မဟာသွေးကျွန်လေးယောက်
Vol. 23 Ch. 319
“ မသေချာပါဘူး…” ဟန်လိက အေးတိအေးစက် ပြောသည်။
ထို့နောက်တွင်မူ သူက မန္တာန်လက်ဟန် ဖြစ်ပေါ်စေသည်။ မိုးပြာအကာအရံကို တိုက်ခိုက်နေသော သူ၏ မှော်ပစ္စည်းများသည် ကျယ်လောင်စွာ မြည်ဟိန်းသံ ပေးသည်။ ထို့နောက်တွင်မူ ကောင်းကင်သို့ ပျံသန်းတက်ကာ တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသည်။
ထိုမြင်ကွင်းကား ချင်းဝမ်ကို မင်သက်သွားစေသည်။ သူက ဟန်လိ ဘာလုပ်ချင်နေလဲ မသိ ဖြစ်ရသည်။ သို့ပေမည့် သူသည်လည်း အကင်းပါးလှသူ ဖြစ်ရာ ဟန်လိက သူ့မှော်ပစ္စည်းကို အလွယ်တကူ ချခင်းဖော်ထုတ်ဖို့ ခွင့်ပြုလေပါ့မည်နည်း။ သူ့လက်နှစ်ဖက်က ချက်ခြင်း တောက်ပလာပြီး လင်းလက်တောက်ပနေသော ရွှေရောင်လက်စွပ်တကွင်းစီကို ထုတ်လွှတ်သည်။ ယင်းလက်စွပ်တို့မှ သိပ်သည်းသော အေးစက်ချီကို လွှတ်နေသည်။ ယင်းတို့၏ အသွင်ဟန်ပန်ဖြင့်ပင် ထိုလက်စွပ်များမှာ သာမန်မဟုတ်လေမှန်း ပြောနိုင်သည်။
“သွား…”
ချင်းဝမ်က ယင်းလက်စွပ်များကို တစ်စက်လေးမျှ နှေးဖင့်မနေဘဲ ပစ်လွှတ်သည်။ ယင်းတို့သည် ရွှေရောင်အမြွှာအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဟန်လိထံ တိုက်ရိုက် တိုက်ခိုက်လာသည်။ ဟန်လိက သတိထားသွားသည်။ သူက အဖြူရောင်ကြေးခွံဒိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၏။
သို့ပေမည့် ထိုမှော်ပစ္စည်းများမှာ ပစ်မှတ် မရောက်လာခင်မှာပင် သုံးပေခန့်ရှိမည့် အစိမ်းရောင်အလင်းတန်းက ဘေးကနေ တိုးဝင်လာကာ ၎င်းရွှေရောင်အလင်းတို့ကို နှောက်ယှက်တိုက်ခိုက်သည်။
“မိစ္ဆာကောင် တာအိုရသေ့။ မင်းက ငါ့ကို မေ့သွားပြီလို့တော့ လာမပြောလေနဲ့…”
စီနီယာအစ်ကိုဝမ်က ဟန်လိကို တရင်းတနှီးဟန်ဖြင့် ပြုံးပြပြီး အစိမ်းရောင်အလင်းတန်းများကို ထိန်းချုပ်နေလေသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိလည်း စိတ်အေးသွားပြီး ပြန်ပြုံးပြသည်။
သို့သော် ချင်းဝမ်ကမူ သူတို့နှစ်ယောက်ကဲ့သို့ မတည်ငြိမ်နိုင်ပေ။ သူ့အမူအရာမှာ နက်မှောင်သွားသည်။ သူ့အကြည့်က နေရာတိုင်းထံ ဝေ့ခတ်ကျရောက်သွားသည်။
သူ မကြံတတ် ဖြစ်နေလေပြီ။ တကယ်တော့ မိုးပြာသစ်သားအစစ်အမှန်အကာအရံနှင့် ရွှေချုပ်နှောင်ခြင်းလက်စွပ်များကို သူ့အနေဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံ တခုလုံးနီးပါးကို အသုံးပြု၍ ထိန်းချုပ်နေခဲ့ရတာပင်။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို လေ့ကျင့်ထားသော ဟန်လိနှင့် မတူလေပေ။ မှော်ပစ္စည်းများစွာကို တချိန်တည်းမှာ ချော့မွေ့စွာ ထိန်းချုပ်နိုင်ခြင်း မရှိချေ။
သူ့၌ မှော်ပစ္စည်းတချို့ ထပ်ရှိနေသေးသော်လည်း ယင်းတို့ကို ပေါ့ပေါ့ပါးပါး အသုံးမပြုဝံ့ပေ။ မှော်ပစ္စည်းများအပေါ် ထိန်းချုပ်ဖို့ လူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံတခုလုံးကို အသုံးပြုခြင်းမှာ အလွန်အန္တရာယ်များလှသည် မဟုတ်လား။ ဘေးပတ်ဝန်းကျင်ကို သတိမူနိုင်စွမ်း ရှိတော့မည် မဟုတ်လေပေ။ ထို့အပြင် မှော်ပစ္စည်းဆယ်ခုကျော်ကို ထိန်းချုပ်တိုက်ခိုက်နိုင်သော ကျင့်ကြံသူများကိုလည်း မြင်ရခဲလှ၏။ ဟန်လိက ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ သည်မှော်ပစ္စည်းများက အစုံလိုက် ဖန်တီးထားခြင်းကြောင့်လည်း ပါသည်။ သူက မှော်ပစ္စည်းသုံးမျိုးပေါ်၌သာ တူညီသော မှော်စွမ်းအားကို စိုက်ထုတ်ထားရသည်။
သီးသန့်ဖြစ်နေသော ထိပ်တန်းမှော်ပစ္စည်းဆယ်ခုကျော်ကို ထိန်းချုပ်ရလျှင်မူ ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက ယင်းသို့ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးနိုင်ခဲ့လျှင်ပင် သူသည် ယင်းတို့ကို အသက်သွင်းဖို့ လုံလောက်သော မှော်စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။
မှော်ပစ္စည်းငါးခုကို ထောက်ပံ့ခြင်းမှာ ဟန်လိ၏ မှော်စွမ်းအား အကန့်အသတ် ဖြစ်လေသည်။ ထို့ကြောင့်လည်း ဟန်လိက အစံလိုက်ရှိသော မှော်လက်နက်ပစ္စည်းများကို အသုံးပြုရတာ ပိုသဘောကျသည်။ ယင်းတို့က သူ့ကို မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်စေနိုင်သည် မဟုတ်လား။
ယင်းအတွက်ကြောင့် ဟန်လိသည် ရွှေပိုးတောင်မာဓားသွားအုပ်၏ ကလေးငယ်ဓားသွားရှစ်ချောင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေတာ ဖြစ်သည်။ သူ့အနေဖြင့် ဓားသွားအားလုံးကို ထိန်းချုပ်နေရန်မလို၊ မိခင်ဓားသွားကိုသာ ထိန်းချုပ်ရုံဖြင့် ကလေးငယ်ဓားသွားများကို သူ့အလိုလို ထိန်းချုပ်ပြီး ဖြစ်သည်။ ၎င်းမှော်ပစ္စည်းအစုံ၏ အရင်က စွမ်းအားနှင့် အခုစွမ်းအားသည် မိုးနှင့်မြေကဲ့သို့ ကွာခြားသွားခဲ့လေပြီ။ အခု ဟန်လိက အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။
ချင်းဝမ်က တုန့်ပြန်ဖို့ တုံ့ဆိုင်းနေစဉ် ဟန်လိသည် သူ၏ မှော်ပညာရပ်ကို လက်စသပ်သည်။
“ဓားဘီလူးပညာရပ်…”
ဟန်လိက သည်စကားကို ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောသည်။
တအောင့်အကြာတွင် ချင်းဝမ်အပေါ်၌ ဟန်လိ၏ မှော်ပစ္စည်းများကာ တောက်ပသော အလင်းဖြာထွက်မှုတစ်ခုကို ထုတ်လွှတ်လာသည်။ သုံးရောင်စုံဖြစ်၏။ အနီ၊ အနက်၊ ရွှေရောင်အလင်းတန်းများ ရောထွေးယှက်လိမ်ကာ မီတာသုံးဆယ်ကျော်ရှိမည့် ဧရာမဓားအလင်းတန်းသည် လေထဲ၌ တဝီဝီပေါ်လာခဲ့ပြီ။
ထို ဓားဘီးလူးပညာရပ်မှာ သူ ရွှေရောင်စာအုပ်၌ ရေးသားထားခဲ့သော မိုးပြာဓားအနှစ်သာရကနေ သင်ယူခဲ့သော အရာ ဖြစ်လေသည်။ သူ၏ အခြေခံတည်ဆောက်ခြင်းကျင့်ကြံမှုဖြင့် အသုံးပြုနိုင်သော တစ်ခုတည်းသော ဓားထိန်းချုပ်ခြင်းပညာရပ်လည်း ဟုတ်သည်။ ၎င်း၏ခွန်အားကား သာမန်ထက် ထူးလှမည်မှာ သဘာဝပင်။
ချင်းဝမ်နှင့် စီနီယာအစ်ကိုဝမ်တို့သည် သူတို့၏ မှော်ပစ္စည်းများနှင့် တိုက်ခိုက်နေကြသော်လည်း နှစ်ယောက်လုံးထံမှ အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်ကုန်သည်။ ငတုံးတစ်ယောက်သည်ပင် ဟန်လိ၏ ပညာရပ်ကား မည်မျှ ပြင်းထန်အစွမ်းထက်မည်ကို ပြောနိုင်ပေလိမ့်မည်။
ချင်းဝမ်သည် စိတ်ထဲကနေ အဆက်မပြတ် အထွန့်တက်နေသည်။ သူက မှော်လက်စွပ်နှစ်ခုကို ချက်ခြင်း စွန့်လွှတ်သည်။ ထိုအစား သူသည် သူ့ခန္ဓာကိုယ်မှ တောက်ပသော ကြေးမုံတစ်ချပ်ကို အလျင်အမြန် ထုတ်ယူသည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် အေးစက်စက်အသွင်ဟန်ပန်ဖြင့် ဓားအလင်းကြီးထံ လက်ညွှန်သည်။ ဧရာမဓားကား ကောင်းကင်ယံမှ အသံတစ်စက်မှ မပေးလေဘဲ ကြမ်းတမ်းစွာ ခုတ်ပိုင်းလာခဲ့ပြီ။ ထိုတိုက်ကွဲကား လူတစ်ယောက်ထံမှ ခမ်းနားလွန်းစွာ ထွက်ပေါ်လာခဲ့လေပြီ။
ထိုသည်ကို မြင်သည့်အခါ စီနီယာအစ်ကိုဝမ်သည် သည်အခြေအနေကို အခွင့်ကောင်းယူကာ ချင်းဝမ်၏ ရွှေရောင်လက်စွပ်များကို ဖျက်စီးပစ်ဖို့ကိုပါ မေ့သွားခဲ့သည်။ ထိုအစား သူသည် ဧရာမဓားကြီး၏ မင်သက်ရှုမောဖွယ်ခွန်အားကိုသာ စိုက်ကြည့်မိနေသည်။
သူ့စိတ်ထဲ၌လည်း ထိုတိုက်ချက်ကို ခံနိုင်စွမ်း ရှိ၊မရှိ အတွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။
ထိုတိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်သော တာအိုရသေ့ချင်းဝမ်၏ အမူအရာသည် အလွန်အမင်း လေးနက်လာသည်။ သူက သူ့အထက်သို့ ကြေးမုံကို အလျင်စလို ပစ်သွင်းသည်။
ကြေးမုံက အလင်းအကာအရံထံ လျင်မြန်စွာ ပျံသန်းကာ သူ့အထက်၌ သုံးမီတာလောက်ရှိမည့် အဝါရောင်တိမ်တိုက်တစ်ခုကို ထုတ်လွှတ်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ကြီးမားသောဒိုင်းတစ်ခုအဖြစ်သို့ သိပ်သည်းကာ သူ၏အထက်၌ အဆက်မပြတ် လှည့်ပတ်သည်။
ဟန်လိက မန္တာန်လက်ဟန်တစ်ခု ဖန်တီးသည်။ ဓားအလင်းက ကျယ်လောင်စွာ ဟိန်းမြည်လျက် ပို၍ အံ့အားသင့်ဖွယ်ကောင်းသော ခွန်အားနှင့်အတူ ခုတ်ပိုင်းပြန်သည်။ ချက်ခြင်းပင် ကြေးမုံဒိုင်းထံ ဓားချက်က ရောက်လာခဲ့ပြန်ပြီ။
ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ဒိုင်းသည် သိပ်သည်းပြင်းထန်သော အဝါရောင်အလင်းတစ်ခု ဖြာထွက်သည်။ သို့သော် ဓားကြီး၏ ကြမ်းလှသော တိုက်ကွက်အောက်တွင် ၎င်းက ခဏသာ တောင့်ခံနိုင်ပါသည်။ ထို့နောက်တွင် အပိုင်းပိုင်း ဖြစ်သွားလေ၏။
ဓားအလင်းကို ဟန့်တားမှု ဘာမှ မရှိတောသည့်အခါ ၎င်းက မိုးပြာပဥ္စဂံအလင်းအကာအရံအပေါ် ဆက်၍ ခုတ်ပိုင်းလာသည်။
သည်ဧရာမဓား၏ အစွမ်းကို မြင်နေရသည့်အခါ ချင်းဝမ်၏ အမူအရာသည် နောက်ဆုံး၌ အလန့်တကြား ဖြစ်လေပြီ။
သူ၏လက်နှစ်ဖက်သည် မိုးပြာအလင်းနှင့် လင်းလက်တောက်ပသည်။ ထို့နောက်တွင်တော့ သူက အကာအရံ၏ဘေးနှစ်ဖက်ကို ဖိချသည်။ သူက သူ့စိတ်ဝိညာဉ်စွမ်းအား အားလုံးကို မိုးပြာသစ်သားအကာအရံထံ သွန်းလောင်းကာ ၎င်း၏ ခုခံမှုစွမ်းအားကို မြှင့်တင်သည်။
ဧရာမဓားထံမှ သုံးရောင်စုံအလင်းက မိုးပြာအလင်းကို ထိုးနှက်လေသည်။ ထိုအခါ ၎င်းအလင်းအရံအတားသည် အက်သံ ထွက်ပေါ်လာသည်။ ချင်းဝမ်သည် ကြံမိကြံရာဖြင့် အကူအညီတောင်းခံကာ မိုးပြာသစ်သားအစစ်အမှန်အကာအရံသည် အလင်းဓားကြီး၏ ကျဆင်းလာသော ခုတ်ပိုင်းချက်ကို တောင့်ခံနိုင်ရန် ကြိုးစာားသည်။
ထိုအချိန်တွင် ဟန်လိက သူ၏မှော်ပညာရပ်များကို လျက်မြန်သွက်လက်စွာ အသက်သွင်းသည်။ သူသည် ဧရာမဓားက အလင်းအကာအရံကို ချိုးဖျက်ကာ အတိတ်တုန်းက သူ့ကို သစ္စာဖောက်၍ သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသော ချင်းဝမ်ကို သတ်ပစ်ချင်နေသည်။ တဖက်တွင်မူ ချင်းဝမ်ကလည်း သူ့စိတ်ဝိညာဉ်စွမ်းအားကို အလင်းအကာအရံထဲ အဆက်မပြတ် သွန်းလောင်းကာ ဓား၏ခွန်အား ကုန်ခမ်းစေရန်နှင့် သူ အသက်ရှင်နိုင်ရန် ကြိုးစားနေသည်။
ယင်းအခိုက်တွင် စီနီယာအစ်ကိုဝမ်သည် နောက်ဆုံး၌ အသိပြန်ဝင်လာပြီး ရွှေရောင်လက်စွပ်နှစ်ခုကို အလွယ်တကူပင် အလျင်အမြန် ဖျက်စီးသည်။ ထို့နောက်တွင် သူက သူ၏ အလင်းတန်းသုံးခုကို ချင်းဝမ်ထံ တိုးဝင်သွားစေဖို့ အမိန့်ပေးသည်။ ဟန်လိနှင့် ချင်းဝမ်တို့သည် သူတင်ငါတင် ဖြစ်နေမှန်း သူ ကောင်းကောင်း သဘောပေါက်သည်။ သူသာ နည်းနည်းလောက် ကူညီပေးခဲ့လျှင် နောက်ဆုံး၌ ရန်သူကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။ ထိုအခါကျလျှင် အချိန်ရောက်လာသည့်အခါ သည်သွေးကျွန်၏ ရတနာများအတွက် ဝေစုတစ်ခုကို သူ ရလိမ့်မည်သာ။
ထိုအတွေးဖြင့် သူ့စိတ်က လောင်မြိုက်လာသည်။
သို့သော် စီနီယာအစ်ကိုဝမ်က စိတ်ကူးယဉ်နေစဉ်တွင် ချင်းဝမ်၏ အမူအရာကမူ အကြီးအကျယ် ပြောင်းလဲသည်။ အဝါရောင်အလင်းတန်းတစ်ခုက ချင်းဝမ်ထံ လျှပ်စီးနှယ် အမြန်နှုန်းဖြင့် တိုးဝင်လာသည်။ ချက်ခြင်းလက်ငင်း သူကား မူလနေရာကနေ ပျောက်ကွယ်သွားတော့သည်။ ထိုအခါ ဟန်လိ၏ သုံးရောင်စုံဓားအလင်းက မြေပြင်သို့ ထိုးနှက်ကာ သုံးမီတာလောက်ရှိသည့် တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ကျန်ခဲ့စေသည်။ စီနီယာအစ်ကိုဝမ်၏ အစိမ်းရောင်အလင်းတန်းသုံးခုဖြင့် တိုက်ခိုက်မှုမှာလည်း ၎င်း၏ ပစ်မှတ်ကို လွဲချော်သွားခဲ့သည်သာ။ သူလည်း အဝါရောင်အလင်းတန်း ထွက်ပေါ်လာသော အရပ်ထံ အလန့်တကြား၊ ဒေါသတကြီးဖြင့် လှမ်းကြည့်သည်။
ထင်သည့်အတိုင်းပင်။ တာအိုရသေ့ချင်းဝမ်၏ အလင်းအကာအရံက မီတာတစ်ရာကျော်နီးပါးမှာ ပြန်ပေါ်လာသည်။ သူ့ဘေးတွင် အဝါရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်က ပျင်းရိပျင်းတွဲဟန်ဖြင့် ရပ်နေသည်။ သူက စီနီယာအစ်ကိုဝမ်ကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
“ဒီလူက ငါ့အသက်ကို အရင်တုန်းက တကြိမ် ကယ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် ကျုပ်က သူ့ကို အလွယ်တကူ အသက်သေခွင့် ပေးနိုင်မှာ မဟုတ်ဘူး…”
ထိုသို့ ပြောပြီးနောက်မှာ သူက တဟားဟား ရယ်၍ ဟန်လိကို ပြုံး၍ လှမ်းကြည့်သည်။
“အစ်ကိုဟန်…ကျုပ်တို့ ဒီကနေ့ ပြန်တွေ့ရလိမ့်မယ်လို့ တကယ်ပဲ မထင်ထားမိဘူး။ ဝူကျူးကျစ်က လေးစားမှု ပေးပါတယ်…”
အခု ပေါ်လာသောသူမှာ ထိုနှစ်က ထိုက်နန်စုဝေးပွဲသို့ တက်ရောက်ခဲ့သော ဟန်လိကို ခါးပိုက်နှိုက်ရန် ကြိုးစားခဲ့သော လူငယ်ကျင့်ကြံသူ ဝူကျူးကျစ် ဖြစ်နေသည်။ သို့ပေမည့် ခုချိန်တွင်မူ သူ၏ခန္ဓာကိုယ်ထံမှ ထူးခြားသောအဝါရောင်အလင်းတစ်ခု မသိမသာ ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်သို့ ရောက်နေလေပြီ။
(မှတ်ချက်…အတိတ်တုန်းက ဝူကျူးကျစ်နှင့် ဟန်လိတို့သည် တွေ့ဆုံခဲ့ဖူးသည်။ ထိုအကြောင်းကို အပိုင်း(၁၃၃)တွင် ပြန်ဖတ်ကြည့်နိုင်ပါသည်။ )
“ကျူးကျစ်…ကျုပ်တို့က ဒီလူနဲ့ လမ်းစဉ်မတူတော့ဘူး။ မင်း ဘာကြောင့် ခုလောက်ထိ စကားအများကြီး ပြောနေရတာလဲ။ မင်း ရောက်လာမှတော့ ကျုပ်တို့လေးယောက် အခုဆို စုပေါင်းတိုက်ခိုက်နိုင်ပြီ…”
တာအိုသခင်ချင်းဝမ်သည် သူ၏ အထိတ်တလန့်အသွင်ဟန်ပန်ကို ပြန်ရုတ်ကာ ဟန်လိကို မကျေမချမ်းဖြင့် လှမ်းကြည့်သည်။
ဝူကျူးကျစ်က ဤစကားကို ကြားသည့်အခါ သူက သက်ပြင်းချသည်။ သူက ဟန်လိနှင့် စကားထပ် မဆိုလေတော့ပေ။ ချင်းဝမ်က ဤသည်ကို မြင်သည်နှင့် ရုတ်တရက် လေချွန်သံ ပြုသည်။
ထိုက်လောနှင့် ရေခဲနတ်ဆိုးတို့မှာ သူ့လေချွန်သံကို ကြားသည်။ ထိုအခါ သူတို့က ကျေနပ်အားရဟန်အသွင် ဖြစ်ပေါ်ကုန်သည်။ သူတို့က ချက်ခြင်းပင် အဝါရောင်မေပယ်တောင်ကြား၏ စုပေါင်းတိုက်ခိုက်နေခြင်းကနေ ခုန်ထွက်ကာ ချင်းဝမ်နှင့် ဝူကျူးကျစ်တို့ထံ ပျံသန်းလာကြသည်။
“ဘာဖြစ်ကုန်တာလဲ။ နောက်တစ်ယောက် ပေါ်လာပြန်ပြီလား။ ပြဿနာပဲ…”
လျှိုကျင်းက ဝူကျူးကျစ် ရုတ်တရက် ပေါ်လာတာကို မြင်သည့်အခါ သူက တိုက်ပွဲအခြေအနေသည် သူတို့ဘက်မှ အရေးအရမ်းမသွာတော့မှန်း သဘောပေါက်သွားပြီး မျက်မှောင်ကြုံ့မိသည်။
ခုချိန်၌ သာမန်ထက်ထူးကဲသော သွေးကျွန်လေးယောက်သည် တပေါင်းတစည်းတည်း ဖြစ်ကုန်ပြီ။ လျှိုကျင်းတို့အတွက် အခြေအနေက ပိုခက်ခဲလာတာ သိသာသည်။ သူတို့ငါးယောက်အုပ်စုနှင့် သွေးကျွန်နှစ်ယောက်တို့ကို အစောပိုင်းတုန်းက တိုက်ခိုက်ခဲ့တုန်းက သူတို့သည် ထိုနှစ်ယောက်တည်းမှ တစ်ယောက်ကိုမှ ဒဏ်ရာ ရအောင် မလုပ်နိုင်ခဲ့ပေ။ အရေအတွက်အသာစီးဖြင့် သူတို့က အသာစီးကနေ တိုက်ခိုက်နိုင်လောက်မည်သာ။
ထိုသို့တွေးကာ လျှိုကျင်းသည် ဟန်လိနှင့် စီနီယာအစ်ကိုဝမ်တို့ကို လှမ်းခေါ်သည်။
ဟန်လိသည် ခုမှ ပေါ်လာသော ဝူကျူးကျစ်ကို ကြည့်ကာ သူ့စိတ်ထဲ၌ တမျိုးတမည် ခံစားမိသည်။ ထိုနှစ်တုန်းက သူသည် သည်ထူးခြားကာ တက်တက်ကြွကြွရှိသော လူငယ်လေးအပေါ် အမြင်ကောင်း ရှိခဲ့ဖူးသည်။ သို့သော် နတ်ဘုရားများကား လူသားများကို အရူးလုပ်တတ်သည် မဟုတ်လား။ အခုဆို သူတို့နှစ်ယောက်သည် အသေအကြေတိုက်ခိုက်ရုံကလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ပေ။
“နတ်ဆိုးအသွင်ပြောင်းလဲခြင်း…”
ချင်းဝမ်နှင့် တခြားသော သွေးကျွန်များက သူတို့၏ ပုံမှန်အနေအထားကိုသာ မှီခိုနေပါက ဟန်လိတို့အုပ်စုကို အနိုင်မရနိုင်မှန်း ကောင်းကောင်း သိကြသည်ပင်။ သူတို့က နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရတာ မဟုတ်လား။
ချင်းဝမ်၏ အေးတိအေးစက် ပြောကြားချက်နှင့်အတူ သူတို့၏ခန္ဓာကိုယ်များမှ သွေးနီရောင် ဖြာထွက်လာသည်။ ထို့နောက်တွင်တော့ သူတို့သည် သွေးနီရောင်အလင်းပိုးအိမ်များအဖြစ်သို့ အသွင်ပြောင်းလဲကာ သူတို့၏ နတ်ဆိုးအသွင်ပြောင်းလဲခြင်း စတင်လေသည်။ သူတို့က ဟန်လိတို့အုပ်စုကို တချိတည်းဖြင့် အမြစ်ဖျက်ရန် ကြံစည်ထားကြသည်။