တွေ့ဆုံခြင်း
Vol. 23 Ch. 314
ဟန်လိက ထိုသို့ ပြောလာသည့်အခါ ကျုံးဝေနင်သည် ပျော်ရွှင်သွားကာ ဟန်လိကို ချီးကျူးခန်း ဖွင့်လေ၏။ လျိုကျင်းသည်လည်း ကျေးဇူတင်ဟန် ဖြစ်ပေါ်သည်။
စုန့်မင်ကမူ ရှေ့သို့ လှမ်းလာပြီး ဟန်လိပုခုံးကို နှစ်ခါတိတိ ပုတ်လေသည်။ သူက အားပါးတရ ပြုံးကာ ပြောသည်။
“မင်းသာ မသွားချင်ဘူးဆို ကျုပ်က မင်းကို အထင်သေးမိမှာ သေချာတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ဂျူနီယာညီလေးက သတ္တိကောင်းတဲ့သူမှန်း ကျုပ် သိပြီးသားပါ…”
ထိုသို့ ပြောကာ စုန့်မင်သည် ဝူရွှမ်ကို အေးတိအေးစက် တချက် လှမ်းကြည့်သည်။ ဝူရွှမ်သည် သူ၏ ရောင်းရင်းညီအစ်ကိုများနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိပုံ ရသည်။
ထိုသည်ကို မြင်သည့်အခါ ဝူရွှမ်က နှာခေါင်းရှုံ့၍ ပြောသည်။
“ဒီလိုဆိုမှတော့ ကျုပ်လည်း အေးအေးဆေးဆေးဖြစ်တဲ့ တစ်နေရာ သွားရှာပြီး ခင်ဗျားတို့ရဲ့ ကြီးမြတ်တဲ့လုပ်ရပ်ကို မနှောက်ယှက်တော့ပါဘူး။ ဖြစ်ပျက်သမျှကို ကျုပ်က ဆရာ့ထံ တင်ပြလိုက်ပါ့မယ်။ သူက ခင်ဗျားတို့ကို အပြစ်မတင်ဖို့တော့ မျှော်လင့်ပါတယ်…”
ထိုသို့ပြောကာ ဝူရွှမ်သည် ဘာမထိဟန်ဖြင့် အခန်းထဲကနေ လှမ်းထွက်ပြီး သူ၏ ပျံသန်းခြင်းမှော်ပစ္စည်းကို အသုံးပြုကာ ချင်းအိမ်တော်ကနေ ထွက်ခွာသွားတော့သည်။
“အစ်ကိုခြောက်က သိပ်လွန်တယ်။ သူဟာ တိုက်ပွဲဆိုတာနဲ့ တကယ်ကြီး ပြေးတော့တာပဲ။ သူက ကျမရဲ့ စိနီယာအစ်ကိုဖြစ်နေတာ ကံမကောင်းတာပဲ…”
ကျုံးဝေနင်းသည် မကျေမနပ်ဖြင့် ပြောသည်။
“တောက်လောက်ပြီ။ လူတိုင်းမှာ သူ့စိတ်ကူးနဲ့သူပဲ။ ဒါ့ကြောင့် သူ့ကို တွန်းအား မပေးနဲ့။ ကျုပ်တို့ အရင်ဆုံး အစီအစဉ်ဆွဲပြီး တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားကြရအောင်။ ကျုပ်တို့ မြန်မြန် လှုပ်ရှားနိုင်လေ ဘေးပိုကင်းလေပဲ။ တကယ်တော့ မိစ္ဆာနက်ကျောင်းတော်သခင်က ကျုပ်တို့ထင်ထားတာထက် ပိုစောပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာနိုင်တယ်မလား…”
လျှိုကျင်းက အလေးအနက် ထပ်ပြောသည်။
“အစ်ကိုသုံးက အတွေ့အကြုံများတယ်။ ဒါ့ကြောင့် ခင်ဗျားပဲ အစီအစဉ်ဆွဲပါ။ ကျုပ်တို့က ခင်ဗျားပြောတဲ့အတိုင်း လုပ်ဆောင်မယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကျလာရင် အဲ့တိုက်ပွဲမှာ ကျုပ် ဝင်ပါရပြီဆိုရင်ပဲ ကျုပ်အတွက်က အဆင်ပြေတယ်…”
စုန့်မင်သည် စိတ်လှုပ်တရှားဖြင့် ထိုသို့ ပြောလာသည်။
“ဂျူနီယာညီလေးစုန့်…မင်း…”
လျှိုကျင်းသည် စုန့်မင်၏ အစီအစဉ်ကင်းမဲ့မှုကြောင့် ပြောစရာ စကားပါ မဲ့သွားရလေသည်။ သူသည် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။
ကျုံးဝေနင်၏ မျက်လုံးများကမူ အရောင်တောက်နေလျက် သူမက ချိုသာစွာ ပြုံးနေလေ၏။ ဟန်လိသည်လည်း မသိမသာ ပြုံးကာ ဘာစကားမှ ထမပြော။
“ညီမခုနစ်က သိုင်းစီနီယာဟွာမင်းရဲ့ တပည့်ဖြစ်တဲ့ ဂျူနီယာညီမချန်နဲ့ အတော်လေး ရင်းနှီးတယ်မလား။ ဒါ့ကြောင့် သူတို့ ရှိကိုက နင်သွားတာက ပိုကောင်းလိမ့်မယ်။ ခုချိန် သူမလည်း တောင်ကျီးကန်းမြို့မှာ ရှိနေတယ်။ ကျေးဇူးပြုပြီး သူတို့ရဲ့ အကူအညီကို သွားတောင်းခံပေးပါ…”
လျှိုကျင်းသည် ကျုံးဝေနင်ကို တည်ငြိမ်စွာဖြင့် ထိုသို့ ပြောလာသည်။
“ဂျူနီယာညီမချန်လည်း အဲ့မှာ ရှိနေတာလား။ ကျမတောင် သူ့ကို မမြင်ရတာ နည်းနည်းကြာပြီ။ ဒါပေမဲ့ ကျမတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းရင်းနှီးကြတယ်။ သူမရဲ့ အကူအညီတောင်းခံတာဟာ ဘာမှ ပြောနေစရာတောင် လိုမှာ မဟုတ်ပါဘူး…”
ကျုံးဝေနင်သည် ယုံကြည်မှုအပြည့်ဖြင့် တုန့်ပြန်သည်။
ဟန်လိသည် ဂျူနီယာညီမချန်ဟူသော အမည်ကို ကြားသည့်အခါ သူ့စိတ်ထဲ တုန်လှုပ်သွားသည်။ သူက စိတ်ရှုပ်ထွေးဟန်ဖြင့် တကိုယ်တည်း တွေးမိလိုက်၏။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်ပြန်လဲ။ တကယ်ပဲ သူမ ဖြစ်နေမှာလား…”
ဟန်လိက သံသယဝင်နေစဉ် သူသည် လျိုကျင်းက သူ့ကို တစ်ခုခု လှမ်းပြောတာ ကြားရသည်။
“ညီလေးဟန်…ကျုပ်တို့ကတော့ ချင်းနေအိမ်မှာ အချိန်တစ်ခုကြာအောင် နေရလိမ့်မယ်။ ဒါ့ကြောင့် ချင်းအိမ်တောက်က သူတွေနဲ့ ဆက်ဆံဖို့အတွက် ကျုပ်တို့က မင်းကို တောင်းဆိုတယ်။ ပြီးတော့ ကျုပ်တို့အတွက် တိတ်ဆိတ်တဲ့ အိမ်တော်တစ်ခုပါ ချင်းအိမ်တော်ကို စီစဉ်ခိုင်းလိုက်။ ဒါမှ အေးအေးဆေးဆေး ကျင့်ကြံလို့ရမှ…”
အစ်ကိုသုံးက တည်ငြိမ်စွာ ပြောသည်။ ဟန်လိမှာ သဘောမတူစရာ မရှိပေ။
“ဒီတော့ ကျနော်ကကော ဘာလုပ်ရမှာလဲ…” စုန့်မင်သည် စိတ်မရှည်တော့ဘဲ မေးလာသည်။
“မင်းကတော့ ဒီမှာပဲနေ၊ မိစ္ဆာနက်ကျောင်းတော်က ရုတ်တရက် အလစ်တိုက်ခိုက်လာမှာကို စောင့်ကြည့်ပေးရမယ်။ ကျုပ်ကတော့ အချိန်နဲ့အမျှ လမ်းပေါ်သွားမယ်၊ မိစ္ဆာနက်ကျောင်းတော်ရဲ့ လှုပ်ရှားမှုတိုင်းကို ရှာဖွေမယ်။ ညီလေးဟန်က မျက်နှာပြပြီး ဖြစ်တဲ့အတွက် သူတို့ကို အများမြင်ကွင်းမှာ ရှာဖို့ဟာ ကျုပ်တို့အတွက် ပိုတော့ ခက်ခဲစေလိမ့်မယ်…”
လျိုကျင်းက မထူးခြားနားဟန်ဖြင့် ပြန်ဖြေသည်။
“ကျနော် နားလည်ပါပြီ…” စုန့်မင်မှာ စိတ်သိပ်မပါဘဲ သဘောတူရလေ၏။
လာမည့်နေ့များသည် အတော်လေးကို အေးအေးချမ်းချမ်း ရှိသည်။
နန်းဝူမြို့(ဝါ) တောင်ကျီးကန်းမြို့သို့ အင်အားအကူ သွားတောင်းသော ကျုံးဝေနင်ကလွဲ၍ တခြားသူများသည် ချင်းနေအိမ်တော်တွင်သာ နေနေပြီး ကျင့်ကြံကြသည်။ အစ်ကိုသုံးလျိုကျင်းကတော့ သူ့ပြီးခဲ့သော စကားများအတိုင်း အပြင်သို့ ခဏခဏ သွားတတ်သည်။ သို့သော် သူသည် အသုံးဝင်သောသတင်းများ ရမလဲခဲ့ပေ။ ကြည့်ရတာ မိစ္ဆာနက်ကျောင်းတော်၏ တပည့်များသည် သူတို့ကိုယ်သူတို့ ကိုယ်ယောင်ဖျောက်ကာ ပုန်းနေကြပုံ ရသည်။
ဝူရွှမ်းသည်လည်း ယွဲ့ကျင်းမြို့၏ တည်းခိုခန်းတစ်ခုမှာ ရှိနေသည်။ လီဟွာယွမ်ထံ သူ ရေးပေးခဲ့သော စာ၌ မည်သည့်အခြင်းအရာများပါလဲကိုတော့ မည်သူကမျှ မသိပါ။ သူက ထိုစာကို ပို့ပေးပြီးသည်နှင့် ချင်းနေအိမ်ထံ မပြန်တော့ဘဲ မြို့ထဲမှာ အေးဆေးသာယာစွာ လည်ပတ်နေလေသည်။ နန်းဝူမြို့မှာ ယွဲ့ကျင်းနှင့် သိပ်မဝေးလှ။ သုံးရက်မပြည့်ခင်မှာပင် ကျုံးဝေနင်က အမျိုးသားသုံးယောက်၊ အမျိုးသမီးနှစ်ယောက်တို့နှင့်အတူ ပြန်ရောက်လာသည်။
သူတို့ထဲ၌ ဟန်လိသည် အေးစက်ကျော့ရှင်းလှသော ဂျူနီယာညီမချန် (ဝါ) ချန်ချောင်ချန် တစ်ယောက်ကိုသာ သိသည်။ သူမကို တွေ့ရသည့်အတွက် သူ့စိတ်ထဲ တမျိုး ဖြစ်ရပြန်သည်။
ချန်ချောင်ချန်သည် ဟန်လိကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်သည်။ သို့သော် သူမက ဘာမှတော့ မပြောလာပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖူးခဲ့ကြသော်လည်း သူမအနေဖြင့် ဟန်လိကို သူစိမ်းတစ်ယောက်ဟု သတ်မှတ်နိုင်စွမ်း မရှိချေ။
တခြားအမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်တို့မှာ ချန်ချောင်ချန်၏ ရောင်းရင်းအသိများ ဖြစ်ကြသည်။ သူတို့ထဲမှ နှစ်ယောက်က အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်၊ ကျန်နှစ်ယောက်ကတော့ အစောပိုင်းအဆင့်တွင် ရှိကြသည်။ သူတို့က လျိုကျင်းကို မြင်သည့်အခါ ဖော်ရွှေစွာ ပြုမူကြသည်။ ကြည့်ရတာ သူတို့သည် သူ့ကို အသိအမှတ်ပြုကြပုံ ရသည်။
ကျုံးဝေနင်က ဟန်လိနှင့် လူတိုင်းကို မိတ်ဆက်ပေးသည်။ သို့သော် ဟန်လိဟူသော အမည်ကို ကြားသည့်အခါတွင်မူ ချန်ချောင်ချန်ကလွဲ၍ အသစ်ရောက်လာသူများ၏ ဟန်အမူအရာ၌ အံ့ဩတကြီးဖြစ်ဟန်တို့ အထင်းသား ပေါ်လာသည်။
“နင်က ဂျူနီယာညီလေးဟန်လား။ နင်က တော်တော်ငယ်သေးတာကို။ ကျမတို့က မောင်လေးဟန်ရဲ့ ဂုဏ်သတင်းကို ကြားဖူးပြီးသားပါ။ ရှေ့တန်းမှာ တစ်ယောက်တည်းနဲ့ မိစ္ဆာတာအိုဘက်က အခြေခံတည်ဆောက်ခြင်းအဆင့် ဆယ်ယောက်ကျော်ကို သတ်နိုင်စွမ်း ရှိခဲ့တဲ့သူပဲ။ တကယ့်ကို အံ့ချီးဖွယ်ပဲကွ…”
ချန်ချောင်ချန်၏ စီနီယာအစ်မ ဖြစ်သူက ချိုသာစွာ ပြုံး၍ ပြောသည်။
ထိုအလှလေးသည် ဟန်လိကို တော်တော်လေး လေးစားနေပုံ ပေါ်သည်။ သူမနှုတ်ဖျားမှ အနှီစကားများ ထွက်ပေါ်လာချိန်တွင် လျိုကျင်းနှင့် ကျုံးဝေနင်တို့သည် အကြီးအကျယ် အံ့အားသင့်ကုန်သည်။ တုန်လှုပ်ကုန်သည်။
သူတို့နှစ်ယောက်သည် ဂိုဏ်းခုနစ်ဂိုဏ်းနှင့် မိစ္ဆာတာအိုတို့ကြား ဒုတိယကြိမ်မြောက် အကြီးအကျယ်တိုက်ပွဲ၌ မပါဝင်ခဲ့ကြပေ။ သို့ဖြစ်၍ သူတို့သည် ဟန်လိ၏ စွမ်းဆောင်မှုများကို မသိနေတာ သဘာဝပင်။ အခု သူတို့က သူများ ပြော၍ ကြားရသည့်အခါ အကြီးအကျယ် အံ့အားသင့်တုန်လှုပ်ကုန်တာ ဖြစ်၏။
အစ်ကိုသုံးမှာလည်း ကျင့်ကြံသူများစွာကို သတ်ဖူးခဲ့သူ ဖြစ်၏။ သို့သော် သူက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်လောက်ကိုသာ သတ်နိုင်ခဲ့ဖူးသည်။ ထိုကဲ့သို့ သတ်နိုင်ခဲ့သည့် အကြိမ်တိုင်းတွင်လည်း ခက်ခက်ခဲခဲနှင့် အနိုင်ရရန် ဆင်နွှဲခဲ့ရတာ ဖြစ်သည်။
သို့သော် ဟန်လိကမူ အခြေခံတည်ဆောက်ခြင်းဆယ်ယောက်ကျော်ကို သတ်နိုင်ခဲ့သည်ဟူသော မထင်မှတ်ဖွဲ စွမ်းဆောင်မှုကို လုပ်နိုင်ခဲ့ပေသည်။ သည့်အတွက်ကြောင့် သူတို့မှာ အလန့်တကြား ဖြစ်ကုန်တာပင်။ သူတို့သည် သူတို့၏ ဂျူနီယာညီလေးဟန်ကို ထပ်မံ၍ လှမ်းမကြည့်မိ၊ ပိုမလေးစားမိဘဲ မနေနိုင် ဖြစ်သွားရလေ၏။
“အစ်ကို(လေး) ကျမတို့က အဲ့အကြောင်း မသိရပါလား။ ရှင်က ကျမတို့ကို ဘာကြောင့် အစတည်းက သေချာ မရှင်းပြခဲ့ရတာလဲ…”
တုန်လှုပ်မိသွားရာကနေ ပြန်ကောင်းမွန်လာသည်နှင့် ကျုံးဝေနင်က ရုတ်တရက် တစုံတစ်ခုကို တွေးမိကာ ဘေးတွင် ရယ်ချင်စိတ်ကို ဖုံးကွယ်၍ ရပ်နေသော စုန့်မင်ကို လှမ်းအပြစ်တင်တော့သည်။
“ဂျူနီယာညီမလေး…နင်ကကော ငါ့ကို ဘယ်တုန်းက မေးဖူးလို့လဲ။ နင်က ဂျူနီယာညီလေးဟန်ရဲ့ ကျင့်ကြံမှုကိုပဲ မေးခဲ့တာလေ။ ဒါ့ကြောင့် အဲ့ကိစ္စကို ညီမ သိပြီးသားလို့ ငါ ထင်နေခဲ့တာ…”
စုန့်မင်သည် ဂုဏ်ယူစွာဖြင့် ပြန်ပက်သည်။
သူသည် သည်နှစ်ယောက်က ဟန်လိ၏ အောင်မြင်မှုကို သိသွားသည့်အခါ ဖြစ်ပေါ်မည့် ဟန်အမူအရာကို မြင်ချင်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်သည်။ အခုတော့ သူ မျှော်လင့်ထားသကဲ့သို့ပင်။
ကျုံးဝေနင်က သူ့စကားထဲ၌ ထေ့လှောင်မှုသဘော နည်းနည်း ပါနေတာကို မသိဘဲ ဘယ်နေပါ့မည်နည်း။ သူမက စုန့်မင်ကို ရန်လိုဟန် လှမ်းကြည့်သည်။ သူမက သည်ကိစ္စကို အလျော့မပေးချင်သေးသော်လည်း လျှိုကျင်းက လှမ်းလာပြီး အားပါးတရ ပြုံး၍ ပြောသည်။
“ကောင်းတယ်။ ညီလေးဟန်က ခုလောက်ထိ ထူးခြားနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒီလိုဆိုမှတော့ မိစ္ဆာနက်ကျောင်းတော်ကို ကိုယ်တိုင်နိုင်ဖို့ဟာ ကျုပ်တို့အတွက် ပိုသေချာ သွားစေပြီပေါ့…”
သူက ထိုစကားများကို ပြောသည့်အချိန်တွင် သူ့မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်ဟန် ပေါက်နေသည်။ သို့သော် ဟန်လိကမူ နောက်ကျော၌ စိမ့်ခနဲ ခံစားသွားရသည်။ ထိုအစ်ကိုသုံးက သူ့ကို မိစ္ဆာနက်ကျောင်းတော်သခင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်စေချင်တာများလား။
ဟန်လိက ထိုသို့ ယုတ္တိမတန်သော အတွေးကို တွေးမိ၍ သူ့ကိုယ်သူ လှောင်ပြောင်မိပြန်သည်။ သူက သူ့စိတ်ကိုယ်သူ ပြန်တည်ငြိမ်စေသည်။
ထို့နောက်တွင်မူ ဟန်လိနှင့် သူ့စီနီယာအစ်ကိုများက ဂျူနီယာညီမချန်နှင့် သူ့အဖော်များနှင့်အတူ ညစာစားကြလေသည်။ သူတို့၏ ကျင့်ကြံမှုဖြင့် အချိန်အတော်ကြာသည့်အထိ အစားအသောက်များ မစားရဘဲ နေနိုင်ကြသော်လည်း ခုချိန်၌ သူတို့သည် သေမျိုးလောကမှာ ရောက်နေကြတာ မဟုတ်လား။ သူတို့၏ ခုလက်ရှိ အခြေအနေအတိုင်း သာယာစွာနေပြီး အစားကောင်းစားချင်စိတ်အပေါ် ကျေနပ်စေခြင်းမှာ သဘာဝပင်။
သူတို့က စားပြီးသောက်ပြီးသည့်နောက်မှာ ဟန်လိသည် ချင်းအိမ်တော်အစေခံများကို ရှင်းလင်းခိုင်းသည်။ ထို့နောက်တွင် သူတို့အုပ်စုသည် မိစ္ဆာနက်ကျောင်းတော်နှင့် မည်သို့မည်ပုံ ရင်ဆိုင်ကြမလဲ၊ အင်ပါယာမြို့တော်ထံ မည်သို့ ဝင်ရောက်ကြမလဲဟု ဆွေးနွေးကြ၏။
လျိုကျင်းသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ စည်းမျဉ်းကို ဖောက်ဖျက်မည့်အတွက် သူသာ တာဝန်အပြည့်အဝ ယူမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဂျူနီယာညီမချန်နှင့် သူ့အဖော်များက စိတ်အေးသွားကြသည်။
ဟန်လိ၏ အပြောအရ မိစ္ဆာနက်ကျောင်းတော်၏ မဟာသွေးကျွန်လေးယောက်ကလွဲ၍ ယဇ်ဆရာများသည် ခုလက်ရှိ အင်ပါယာနန်းတော်၌ အနည်းငယ်သာ ရှိကြပြီး ထိုသူတို့မှာ ယွဲ့ဒေသအနှံ့ ကျောင်း၏ ကိစ္စဝစ္စများအတွက် ရောက်နေသည်ဟု ဆိုသည်။
သို့ဖြစ်၍ လျိုကျင်းသည် သူတို့၏ ခုလက်ရှိ လူအင်အားနှင့် မိစ္ဆာနက်ကျောင်းတော်ကို ကိုင်တွယ်နိုင်ဖို့မှာ လုံလောက်တာထက် ပိုနေပြီဟု ယုံကြည်ထားသည်။
တခြားသူများကလည်း သည်အကြောင်းကို ကြားသည့်အခါ အကျိုးအကြောင်းသင့်သည်ဟု ခံစားမိသည်။ သူတို့က ခရီးမှ လာခဲသည်ဖြစ်၍ နောက်နေ့တစ်နေကုန် ကျင့်ကြံကာ အားမွေးထားကြမည်။ မနက်ဖြန်ညပိုင်းအချိန်အခါ ရောက်မှ သေမျိုးများ အိပ်နေချိန်ကို အခွင့်ကောင်းယူကာ အင်ပါယာနန်းတော်တွင်းရှိ မကောင်းဆိုးဝါးများကို ဖယ်ရှားကြမည်။
ခုချိန်၌ ဟန်လိသည် ပြုံး၍ လူတိုင်းနှင့် စိတ်လှုပ်တရှား စကားပြောနေသည်။ သို့သော် သူ့စိတ်ထဲကမူ နှာခေါင်းရှုံ့မိနေ၏။ သည်လူများမျာ မိစ္ဆာနက်ကျောင်းတော်ကို အားနည်းလိမ့်မည်၊ အနိုင်ကျင့်၍ လွယ်လိမ့်မည်ဟု တကယ်ကြီး ထင်နေကြသည် မဟုတ်လား။ သိ့အတွက် အဆုံးသပ်တွင် မည်သို့ ဖြစ်လာနိုင်မည်နည်း။
တကယ်တမ်း နင်လားငါလား တိုက်ပွဲကြီးကြီးမားမား တိုက်ခိုက်ပြီးလျှင် သည်လူအုပ်ထဲမှ လူမည်မျှ အသက်ရှင်လျက် ကျန်မည်ဆိုတာကို ပြောဖို့ ခက်လှပါသည်။
မင်းသားငယ်ထံမှ သူ သိခဲ့ရသော လျှို့ဝှက်ချက်များ၌ သူ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်မည့် အခွင့်အရေးအတွက် အသုံးဝင်သည့် အရာတစ်ခုကြောင့်သာ မဟုတ်ပါက သူသည် အင်ပါယာနန်းတော်သို့ ဝင်ရောက်မည့် အခုကဲ့သို့ အန္တရာယ်များလှသော အလုပ်ကို လုပ်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူသည် သွေးစတေးခြင်းပညာရပ်ကို ကျင့်ကြံကြသော ထိုမကောင်းဆိုးဝါး ဆိုသူများနှင့် ဘာရန်ငြှိုးမှ မရှိလေပေ။ ခံခဲ့ရသူများ၏ ဂိုဏ်းများနှင့် မိတ်ဆွေများထံ ထိုသတင်းအချက်အလက်များ သိစေပြီး သူတို့ကိုသာ လက်စားချေခိုင်းကာ သည်ကိစ္စကို ဖြေရှင်းခိုင်းမည် ဖြစ်သည်။
မကောင်းဆိုးဝါးများကို ရှင်းထုတ်ရမည်၊ အပြစ်ပေးရမည်၊ တရားမျှတမှုကို ဆုပ်ကိုင်ထားရမည့် စည်းမျဉ်းများနှင့် ပတ်သတ်၍မူ ဟန်လိသည် လူတစ်ယောက်၏ စွမ်းဆောင်ရည်က လုံလောက်မှ လုပ်ဆောင်ရန်သင့်သည်ဟု အမြဲတမ်း ယုံကြည်ထားသူ ဖြစ်သည်။
အန္တရာယ်လည်းမရှိ၊ စွမ်းအားလည်း သိပ်စိုက်ထုတ်စရာ မလိုလျှင်တော့ သူသည် ပျော်ပျော်ကြီး လှုပ်ရှားလုပ်ဆောင်ပေးမည်သာ။ သို့သော် ရန်သူက အားကောင်းလွန်းပြီး သူနှင့်လည်း ဘာမှ ပတ်သတ်မှု မရှိခဲ့ပါက သူ့အသက်ကို ရင်းပြီး တခြားသူများ၏ အရေးအရာထဲ ဝင်ပါခြင်းမှာ အဓိပ္ပာယ်မရှိလေပေ။
အစ်ကိုခြောက်၏ လုပ်ရပ်များမှာ တခြားသူများအတွက် စိတ်ကသိကအောက် ဖြစ်သော်ငြားလည်း လက်သင့်မခံနိုင်စရာ မရှိပေ။ သူ့နည်းလမ်းများကိုထား၊ သူ၏ဆုံးဖြတ်ချက်ကမူ အမှန်တကယ် ဉာဏ်ရှိသည်။ မဟုတ်ပါက လူတစ်ယောက်သည် သွေးဆူဆူနှင့် ပြုမူလျှင် ဆိုးဝါးသောအန္တရာယ်များကို ရင်ဆိုင်ရတတ်သည်။
သည်တစ်ကြိမ်၌ ဟန်လိသည် မိစ္ဆာနက်ကျောင်းတော်၏ အသိုက်ထဲ သူတို့နှင့်အတူ ဝင်ရောက်ရန် သဘောတူခြင်းမှာ သူ၏ ကိုယ့်ကိုယ်ကိုသိရမည်ဟူသော ကိုယ်ပိုင်စည်းမျဉ်းကို ဖောက်ဖျက်သလို ဖြစ်နေပေသည်။ သို့သော် ဟန်လိက ထိုအန္တရာယ်မှာ ရဲဝံ့ဖို့အတွက် ထိုက်တန်သည်ဟု ခံစားမိသည်။
သူ၏ စိတ်ဝိညာဉ်ရင်းမြစ်များသည် အမှန်တကယ် နိမ့်ပါးလှသည့်အတွက်ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည့် သူ၏အခွင့်အရေး တိုးတက်စေလျှင် သူ တတ်နိုင်တာ လုပ်ရမည်သာ။ ထို့အပြင် သူသည် ဘေးကင်းကင်း ပြန်လာနိုင်မည်ဟုလည်း ယုံကြည်မှု ရှိထားသည်။
သူ့အသက်ကိုယ်သူ အာမခံနိုင်မည့် အထူးဝှက်ဖဲတစ်ခုကို သူ ပြင်ဆင်မည် ဖြစ်သောကြောင့်ပင်။ မဟုတ်ပါက ဟန်လိ၏ သတိကြီးမှုဖြင့် သူက ဒီလောက်အန္တရာယ်များသောအရာကို မည်သို့ သဘောတူခဲ့ပါ့မည်နည်း။