်ပါးပါး ပြောလာခဲ့သည်။ ဟန်လိက သည်စကားကို ကြားသည့်အခါ မျက်လုံးလှန်ကြည့်သည်။
သူက ချက်ခြင်း မတုန့်ပြန်။ ထိုအစား သူသည် ခေါင်းငုံ့ကာ စဉ်းစားနေသည်။
ထိုစီနီယာအစ်ကိုလုသည် အတော်လေး မျှတ၏။ ဟန်လိကို အလောတကြီး မလုပ်ပေ။ ထိုအစား သူက တည်ငြိမ်စွာ ထိုင်နေပြီး ဟန်လိ၏ ဆုံးဖြတ်ချက်ကို စောင့်နေသည်။
“ကောင်းပါပြီ။ ကျနော်လည်း လိုက်မယ်။ ဒီကိစ္စကို စခဲ့တဲ့သူက ကျနော်ပဲ။ ဒါ့ကြောင့် ကျနော် မသွားရင် မသင့်တော်ဘူး။ ဒါ့အပြင် ကျနော်က အဲ့ဆန်းကြယ်လှတယ်ဆိုတဲ့ မိစ္ဆာနက်ကျောင်းတော်သခင်ရဲ့ ခွန်အားကို သိချင်ကြုံချင်သေးတယ်…”
အချိန်အတော်အတန်ကြာပြီးနောက်မှာ ဟန်လိသည် ခေါင်းမော့ကာ ရုတ်တရက် ပြုံး၍ ထိုသို့ ဆိုလာလေသည်။