← Chapters

ကျိုးပျက်သွားသော ပိုးအိမ်

Vol. 23 Ch. 320

ကျိုးပျက်သွားသော ပိုးအိမ်

Vol. 23 Ch. 320

အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ သွေးကျွန်များ၏ နတ်ဆိုးအသွင်ပြောင်းလဲခြင်းနှင့် ပတ်သတ်၍ ဟန်လိ ပြောပြဖူးထားတာကို ပြန်အမှတ်ရသွားကြသည်။ သူတို့အားလုံးသည် သူတို့၏ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်အတွင်း သွေးကျွန်များသည် လွယ်ကူသောပစ်မှတ်များ ဖြစ်နေမှန်း သိရှိကြသည်။ သို့ဖြစ်၍ သူတို့က မှော်ပစ္စည်းများနှင့် မှော်ပညာရပ်များဖြင့် ခုခံနိုင်စွမ်းမဲ့နေသော အလင်းပိုးအိမ်လေးခုထံ ထိုးနှက်တိုက်ခိုက်သည်။ သူတို့က သည်အခွင့်အရေးကို လက်လွှတ်မခံကြမှာ သဘာဝပင်။

ကံမကောင်းစွာဖြင့် ဟန်လိသည် သူတို့တို့ကို ပြောခဲ့သည်မှာ ယင်းအလင်းစက်ဝန်းများမှာ အလွန်မာကြောသည် ဟူ၍ပင်။ အပြင်းအထန်တိုက်ခိုက်မှု မုန်တိုင်းများကြောင့်လည်း ယင်းပိုးအိမ်များမှ မထိမခိုက်သွားပေ။ ထိုအခါ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် မျက်နှာပျက်ကုန်သည်။

“လူတိုင်းပဲ…မင်းတို့မှာ နောက်ဆုံးဝှက်ဖဲတွေရှိရင် အသုံးပြုကြ။ ထိန်ချန်မထားကြနဲ့။ ခုချိန် အသုံးမပြုရင် သူတို့ ပိုးအိမ်ထဲကနေ ထွက်လာခဲ့ရင် ကျုပ်တို့အတွက် ရင်ဆိုင်ရ အင်မတန်ခက်သွားနိုင်တယ်…”

ထိုသို့ပြောကာ လျှိုကျင်းသည် သူ ထုတ်ထားသော မှော်လက်နက်များကို ပြန်သိမ်းသည်။ သူက ရွှေရောင်အဆောင်တစ်ခုကို ထုတ်ယူ၍ သူ့လက်နှစ်ဖက်ကြားသို့ ဖိချသည်။ သူက ဆန်းကြယ်သော မန္တာန်စာသားတစ်ခုကို စတင်ရေရွတ်သည်။ ထိုအခါ ယင်းအဆောင်မှာ ပို၍ပို၍ ရွှေရောင်လင်းထိန်းလာသည်။

ဟန်လိသည် ထိုအဆောင်၏ အဆင့်ကို မသိသော်လည်း ၎င်းကို မြင်သည်နှင့် သတိထားမိသွားသည်။ လျှိုကျင်းကဲ့သို့ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ၎င်းကို အသက်သွင်းဖို့ မန္တာန်ရေရွတ်ရန် လိုအပ်နေမှတော့ ဤသည်မှာ ယင်းအဆောင်က သာမန်မဟုတ်လေဟု ဆိုလိုနေသည်။

တခြားသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ သူတို့၏ ထိန်ချန်ထားသော စွမ်းရည်များကို ပြသလာခဲ့လေပြီ။

ယင်းတို့ကြား၌ မျက်စိဖမ်းစားနိုင်ဆုံးမှာ စုန့်မင်နှင့် ချန်ချောင်ချန်၏ စီနီယာအစ်မတို့၏ မှော်ပစ္စည်းများပင်။ သူတို့နှစ်ယောက်လုံးသည် ရတနာအဆောင်ကို ထုတ်ယူကာ ယင်းတို့ကို အသက်သွင်းဖို့ ချက်ခြင်း ထိုင်ချလိုက်ကြသည်။ အပြာနှင့်မီးခိုးအလင်းများက သူတို့၏ ရတနာအဆောင်များကနေ ဖြာထွက်လာသည်။ တခြားသူများသည်ပင် သူတို့ကို မနာလိုအားကျစွာ ကြည့်မိကုန်သည်။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအတွက်လည်း ရတနာအဆောင်းများကို ရဖို့မှာ သိပ်မလွယ်လှပါ။ သူတို့၏နောက်၌ ဂိုဏ်းကြီးတစ်ခု ရှိနေခဲ့လျှင်ပင် ထိုသို့သာ ဖြစ်၏။ သူတို့သည် သူတို့စီနီယာများ၏ သဘောကျခြင်းကို ခံရမှသာ ထိုသို့သော ရတနာအဆောင်များ ပေးအပ်တာကို ခံရနိုင်တာ ဖြစ်သည်။ မဟုတ်ပါက သူတို့၏ ကြွယ်ဝမှု၊အဆင့်အတန်းများနှင့် ထိုကဲ့သို့သော ရတနာများကို မည်သို့ရနိုင်ပါ့မည်နည်း။

တခြားသူများသည်လည်း သူတို့၏ ခွန်အားကို ပြသလေ၏။ သူတို့သည် အထင်ကြီးဖွယ် မှော်ပညာရပ်များ သို့မဟုတ် အံ့အားသင့်ဖွယ် မှော်ပစ္စည်းများကို အသုံးပြုလာကြသည်။ သည့်အတွက်ကြောင့် ကောင်းကင်ထက်တွင် လင်းထင်းကုန်ပြီ။

ဟန်လိက သူ၏ ရတနာအဆောင်ကိုလည်း အသုံးမပြု၊ ဓားဘီးလူးပညာရပ်ကိုလည်း အသုံးမပြုပေ။ ထိုအစား သူက သူ့အတွက် စွမ်းအား အသက်သာဆုံးနှင့် ထိရောက်လှသော နည်းလမ်းတစ်ခုကိုသာ အသုံးပြုရန် ရွေးချယ်သည်။ သူက လက်နှစ်ဖက်ကို ဝေ့ယမ်း၏။ ထိုအခါ လေးလံသောအရာများက သူ့ရှေ့ မြေပြင်ထက်သို့ ကျလာခဲ့သည်။ ၎င်းတို့မှာ သူ၏ ရုပ်သေးသားရဲများထဲမှ လေးယောက် ဖြစ်လေသည်။

ထိုရုပ်သေးသားရဲများက သူတို့၏ ရေခဲတမျှ အေးစက်လှသော မျက်လုံးများကို ဖွင့်လာပြီး အလင်းတန်းများစွာကို ပစ်လွှတ်လေသည်။ ဟန်လိက သူတို့၏နောက်မှာ ရပ်နေသည်။ သူက သည်အခြေအနေကို အခွင့်ကောင်းယူကာ ပြီးခဲ့သောညတွင် သူ အသုံးပြုခဲ့ရသော မှော်စွမ်းအားကို အားဖြည့်နေ၏။

သူသည် မိစ္ဆာနက်ကျောင်းတော်သခင်နှင့် မကြုံရသေးခင် သူ၏ စွမ်းအားကုန်ကို အသုံးပြုကာ သူ့မှော်စွမ်းအားများ မကုန်ခမ်းချင်သူ မဟုတ်လား။

သူက လာမည့်တိုက်ပွဲအတွက် သူ့မှော်စွမ်းအားကို ကြိုတင်၍ ထိန်းသိမ်းထားရန် ရည်ရွယ်ထားသည်။ သူ့မှာ ဝှက်ဖဲအချို့လည်း ရှိနေသေး၏။ သို့သော် သူက အချိန်မကျခင် ယင်းတို့ကို ဖော်ပြလိမ့်မည် မဟုတ်ပေ။

ရုပ်သေးသားရဲများ ထွက်ပေါ်လာခြင်းက တခြားသူများကိုလည်း အံ့အားသင့်စေကုန်သည်။ သို့သော် သူတို့က သူတို့ကိစ္စကိုယ်သာ ချက်ခြင်း အာရုံပြန်စိုက်ကြသည်။

တကယ်တော့လည်း လူတစ်ယောက် အသုံးပြုသော မှော်ပညာရပ်များမှာ သူ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များသာ။ မည်သူကမျှ အလိုက်ကန်းဆိုးမသိဘဲ မေးနေမည် မဟုတ်ပေ။

ရုပ်သေးပညာရပ်၏ ဇာစ်မြစ်ကို သိကြသော သူများကမူ ဟန်လိက ၎င်းပညာရပ်ကို လီဟွာယွမ်ထံမှ တောင်းဆိုထားသည်ဟု ထင်ကြသည်။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ဝါးတစ်ထောင်ကျောင်းတော်မှ ကျင့်ကြံသူများစွာကို သတ်ခဲ့၍ ထိုကျောင်းတော်မှ ပညာရပ်အနည်းငယ်ကို ရခဲ့သည့်အပေါ် မှန်းဆကြည့်ရန် မခက်လှပေ။ ဤသို့ဖြင့် တခြားသူများသည် ဟန်လိ၏ ရုပ်သေးသားရဲများအပေါ် အများဆုံးမှ သိချင်စိတ်သာ ဖြစ်မိကြသည်။

သည်အခိုက်တွင်မူ လျှိုကျင်း၏ ရွှေရောင်အဆောင်မှာ အသက်ဝင်သွားခဲ့ပြီ။ အလင်းများ တုန်ခါလာသည်။ ၎င်းက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ သွေးနီအလင်းပိုးအိမ်များထံ ပျံသန်းလာခဲ့သည်။

ပေါက်ကွဲသံတစ်သံ ဟိန်းထွက်လာသည်။ ရွှေရောင်အလင်းက ကောင်းကင်ထက်တွင် တလက်လက် ပြည့်နှက်မြောလွင့်နေသော နှင်းမုန်တိုင်းတစ်ခုကို ဖန်တီးသည်။ ထိုကဲ့သို့ တောက်ပကျိန်းစပ်ဖွယ်မြင်ကွင်းသည် အိပ်မက်တစ်ခုနှယ်။

သို့ပေမည့် ထိုကဲ့သို့ လှပသော မြင်ကွင်း၌ အလွန်တရာဝမ်းနည်းဖွယ်ကောင်းလှသော သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်ထားသည်။ ထိုမြင်ကွင်းဖြစ်ပေါ်နေစဉ် လျှိုကျင်းသည် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအခါ ကောင်းကင်ထက်ရှိ နှင်းအလင်းစက်များသည် ထူးခြားစွာ အသွင်ပြောင်းသည်။ တဖြည်းဖြည်း ကြုံ့ကာ ပြန့်ကားလာပြီးနောက် နောက်ဆုံး၌ ယင်းတို့သည် ရွှေရောင်ဓားငယ်များအသွင် ဖွဲ့စည်းသွားသည်။ ထိုဓားငယ်များမှာ တစ်လက်မမျှသာ ရှိသော်လည်း တစ်ချောင်းစီသည် ချိန်းခြောက်နိုင်သော အေးစက်မှုနှင့် ပြည့်နှက်နေသည်။

“ဓားသွားတစ်ထောင် ပညာရပ်…”

လျှိုကျင်းက ထိုသို့ ခပ်တိုးတိုး ရေရွတ်လေ၏။

လူတိုင်းသည် ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ ရတနာအဆောင်များကို အသက်သွင်းခြင်းအပေါ် အာရုံစိုက်နေကြသော နှစ်ယောက်ကလွဲ၍ ကျန်သူများမှာ မင်သက်ကုန်သည်။

သတ္တုဒြပ်မှော်ပညာရပ်များသည် ဒြပ်စင်ငါးခု၌ အရှားဆုံး ဖြစ်၏။ ရွှေချပ်ဝတ်ပညာရပ်၊ သို့မဟုတ် သံကြေးခွံပညာရပ်ကဲ့သို့ ခုခံမှုတွင် အသုံးများလေ့ ရှိသည်။ လျှိုကျင်း၏ သည်တိုက်ခိုက်မှုကမူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဟန်လိနှင့် တခြားသူများကို ပါးစပ်အဟောင်းသား ဖြစ်စေကုန်သည်။ သူတို့၏ လှုပ်ရှားတိုက်ခိုက်မှုများပါ အရှိန်လျော့ကျကုန်ကာ သည်အံ့ဖွယ်ထူခြားလှသော မန္တာန်ကို စောင့်ကြည့်ချင်ကုန်သည်။

ထောင်ချီသော တောက်ပသည့် ဓားငယ်များသည် သွေးနီအလင်းပိုးအိမ်များ၏ အထက်သို့ ရောက်လာပြီး ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေသည်။

ထို့နောက်တွင်မူ လျှိုကျင်းက အသက်သွင်းမန္တာန်ကို ရေရွတ်သည်။ ထိုအခါ ယင်းဓားငယ်များသည် သွေးနီအလင်းပိုးအိမ်များထံ မိုးရွာချသကဲ့သို ထိုးစိုက်၊ထိုးနှက်လာချေသည်။ ဖောင်းဖောင်း…။

ခပ်အုတ်အုတ်အသံများကို လူတိုင်း ကြားလိုက်ရသည်။ အလင်းများ အဘက်ဘက်သို့ ဖြာထွက်ကုန်သည်။ တခြားသူများ၏ တိုက်ခိုက်မှုအောက်တွင် သည်အလင်းပိုးအိမ်များမှာ မည်သို့မျှ ပြောင်းလဲမှု မဖြစ်ခဲ့ပေ။ သို့သော် လျှိုကျင်း၏ ကြမ်းလှသော တိုက်ခိုက်မှုအောက်တွင်မူ ၎င်းပိုးအိမ်များသည် တဖြည်းဖြည်းချင်း ဖောင်းပွလာသည်။

ဤသည်ကို မြင်သည့်အခါ လျှိုကျင်းသည် ပျော်ရွှင်မှုကိုလည်း မခံစားရ၊ စိုးရိမ်မှုလည်း မဖြစ်ပေါ်ပေ။ သူ၏ တိုက်ခိုက်မှုများက အလင်းပိုးအိမ်များကို ပြောင်းလဲသွားစေသည် ဖြစ်၍ သက်ရောက်မှု ရှိနေသည် မဟုတ်လား။ သူသာ သူ၏တိုက်ခိုက်မှုများစွမ်းအားကို တိုးတက်စေခဲ့လျှင် ၎င်းသွေးအလင်းပိုးအိမ်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်တွင် ဓားငယ်တစ်ဝက်ကျော်သည် ပြုတ်ကျသွားကာ ပိုးအိမ်များက အနီရောင်တောက်ပနေဆဲ ရှိကျန်ခဲ့ပေသည်။ ယင်းတို့က သည်တိုက်ခိုက်မှုကို ကိုင်တွယ်နိုင်ခဲ့သည့်အလား။

“အစ်ကိုလျှို…ကျနော့်ကို တိုက်ခွင့်ပြုပါ…”

စုန့်မင်က ကျယ်လောင်စွာ လှမ်းအော်သည်။

သူ၏လက်ထဲရှိ မီးခိုးရောင်အဆောင်မှာ အရှည်တစ်မီတာရှိ မီးခိုးရောင်လှံအဖြစ်သို့ ပြောင်းလဲနေလေပြီ။

“ဘယ်ဘက်ခြမ်းက သွေးကျွန်ကို ရှင်းပစ်မယ်။ ကျုပ်တို့ရဲ့ တိုက်ခိုက်မှုတွေကို မပြန့်ကြဲသွားစေနဲ့…”

စုန့်မင်သည် သူ၏ ရတနာအဆောင်က ထိုသို့ သိပ်သည်းလာခဲ့ပြီကို မြင်သည့်အခါ သူ့ပျော်ရွှင်မှုကို မဖိနှိပ်ထားနိုင်ဘဲ ပြောလာသည်။

တအောင့်အကြာတွင် သူက ခုထိ ပြုတ်မကျသွားသေးသော ဓားငယ်များထံ လက်ညွှန်သည်။ ရုတ်တရက် ထိုရွှေရောင်ဓားငယ်များသည် ရေခဲနတ်ဆိုး၏ သွေးပိုးအိမ်ထံ တရစပ် ကျရောက်သွားလေသည်။

တုန်ခါမြည်ဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာခြင်းနှင့်အတူ ထိုသွေးနီရောင်ပိုးအိမ်သည် သိသိသာသာ တုန်ခါလာသည်။

ဤသည်ကိုမြင်သည့်အခါ တခြားသူများကလည်း သူတို့၏ မှော်ပညာရပ်များနှင့် မှော်လက်နက်များကို အသုံးပြု၍ ပူးပေါင်းတိုက်ခိုက်ကြသည်။ စုန့်မင်သည်လည်း သူ၏ မီးခိုးရောင်လှံကို စေလွှတ်သည်။ ၎င်းက စူးရှသောမြည်သံကို ပေးကာ ရှေ့သို့ တိုးဝင်သွားသည်။

ဓားသွားတစ်ထောင်နည်းပညာနှင့် တခြားသူများ၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် ထိုကဲ့သို့ မတည်မငြိမ်ဖြစ်သွားပြီးသော ပိုးအိမ်၏ ကျန်နေသော အပါလွှားထံ တိုးဝင်တိုက်ခိုက်လာလေသည်။ ထိုပိုးအိမ်၏ အတွင်းရှိ အရိပ်ကိုပါ ခပ်ရေးရေး မြင်နေရသည်။ နောက်ဆုံးတွင်မူ မီးခိုးရောင်လှံက ၎င်းကို ထွင်းဖောက်သွားခဲ့ပြီ။ ထိုအခါ လူတိုင်း၏နားထဲ၌ ဒေါသတကြီးအော်ဟစ်သံ ပဲ့တင်ထပ်သွားသည်။ ထက်ရှသော သလင်းကဲ့သို့ လက်သည်းနှစ်ခုသည် သွေးအလင်းတန်းထံမှ ရုတ်တရက် ပေါ်လာပြီး ကျန်သည့် သွေးအလင်းပိုးအိမ်အမျှင်များကို ချက်ခြင်း ဆုတ်ဖြဲသည်။ ထိုအခါ အတွင်းရှိ ပုံရိပ်၏ အစစ်အမှန်အသွင် ပေါ်လာလေသည်။

၎င်းမှာ တဝက်တပျက် အသွင်ပြောင်းထားသော အဖြူရောင်မွန်းစတားကောင် ဖြစ်နေလေသည်။ ပထမဆုံး ဖြတ်ခနဲ ကြည့်ပါက ၎င်းပုံရိပ်သည် အလွန်လှပကာ သန့်စင်လှသော လူငယ်တစ်ယောက်ဟု မြင်ရမည်။ သို့သော် သူ၏ဦးခေါင်းထက်တွင်မူ အဖြူရောင်ဦးချိုနှစ်ခု ပေါက်နေသည်။ သူ့နောက်ကျော၌ တစ်ပေခန့်ရှည်လျားသော အဖြူရောင် အမြှီးတစ်ခု ပေါက်နေသည်။ ယင်းတို့က မသိမသာ လင်းလက်နေသော အဖြူရောင်ကြေးခွံများဖြင့် ပြည့်ဖုံးနေ၏။ ထို့အပြင် သူ၏ ချွန်မြသော လက်သည်းများကိုပါ ထည့်ပေါင်းလိုက်ပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်ဆိုးဆန်သော အလွှာများဖြင့် ခြုံလွှမ်းနေလေတော့သည်။

သူ၏ပုခုံးနှစ်ဖက်၌ ဇလုံတစ်ခုစာလောက် အပေါက်နှစ်ပေါက် ခုလက်ရှိတွင် ဖြစ်ပေါ်နေသည်။ ယင်းအပေါက်များနားရှိ အသွေးအသားတို့သည် ရှုံ့တွနေကာ ကြည့်မိသူများ၏ သွေးကို အေးစက်သွားသကဲ့သို့ ခံစားရစေနိုင်သည်။ သို့ပေမည့် မျက်စိတစ်မှိတ်အတွင်း ထိုသွေးများစွန်းထင်းနေသော အပေါက်များမှာ လုံးဝ ပျောက်ကင်းသွားလေသည်။

“ မင်းတို့က သေချင်နေတာကြတာပဲ…” မကောင်းဆိုးဝါး(ဝါ) နတ်ဆိုးအသွင်သို့ တဝက်တပျက် ပြောင်းလဲသွားသော ရေခဲနတ်ဆိုးက ကြမ်းကြုတ်စွာ အော်ပြောသည်။ သူသည် ထိုသို့ ပြောနိုင်စွမ်း ရှိရန် သူ့စိတ်ကို လုံလောက်အောင် ထိန်း၍ ပြောရမှန်း သိသာသည်။

သူကား သူ၏ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အပြီးမသပ်နိုင်ခဲ့သော်လည်း ခုလက်ရှိ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးဆန်သောအသွင်ဟန်ပန်ဖြင့်ဆို သူ့အဖော်များက သူတို့၏ နတ်ဆိုးအသွင်များကို ပြီးမြောက်အောင် ပြောင်းလဲနိုင်ရန် အချိန်ဆွဲပေးထားနိုင်မည်ဟု ယုံကြည်သည်။

လျှိုကျင်းနှင့် တခြားသူများက ထိုကဲ့သို့ ထိတ်လန့်ဖွယ်အသွင်ဟန်ပန်ကို မြင်သည့်အခါ ဖြူရော်ကုန်သည်။ သူတို့သည် ဟန်လိထံမှ သွေးကျေးကျွန်များ၏ နတ်ဆိုးအသွင်၏ ထူးခြားသောအသွင်အကြောင်းကို အရင်တည်းက ကြားဖူးခဲ့သော်လည်း အခုအခါ၌ မျက်မြင်တွေ့ရသည့်အခါတွင် အလွန်အမင်း တုန်လှုပ်ကုန်ကြသည်ပင်။ ရုတ်တရက် ရေခဲနတ်ဆိုး၏ အဝတ်ဗလာမဲ့ခန္ဓာကိုယ်ထံသို့ အဖြူရောင်အလင်းများ ထိုးစိုက်လာလေသည်။ ထိုအခါ ရေခဲနတ်ဆိုးမှာ အောက်သို့ ပြုတ်ကျသွားလေသည်။

ရန်သူ၏ အရည်မရအဖက်မရ စကားများကို နားမထောင်ချင်၍ ဟန်လိက သူ၏ ရုပ်သေးများကို တိုက်ခိုက်ရန် ချက်ခြင်း အမိန့်ပေးလိုက်တာ ဖြစ်သည်။

တခြားသူများကလည်း ဤသည်ကို မြင်သည့်အခါ သတိပြန်ဝင်လာပြီး သူတို့၏ တိုက်ခိုက်မှုများကို အရူးအမူး စတင်တော့သည်။ သို့သော် ဟန်လိ၏ ရုပ်သေးများတိုက်ခိုက်မှုကြောင့် အစောပိုင်းက အောက်သို့ ပြုတ်ကျသွားခဲ့သော ရေခဲနတ်ဆိုး၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက်မြူများ ထုတ်လွှတ်လာသည်။ ၎င်းမြူက ပျံ့နှံ့လာနေရင်း သူသည် သူ၏မူလနေရာကနေ ပျောက်ကွယ်သွား၏။

သည့်အတွက်ကြောင့် တခြားသူများမှာ တုန်လှုပ်ကုန်၏။ သူတို့က ဘေးပတ်ပတ်လည်သို့ အလျင်စလို ရှာဖွေကြည့်သည်။ ရန်သူက ရှောင်တိမ်းခြင်းပညာရပ်တစ်ခုကို အသုံးပြုကာ အလျင်အမြန် လွတ်မြောက်သွားပြီမှန်း သူတို့သိသည်။ သို့သော် ထိုကဲ့သို့သော ပညာရပ်ဖြင့် ဝေးဝေးသို့ မရောက်နိုင်ပေ။

ကျန်နေသေးသော သွေးအလင်းပိုးအိမ်သုံးခု အနီးအနား၌ မည်သူမျှ ရှိမနေတော့တာကို မြင်ရလေသည်။ မိစ္ဆာနက်ကျောင်းတော်မှ သာမန်တပည့်များသည် ထွက်ပြေးသွားခဲ့တာ ကြာခဲ့ပေပြီ။ သူတို့က ဒီမှာ အကြောင်သား နေနေရလောက်သည့်အထိတော့ မရူးမိုက်ကြပါ။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ တစ်စုံတစ်ခုကို တွေးမိပြီး သူ့စိတ်ထဲ တုန်လှုပ်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်၍ အဖြူရောင်ကြေးခွံဒိုင်းနှင့် လိပ်ခွံတို့ကို အလျင်အမြန် ထုတ်ယူသည်။ ထ

သူက ယင်းတို့ကို သူ့ဘေးပတ်ပတ်လည်၌ အလျင်စလို လည်ပတ်ကာရံစေလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အားလုံး…ဂရုစိုက်ကြ။ သူက သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်နေတာ…”

ဟန်လိက ထိုကဲ့သို့ ပြောရုံရှိသေး အမျိုးသမီးတစ်ယောက်၏ နာကျင်စူးဝါးစွာ အော်ဟစ်သံကို ကြားလိုက်ရလေပြီ။ လူတိုင်းက ထိုအော်သံထံ အလန့်တကြား လှမ်းကြည့်ကြသည်။ သူတို့က ဂျူနီယာညီမချန်၏ ရတနာအဆောင်ကို ထိုင်၍ အသက်သွင်းနေသော စီနီယာအစ်မဖြစ်သူကို လှမ်းမြင်သည်။ အခုအခါ၌ သူမသည် နောက်သို့ လန်ကြနေသည်။ သူမ၏ ရင်ဘက်တွင် အပေါက်ကြီးတစ်ခု ထင်းနေ၏။ တစုံတစ်ယောက်က သူမ၏ နှလုံးထံ ထိုးစိုက် စုတ်ဖြဲခဲ့သည့်နှယ် ထင်ရသည်။

သူမက သွေးအိုင်ထဲ လဲနေစဉ် သူမ၏ လှပသောရုပ်သွင်မှာ အနည်းငယ် ရှုံ့တွနေလျက် သူမ၏ ခြေလက်များက အကြောဆွဲနေလေသည်။ သူမ၏ မျက်လုံးထဲတွင်မူ အလွန်တရာ ကြောက်လန့်မှုနှင့် ရုတ်တရက် သူမ အသက်ထွက်သွားခဲ့သည့်အပေါ် လက်မခံနိုင်မှုများလည်း ပြည့်နှက်နေသည်။

All Chapters