← Chapters

ချင်းဝမ် ပြန်ပေါ်လာပြီ

Vol. 23 Ch. 318

ချင်းဝမ် ပြန်ပေါ်လာပြီ

Vol. 23 Ch. 318

“ထင်ထားသလိုပါပဲလား… ဟန်လိက သာမန်မဟုတ်ဘူးဘဲ။ ခုလောက်မြန်မြန်နဲ့ အားနည်းချက်ကို ရှာနိုင်ခဲ့တယ်။ အဲ့အားနည်းချက်ဟာ ဘာများလဲကွ…”

လျှိုကျင်းက ဟန်လိကို ချီးကျူးရင်း မေးသည်။ ဟန်လိက မသိမသာ ပြုံးကာ သလင်းလုံးကို ရုတ်တရက် လှမ်းကမ်းပေးသည်။

“အစ်ကိုသုံး…ဒီခရမ်းအလင်းစက်ဝန်းကို ကြည့်လိုက်ပါ။ ခင်ဗျား နားလည်သွားလိမ့်မယ်…”

ဟန်လိသည် တစ်နေရာထံ လက်ညွှန်ကာ ထိုသို့ ပြောသည်။

လျှိုကျင်းက သည်စကားကို ကြားသည့်အခါ သူသည် ၎င်းသလင်းလုံးကို သိချင်စိတ်ဖြင့် လှမ်းယူကာ သေချာကြည့်သည်။

သူသည် တချက်ကြည့်ပြီးနောက်မှာ လျှိုကျင်းက အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ ခဏ ကြာပြီးနောက်မှာ သူက သလင်းလုံးကို ဟန်လိထံ ပြန်ပေး၍ ခေါင်းငုံ့ကာ တကိုယ်တည်း တီးတိုးပြောဆိုသည်။

ထို့နောက်တွင် သူက ခေါင်းမော့၍ တခြားသူများကို ပြောလိုက်သည်။

“ဟန်လိရဲ့ စကားတွေက အမှန်ပါပဲ။ ဘာကြောင့်မှန်းမသိပေမဲ့ အဲ့နေရာရဲ့ စိတ်ဝိညာဉ်ချီလှိုင်းဟာ အများကြီး အားနည်းနေတယ်။ ကြည့်ရတာ ဒီအစီအရင်ကို အလျင်စလို ချခင်းလိုက်တာ ဖြစ်မယ်။ ဒါ့ကြောင့် ဒီအားနည်းချက် ပေါ်နေတာပဲ….”

လျှိုကျင်း၏အသံသည် ကျယ်သထက်ကျယ်လာသည်။ သူ့အသံ၌ ယုံကြည်မှုအပြည့်။

“ဒီတော့ စီနီယာအစ်ကိုလျှိုက ဘာများလုပ်ချင်လို့လဲ…” ချန်ချောင်ချန်၏ စီနီယာအစ်မတစ်ယောက်က ထိုသို့ မမေးမိဘဲ မနေနိုင်ဖြစ်ကာ လှမ်းမေးသည်။

“အဲ့အားနည်းချက်ကို အားလုံးစုပေါင်းတိုက်ခိုက်ကြမယ်။ မှော်စွမ်းအား သိပ်မသုံးရဘဲ ဒီအစီအရင်ကို ချိုးဖျက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ကျုပ် ယုံတယ်…”

လျှိုကျင်းသည် သေချာသည့်ဟန်ဖြင့် ပြောသည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့ မြန်မြန် လှုပ်ရှားကြတာပေါ့…” စုန့်မင်က ထိုစကားကို ကြားသည့်အခါ သူက ဆက်၍ မစောင့်နိုင်တော့ပေ။ သူသည် ချက်ခြင်းပင် လက်ပင့်မြှောက်ကာ သူ၏ အပြာရောင်ဓားကြီးဖြင့် ခုတ်ပိုင်းလေသည်။ လျှိုကျင်း၏ စကားများကို ကြားသည့်နောက်မှာ တခြားသူများလည်း စိတ်အားထက်သန်ကုန်သည်။

ဤသည်ကို မြင်သည့်အခါ လျှိုကျင်းလည်း ဆက်၍ နှေးဖင့်မနေတော့ဘဲ ချက်ခြင်း အော်ပြောလေသည်။

“ကောင်းပြီ။ ကျုပ်တို့ ဒီအစီအရင်ကို ချိုးဖျက်လိုက်ကြစို့၊ ရန်သူတွေကို တကွက်လောက် ပြလိုက်ကြရအောင်…”

ထိုသို့ ပြောပြီးပြီးခြင်း မှော်လက်နက်ဆယ်ခုကျော်ထံမှ အလင်းများ ဖြာထွက်ကာ အစီအရင်၏ အားနည်းချက်ထံ အကြမ်းပတမ်း တိုးဝင်ကုန်လေသည်။

အစီအရင်၏ အပြင်ဘက်တွင်မူ ရေခဲနတ်ဆိုးသည် စိတ်ပူပန်စွာဖြင့် အစီအရင်ကို အားဖြည့်တင်းရန် ကျောင်းတော်တပည့်များကို အမိန့်ပေးနေသည်။

မိစ္ဆာနက်ကျောင်းတော်သခင်သည် မဟာသွေးကျွန်လေးဘောက်ကို နန်းတော်အတွင်း စောင့်ကြပ်နေထိုင်ဖို့ တောင်းဆိုခဲ့သည့်အချိန်မှစ၍ သူတို့သည်လည်း နှစ်ယောက်တတွဲ တာဝန်ယူ စောင့်ကြပ်နေခဲ့သည်။ သို့သော် မူလတုန်းက သူနှင့်အတူ စောင့်နေသော ယဲ့ရှီးသည် သူ့ကျင့်ကြံမှုအဆင့် တိုးတက်တော့မည်ဟု ဆိုကာ ကျင့်ကြံဖို့အတွက် သွေးအကျဉ်းထောင်ထံ အပြေးအလွှားသွားခဲ့ပေသည်။ ရေခဲနတ်ဆိုးမှ လက်မခံချင်သော်လည်း သွေးကျွန်လေးယောက်၌ အရည်အချင်းရှိလှသော ယဲ့ရှီးကို ရန်မစလို၍ သူက မသိချင်ယောင် ဆောင်ပေးခဲ့ပေသည်။

သို့ဖြစ်၍ အခု ရန်သူများ ရောက်လာသည့်အခါ သူသည် တယောက်တည်း ဖြစ်ရချေပြီ။

ကံကောင်းသည်မှာ သူက ဖြတ်ထိုးဉာဏ်ကောင်းသွားခဲ့၍ပင်။

သူသည် စစချင်း သင်္ကေတလေးခုအစီအရင်ကို သုံး၍ ရန်သူတို့ကို ပိတ်လှောင်သည်။ ထို့နောက်တွင် တပည့်များကို တခြားမဟာသွေးကျွန်သုံးယောက်ကို အချိန်ဆွဲမနေဘဲ သွားခေါ်ခိုင်းသည်။

သူက ချီစုဆောင်းခြင်းသည်တပည့်အချို့နှင့် ရန်သူများကို ရင်ဆိုင်နိုင်မည်မဟုတ်မှန်း ကောင်းကောင်း သိသည်။ သို့သော် ကံကောင်းသည်မှာ ရန်သူသည် သင်္ကေတလေးခုအစီအရင်၌ ပိတ်မိနေခဲ့ကာ သူ့အတွက် အချိန်ပိုရစေလိမ့်မည်။

သူသည် နောက်ထပ် အချိန်တစ်ခုကြာအောင် ဆွဲထားနိုင်ပါက သူ့ရောင်းရင်းသုံးယောက်မှာ အချိန်မီ ရောက်လာမှာ သေချာသည်။ သူတို့လေးယောက် ပူးပေါင်းတိုက်ခိုက်လျှင် ရေခဲနတ်ဆိုးသည် ရန်သူတော်များကို လန့်နေ၊စိုးရိမ်နေတော့မည် မဟုတ်ပေ။

သူ ထိုသို့ တွေးနေရုံ ရှိသေး ကျယ်လောင်စွာ တုန်ဟည်းသံကို သင်္ကေတလေးခုအစီအရင်တွင်းမှ ထွက်ပေါ်လာတာ ကြားရလေသည်။

အစီအရင်အတွင်း၌ သိပ်သည်းသော အဖြူရောင်အခိုးအငွေ့များ လွင့်ပါးကာ အစီအရင်သည် ဖျက်စီးခံရလေတော့မည်။

“ဒါ ဘာဖြစ်တာလဲဟ၊ ဒီအစီအရင်ကို ခုလောက်မြန်မြန် ဖျက်စီးဖို့ဟာ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ မှားနေပြီ…”

ထိုမြင်ကွင်းကို မြင်သည့်အခါ အေးစက်ချီများဖြင့် ဖုံးကွယ်ထားသော သူ၏ ဖြူရောရောမျက်နှာမှာ အစိမ်းရောင်သို့ ပြောင်းသွားလေသည်။

“ဆရာရေခဲနတ်ဆိုး၊ ရန်သူတွေရဲ့ တုန့်ပြန်မှုက မြန်လွန်းတယ်။ ဒီအစီအရင်မှာ တာဝန်ယူနေတဲ့ တပည့်အချို့လည်း သေသွားပြီ။ ဒါ့ကြောင့် အစီအရင်ကို ထိန်းထားဖို့ မဖြစ်နိုင်တော့ဘူး။ ရန်သူက အားနည်းချက်အဟကို မြင်သွားတာ ဖြစ်နိုင်ပါတယ်…”

အနီးအနားရှိ မိစ္ဆာနက်ကျောင်းတော်တပည့်တစ်ယောက်က ဤသည်ကို မြင်သည့်အခါ အထက်ပါအတိုင်း ဂရုတစိုက် ရှင်းပြသည်။

ထိုစကားကို ကြားသည့်အခါ ရေခဲနတ်ဆိုးကား အလန့်တကြားနှင့် ဒေါသဖြစ်လာသည်။ သူက ထိုတပည့်ကို ဆူဆဲရန် ဟန်ပြင်စဉ် သူ၏နောက်မှ ညင်သာသောအသံတစ်သံကို ကြားရလေသည်။

“ရေခဲနတ်ဆိုး…ဘာတွေ ဖြစ်နေတာလဲ။ သင်္ကေတလေးခု အစီအရင်က ရန်သူတွေကို ထိန်းမထားနိုင်တော့တဲ့ ပုံပဲ…”

ယင်းအသံကို ကြားရသည်နှင့် ရေခဲနတ်ဆိုးသည် စိတ်အေးသွားမိသည်။

“ချင်းဝမ်…မင်း ဒီလောက်မြန်မြန် ရောက်လာတာ ကောင်းတယ်…”

ရေခဲနတ်ဆိုးမှာ သူ့ပျော်ရွှင်သွားတာကို မဖုံးဖိထားနိုင်တော့ပေ။ သူက နောက်သို့ ခေါင်းလှည့်ကာ ထိုသို့ ပြောသည်။ မည်သည့်အချိန်ကမှန်းမသိရလေဘဲ လူနှစ်ယောက်သည် သူနှင့် ဆယ့်ငါးမီတာအကွာတွင် ရောက်နေလေ၏။

သူတို့ထဲမှ တစ်ယောက်မှာ အသက်သုံးဆယ်ဝန်းကျင်ရှိမည်။ သူ့မျက်နှာကမူ သူလိုငါလိုသာ။ သူက မိုးပြာတာအိုဝတ်စုံကို ဝတ်ထားလျက် သင်္ကေတလေးခုအစီအရင်၏ ပြောင်းလဲမှု အခြေအနေကို အလေးအနက် ကြည့်နေလေသည်။

“ကျုပ်တို့ဆီ ဘယ်သူတွေ ကျူးကျော်လာတာလဲ။ ညီလေးယဲ့ရှီးကရော…ဘယ်ရောက်နေလဲ…”

ရောက်လာကြသော နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူ၊ ဦးခေါင်းပြောင်လူကြီး(ဝါ) ထိုက်လောက သွေးဆာသောဟန်ပန်ဖြင့် ထိုသို့ ပြောသည်။

“ယဲ့ရှီးက…”

သင်္ကေတလေးခုအစီအရင်၏ တုန်ခါမြည်ဟိန်းမှုက ရေခဲနတ်ဆိုး၏ စကားကို နှောက်ယှက်သွားလေသည်။ ထိုအစီအရင်၏ သိပ်သည်းသောအခိုးအငွေ့များ ပေါက်ကွဲထွက်ကာ လုံးဝ ကွယ်ပျောက်သွားပြီး ဟန်လိတို့အုပ်စု၏ ပုံရိပ်များ ပေါ်လာကြသည်။

ကျူးကျော်လာသူများ၏ အရေအတွက်နှင့် ကျင့်ကြံခြင်းအဆင့်များကို မြင်ရသည့်နောက်မျာ ချင်းဝမ်၏ အမူအရာသည် နောက်မှောင်သွား၏။ ထိုက်လောမှာလည်း အကြီးအကျယ် တုန်လှုပ်အံ့အားသင့်သွားသည်။

“ဟားဟား…မကောင်းဆိုးဝါးကျင့်ကြံသူတွေကများ ဒီအစီအရင် အစုတ်အပြတ်နဲ့ ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြးက ကျင့်ကြံသူတွေကို ပိတ်ထားနိုင်မယ်လို့ ထင်နေတာလား…”

စုန့်မင်သည် အေးစက်နန်းတော်ရှေ့သို့ ထပ်မံ ပေါ်လာသည့်အခါ သူကား စိတ်လှုပ်တရှားဖြင့် ထိုသို့ လှမ်းမအော်ဘဲ မနေနိုင် ဖြစ်ရသည်။

“အဝါရောင်မေပယ်တောင်ကြားလား…”

ချင်းဝမ်နှင့် တခြားနှစ်ယောက်မှာလည်း နည်းနည်းတော့ မင်သက်ကုန်သည်။ သို့ပေမည့် ခဏ စဉ်းစားပြီးနောက်မှာ သူတို့က ပုံမှန်ပြန်ဖြစ်သွားသည်။ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းကလွဲ၍ ယွဲ့ဒေသ၌ အခုလောက် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ အများအပြား ဘယ်အဖွဲ့အစည်းက ပိုင်ဆိုင်ထားလေမည်နည်း။

“မင်းတို့က ညအချိန်မှာ အင်ပါယာနန်းတော်ကို ဘာကြောင့် မုန်တိုင်းထန်စေတာလဲ။ မင်းတို့က စည်းကမ်းချက်ကို ဖောက်ဖျက်မှာ မစိုးရိမ်၊ မကြောက်လန့်ကြဘူးနဲ့ တူတယ်…”

လျှိုကျင်းတို့ စကားပြောလာမှုကို စောင့်မနေဘဲ ချင်းဝမ်က ထိုသို့ တည်ငြိမ်စွာ မေးသည်။

သူသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ တားမြစ်ချက်ကို သိထားပြီး ၎င်းအချက်ဖြင့် လျှိုကျင်းတို့အုပ်စုကို ဖြစ်ပေါ်လာမည့် အကျိုးဆက်အား လန့်သွားစေရန် အသုံးချကာ ပြောဆိုသည်။ လျှိုကျင်းက အေးတိအေးစက် လှောင်ပြောင်သည်။ သူ ပါးစပ်မဟခင်မှာပင် သူသည် ဦးခေါင်းပြောင်လူ(ဝါ) ထိုက်လောထံမှ အလန့်တကြားလှမ်းအော်သံကို ကြားရသည်။

“မင်းကို…မင်းက ဝါးတစ်ထောင်ကျောင်းတော်က မဟုတ်ဘူးလား။ မင်းအနေနဲ့ ဒီအဝါရောင်မေပယ်တောင်ကြားက ကျင့်ကြံသူတွေနဲ့ ဘယ်လိုလုပ် အတူတူ ရှိနေရတာလဲ…”

ထိုက်လောက သည်လူအုပ်ထဲ၌ ဟန်လိကို လှမ်းမြင်သည့်အခါ အံ့အားတသင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် ထိုသို့ မမေးမိဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။ သူ့စကားများကြောင့် ရန်သူများကိုကော၊ သူ့အပေါင်းအပါများကိုပါ မင်သက်သွားစေသည်။ ထိုအခိုက်မှာ အားလုံး၏အကြည့်က ဟန်လိထံ ကျရောက်လာသည်။

သည်အခါ တာအိုဝတ်စုံဖြင့် ချင်းဝမ်ဆိုသူမှာလည်း ဟန်လိကို ကောင်းကောင်းမှတ်မိသွားသည်။ သူ့မျက်နှာက ရှုံ့တွမိသွားလေ၏။ သူ့မျက်လုံးကိုသူ မယုံနိုင်ပါ ဖြစ်သွားရသည်။

“ကျုပ်က ဝါးတစ်ထောင်ကျောင်းတောက်ကသူလို့ ခင်ဗျားကို ဘယ်အချိန်တုန်းကများ ပြောခဲ့လို့လဲ…” ဟန်လိ၏ အေးစက်စက်အကြည့်က ဦးခေါင်းပြောင်လူထံ ကျရောက်လာ၏။ ထို့နောက်တွင်မူ သူ၏အကြည့်က တာအိုရသေ့ချင်းဝမ်ထံသို့ ရွှေ့ပြောင်းသည်။ ထိုက်နန်တောင်ကြားစုဝေး၌ ထိုနှစ်တုန်းက ချင်းဝမ်သည် ဟန်လိကို သူနှင့်အတူ ခရီးသွားဖို့ အတင်းအကြပ် ပြောခဲ့ဖူးသည်။ အံ့အားသင့်ဖို့ကောင်းစွာ ခုချိန်၌ ဟန်လိသည် သည်လူ့ကို သည်နေရာမှာ ပြန်လာတွေ့နေရသည်။

သို့ဖြစ်၍ ဟန်လိသည် အတိတ်တုန်းတည်းက သူ့၌ ရှိနေသော မေးခွန်းများ၏ အဖြေကို ရသွားခဲ့လေပြီ။ အတိတ်ကာလ ထိုစဉ်တုန်းက ချင်းဝမ်သည် အဆင့်နိမ့်ကျင့်ကြံသူများကို သူနှင့်အတူ ခရီးသွားဖို့ မည်သည့်အတွက်ကြောင့် များစွာအားစိုက်ထုတ်ခဲ့မှန်း၊ အဝါရောင်ဝတ်စုံနှင့်သူများက သူ့နောက်သို့ နောက်ယောင်ခံလိုက်ခဲ့ကာ မည်သည့်အတွက်ကြောင့် သတ်ဖို့ ကြိုးစားခဲ့မှန်း အခုအခါ၌ ဟန်လိသည် သဘောပေါက်သွားခဲ့လေပြီ။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားသည်နှင့် ဟန်လိသည် ဒေါသပုန်ထသွားသည်။ ချင်းဝမ်ကို သူ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်နေပြီ။

“အဓိပ္ပာယ်မရှိလိုက်တာ။ မင်းက ဝါးတစ်ထောင်ကျောင်းတော်ကသူ မဟုတ်ရင် မင်းက ဘယ်လိုလုပ် ရုပ်သေးပညာရပ်တွေကို အသုံးပြုနေနိုင်ရတာလဲ…”

ဦးခေါင်းပြောင်နှင့်လူသည် ဟန်လိ၏ အပြောကိုလက်မခံ၊ သူ့အထင်ကိုသာ ဆက်ပြောသည်။

“ဂျူနီယာညီလေးဟန် အဲ့ရုပ်သေးပညာရပ်ကို ဘာကြောင့် အသုံးပြုနိုင်မှန်း ကျုပ်တို့က မင်းကို ပြောပြရမှာလား။ လူတိုင်းပဲ တိုက်ခိုက်ကြတော့။ ဒီလူတွေ စကားနဲ့ အချိန်ဆွဲနေတာ။ သူတို့ ဖြစ်စေချင်သလို မဖြစ်စေနဲ့…”

လျှိုကျင်း၏ အမူအရာသည် နက်မှောင်သွားသည်။ သူက တင်းမာစွာဖြင့် ထိုသို့ ပြောလေသည်။

ထိုသို့ ပြောကာ သူက သူ့လက်ကို ဆန့်ထုတ်သည်။ ထိုအခါ ငွေရောင်အလင်းတန်းတစ်ခုသည် ရှေ့ဆုံးရှိ ရေခဲနတ်ဆိုးကို တိုက်ခိုက်လေ၏။

သည်စကားကို ကြားသည့်အခါ အဝါရောင်မေပယ်တောင်ကြားမှ တပည့်များသည် ရုတ်တရက် သဘောပေါက်ကာ ရန်သူများကို စိတ်ထဲကနေ ကျိန်ဆဲကြသည်။ ထို့နောက်တွင်တော့ သူတို့သည် နှေးဖင့်မနေတော့ဘဲ သူတို့၏ မှော်ပစ္စည်းများကို ထုတ်ကာ ချက်ခြင်း ပူးပေါင်းတိုက်ခိုက်ကြတော့သည်။

တာအိုရသေ့ချင်းဝမ်သည် ဟန်လိကို အစောပိုင်းတုန်းက ကြောင်ကြည့်နေစဉ် ဟန်လိက ချန်ချောင်ချန်၏ စီနီယာအစ်ကိုဝမ်နှင့်အတူ ချင်းဝမ်ကို ချုပ်နှောင်ရန် လက်ဦးမှုယူကာ စတိုက်ခိုက်တော့သည်။

မည်သည့်စကားမျှ မပြောလေဘဲ ဟန်လိသည် သူ့ခါးမှ သိုလှောင်အိတ်ကို ထိ၏။ အနီ၊အနက်၊ရွှေရောင်အလင်းတန်း ဆယ်ခုကျော်သည် ရန်သူ့ထံ ပေါက်ကွဲမှုအပြည့်ဖြင့် ထိုးနှက်သည်။

ဟန်လိသည် ချင်းဝမ်ကို စကားဖြင့် ပြောမနေ၊ သူက အတိတ်တချိန်တုန်းကနှင့် ပတ်သတ်ပြီး နည်းနည်းလေးမျှ ကျေနပ်မနေပေ။

ချင်းဝမ်နှင့် ထိုစီနီယာအစ်ကိုဝမ်တို့သည် ဟန်လိ ပြသလာသော ခွန်အားကို မြင်သည့်အခါ သူတို့နှစ်ယောက်လုံး၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲကုန်သည်။

စီနီယာအစ်ကိုယန်က ကျေနပ်အားရဟန် ဖြစ်ပေါ်သည်။ ဟန်လိကိုလည်း လှမ်း၍ ချီးကျူးလိုက်၏။ “ထင်ထားသလိုပါပဲလား။ ဟန်လိရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအမြောက်အများကို သတ်ခဲ့တဲ့ ကျွမ်းကျင်သူဆိုတဲ့ ဂုဏ်းသတင်းဟာ တကယ်မမှားဘူးပဲ။ ညီလေးဟန်က တကယ်ကို ထူးချွန်တာပဲ…”

တာအိုရသေ့ချင်းဝမ်ကမူ သတိအနေအထား ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်ကို မိုးပြာရောင်ချီအလွှာဖြင့် ခြုံလွှမ်းစေသည်။ ဟန်လိ၏ ရက်စက်လှသော တိုက်ကွက်များကို မြင်သည့်အခါ ဟန်လိက သူ့ကို သတ်ချင်နေမှန်း သိလိုက်သည်။ သူက သေဖို့ အကြောင်သား ထိုင်စောင့်နေမည်မဟုတ်တာတော့ သေချာသည်။

အလားတူပင် သူလည်း အပိုစကားများဆိုမနေ၊ သူ့လက်ကို တိုးဝင်လာသော မှော်ပစ္စည်းများထံ ဆန့်ထုတ်သည်။

သူ့လက်ကနေ မိုးပြာပုတီးစေ့ငါးစေ့ ပျံသန်းထွက်ကာ ချက်ခြင်းလက်ငင်းပင် သူ့ပတ်လည်တွင် ပဥ္စဂံပုံအသွင် ဖြစ်ပေါ်သည်။

ထို့နောက်တွင်မူ မိုးပြာအလင်းလင်းလက်ကာ တာအိုရသေ့ချင်းဝမ်သည် မိုးပြာမြူတိမ်များဖြင့် ခြုံလွှမ်းလျက် ပဥ္စဂံအရံအတားက သူ့ပတ်လည်၌ ပေါ်လာကာ သူ့အား အနီးကပ် ကာကွယ်ပေးသည်။

ဟန်လိ၏ ရွှေပိုးတောင်မာဓားသွားများ၊ နဂါးနက်ဆုပ်ကိုင်မှုလက်နက်နှင့် မီးတောက်ကြိုးခရင်းများသည် ချင်းဝမ်၏ အကာအရံကို ထိုးနှက်သည်။ ထိုအခါ မျက်စိကျိန်းစပ်လောက်အောင် အလင်းပေါက်ကွဲများ ဖြစ်ပေါ်သွားသည်။ အလင်းဖြာထွက်မှုက အဘက်ဘက်သို့ ပျံ့နှံ့သွားသော်လည်း ထူးခြားသော အကာအရံမှာ မထိမခိုက်ဘဲ ကျန်ခဲ့လေသည်။

“ဟန်လိ…ငါ့ရဲ့ မိုးပြာသစ်သားအစစ်အမှန်အကာအရံကို အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေကပဲ ချိုးဖျက်နိုင်တာ။ မင်းလို အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေက နည်းနည်းလေးတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးကွ။ မင်း လက်လျော့လိုက်တာ အကောင်းဆုံးပဲ…”

ချင်းဝမ်က မသိမသာ ပြုံးကာ ရုတ်တရက် ထိုသို့ ပြောလေသည်။

All Chapters