← Chapters

ပျောက်ကွယ်သွားခြင်း

Vol. 23 Ch. 316

ပျောက်ကွယ်သွားခြင်း

Vol. 23 Ch. 316

“မကြုံခဲ့ပါဘူး…။ လွန်ခဲ့တဲ့ ခုနစ်နှစ်ကနေ ရှစ်နှစ်က ကျနော်ဟာ စီနီယာအစ်ကိုမာရဲ့ ဆေးဥယျာဉ်ကို ဂရုစိုက်ရာမှာ ကူညီပေးနေတာပါ။ ဒါပေမဲ့ အဲ့တာက သွေးနဲ့မီးစမ်းသပ်ကွင်း ကျင်းပတဲ့အချိန် မဟုတ်ဘူးလား…။ စီနီယာအစ်မချန်က ဘာကြောင့်များ ဒီလို မေးရတာလဲ…”

ဟန်လိသည် ခေါင်းမော့လာပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေသည်။ သူ့ပုံစံမှာ သိချင်စိတ်သပ်သပ်သာ ရှိနေပြီး အပြစ်ကင်းဟန် ပေါ်နေ၏။

ချန်ချောင်ချန်၏ အမူအရာမှာ ချက်ခြင်း ဖြူရောသွား၏။ သူမက သူမ၏ နီရဲသော အောက်နှုတ်ခမ်းကို ကိုက်ကာ အထစ်ထစ်အငေါ့ငေါ့ ထပ်ပြောသည်။

“မကြုံခဲ့ဘူးလား။ အဲ့နှစ်တုန်းက ဂျူနီယာမောင်လေးဟန်က အပြင်မှာ ရောက်နေတာတော့ ကျမ မှတ်မိတယ်။ ချိန်သားကလည်း ကိုက်လှပါလားနော်…”

“အို…အဲ့အချိန်တုန်းက သွေးနဲ့မီးစမ်းသပ်ကွင်းအတွက် ပြင်ဆင်တဲ့အနေနဲ့ မှော်ပစ္စည်းတချို့နဲ့ အဆောင်တွေ သွားဝယ်ဖို့ ကျနော် အပြင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် အပြင်ထွက်တဲ့အချိန်တုန်းက သာမန်မဟုတ်တာ ဘာကိုမှ မကြုံခဲ့ရပါဘူး…”

ဟန်လိသည် တည်တည်ငြိမ်ငြိမ် ငြင်းဆန်သည်။

ဟန်လိ၏ စကားများကို ကြားရသည့်အခါ ချန်ချောင်ချန်သည် အတော်ကြာသည့်အထိ ဆွံ့အနေမိသည်။ သူမက ဟန်လိကို အေးတိအေးစက်သာ စိုက်ကြည့်နေ၏။ သူမကား ဟန်လိ၏ နှလုံးသားထံ အမှန်တကယ် စိုက်ကြည့်နေသည့်အလား။

“ဒီလိုဆိုမှတော့ ဘာမှ ဆက်ပြောစရာ မရှိတော့ပါဘူး။ ဂျူနီယာမောင်လေးဟန်…နင် ထွက်သွားနိုင်ပါပြီ။ ငါတော့ ဒီမှာ ခဏလောက် တယောက်တည်း နေခဲ့ချင်သေးတယ်…”

စိတ်ပျက်လက်ပျက်ဖြစ်သွားမှုသည် ချန်ချောင်ချန်၏ မျက်နှာထက်တွင် ပေါ်လာ၏။ သူမက တဖက်သို့ မျက်နှာလှည့်ကာ နွမ်းနယ်နေသော အသံဖြင့် ထိုသို့ ပြောသည်။

ဟန်လိက ဤသည်ကို မြင်သည့်အခါ သက်ပြင်းချမိသည်။ သူသည် တဖက်သူက သူ့စကားများကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူမက သူ့ကို ဆက်ပြီးနှောက်ယှက်တော့မှာ မဟုတ်တာကို သိနေသည်။

“စီနီယာအစ်မ…ကျနော် ထွက်သွားပါတော့မယ်…” ဟန်လိက တွေဝေမနေဘဲ နှုတ်ဆက်ကာ တဖက်သို့ လှည့်၍ သည်ဥယျာဉ်ထံမှ ထွက်လာခဲ့သည်။

ဟန်လိကို မမြင်ရတောသည့်အခါ ချန်ချောင်ချန်သည် တဖက်သို့ ပြန်လှည့်လာပြီး ဥယျာဉ်ဝင်ပေါက်ထံ စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်သည်။ သူမက ခပ်တိုးတိုး ရေရွတ်၏။

“နင် မဟုတ်ရင် ဘယ်သူဖြစ်မလဲ။ အဲ့နှစ်တုန်းက နင် တစ်ယောက်ပဲ အဲ့အချိန်ကွက်တိ အပြင်ရောက်နေခဲ့တာ။ ဂျူနီယာမောင်လေးဟန်…အဲ့တာ နင်ပဲမလား…”

ထိုသို့ ပြောကာ သူမသည် ကျက်သရေရှိလှသော ပန်းတပွင့်နှယ် လျှောက်လာပြီး အနီးအနားရှိ လှပသောပန်းလေးတစ်ပွင့်ကို သူမ၏ ပြစ်ချက်ကင်းလှသော လက်ကလေးဖြင့် ခူးဆွတ်ကာ နှာခေါင်းနားသို့ တေ့၍ မွှေးရှိုက်လိုက်လေသည်။

ပန်းရနံ့ကို ရှုရှိုက်နေလျက် ချန်ချောင်ချန်မှာ စဉ်းစားခန်းဝင်သွား၏။

ဟန်လိသည် ပန်းဥယျာဉ်ကနေ ထွက်လာသည့်နောက်မှာ သက်ပြင်းရှည်ကြီး ချမိလေ၏။ သူက ခေါင်းယမ်းကာ ခန်းမဆောင်ထံ အလျင်အမြန် ပြန်လျှောက်လာခဲ့သည်။ တခြားသူများသည် ဟန်လိ အလျင်အမြန် ပြန်ရောက်လာတာ မြင်သည်နှင့် သူတို့က နည်းနည်းတော့ မင်သက်အံ့ဩကုန်သည်။ သို့ပေမည့် မည်သူကမျှ ချန်ချောင်ချန်နှင့် ကိစ္စကို မမေးကြပေ။

တအောင့်အကြာတွင် ချန်ချောင်ချန်ပါ ပြန်ရောက်လာပြီး ကျုံးဝေနင်ဘေးမှာ ပုံမှန်အတိုင်း ဝင်ထိုင်ကာ စကားဆက်ပြောနေကြသည်။

သည့်နောက်တွင်မူ သူတို့သည် မိစ္ဆာနက်ကျောင်းတော်နှင့် တိုက်ပွဲအကြောင်း ပြောကြဆိုကြလေ၏။ အချိန် ကုန်တာ မြန်သည်။ ကောင်းကင်မှာ နက်မှောင်လာခဲ့လေပြီ။

အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် သူတို့၏ အခန်းများထံ ပြန်သွားကာ လာမည့်တိုက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

သူတို့သည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ အရေအတွက်၌ အသာစီးယူထားကာ အနိုင်ရရန် ပြဿနာ မရှိဟု ခံစားမိသော်လည်း စိုးရိမ်ပူပန်နေကြသည်သာ။ တကယ်တော့ မည်သူကမျှ သူတို့၏အသက်ကို အလွယ်တကူ မသေဆုံးသွားကြချင်ကြပေ။

သို့ပေမည့် သူတို့က မိစ္ဆာနက်ကျောင်းတော်၏ အသိုက်ကို ရှင်းထုတ်နိုင်ခဲ့လျှင် ရလာနိုင်မည့် အကျိုးအမြတ်များအကြောင်း တွေးမိသည့်အခါတွင်မူ စိတ်မလှုပ်ရှားဖို့ ခက်လှ၏။

သည်တစ်ကြိမ် တိုက်ခိုက်ရမည်မှာ မိစ္ဆာနက်ကျောင်းတော်မှ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက် မဟုတ်ပေ။ ထို့အပြင် ထိုသူများ၏ လက်ထဲ၌ ရှိနေမည့် မှော်ပစ္စည်းများ၊ ပစ္စည်းကောင်းများမှာ မနည်းလောက်ပေ။ ထိုသို့သော အကျိုးအမြတ်များကြောင့်လည်းလည်း ဂျူနီယာညီမချန်၏ မိတ်ဆွေများက သည်ကိစ္စတွင် ပါဝင်ကူညီချင်ကြတာ ဖြစ်၏။

မဟုတ်ပါက မိစ္ဆာဆန်သော ကျင့်ကြံသူများကို သုတ်သင်ရန်သပ်သပ်ဟူသော အကြောင်းလောက်လေးဖြင့် သူတို့၏အသက်တွေကို ဘယ်စွန့်စားချင်ပါ့မည်နည်း။

ဟန်လိသည်လည်း သူ့အခန်းသို့ ပြန်လာကာ သူ၏ ရုပ်သေးများကို စစ်ဆေးကြည့်နေသည်။ ထိုစဉ် မြူတောင်တန်းမှ မိတ်ဆွေလေးဖော်က သူ့အရှေ့တွင် တလေးတစား ရပ်စောင့်နေသည်။ ဟန်လိမှာ သူတို့၏ ခေါင်းဆောင် ဖြစ်နေသည့်အလား။

ဟန်လိက သူ၏ရောင်းရင်းဂိုဏ်းဝင်များနှင့် မိတ်ဆက်ပေးပြီးနောက်မှာ မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ထိုကျင့်ကြံသူအချို့နှင့် ပိုနီးကပ်လာကာ သူ့အနေဖြင့် အကျိုးရနိုင်လောက်လား၊ မရနိုင်လောက်လားဟု တွေးမိနေသေးသည်။

သို့သော် မည်သူကမျှ မျက်နှာမည်းမည်းနှင့်အဘိုးအိုကဲ့သို့ ချီစုဆောင်ခြင်းကျင့်ကြံသူများကို အရေးတယူ ရှိမနေကြပါ။ သူတို့က သဘောလောက်သာ စကားပြောဆိုခဲ့သည်။ ထိုလေးယောက်မှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတိုင်းက သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိတာကို သိသွားစေသည်။ ထို့ကြောင့် သူတို့သည် ဟန်လိအပေါ် ပို၍ လေးစားသွားကြ၏။

“မိစ္ဆာနက်ကျောင်းတော်နဲ့ တိုက်ပွဲဟာ ဘာတွေပဲ ဖြစ်လာဖြစ်လာ မင်းတို့ပါဖို့ မလိုဘူး။ ညကျရင် မင်းတို့အနေနဲ့ မြို့တော်ကနေ ထွက်သွားကြတာ ပိုကောင်းနိုင်တယ်…”

ဟန်လိ၏ လက်ထဲရှိ ရုပ်သေးသားရဲမှာ အဖြူရောင်လင်းလက်သွားပြီး သူက ၎င်းကို သိုလှောင်အိတ်ထဲ ပြန်သိမ်းသည်။ ထို့နောက်တွင် အထက်ပါအတိုင်း မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ စီနီယာ…တိုက်ပွဲကနေ ကျနော်တို့က ဘယ်လိုလုပ် ထွက်ပြေးနိုင်ပါ့မလဲ…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် သူတို့လေးယောက်လုံးကိုယ်စား ချီတုံချတုံ ပြောလာ၏။

“မင်းတို့ ပြေး၊ မပြေး ဘာမှ မဖြစ်ဘူး။ မင်းတို့ဟာ လာမယ့်တိုက်ပွဲမှာ ပါဝင်နိုင်စွမ်း မရှိကြဘူး။ မင်းတို့ ပါဝင်မယ်ဆိုရင်တောင် မင်းတို့ အသက်ကို မင်းတို့ ဖြုန်းတီးရာ ကျလိမ့်မယ်။ ဒီမှာ အဆင့်မြင့်မှော်ပစ္စည်းတချို့၊ မင်းတို့အကုန်လုံး တစ်ယောက်တစ်ခုစီ ယူသွားကြ။ ဒါက စီနီယာတစ်ယောက်အနေနဲ့ နှုတ်ဆက်လက်ဆောင်အဖြစ် သတ်မှတ်နိုင်တယ်…”

ဟန်လိက ခေါင်းယမ်းကာ ခပ်ရေးရေး ပြုံး၍ ထိုသို့ ပြောလေသည်။

ထိုသို့ ပြေကာ ဟန်လိက လက်ဝေ့ယမ်းသည်။ ထိုအခါ စားပွဲပေါ်၌ တလက်လက်တောက်ပနေသော မှော်ပစ္စည်းများ ပေါ်လာသည်။

ဟန်လိသည် ထိပ်တန်းမှော်ပစ္စည်းများ မပိုလျှံနေ၍ မဟုတ်လေပေ။ သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများစွာကို သတ်ပြီးသည့်နောက်မှာ သူ ရရှိခဲ့သော ပစ္စည်းပမာဏမှာ မနည်းမနောပင်။

သို့သော် ဟန်လိသည် သူတို့ကို ၎င်းထိပ်တန်းမှော်ပစ္စည်းများ ပေးဖို့ စိတ်ကူးမရှိပေ။ သူတို့ကို အဆင့်မြင့်မှော်ပစ္စည်းများအား ပေးခြင်းကပင် လေလွင့်ကျင့်ကြံသူများအနေဖြင့် လက်ဆောင်ကောင်းအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် သည်မှော်ပစ္စည်းများကို မြင်သည့်အခါ သူတို့အားလုံးသည် အပျော်လွန်ကာ ဟန်လိကို အခါခါ ကျေးဇူးတင်တော့သည်။ ဟန်လိက သည်ပစ္စည်းများအား သူတို့ကို မတွေဝေစေဘဲ ယူခိုင်းသည်။ အနာဂတ်၌ ဟန်လိ၌ ကိစ္စတစ်ခုခု ရှိပါကလည်း သူတို့သည် ပျော်ရွှင်စွာ ပြန်လုပ်ဆောင်ပေးကြမည်သာ။

ဟန်လိက ထိုလေးယောက်ထံမှ သူ လိုချင်သော ကတိများကို ကြားရပြီးနောက်မှာ ယွဲ့ကျင်းမြို့ကနေ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည်။ ထိုအခါ သည်လေးယောက်သည် သူ့ကို ကျေးဇူးတင်မဆုံး ဖြစ်ကုန်ကြသည်။

သို့ပေမည့် သူတို့ ထွက်မသွားခင် မျက်နှာမည်းမည်းနှင့် အဘိုးအိုက ဟန်လိဘေးသို့ ကပ်ပြီး ဂရုတစိုက် ပြောခဲ့သေးသည်။

“စီနီယာ…ညီမငါးဟာ မိစ္ဆာနက်ကျောင်းတော်မှာ ရှိနိုင်လောက်လား။ စီနီယာအနေနဲ့ ကျနော်တို့ကို ဘာမှ ပြောဖို့ မလိုပါဘူး။ ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ညီ(လေး)ကတော့ တစ်ခုခု ခန့်မှန်းမိနေမှာကို ကျနော် စိုးမိတယ်။ သူမအနေနဲ့ ကျနော်တို့ရှေ့မှာ ဘယ်တော့မှ ပြန်မပေါ်လာခဲ့ရင် ပိုကောင်းပါတယ်…”

ထိုသို့ ပြောပြီးသည့်နောက်မှာ ထိုအဘိုးအိုသည် လေးလံသောဝန်တစ်ခုကို လွှတ်ချလိုက်ပုံ ရပြီး ဟန်လိကို တလေးတစား နှုတ်ဆက်ဂါဝရပြုလိုက်သည်။

ဟန်လိသည် နေရာတွင် စောင့်နေလျက် ထိုလေးယောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ ထိုသို့စောင့်နေရင်း ဟန်လိသည် မျက်နှာမည်းမည်းနှင့်အဘိုးအို ပြောခဲ့သော နောက်ဆုံးစကားများ၏ အဓိပ္ပာယ်ကို စဉ်းစားနေလေသည်။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ ဟန်လိက ရုတ်တရက် ပြုံးသည်။ ထို့နောက်တွင် သူသည် မြို့သို့ ပြန်လာခဲ့တော့သည်။

……

သူ ချင်းနေအိမ်သို့ ရောက်လာသည့်နောက်မှာ ကောင်းကင်သည် နက်မှောင်လာ၏။ အဝါရောင်မေပယ်တောင်ကြားမှ အုပ်စုသည် ပင်မခန်းမဆောင်မှာ စောင့်နေကြသည်။ သို့ပေမည့် သူ ဝင်လာပြီးသည့်နောက် မထင်မှတ်စွာ အစ်ကိုသုံး ပျောက်နေသည့်အတွက်ကြောင့် သူသည် တုန်လှုပ်အံ့အားသင့်သွားသည်။

သူက အပြာရောင်ဓားရှည်ကို သန့်ရှင်းရေး လုပ်နေသော စုန့်မင်ကို လှမ်းမမေးမိဘဲ မနေနိုင် ဖြစ်မိသည်။

“အစ်ကို(လေး)…အစ်ကိုသုံး ဘယ်နေရာ ရောက်သွားတာလဲ…”

“စီနီယာအစ်ကိုလျှိုက ဂျူနီယာညီခြောက်ကို သွားရှာတာ။ ဂျူနီယာညီဝူသာ လာဖို့ သဘောတူရင် ဒီကနေ့ညတိုက်ပွဲဟာ အများကြီး ပိုကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ကျုပ်အထင်တော့ စီနီယာအစ်ကိုလျိုက အချိန်ဖြုန်းရုံသပ်သပ်ပဲ။ သူသာ ကျုပ်တို့ကို ကူညီချင်တယ်ဆိုရင် ဒီကနေ ထွက်သွားခဲ့မှာ မဟုတ်ဘူး…”

စုန့်မင်က ထိုသို့ ပြောသည်။

“သူက အစ်ကိုခြောက်ကို သွားရှာတာလား…”

ဟန်လိသည် မျက်မှောင်ကြုတ်သွားမိသည်။ သူက အသေးစိတ် ထပ်မေးချင်သေးသည်။ ထိုစဉ် လျှိုကျင်းက မျက်နှာအပျက်ပျက်ဖြင့် ပြန်ရောက်လာ၏။

“ညီလေးလျှို…မင်းရဲ့ ညီလေးဝူက လိုက်မလာချင်တာလား။ အဲ့လိုဆိုလည်း ထားလိုက်တော့။ ကျုပ်တို့နဲ့တင် မိစ္ဆာနက်ကျောင်းတော်ကို ရင်ဆိုင်နိုင်ပါတယ်…”

ဂျူနီယာညီမချန်တို့အုပ်စုမှ အသက်ကြီးကြီးအမျိုးသားကျင့်ကြံသူတစ်ယောက်က အရေးမစိုက်ဟန်ဖြင့် ထိုသို့ ပြောသည်။

“ဒီလိုဆိုလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျုပ်သွားခဲ့တာဟာ ဂျူနီယာညီဝူကို ရှာဖို့သပ်သပ် မဟုတ်ဘူး…”

လျိုကျင်းသည် ခါးသီးစွာ ပြုံး၍ ထိုသို့ ပြောလာသည်။

ထိုအခါ ဟန်လိအပါအဝင် အားလုံးက စိုက်ကြည့်လာကြသည်။

“ဘယ်ကို ပြောချင်တာလဲ စီနီယာအစ်ကိုလျို။ အဲ့ငကြောက်ကောင်က အနီးအနားက တည်းခိုခန်းမှာ နေနေတာ မဟုတ်ဘူးလား။ သူက ဆရာ့ရှိများ စောစောစီးစီး ပြန်သွားတာလား…”

ကျုံးဝေနင်သည် မျက်လုံးအပြူးသားဖြင့် မေးသည်။ သူမက တစ်ခုခုကို ခန့်မှန်းမိသလိုပင်။

“မဟုတ်ဘူး။ အဲ့တည်းခိုးခန်း ပိုင်ရှင်ကို ကျုပ် မေးခဲ့ပြီးပြီ။ ညီလေးဝူက မနေ့က မနက်ခင်းတည်းက ထွက်သွားပြီး လုံးဝ ပြန်မလာတော့ဘူးတဲ့။ တည်းခိုခန်းရဲ့ အဝတ်လျှော်တဲ့သူကလည်း သူ့ရဲ့ အဝတ်အစားတွေကို ဘာမှ ပြန်လာမယူဘူးတဲ့။ ဒါ့ကြောင့် သူက ဂိုဏ်းကို ပြန်သွားတာ မဖြစ်ဖို့ များတယ်…”

လျှိုကျင်းက ခေါင်းယမ်းကာ ထိုသို့ ပြောသည်။ သူ၏ စကားသံများထဲ၌ ပူပန်မှုများ ပြည့်နေသည်။

ထိုစကားကို ကြားသည့်အခါ တခြားသူများသည် သည်အကြောင်းကို စိတ်ပါလက်ပါ ဆွေးနွေးကြသည်။ သို့သော် မည်သူကမျှ ဘာဖြစ်ခဲ့သလဲကို မသိကြပေ။

သို့ပေမည့် ဟန်လိက ရေးတေးတေး တွေးမိသည်။

“ဝူရွှမ်ဟာ ကံမကောင်းပြီး မိစ္ဆာနက်ကျောင်းတော်ရဲ့ အဖမ်းခံလိုက်ရတာများလား…”

လျှိုကျင်း၏အတွေးများသည်လည်း ဟန်လိနှင့် တူနေခဲ့ပုံရသည်။ သူက ညကောင်းကင်ကို လှမ်းကြည်ပြီးနောက်မှာ ပြတ်ပြတ်သားသား ပြောလာသည်။

“ဂျူနီယာညီလေးဝူ ကိစ္စကို အခုတော့ ထားလိုက်တော့။ ကျုပ်တို့ အဆင်သင့် ဖြစ်နေကြပြီမလား။ ဒါ့ကြောင့် ဒီညတိုက်ပွဲမှာ အနိုင်ရပြီး ကျုပ်တို့ဟာ မိစ္ဆာနက်ကျောင်းတော်ကို ရှင်းထုတ်နိုင်လိမ့်မယ်…”

All Chapters