သင်္ကေတလေးခုအစီအရင်
Vol. 23 Ch. 317
ညက ပိုနက်လာသည်။ ထိုစဉ် ကျင့်ကြံသူအုပ်စုတစ်စုသည် အင်ပါယာမြို့ထံ ကောင်းကင်ယံကနေ ပျံသန်းလာကြသည်။ ထိုအုပ်စုတွင် ဟန်လိနှင့် တခြားသူများ ပါဝင်ကြသည်။ သူတို့၏ မှော်ပစ္စည်းများဖြင့် သူတို့က တားမြစ်ထားသော ပိန်းပိန်းနက်မှောင်နေသည့် မြို့နံရံများအထက်သို့ ရောက်လာကြသည်။ ထိုအုပ်စုကို ဦးဆောင်လာသူ လျှိုကျင်းက တားမြစ်ဧရိယာဟုခေါ်သော နန်းတွင်းဝန်းကို တချက်လှမ်းကြည့်သည်။ ခဏ တွေဝေနေပြီးနောက်မှာ သူက သူရဲကောင်းဟန်ပန်ဖြင့် လက်ဆန့်ထုတ်၍ ပြောလာသည်။
“သွားကြမယ်…”
လျှိုကျင်းက ထိုသို့ ပြော၍ ရှေ့ကနေ ဦးဆောင်ကာ ဝင်ရောက်လာသည်။
တခြားသူများကလည်း သူ့နောက်ကနေ လိုက်ပါလာ၏။ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ တားမြစ်ချက်ကို သူတို့စိတ်ထဲ၌ မလန့်တော့၊ မစိုးရိမ်တော့တာ သည့်မတိုင်ခင်တည်းကပင်။ ဟန်လိကမူ ရှေ့ကနေ မလိုက်။ ထိုအစား သူက အုပ်စုနောက်ကနေ ပျံသန်းလာသည်။
တခြားကြောင့် မဟုတ်ပေ။ သူက ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို ခံစားရင်း ဖြည်းဖြည်းချင်း လိုက်ပါလာချင်သောကြောင့်သာ။ သူတို့သည် အင်ပါယာနန်းတော်ဝန်းနှင့် ကီလိုမီတာအတော်အတန် အကွာသို့ ရောက်လာချိန်တွင် ဟန်လိ၏ ပါးစပ်ထောင့်၌ ဆန်းကြယ်သောအပြုံးတစ်ခု တွဲခိုသည်။
သိပ်ကောင်း၏။ သူ မနေ့ညက တိတ်တဆိတ် လာပြင်ဆင်ခဲ့သော အစီအရင်မှာ မထိမခိုက် ရှိနေဆဲ၊ လျှို့ဝှက်စွာချထားခဲ့သော စိတ်ဝိညာဉ်အမှတ်အသားမှာလည်း နည်းနည်းလေးမျှ ထိခိုက်မှု ရှိမနေခဲ့ပေ။ သည့်အတွက် ဟန်လိမှာ ပျော်ရလေ၏။
ခဏ ကြာပြီးနောက်မှာ သူတို့ထဲမှ ကိုးယောက်သည် အင်ပါယာနန်းတော်အပေါ်သို့ ရောက်လာပြီး ၎င်းကို ငုံ့ကြည့်ကြသည်။
“လူတိုင်းပဲ နားထောင်ကြအုံး။ ဒီတာဝန်ဟာ ကျုပ်တို့အနေနဲ့ အရင် သဘောတူ ဆွေးနွေးထားတဲ့အတိုင်း လုပ်ဆောင်ကြမယ်။ ကျုပ်တို့ရဲ့ အင်အားကို နှစ်စုခွဲမယ်။ ပထမတစ်စုဟာ ခုလက်ရှိ အင်ပါယာယွဲ့ရဲ့ အိပ်ဆောင်ကို အလျင်အမြန် သွားပြီး သူ့ကို မိစ္ဆာနက်ကျောင်းတော်ရဲ့ လက်ထဲကနေ ကယ်ရမယ်။ ဒုတိယအုပ်စုကတော့ မိစ္ဆာနက်ကျောင်းတော်သခင် ရှိနေတဲ့ အေးစက်နန်းဆောင်ဆီ သွားကြမယ်။ အရင်ဆုံး မဟာသွေးကျွန်လေးယောက်ကို သတ်ဖို့ အာရုံစိုက်ကြတာပေါ့။ ပြီးရင် ကျုပ်တို့နှစ်ဖွဲ့ ပြန်ပေါင်းပြီး နောက်ဆုံးမှာ မိစ္ဆာနက်ကျောင်းတော်သခင်ကို ချေမှုန်းရမယ်…”
အလေးအနက်အသွင်ဖြင့် လျှိုကျင်းက သည်ညတိုင်ပွဲအတွက် သူ့အစီအစဉ်များကို ထပ်ပြောသည်။ ကျန်သည့်သူများကလည်း ခေါင်းညိတ်ပြကြသည်။
အဖွဲ့ဝင်များကို ဆုံးဖြတ်ထားကြပြီး ဖြစ်၏။ အမျိုးသမီးကျင့်ကြံသူနှစ်ယောက် ဖြစ်သော ချန်ချောင်ချန်နှင့် ကျုံးဝေနင်တို့သည် ပထမအုပ်စုတွင် ပါဝင်ကာ ယွဲ့အင်ပါယာကို ကယ်ရမည်။ လျှိုကျင်းနှင့် ကျန်သည့်သူများကမူ ဒုတိယအုပ်စုတွင် ပါဝင်ကာ မဟာသွေးကျန်လေးယောက်နှင့် တိုက်ရခိုက်ရမည်။ ဟန်လိသည်လည်း သူတို့ထဲတွင် ပါလေ၏။
“ညီမခုနစ်နဲ့ ဂျူနီယာညီမချန်တို့…သေချာ ဂရုစိုက်ကြပါ…”
လျှိုကျင်းက သူတို့ကို စိတ်ပူပန်ဟန်ဖြင့် အရေးတကြီး ဆိုသည်။ ထို့နောက်တွင်မူ သူတို့သည် လူခွဲကြသည်။
အမျိုးသမီးနှစ်ယောက်က အလေးအနက်အသွင်ဖြင့် ဘေးသို့ ခွဲထွက်ကာ ပျံသန်းသွားသည်။ တအောင့်အကြာ၌ သူတို့သည် အမှောင်ထုအတွင်း ပျောက်ကွယ်သွားလေ၏။
“ခုချိန်ကစပြီး…ကျင့်ကြံသူတစ်ယောက်ယောက်ကို တွေ့တာနဲ့ တိုက်ခိုက်ကြ။ အင်ပါယာနန်းတော်မှာ လှုပ်ရှားနေတဲ့ ကျင့်ကြံသူတိုင်းဟာ မိစ္ဆာနက်ကျောင်းတော်ကသူတွေ ဖြစ်လိမ့်မယ်။ ကျုပ်တို့ ခု စကြစို့။ ဂျူနီယာညီမနှစ်ယောက်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးကြရအောင်…”
ခဏကြာပြီးနောက်မှာ သူတို့ထဲမှ ခုနစ်ယောက်သည် ကောင်းကင်ထက်ကနေ မောက်မာလွှမ်းမိုးနိုင်စွမ်းဟန်ပန်တို့ဖြင့် အောက်သို့ ဆင်းသက်လာသည်။ သူတို့ကို အေးစက်နန်းတော်အား စောင့်ကြပ်နေသော မိစ္ဆာနက်ကျောင်းတော်မှ တပည့်များက ချက်ခြင်း ဝန်းရံကြလေ၏။
နေရာတိုင်းတွင် စူးရှသော လေချွန်သံများကို ကြားရပြီးနောက်မှာ အဘက်ဘက်ကနေ သူတို့ထံ မရေမတွက်နိုင်သော မှော်ပညာရပ်များ၊ လက်နက်များက ထိုးနှက်လာကြသည်။
“အလင်းစက်လေးတွေက လမင်းရဲ့ တောက်ပမှုကို အံ့တုဝံ့တယ်လား…”
လျှိုကျင်းက သူ့လက်ကို ပင့်မြှောက်သည်။ သူ့လက်ထံမှ တောက်ပသော ပိုးသားလည်စည်းပုဝါတစ်ခု ပျံသန်းထွက်လာ၏။ ချက်ခြင်းပင် ထိုလည်စီးသည် ကြီးမားသော အကာအရံကို ဖြစ်စေကာ ၎င်းနောက်မှ ဟန်လိနှင့် တခြားသူများအားလုံးကို တိုးဝင်လာသော တိုက်ခိုက်မှုများကနေ ကာကွယ်ပေးသည်။ သူသည် ထိုမှော်ပစ္စည်း၏ အစွမ်းအပေါ် ယုံကြည်မှု ရှိနေပုံ ရသည်။
မျှော်လင့်ထားသည့်အတိုင်းသာ။ လျှိုကျင်း၏ ပိုးသားလည်စီးအကာအရံကို မည်သည့်လက်နက်ကမျှ မထိုးဖောက်နိုင်၊ ထိခိုက်အောင် မလုပ်နိုင်ကြပေ။
“အစ်ကိုလျှို…သိပ်ကောင်းတဲ့ အကွက်ပဲ…”
ဤသည်ကို မြင်သည့်အခါ လျှိုကျင်းဘေးတွင် ရပ်နေသော စုန့်ပင်က ကျယ်လောင်စွာ ချီးကျူးသည်။ ထို့နောက်တွင် သူလည်း သူ့လက်ကြား၌ ဆုပ်ထားသော အရာတစ်ခုအား ပစ်လွှတ်သည်။
လေထဲ၌ ဓားပြာကြီးတစ်ခု ပေါ်လာ၏။ ဤသည်မှာ စုန့်မင် နှစ်သက်သော ထိပ်တန်းမှော်ပစ္စည်းဖြစ်သော အပြာရောင်ကြိုးမျှင်ဓား ဖြစ်ချေသည်။
“သွား…”
စုန့်မင်က သူ့လက်နှစ်ဖြင့် မန္တာန်ချိပ်ဟန် ဖြစ်ပေါ်စေသည်။ ထို့နောက်တွင်တော့ ဓားပြာကြီးကား တဝီဝီအသံကို ထုတ်လွှတ်လေသည်။ ထိုအခါ ဓားသည် ဘီးတစ်ခုနှယ် စတင်လှည့်ပတ်ပြီး မိစ္ဆာနက်ကျောင်းတော်၏ တပည့်များကို တုန်လှုပ်မင်သက်ကုန်စေသည်။ စုန့်မင်က ဤသည်ကို မြင်သည့်အခါ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။
သူက စက်ဝိုင်းအသွင် ပြောင်းသွားသော ဓားပြာထံ လက်ညွှန်သည်။
စက်ဝိုင်း၏ အပြာရောင်အလင်းဖြာထွက်မှုက ရုတ်တရက် ကြုံ့သည်။ ထို့နောက်တွင် မရေမတွက်နိုင်သော အပြာရောင်အလင်းအမျှင်တန်းများအဖြစ် ပေါက်ကွဲထွက်ကာ မီတာတစ်ရာနီးပါးလောက်ထိ အရာအားလုံးကို ခြုံလွှမ်းပစ်သည်။
မိစ္ဆာနက်ကျောင်းတော်မှ တပည့်များကား ဤမြင်ကွင်းကို မြင်သည့်အခါ စိတ်ဝိညာဉ်များ လွင့်သွားသည့်နှယ် ခံစားရသည်။ သူတို့က အမျိုးမျိုးသော အကာအကွယ်မှော်ပစ္စည်းများနှင့် မှော်ပညာရပ်များကို အသက်သွင်းကာ ခြုံလွှမ်းလာသော တိုက်ခိုက်မှုကို တားဆီးလေသည်။ ယင်းနောက်တွင်မူ နာကျင်စူးဝါးစွာ အော်ဟစ်သံများကို ကြားရလေ၏။
မိစ္ဆာနက်ကျောင်းတော်၏ တပည့်အများစုသည် မရေမတွက်နိုင်သော အပြာရောင်အလင်းအမျှင်တန်းများ ထွင်းဖောက်လာတာကို မခုခံနိုင်ကြပေ။ သူတို့သည် ဆိုးဆိုးဝါးဝါး သေဆုံးကုန်ကြသည်။
“မိုးကောင်းကင်အောက်က အသင်္ချေအမျှင်တန်းများ၊ ကောင်းလိုက်တဲ့ တိုက်ကွက်၊ ထင်ထားသလိုပါပဲလား။ ဂျူနီယာညီလေးစုန့်ရဲ့ ဒီကျော်ကြားတဲ့ ပညာရပ်ဟာ ကောလဟာလတွေနဲ့တော့ မတူလှပါလား…”
ချန်ချောင်ချန်၏ သိုင်းအစ်ကိုများထဲမှ တစ်ယောက်က ထိုတိုက်ခိုက်မှု၏ အင်အားကို မြင်သည့်အခါ ချီးကျူးလေတော့သည်။ စုန့်မင်၏ မျက်နှာတွင် ဂုဏ်ယူဟန် မသိမသာ ဖြစ်ပေါ်သည်။
ထိုအခိုက်တွင် သူတို့အုပ်စုသည် အေးစက်နန်းတော်၏ အပြင်ဘက်ဝင်ပေါက်၌ တည်ငြိမ်စွာ ဆင်းသက်လာသည်။ ကံကောင်း၍ လွတ်မြောက်သွားသော မိစ္ဆာနက်ကျောင်းတော်မှ တပည့်များမှာ အလန့်တကြား ဖြစ်ကုန်ပြီး မတိုက်ခိုက်ဝံ့ကြတော့ပေ။
“သင်္ကေတလေးခု အစီအရင်ကိုစ၊ သူတို့ကို အဲ့အထဲမှာ ပိတ်လှောင်ထားချေ…”
ထိုစဉ် အေးစက်နန်းတော်ထံမှ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ဝင်ပေါက်၌ အေးစက်မှုန့်မှိုင်းမှုကို ထုတ်လွှတ်နေသော အဖြူရောင်အလင်းစက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုစက်ဝန်းအရိပ်မှာ တာဝန်ကျနေသော အေးခဲနတ်ဆိုး ဖြစ်ချေ၏။
သူသည် ဒေါသတကြီး အမိန့်ပေးလာခဲ့တာ ဖြစ်သည်။ ခုချိန်တွင် သူသည် အဝါရောင်မေပယ်တောင်ကြားမှ တပည့်များကို ဒေါသတကြီးဖြင့် သတိထားကာ လှမ်းကြည့်နေသည်။
“ဟားဟား…မကောင်းတဲ့ကောင်…မင်းတော့ သေပြီသာမှတ်…”
လျှိုကျင်းသည် ထိုစကားများကို ကြားသည်နှင့် ပြောလာသူ၏ ကျင့်ကြံမှုကို လှမ်းကြည့်သည်။ ချက်ခြင်း ထိုသူမှာ မဟာသွေးကျွန်များထဲမှ တစ်ယောက်ဖြစ်မှန်း သူ သိလိုက်သည်။ သူက အေးစက်စက် လှောင်ပြောင်ပြီးနောက် ငွေရောင်အလင်းတန်းတစ်ခုကို စေလွှတ်သည်။
တခြားသူများက ဤသည်ကို မြင်သည်နှင့် သူတို့၏ မှော်ပစ္စည်းများကလည်း စတင် တောက်ပလာသည်။ သူတို့သ်ည မိစ္ဆာနက်ကျောင်းတော်၏ ကျွမ်းကျင်သူကို စုပေါင်းတိုက်ခိုက်ရန် ချက်ခြင်းလက်ငင်း စတင်သည်။
ဟန်လိလည်း သူ့သိုလှောင်အိတ်ထဲမှ ရွှေရောင်ဓားသွားခြောက်ခုကို ထုတ်ကာ ပစ်လွှတ်သည်။
ထိုတိုက်ခိုက်မှုကသာ ၎င်းသွေးကျွန်ကို သတ်ဖို့ လုံလောက်ခဲ့လျှင် ဟန်လိ ပျော်ရလိမ့်မည်သာ။ သို့သော် သူတို့၏ တိုက်ခိုက်မှုများ မကျရောက်ခင်မှာ သူတို့မျက်လုံးရှေ့ရှိ မြင်ကွင်းကြောင့် သူတို့အားလုံး ခဏတာ အမြင်ဝေဝါးသွားကြသည်။ လူတိုင်းမှာ သူတို့ရှေ့၌ နှင်းနှင့်နှင်းခဲလောကတစ်ခု ရုတ်တရက် ပေါ်လာသည့်အတွက်ကြောင့် တုန်လှုပ်ကုန်ရပြီ။
အရိုးတမျှ စိမ့်အေးသော လေများ တိုက်ခိုက်လျက်၊ ကောင်းကင်ထက်မှ နှင်းပွင့်နှင်းခဲများ ကျဆင်းလျက်။ ထိုအဖြူရောင်အရိပ်က မည်သည့်နေရာသို့ ရောက်သွားလေသနည်း။
လျှိုကျင်းနှင့် ကျန်သူများက တုန်လှုပ်သွားကြသော်လည်း သူတို့သည် သင်္ကေတလေးခု အစီအရင်အတွင်း ကျရောက်သွားလေပြီမှန်း သိကြသည်သာ။ သို့ဖြစ်၍ ခဏ အလန့်တကြား ဖြစ်သွားပြီးနောက်မှာ သူတို့က ပြန်တည်ငြိမ်မှု ရသည်။
တကယ်တော့ သူတို့လို တူညီသောဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများသည် ယခုကဲ့သို့ အစီအရင်လေးကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိပါ။
“ဟားဟား…မင်းတို့ သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့။ ကျုပ်တို့ဂိုဏ်းရဲ့ တပည့်တွေကို ဒဏ်ရာရအောင် တကယ်ပဲ လုပ်ဝံ့ကြတယ်လား။ ကျုပ်တို့ကျောင်းတော်ရဲ့ ဒီအစီအရင်ထဲမှာ မင်းတို့ကို ခဏ နေလိုက်ကြအုံး…”
အေးစက်စက်အသံသည် အဘက်ဘက်ကနေ တချိန်တည်းမှာ ပျံ့လာကြသည်။
“သင်္ကေတလေးခုအစီအရင်လား…”
“ဘယ်သူကများ ဒီအစီအရင်မန္တာန်ကို နားလည်ကြလဲ။ ကျုပ်တို့အနေနဲ့ မြန်မြန် ချိုးဖောက်နိုင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူတို့ရဲ့ မဟာသွေးကျွန်လေးယောက်က အတူတူ စုစည်းသွားကြရင် ကျုပ်တို့အတွက် ဒုက္ခများသွားနိုင်တယ်…”
လျှိကျင်းသည် အေးခဲနတ်ဆိုး၏ စကားများကြောင့် ပြာမသွား။ ထိုအစား သူက တခြားသူများကို အထက်ပါအတိုင်း တည်ငြိမ်စွာ ပြောလေသည်။
သူ ထိုသို့ ပြောသည့်အခါ တခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြကုန်၏။
“တာအိုအစီအရင်မန္တာန်တွေနဲ့ ပတ်သတ်ပြီး ကျုပ် နည်းနည်း နားလည်တယ်။ ဒီသင်္ကေတလေးခု မန္တာန်ကို ကျုပ် အရင်က ကြားဖူးတယ်။ ဒီအစီအရင်ဟာ အဟန့်အတားဖြစ်စေတဲ့ အမျိုးအစားပဲ။ ပုံမှန်ဆို လူတစ်ယောက်ဟာ ဒီလိုအစီအရင်မျိုးကို လေ့လာလေ့ မရှိဘူး…”
ချန်ချောင်ချန်၏ စီနီယာအစ်မက ခပ်မြန်မြန် ပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလေသည်။
“ဒါက နည်းနည်းတော့ ပြဿနာ ပေးနိုင်တယ်။ ကျုပ်တို့ အတင်းအကြပ် ဖျက်စီးပစ်ကြရင်ကော…”
လျှိုကျင်းကား မျက်မှောင်ကြုတ်ကာ မပြတ်မသား ပြောသည်။
အစီအရင်တစ်ခုကို အတင်းအကြပ် ချိုးဖျက်ပစ်ခြင်းသည် ရိုးရှင်းကာ တိုက်ရိုက်ဆန်သော နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ၎င်းနည်းလမ်းက အချိန်ပိုကြာနိုင်ရုံသာမက စွမ်းအင်လည်း ပိုကုန်စေသည်။ ထိုအခါကျလျှင် အစီအရင်ကို ဖျက်စီးပြီးနောက် တိုက်ပွဲကြီးတိုက်ရပါက အခြေအနေမသာ ဖြစ်သွားနိုင်သည်။ သည့်အတွက်ကြောင့်လည်း ရန်သူက ဤအစီအရင်ကို အသုံးပြုတာ ဖြစ်ကောင်းဖြစ်နိုင်သည်။
တခြားသူများက သည်စကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ပူပန်ကြောင့်ကြစွာ ကြည့်ကြသည်။
ထိုအခိုက်တွင် သိချင်စိတ် ပြင်းပြနေသော အသံတစ်သံ ထွက်လာ၏။
“အယ်…ဂျူနီယာညီလေးဟန်…မင်း ဘာလုပ်နေတာလဲ…”
စုန့်မင်ကမူ အစီအရင်မန္တာန်များနှင့်ပတ်သတ်ပြီး နည်းနည်းလေးမျှ နားမလည်ပေ။ သူက ထိုအစီအရင်ကို ချိုးဖျက်မည့်အကြောင်း စဉ်းစားကာ သူ့ကိုယ်သူ ဒုက္ခခံနေမည်မဟုတ်ပေ။ ထိုအစား သူက ဘေးပတ်လည်သို့ ကြည့်နေပြီး ဟန်လိ၏ လှုပ်ရှားမှုများကို လှမ်းမြင်သွားသည်။
ဟန်လိသည် ခုလက်ရှိတွင် သလင်းကဲ့သို့ ကြည်လင်သော မှော်ပစ္စည်းတစ်ခုကို ကိုင်ကာ သူ့မျက်စိရှေ့မှာ နေရာချသည်။ ၎င်းသလင်းကနေတဆင့် သူက နေရာတစ်ခုထံ စိုက်ကြည့်နေသည်။
ထိုထူးခြားသော အပြုအမူက စုန့်မင်ကို သိချင်စိတ် ဖြစ်ကာ သူက စဉ်းစားမနေဘဲ ထိုသို့ လှမ်းမေးခဲ့တာ ဖြစ်သည်။
သူ၏မေးခွန်းက တခြားသူများကိုပါ အာရုံစိုက်သွားစေပြီး ဟန်လိထံ စဉ်းစားမရဟန်ဖြင့် လှမ်းကြည့်ကြလေသည်။ ဟန်လိက သလင်းလုံးကို ပုံမှန်အတိုင်း အောက်သို့ နေရာချသည်။ ထို့နောက်တွင် သူက လျှိုကျင်းထံ ခေါင်းလှည့်ကာ လှမ်းပြောသည်။
“ကျုပ် အစီအရင်ရဲ့ အဟကို ရှာတွေ့မိပြီ ထင်တယ်…”
“ဘာ…မင်း အားနည်းချက်တစ်ခုကို ရှာတွေ့လိုက်ပြီလား…”
ဟန်လိ၏ စကားတို့က လူတိုင်းကို ကျေနပ်အံ့အားသင့်သွားစေသည်။ လျှိုကျင်းမှာလည်း အပျော်လွန်သွား၏။
(မှတ်ချက်…သင်္ကေတလေးခုမှာ မိုးပြာနဂါး၊ ကျားဖြူ၊ လိပ်နက်နှင့် ဟင်္သာငှက်တို့ကို ကိုယ်စားပြု ရည်ညွှန်းပေသည်။ )