ကြိုပြင်ဆင်ထားခြင်း
Vol. 23 Ch. 315
ညအချိန် ရောက်လာသည့်အခါတွင် ဟန်လိသည် မည်သူမျှ သတိမပြုမိစေဘဲ သူ့အခန်းထဲကနေ ထွက်လာပြီး ပျံသန်းခြင်းမှော်ပစ္စည်းကို သုံးကာ အင်ပါယာမြို့တော်ထံ ဦးတည် ပျံသန်းလာသည်။
နတ်လေလှေပေါ်တွင် ရပ်ကာ ဟန်လိသည် အထက်ကနေ အောက်ဘက် အမှောင်ထုရှိ အင်ပါယာမြို့ ဝင်ပေါက်ထံ ငုံ့ကြည့်သည်။ သူက ၎င်းပေါ်ကနေ ဖြတ်၍ ပျံသန်းသွားရင်း မသိမသာ ပြုံးသည်။
ဟန်လိ၏အမြင်တွင် ဂိုဏ်းခုနစ်ဂိုဏ်းမှ မည်သည့်တပည့်မဆို အင်ပါယာမြို့ကို အပေါ်ကနေ ဖြတ်သန်းသွားလာခွင့် မပြုဟူသော စည်းမျဉ်းမှာ အရေးပါမနေပေ။ သူသည် သူ့အတွက် အကျိုးရှိစေမည့် စည်းမျဉ်းများကိုသာ လိုက်နာမည်။ မဟုတ်ပါက သူက ဘာမဟုတ်သည့် စည်းမျဉ်းတိုင်းကိုသာ အကြွင်းမဲ့ နာခံနေပါက သူ၏ ပြုမူလှုပ်ရှားမှုများအတွက် အထစ်အငေါ့ ဖြစ်စေလိမ့်မည်သာ။
သူသည် စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာတတ်သော လူစားမျိုး မဟုတ်ပါ။
ဟန်လိက အေးစက်စက် ပြုံးနေလျက် အင်ပါယာနန်းတော်နှင့် ပေသုံးရာကျော်အမြင့်ကနေ ပျံသန်းလာခဲ့သည်။
အမှောင်ထုကို အခွင့်ကောင်းယူကာ သူက ဘေးပတ်လည်ကို တိတ်တဆိတ် လေ့လာကြည့်နေ၏။ သူ့အကြည့်က ချောင်အကျဆုံး၊ မထင်မရှားနေရာတစ်ခုထံ ဝေ့ဝိုက်ကျရောက်သွားသည်။
သူ့မျက်လုံးမှာ အရောင်တောက်သွားပြီး ဝါးများနှင့် ပြည့်နှက်နေသော နန်းတော်ဝန်းထဲရှိ ဥယျာဉ်တစ်ခုထံ ဦးတည်ပျံသန်းလာသည်။
ထိုဝါးတောအုပ်၏ အထက်သို့ ရောက်လာချိန်တွင်မူ ဟန်လိက သူ၏အကြည့်ကို အဘက်ဘက်သို့ ဝေ့ဝိုက်ကြည့်ရှု၏။ ထို့နောက်မှာ သူ့ ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်ချီကို ကွယ်ဖျောက်လျက် ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာသည်။
ဟန်လိသည် မိစ္ဆာနက်ကျောင်းတော်မှာ အင်ပါယာနန်းတော်တစ်ခုလုံးကို ထိန်းချုပ်ထားသော်လည်း နေရာလပ်မကျန်ကိုတော့ စောင့်ကြည့်နိုင်စွမ်း ရှိနေလိမ့်မည် မဟုတ်မှန်း ကောင်းကောင်း သိသည်။ ထို့အပြင် သူတို့က ကင်းများချထားခဲ့လျှင်လည်း သူ၏ အမည်မဲ့ချီကွယ်ဖျောက်ခြင်းမန္တာန်ကြောင့် ထိုကျောင်းတော်ဝင်များ သူ့ကို ရှာတွေ့သွားမည့်အပေါ် လားလားမျှ မစိုးရိမ်ချေ။
ထိုမျှသာမကသေး။ မင်းသားငယ်ထံကနေ သူက မိစ္ဆာနက်ကျောင်းတော်၏ ကင်းနေရာချထားမှုနှင့် ပတ်သတ်ပြီး ကောင်းကောင်းသိထားခဲ့သေးသည်။ သူတို့သည် ကင်းနေရာများကို အစီအစဉ် ပြောင်းထားခဲ့လျှင်ပင် သူသာ အစောင့်အကြပ်ထူထဲသော ဧရိယာထံ အလျင်စလို တိုးဝင်သွားခြင်း မရှိသ၍ လုံးဝ စိတ်ပူနေမည် မဟုတ်ပါ။
သည်နေရာမှာ အင်ပါယာနန်းတော်၏ မထင်မရှားနေရာတစ်ခုမှန်း သိသာနေ၏။ ဝါးတော၌ ခြောက်သွေ့နေသော အကိုင်းအခတ်များ၊ သစ်ရွက်ခြောက်များနှင့် ပြည့်နှက်နေရုံသာမက ပျက်စီးဆွေးမြေ့ခြင်း အငွေ့အသက်ကိုပါ ပေးစွမ်းနေသည်။
သည်ဝါးတောမှာ ငါးဧကလောက် ကျယ်ဝန်းတာကို မြင်သည့်အခါ ဟန်လိသည် ကျေနပ်သွား၏။
သူက မန္တာန်လက်ဟန်များကို ဖန်တီးကာ အသံအရံအတားကို ထုတ်ဖော်၍ သည်ဝါးတောတစ်ခုလုံးအား ခြုံလွှမ်းစေသည်။ ထို့နောက်မှာ သူသည် လေးနက်သောဟန်ပန်ဖြင့် အစီအရင်သတ္တုပြားများ၊ အလံများကို ထုတ်ယူသည်။ ဤသည်မှာ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို အဆင့်မြင့်ထားသော ချီယွမ်ရှောင် သူ့ကို ပေးခဲ့သော အစီအရင်သာ။
“မိစ္ဆာနက်ကျောင်းတော်သခင်က ရင်ဆိုင်ရခက်တယ်ဆိုရင်တောင် ဒီအစီအရင်နဲ့ဆို ငါတို့ဟာ မရှုံးနိုင်တော့ဘူး…”
ဟန်လိက သူ့လက်ထဲရှိ မှော်ပစ္စည်းများကို ကြည့်ကာ ထိုသို့ တီးတိုးရေရွတ်၏။ ထို့နောက်မှာ သူက သည်တောအုပ်အတွင်း တက်ကြွစွာ အစီအရင်ကို တည်ဆောက်သည်။
လေးနာရီလောက် ကြာပြီးသည့်နောက်မှာ သူသည် မောပန်းသောဟန်ဖြင့် ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။ အချိန်တိုတောင်းသဖြင့် သူသည် အစီအရင်၏ အစိတ်အပိုင်းငယ်တစ်ခုကိုသာ ချခင်းနိုင်စွမ်း ရှိခဲ့သည်။ သို့သော် ထိုမျှဖြင့် လုံလောက်နိုင်သည်။ ဟန်လိသည် ဘေးပတ်ပတ်လည်သို့ ကြည့်၏။ မည်သူမျှ မရှိတာ မြင်သည်နှင့် သူက အသံအကာအရံကို ပြန်သိမ်းဆည်းကာ သူ့နတ်လှေပေါ်သို့ တက်၍ ပျံသန်းထွက်လာတောသည်။
ဟန်လိ၏ လုပ်ရပ်က တိတ်ဆိတ်သေသပ်လှသဖြင့် မိစ္ဆာနက်ကျောင်းတော်မှ မည်သူကမျှ အစီအရင်ကြီးတစ်ခု တည်ဆောက်ထားခဲ့လေမှန်း မသိခဲ့ကြပေ။
မဟာသွေးကျွန်လေးယောက်သည် မိစ္ဆာနက်ကျောင်းတော်သခင်၏ ညွှန်ကြားချက်ကြောင့် နိုးနိုးကြားကြား ရှိနေကြသော်လည်း ထိုအခြေအနေကို ဟန်လိအနေဖြင့် ခန့်မှန်းထားပြီး ဖြစ်သည်။ သူတို့သည် အေးစက်နန်းဆောင်အပြင်ဘက်တွင်သာ ကင်းများစွာကို နေရာချထားလိမ့်မည်သာ။ သို့သော် တခြားနေရာများတွင်မူ အရင်ထက် ကင်းအရေအတွက် လျော့နည်းနေသည်။ ဤသည်မှာ ဟန်လိအနေဖြင့် လွယ်ကူစွာ ဝင်လာပြီး ပြန်ထွက်သွားနိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်လေ၏။
သူသည် ချင်းအိမ်တော်ထံ ပျံသန်းလာသည့်အချိန်၌ ကောင်းကင်သည် မှောင်နေတုန်းပင်။ ဟန်လိသည် မိုးလင်းလာမည့်အချိန်ထိ တရားထိုင်နေရန်သာ ရွေးချယ်လိုက်သည်။ နံနက်ခင်း အလင်းရောင် ရလာသည့်အခါ သူက အခန်းထဲကနေ ထွက်လာပြီး မည်သို့မျှ မဖြစ်ခဲ့လေဟန်ဖြင့် တခြားသူများနှင့်အတူ ခန်းမဆောင်ထဲမှာ ရှိနေကာ ရယ်ရယ်မောမောနှင့် စကားပြောနေသည်။
လာမည့်တိုက်ပွဲအတွက် ဆွေးနွေးနေကြရင်း ဟန်လိမှာ ဒြပ်စင်ငါးခုပြောင်းပြန်အစီအစဉ်ကြောင်း နည်းနည်းလေးမျှ ထုတ်မပြောပေ။
သူ့စိတ်ထဲ၌ အသက်ကယ်အစီအစဉ် ကြိုပြင်ဆင်ထားမှုဟူသည် သိသူ နည်းလေ ပိုကောင်းလေဟု တွေးထားလေ၏။
သူသည် သူ၏ အစီအရင်ကို အသုံးမပြုရဘဲ လာမည့်တိုက်ပွဲမှာ အနိုင်ရခဲ့လျှင် ပိုပျော်လိမ့်မည်သာ။ သည်ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်က သူ့ကိုယ်ပိုင်ဝှက်ဖဲအဖြစ် ကျန်နေခဲ့လိမ့်မည် မဟုတ်လား။
လျိုကျင်းနှင့် အဝါရောင်မေပယ်တောင်ကြားမှ သူ၏ ဂိုဏ်းဝင်များသည် ဟန်လိ ဘာတွေးနေသလဲကို မသိကြပါ။ သို့သော် သည်ညတွင် ရောက်လာတော့မည့် တိုက်ပွဲအကြောင်း ပြောကြဆိုကြသည့်အခါတွင်မူ လူတိုင်းက စိတ်အားတက်ကြွ ထက်သန်နေသည့်ဟန် ပေါ်လွင်နေသည်။
လျိုကျင်းနှင့် တခြားနှစ်ယောက်သုံးယောက်ကလွဲ၍ ကျန်သည့်သူများမှာ တခြားသော အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံ မရှိကြပေ။ ဤသည်မှာ သည်တိုက်ပွဲနှင့် ပတ်သတ်ပြီး ဟန်လိအနေဖြင့် အလွန်ယုံကြည်ချင် ရှိမနေရသော အဓိကအကြောင်းရင်း ဖြစ်၏။
ဟန်လိသည် အခက်အခဲနှင့် တိုက်ပွဲများမကြုံဖူးသော ကျင့်ကြံသူများသည် အဆုံးသပ် မကောင်းဟု ယုံကြည်ထားသူ ဖြစ်၏။ အမှားတစ်ခု ပြုလုပ်မိ၍ အသက်သေဆုံးသွားခဲ့ရသော အဖြစ်များမှာ မရှားလှ။ သို့ဖြစ်၍ သည်လူများက ပျော်မြူးရွှင်မြူးစွာ စကားများ ပြောနေကြစဉ် သူ့မျက်လုံးထဲ၌ ထူးဆန်းသောဟန်အမူအရာ မကြခဏ ဖြစ်ပေါ်သွားတတ်သည်။
တကယ်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်စွမ်း ရှိခဲ့သော ကျင့်ကြံသူများသည် ယနေ့ကဲ့သို့ နေရာထိ ရောက်လာရန် အခက်အခဲအချို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှာ သေချာသလောက် ရှိပေသည်။ သို့သော် ယနေ့ည တိုက်ပွဲပြီးသည့်နောက်တွင်မူ ထိုသူများသည် ယင်းနေရာ၌ မြေမြှုပ်ခံရဖို့ များနေသည်။
“မောင်လေးဟန်…နင် ငါနဲ့ ခဏလောက် အဖော်ပြုပေးနိုင်မလား…”
ကျုံးဝေနင်နှင့် စကားလက်ဆုံ ကျနေသော ချန်ချောင်ချန်က ရုတ်တရက် ဟန်လိကို ထိုသို့ ပြောလာခဲ့သည်။
သူမ၏စကားကြောင့် ဟန်လိသာ အံ့ဩသွားတာမဟုတ်၊ ချန်ချောင်ချန်၏ အသိမိတ်ဆွေများပါ နည်းနည်းတော့ အံ့အားသင့်ကုန်ကြသည်။ မယုံကြည်နိုင်ဟန်ဖြင့် သူတို့က ဟန်လိနှင့် အမျိုးသားကျင့်ကြံသူများအပေါ် အေးစက်စက်နိုင်လှသော သူတို့၏ ဂျူနီယာညီမဖြစ်သူတို့ကို လှမ်းကြည့်သည်။
ဟန်လိ၏ ဘူမသိကိုးမသိဟန်ပန်ကို လှမ်းကြည့်နေလျက် ကျုံးဝေနင်ကို မျက်လုံးကစားနေသည်။ သူမ ဘာတွေးနေသည်ကိုမူ မသိရပါ။ ထို့နောက်တွင် သူမက ချန်ချောင်ချန်၏ နားသို့ကပ်ကာ စကားတချို့ တီးတိုးဆိုသည်။
ရုတ်တရက်ကြီး သည်ဂျူနီယာညီမချန်မှာ ရှက်သွေးဖြန်းသွားပြီး သူမ၏သူငယ်ချင်းမဖြစ်သူ ကျုံးဝေနင်ကို ရန်စောင်သည့်အကြည့်ဖြင့် လှမ်းကြည့်ပြီးနောက် သူမက အေးအေးဆေးဆေးဟန်ပန်ဖြင့် ခန်းမထဲကနေ လှမ်းထွက်သွားတော့သည်။ သူမက ဟန်လိ နောက်မှ လိုက်လာမည်ကို တိတ်တဆိတ် စောင့်နေလေသည်။
“ညီလေးဟန်…မင်း ဘာကြောင်ကြည့်နေတာလဲ။ ဟိုမိန်းမလှလေးက မင်းကို အပြင်မှာ စောင့်နေတယ်လေ။ မင်းက ဘာတွေများ ချီတုံချတုံ ဖြစ်နေရတာလဲကွ…”
လျိုကျင်းသည် ပြုံး၍ ဟန်လိနား လျှောက်လာပြီး သူ့ပုခုံးကို ပေါ့ပေါ့ပါးပါးလှမ်းပုတ်ကာ ဟာသနှော၍ ပြောလေသည်။ ဟန်လိမှာ ကိုယ့်နှာခေါင်းကိုယ် ပွတ်မိ၏။ သူက ခါးသီးစွာ ရယ်ချင်မိသည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ သူက ပြုံးပင် မပြုံးနိုင် ဖြစ်ရသည်။ မရယ်ချင်ရယ်ချင်ဖြင့် အကြိမ်အနည်းငယ်လောက် ရယ်ပြီးသည့်နောက်မှာ သူလည်း မနာလိုအားကျနေသော တခြားအမျိုးသားကျင့်ကြံသူများ၏ အကြည့်အောက်မှာပင် ခန်းမထဲကနေ လှမ်းထွက်လာခဲ့သည်။
သူ ခန်းမထဲကနေ ထွက်လာပြီးသည့်နောက်တွင် ချန်ချောင်ချန်သည် ဥယျာဉ်၏ တစ်နေရာကို လှမ်းကြည့်ကာ အတွေးနစ်မြောလျက် ရှိနေသည်။ သူမသည် ဟန်လိ၏ ခြေသံကို ကြားသည်။ နောက်လှည့်မကြည့်ပေ။ အေးတိအေးစက်သာ လှမ်းပြောသည်။
“ဥယျာဉ်ဆီ ကျမနဲ့ လိုက်ခဲ့ပါ။ ကျမက ဂျူနီယာမောင်လေးဟန်နဲ့ ကိစ္စတချို့ ပြောချင်တယ်…”
ထိုသို့ ပြောကာ ချန်ချောင်ချန်သည် ဟန်လိ၏ အဖြေကို မစောင့် ရှေ့ဆက်လျှောက်သွားသည်။ သူမက ဟန်လိ သဘောတူမည်ကို သေချာနေသည့်အလား။
သူမ၏ စွဲဆောင်မှုရှိလှသော အသွင်ဟန်ပန်ကို နောက်မှ လှမ်းကြည့်နေလျက် ဟန်လိက အလိုလို မျက်မှောင်ကြုံ့မိသည်။ ခဏတွေးမိပြီးနောက်မှာ သူက မသိမသာ ပြုံး၍ သူမနောက်သို့ လိုက်သွားသည်။ အလှပလေးလေးနှင့် လမ်းအတူလျှောက်ရခြင်းမှာ ကြည်နူးဖွယ်ကောင်းလှသော ကိစ္စတစ်ခု မဟုတ်လား။
ဟန်လိသည် ချန်ချောင်ချန်၏ နောက် မလှမ်းမကမ်းကနေ လျှောက်လာနေရင်း သူမ၏ ကျက်သရှိကာ သွယ်လျလှသော ခန္ဓာကိုယ်လေးကို ချီးကျူးမိနေသည်။ သည်လိုမျိုး လမ်းလျှောက်နေရတာ တန်သည်ဟု သူ ခံစားမိသည်။ ထို့အပြင် ဟိုနှစ်တုန်းက သည်အလှပဂေးလေးနှင့် သူ့ကြား မတော်တဆ ပတ်သတ်ခဲ့မှုအကြောင်း ပြန်တွေးမိသည့်အခါတွင်တော့ သူ့စိတ်နှလုံးထဲ၌ ရှင်းပြ၍မရသော ခံစားချက်တစ်ခု ပေါ်လာမိသည်။
“ကျမနဲ့ အစ်ကိုကြီးဆုံးတို့ဟာ အဲ့နှစ်တုန်းက နင်ကို တွေ့ခဲ့တဲ့အချိန်မှာ ငါတို့ဟာ သွေးနဲ့မီးစမ်းသပ်မှုအတွင်း နင့်ရဲ့အောင်မြင်မှုဟာ ကံကောင်းရုံသပ်သပ်လို့ ထင်ခဲ့ကြတယ်။ အဲ့နှစ်တုန်းက ဂျူနီယာမောင်လေးဟန်က အမှန်တကယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေခဲ့လိမ့်မယ်လို့ ကျမ မထင်ထားမိခဲ့ဘူး။ ရှင်က ကျမတို့ မောင်နှစ်မနှစ်ယောက်ကို လှည့်စားခဲ့ရုံသာမ ခု ဒီမှာ ရှိနေတဲ့ တခြားကျွမ်းကျင်သူတွေကိုပါ တစ်ခုခု ထိန်ချန်ထားနေတယ်လို့ ကျမ ခံစားမိနေတယ်…”
ဟန်လိသည် အတွေးစိတ်ရိုင်းများ လွင့်နေစဉ် ချန်ချောင်ချန်က နောက်လှည့်၍ သူ့ကို ကြည့်ကာ ထိုစကားများ ပြောလာခဲ့သည်။ ဟန်လိသည် အစောတည်းက သည်စကားများကို ကြားရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိပြီး ဖြစ်၍ မည်သည့်အံ့အားသင့်မှုကိုမှ မဖြစ်ပေါ်ခဲ့ပေ။ ထိုအစား သူက ခေါင်းကုတ်ကာ မဆိုသလောက် ပြုံး၍ ပြောသည်။
“စီနီယာအစ်မချန်ဟာ အတော်လေး နောက်တတ်တာပဲ။ ကျုပ်က ဘာလို့များ လှည့်စားခဲ့ရပါ့မလဲ။ အဲ့အချိန်တုန်းက ကျနော်ဟာ တကယ်ပဲ ကံကောင်းခဲ့တာပါ…”
ဟန်လိက ထိုသို့ ပြောနေသည့်အခါတွင် သူ့မျက်နှာထက်၌ မည်သည့်ထူးခြားမှုမှ ဖြစ်ပေါ်မနေ၊ သူက အမှန်တရားကို ပြောနေသည့်အလား။
“မောင်လေးဟန်…၊ နင်က ငါ့ကို ခုထိတောင် လှည့်စားချင်နေတုန်းလား…”
ဟန်လိ၏ စကားမျးက ချန်ချောင်ချန်ကို စိတ်တိုသွားစေပုံ ရသည်။ သူမ၏အသံက အေးစက်လာပြီး သူမက ရုတ်တရက် တဖက်သို့ ပြန်လှည့်သွားသည်။ ဤသည်ကို မြင်သည့်အခါ ဟန်လိသည် အံ့အားတသင့် ဖြစ်သွားသည်။ သူမက မည်သည့်အတွက်ကြောင့် စိတ်ဆိုးသွားသလဲကို သူ လုံးဝ မသိပေ။
ဂျူနီယာညီမချန်က ဟန်လိထိုသို့ ပြုမူနေတာ မြင်သည့်အခါ ပို၍ စိတ်ဆိုးလာတော့သည်။
“ကောင်းပြီ။ ကျမက အဲ့သွေးနဲ့မီးစမ်းသပ်ကွင်းအကြောင်း ရှင့်ကို ထပ်မမေးတော့ဘူး။ ဒါပေမဲ့ ရှင် ရိုးရိုးသားသား ဖြေရမယ့် ကိစ္စတစ်ခုတော့ ရှိသေးတယ်…”
သူမ၏ လေသံက ပိုအေးစက်လာသော်ငြားလည်း သူမ၏ ဟန်ပန်ကမူ တမူထူးနေသည်။
“ဘာများလဲ…စီနီယာအစ်မချန်။ ကျနော့်ကို မေးနိုင်ပါတယ်။ ကျနော်က ကျိန်းသေပေါက် အမှန်တိုင်း ဖြေပါ့မယ်…”
ဟန်လိသည် တစုံတစ်ခုကို သဘောပေါက်ကာ သူ့စိတ်နှလုံးမှာ ဂနာမငြိမ် ဖြစ်လာသည်။ သို့ပေမည့် အပြင်ပိုင်းတွင်မူ သူသည် အလွန်အမင်း ရိုးသားသည့်ဟန်ပန်ဖြင့် ရှိနေဆဲသာ။
“လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်က၊ နင်ဟာ ထိုက်ယွဲ့တောင်တန်းရဲ့ အရှေ့ဘက်မှာ တခုခုနဲ့များ တွေ့ကြုံခဲ့ဖူးသလား…”
ချန်ချောင်ချန်က ထိုသို့ မေးလာပြီး သူမ၏ ပါးနှစ်ဖက်သည် မသိမသာ နီမြန်းသွားသည်။ သူမက ဟန်လိ၏ အဖြေကို စိတ်ပူပန်တကြီး စောင့်နေလျက် ရှက်ရွှံ့သွားလေသည့်နှယ်။
“လွန်ခဲ့တဲ့ ခုနစ်နစ်၊ ရှစ်နှစ်…” ဟန်လိသည် ခေါင်းငုံ့ကာ စဉ်းစားသွားသည်။
အမှန်တကယ်တွင်မူ ဟန်လိ၏ စိတ်နှလုံးမှာ ခုန်ပေါက်နေလေပြီ။
“နှစ်တွေက အတော်လေး ကြာသွားပြီပဲ။ ဒီတစ်ယောက်က ငါ့ကို ရှာမယ့်အတွေးကို ခုထိ လက်မလွှတ်သေးတာလား။ ဒါ့အပြင် သူမရဲ့ ဟန်ပန်က ရှက်ရွှံ့နေပုံ ပေါ်နေသေးတယ်။ ဖြစ်နိုင်တာက သူမဟာ သူမကို ကယ်တင်ပေးခဲ့တဲ့သူအပေါ် အချစ်စိတ် ယိုင်သွားခဲ့တာများလား…”
စဉ်းစားမရလေဟန်ဖြင့် ဟန်လိက ထိုသို့ တွေးနေမိသည်။
ဤသည်မှာ ဟန်လိသည် အချစ်စိတ် မရှိခြင်းကြောင့် မဟုတ်၊ သူသည် စုံတွဲကျင့်ကြံမည့် စိတ်ကူး လုံးလုံးမရှိသေးသောကြောင့်သာ ဖြစ်လေသည်။
ဟန်လိသည် ချန်ချောင်ချန်အပေါ် ပုံမှန်အားဖြင့် စိတ်ဝင်စားမိသော်လည်း စွဲလမ်းလား၊ချစ်ခင်လားကမူ သူ ကိုယ်တိုင် မသိလေပေ။ ဟိုးလွန်ခဲ့သောနှစ်များက သူမနှင့် ‘စီနီယာအစ်ကိုလု’ တို့ကြားက ချစ်ခင်ကြာနာခဲ့ဖူးသော မြင်ကွင်းကြောင့် သူသည် ဒီအမျိုးသမီးကို ခုချိန်ထိ လက်ခံနိုင်စွမ်း မရှိနိုင်သေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။