မမြင်ရသော တိုက်ပွဲ
Vol. 23 Ch. 321
“ရွှဲ့ဟုန်…”
ချန်ချောင်ချန်၏ စီနီယာအစ်ကိုများထဲမှ တစ်ယောက်သည် သူမအမည်ကို ပူပန်တကြီး လှမ်းအော်ခေါ်သည်။ ကြည့်ရတာ သူတို့က တာအိုလက်တွဲဖော်များ ဖြစ်ပုံရသည်။ သူက လက်ဝေ့ယမ်း၏။ ချက်ခြင်းပင် အနက်ရောင်အလင်းတန်းတစ်ခုသည် သူမကို သတ်ခဲ့သော နတ်ဆိုးကောင်းကို ရှာဖို့ သူမ၏ ဘေးပတ်ပတ်လည်ထံ ချက်ခြင်း တိုးဝင်သွားသည်။
ထိုရွှဲ့ဟုန်ဟူသည့် အမျိုးသမီး သေဆုံးမှုက အမှန်တကယ် တရားမမျှတဟု ဆိုနိုင်သည်။ သူမကသာ ရတနာအဆောင်ကို ထုတ်ဖော် အသုံးမပြုပါက သေချင်မှ သေပေလိမ့်မည်။
သူမက ရတနာအဆောင်ကို အသက်သွင်းဖို့ မကြိုးစားခင် သူမဘေးနား၌ အလင်းပုဝါစအကာအကွယ် မှော်ပစ္စည်းတစ်ခု ထားထားခဲ့သည်။ သို့သော် သူမ၏ ရတနာအဆောင်ကို အလျင်အမြန် အသက်သွင်းလို၍ သူမက ထိုကာကွယ်မှုအတွက် မှော်စွမ်းအား အကာအကွယ်ကို ဖြတ်တောက်ကာ သူမ၏ အနှီမှော်ပစ္စည်းကို ပြန်ရုတ်သိမ်းခဲ့ပေသည်။ သို့ဖြစ်၍ သူမမှာ အကာအကွယ်မဲ့ ဖြစ်ခဲ့ကာ အခုကဲ့သို့ အသက်ဆုံးရှုံးသွားတာပင်။
ထိုအမျိုးသမီး၏ အတွေ့အကြုံမရှိမှုက ကံဆိုးမှုကို အမှန်တကယ် ဖြစ်စေခဲ့ပေသည်။
သူမ၏ရန်သူများက သူမ၏ရှေ့တွင် အလင်းပိုးအိမ်များအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဂိုဏ်းတူများကလည်း သူမပတ်လည်တွင် ရှိနေသဖြင့် သူမက ထိုအဆောင်ကို စိတ်အေးလက်အေး အသက်သွင်းနေခဲ့တာ ဖြစ်သည်။ တဝက်တပျက်နတ်ဆိုးအသွင် ပြောင်းထားသော ရေခဲနတ်ဆိုးသည် ချက်ခြင်းလက်ငင်း ကိုယ်ပျောက်သကဲ့သို့ ဖြစ်ကာ သူမသည် ပစ်မှတ်ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ပါ့မည်နည်း။
ခုချိန်၌ ထိုအမျိုးသမီး၏ ရတနာအဆောင်အပေါ် အသက်သွင်းနေသော နောက်ဆုံးလှုပ်ရှားမှုများက နောက်ဆုံးအနေအထား ရောက်နေသဖြင့် ချက်ခြင်း ရပ်တန့်၍ မရခဲ့ပေ။ ထို့ကြောင့် သူမက ရေခဲနတ်ဆိုး၏ သားကောင် ဖြစ်သွားခဲ့တာပင်။
စုန့်မင်သည်လည်း သူ၏ ရတနာအဆောင်လှံကို အသက်သွင်းချိန်၌ မည်သည့်အရံအတားကိုမျှ မထုတ်ဖော်ထားခဲ့ပေ။ သို့သော် သူ့ရတနာအဆောင်၏ ခွန်အားက ပိုနည်းပါးသဖြင့် သူက စောလျင်စွာ အသက်သွင်းနိုင်ခဲ့သည်။ မဟုတ်ပါက သူသည်လည်း ကိုယ်ပျောက်သွားသော ရေခဲနတ်ဆိုး၏ ပစ်မှတ်ဖြစ်သွားနိုင်သည်။
ထို့အပြင် ဟန်လိနှင့် တခြားသူများမှာလည်း မည်သည့်အကာအကွယ်ကိုမှ မထုတ်ဖော်ထားကြ။ အကြောင်းမှာ မလိုအပ်သေးဘဲ အကာအကွယ်မှော်ပစ္စည်းများအတွက် သူတို့၏ မှော်စွမ်းအားကို ဖြုန်းတီးမပစ်နိုင်တာ သဘာဝပင်။ တကယ်တော့ ခုချိန်၌ အလင်းပိုးအိမ်များကသာ သူတို့တိုက်ခိုက်ရမည့် ပစ်မှတ် ဖြစ်နေကြတာ မဟုတ်လား။
ဟန်လိ လှမ်း၍ သတိပေးမှ သူတို့က ချက်ခြင်းလက်ငင်း အလစ်အငိုက်တိုက်ခိုက်လာခြင်းကို ကာကွယ်နိုင်ရန် အကာအကွယ်များ ထုတ်ဖော်လိုက်ကြတာ ဖြစ်သ်ည။ ရွှမ်ဟုန်၏ ဆိုးဝါးစွာ သေဆုံးမှုကို မြင်ရသည့်အခါ သူတို့၏နောက်ကျော၌ ချွေးစေးများ ပြန်လာကြသည်။
သို့သော် ပို၍ စိတ်ဓာတ်ကျရသည်မှာ တဖက်သူက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့မှန်း မသိရ၊ ထိုနတ်ဆိုး၏ အရိပ်အယောင်ကို လိုက်ဖမ်းနိုင်စွမ်း မရှိတာသာ ဖြစ်ချေသည်။
သူတို့ ထင်ကြေးရှိသော နေရာများထံ အဆက်မပြတ် တိုက်ခိုက်ကြည့်ကြသည်။ သို့သော် ၎င်းနတ်ဆိုးကား သူတို့ မလှုပ်ရှားနိုင်ခင်မှာပင် ထပ်မံ ပျောက်ကွယ်သွားကာ သူ၏ တည်နေရာကို အလွန်လျင်မြန်သောနှုန်းဖြင့် အဆက်မပြတ် ပြောင်းလဲနေချေသည်။ ရေခဲနတ်ဆိုးသည် ပေါ်လာလိုက်၊ပျောက်သွားလိုက် ဖြစ်နေသည်။ မှော်ပစ္စည်းများစွာဖြင့်ပင် သူတို့က ထိုကောင်၏ အရိပ်အယောင်ကို ရှာနိုင်စွမ်း မဲ့နေသည်။ နတ်ဆိုးကောင်သည် လုံးဝ ပျောက်ကွယ်နေသည့်နှယ်။
ဟန်လိတစ်ယောက်သည်သာ သည်မြင်ကွင်းကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်နေမိသည်။ ဟန်လိနှင့်အတူ တိုက်ခိုက်ခဲ့သော စီနီယာအစ်ကိုဝမ်သည် ထိုကဲ့သို့သော သွေးလွှမ်းသည့်မြင်ကွင်းမျိုးကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ ခုလက်ရှိတွင် သူ့အမူအရာမှာ ကြောက်ရွှံ့မှုကြောင့် ဖြူရော်နေလေပြီ။
သူမ၏ သေဆုံးခြင်းမှာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ပြီ။ သူက အချိန်ကျလာခဲ့လျှင် သူ့ခွန်အားကို ထုတ်ဖော်ကာ ရန်သူအား သုတ်သင်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ပေမည့် ခု အလှည့်အပြောင်းကမူ သူ စိတ်ကူးထားသည်နှင့် ကွဲပြားလွန်းနေသည်။
ထိုအတွေးဖြင့် သူက သေဆုံးသွားသော ရွှဲ့ဟုန်၏ တာအိုလက်တွဲဖော်ဖြစ်သူထံ လှမ်းကြည့်မိသည်။ ထိုသူ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းနေလေသည်။ ထိုသို့ဖြစ်ခြင်းမှာ ရေခဲနတ်ဆိုးကြောင့် သူ့ချစ်သူ သေဆုံးသွား၍လား၊ သို့တည်းမဟုတ် အကူအညီမဲ့နေသဖြင့် ခံစားနေရသလားကိုမူ မသိရပါ။
ထိုစဉ် စီနီယာအစ်ကိုဝမ်၏ နောက်ဘက်မှ အေးစက်စက်လက်သည်းတစ်ခု ပေါ်လာကာ သူ့ကို ကြမ်းတမ်းစွာ ထိုးစိုက်ချလာသည်။
သူ၏အကာအကွယ်ဖြစ်သော ကြေးဒိုင်းငယ်က အမိန့်ပေးစရာ မလိုလေဘဲ ထိုတိုက်ချက်ကို ကာကွယ်ပေးလေသည်။
အေးစက်စက် လက်သည်းတိုက်ချက်ကို ကြေးမုံငယ်က ကာကွယ်ပေးလိုက်သော်လည်း ၎င်းကြေးမုံမှာ အေးခဲသွားလေပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။
ထိုအခိုက်တွင် စီနီယာအစ်ကိုဝမ်သည် သူ့မျက်နှာထက်၌ သွေးများစီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်၌ အံ့ဩတုန်လှုပ်ဖွယ်တစ်ခု ဖြစ်သွားတာကိုလည်း သူ တွေ့သည်။ သူက နောက်သို့ အလိုလို လှည့်ကြည့်မိကာ အရပ်မျက်နှာအနှံ့ ဆက်တိုက် ကြည့်ရှုသည်။ သူ့စိတ်မှာ ထိတ်လန့်မှုကြောင့် ခဏလွတ်သွားသည်။
သူ၏နောက်၌ မည်သို့မျှ မဖြစ်ပျက်ခဲ့တာကို မြင်ရသည့်နောက်မှာ သူက ခဏတွေဝေနေပြီးနောက် အောက်ကျသွားသော သူ့ကြေးမုံကို လှမ်းကောက်သည်။ သူက ၎င်းကို ထပ်မံ အသုံးပြုနိုင်သေးလား သိချင်နေတာ ဖြစ်၏။
“မြန်မြန်ရှောင်ဟ…”
အနီးအနားရှိ လျှိုကျင်းသည် သူ၏ အပြုအမူကို လှမ်းမြင်သည့်နောက်မှာ ကျယ်လောင်စွာ လှမ်းအော်သတိပေးသည်။
“ဟင်…” သို့သော် သူက တစ်ခုခု ဖြစ်လေပြီကို သတိထားမိချိန်၌ သူ၏ အကာအကွယ်ရေဓာတ်အရံအတားမှာ အက်သံ ထွက်ပေါ်လာပြီး သူ့စိတ်နှလုံးကို စိမ့်ခနဲ ဖြစ်သွားစေသည်။
စီနီယာအစ်ကိုဝမ်သည် မည်သို့ဖြစ်ပျက်သွားတာကို သဘောပေါက်သွားသည်နှင့် တချိန်တည်းနီးပါးမှာ ရေခဲနတ်ဆိုးက ကွယ်ပုန်းနေရာကနေ သူ၏ အဓိကတိုက်ကွက်ကို ထုတ်ဖော်လာခဲ့ပြီ။ ထိုအခိုက်မှာ စီနီယာအစ်ကိုဝမ်၏ စိတ်နှလုံးသည် ဗလာဟင်းလင်း ဖြစ်သွား၏။ သူ့စိတ်ထဲ၌ ဆိုးဝါးစွာ သေဆုံးခဲ့သော ရွှဲ့ဟုန်၏ အဖြစ်ကိုသာ မြင်ယောင်နေတော့သည်။
“ငါ့အလှည့် ခုလောက်ကြီး မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး…”
ဤသည်မှာ သူ့စိတ်၌ သိမ်းပိုက်ထားသော ဒုတိယအတွေး ဖြစ်ချေ၏။ သို့သော် ရုတ်တရက် သူ့အမြင်က ဝေဝါးသွားသည်။ သူ့ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသကဲ့သို့ ခံစားမိသည်။ သူ၏ခန္ဓာကိုယ်ကို လေက သယ်ဆောင်သွားသည့်အလား။ သူက အံ့အားတသင့် အော်သံများနှင့်အတူ သူ၏အောက်ဘက်၌ လေနှင့်မိုးကြိုးသံများကိုပါ ကြားလိုက်ရသည့်နှယ်။ တအောင့်အကြာမှာ သူ့ခြေထောက်တို့က မြေကြီးနှင့် ထိမိသည်။ တစ်စုံတစ်ယောက်က သူ၏ရှေ့တွင် တည်ငြိမ်စွာ ရပ်နေလေသည်။
“စီနီယာအစ်ကိုဝမ်…ခင်ဗျား အဆင်ပြေရဲ့လား…”
သူ့ကိုယ်သူပင် သေသွားလား၊ ရှင်သေးလား မသိဖြစ်နေစဉ် သူက ပူပန်မှုအပြည့်ဖြင့် ရင်းနှီးသောအသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံကိုကြားသည့်အခါ သူက အကြောင်သားဖြင့် ခေါင်းလှည့်ကြည့်သည်။ ထိုအခါ သူ့ကို ပူပန်တကြီး လှမ်းကြည့်နေသော လျှိုကျင်းကို လှမ်းမြင်သည်။
ထိုမျက်နှာကိုမြင်မှ သူလည်း အသက်ရှင်ကာ မထိမခိုက် ရှိနေသေးမှန်း သဘောပေါက်သွားသည်။ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘဲ သူက ကျေးဇူးတင်သည့်ဟန်ဖြင့် လှမ်းပြောသည်။
“အစ်ကိုလု…ကျုပ်ကို ကယ်ခဲ့တာ ခင်ဗျားလား…”
လျှိုကျင်းက သည်စကားကို ကြားသည့်အခါ ရှက်ရွှံ့ဟန် ဖြစ်ပေါ်သွားကာ သူက ပြောသည်။
“အစ်ကိုဝမ်ရဲ့ အသက်ကို ကယ်ခဲ့တာ ကျုပ် မဟုတ်ပါဘူး။ ညီလေးဟန်က ခင်ဗျားကို ကယ်ခဲ့တာ။ အခု သူက ဟိုနတ်ဆိုးကောင်နဲ့ တိုက်ခိုက်နေတယ်။ ဟူး…အစောပိုင်းတုန်းက ညီလေးဟန်က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ ဆယ်ယောက်ကျော်ကို သတ်ခဲ့တယ်လို့ ကြားခဲ့ရတုန်းက သူ့အသက်အရွယ်ကြောင့် အပြည့်အဝ မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျုပ်အတွက် အမြင်ကျယ်သွားစေပြီ။ ညီလေးဟန်ရဲ့ ခွန်အားက တကယ်ကို ခန့်မှန်းရ ခက်လှတယ်…”
“ဂျူနီယာညီလေးဟန်လား… ” စီနီယာအစ်ကိုဝမ်သည် ထိုစကားကို ကြားသည့်အခါ သူက တုန်လှုပ်အံ့အားသင့်သွားသည်။ ဟန်လိသည် သူနှင့် ဆယ့်ငါးမီတာကျော်မှာ ရှိနေတာကို သူ ကောင်းကောင်း မှတ်မိသည်။
ဟန်လိက အချိန်မီ မည်သို့များ လှုပ်ရှားခဲ့လေသနည်း။
ထိုအတွေးဖြင့် အစ်ကိုဝမ်သည် ခေါင်းလှည့်ကာ တိုက်သံခိုက်သံများ ဖြစ်ပေါ်နေသော နေရာသို့ လှမ်းကြည့်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထိုတိုက်ခိုက်နေသော နေရာတွင် ဗလာကင်းမဲ့နေသည်။ သို့သော် သူက ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲသံများကို ကြားနေရသည်။
ထို့အပြင် သူသည် ဓားချီများနှင့် အလင်းတန်းများကို ထိုနေရာအနီးအနားတွင် ရှင်းလင်းစွာ မြင်နေရသည်။
သည့်နောက်မှာ သူသည် သတိပြန်ဝင်လာ၏။ တည်ငြိမ်မှု ပြန်ရလာသည်။ သူက ထိုအံ့အားသင့်ဖွယ်ကောင်းလှသော မြင်ကွင်းနှင့် ပတ်သတ်ပြီး မေးရန် ဟန်ပြင်စဉ် ယင်းနေရာ၌ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခိုက်သည်။ တောက်ပကာ အလင်းဖောက်မြင်ရသည့် အဖြူရောင်အရိပ်တစ်ခု ပေါ်လာလေ၏။ ထိုမြင်ကွင်းကြောင့် စီနီယာအစ်ကိုဝမ်မှာ အသက်ရှုဖို့ကိုပါ မေ့သွားသည်။
“မဖြစ်နိုင်ဘူး။ မင်းက ငါ့ကို ဘယ်လိုလုပ် ဖြတ်မြင်နိုင်ရတာလဲ။ မင်းက ငါ့အမြန်နှုန်းကို ဘယ်လိုလုပ် ယှဉ်နိုင်နေရတာလဲ…”
ယင်းအဖြူရောင်အရိပ်(ဝါ) အေးခဲနတ်ဆိုး၏ မျက်နှာထက်၌ ဒေါသထွက်ခြင်း၊ အံ့အားသင့်ခြင်းတို့ ပြည့်နှက်နေသည်။ ထိတ်လန့်မှု အရိပ်အမြွက်ကိုပါ သူ့ထံ၌ တွေ့ရသည်။
သို့သော် ထိုစကားများက သူ့ပါးစပ်ကနေ ထွက်လာသည့်နောက်မှာ သူက ရှေ့သို့ ကြမ်းတမ်းစွာ ခုန်ဝင်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ မြင်ကွင်းကနေ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
တိုက်ပွဲသံကား ထိုခဏ၌ ရပ်သွား၏။ ယင်းငြိမ်သက်သွားမှုအတွင်း ဟန်လိ၏ အေးစက်စက်နှာခေါင်းရှုံ့သံကို ကြားရလေသည်။
တခြားသူများမှာ သူတို့သည် ထိုကဲ့သို့ မမြင်ရသော တိုက်ပွဲ၌ ဝင်ပါနိုင်စွမ်း မရှိမှန်း စိတ်ထဲကနေ သိနေသည်။
“မြန်မြန်…အောက်ကို ကြည့်လိုက်…” စုန့်မင်က အလန့်တကြား ထအော်၏။
သူ့အသံကို ကြားသည့်အခါ တခြားသူများသည်လည်း ခေါင်းငုံ့ကာ လှမ်းကြည့်သည်။ သူတို့ တွေ့မြင်လိုက်ရသည့်အရာကြောင့် သူတို့အားလုံးမှာ တုန်တုန်လှုပ်လှုပ် ဖြစ်ကုန်ရပြန်သည်။
မည်သည့်အချိန်ကမှန်းမသိရလေဘဲ မြေပြင်ထက်၌ ထူထဲသော ရေခဲလွှာတစ်ခု သိပ်သည်းနေလေသည်။ လရောင်အောက်မှာ ၎င်းရေခဲလွှသည် ပြောင်သလင်းခါနေ၏။
“ဒီနတ်ဆိုးကောင်က အတော်လေး ကျွမ်းကျင်တာပဲ။ သူက မြေကြီးအဖြစ် တကယ်ကြီး ပြောင်းခဲ့တယ်။ ဂျူနီယာညီလေးဟန်ကတော့ အခြေအနေ မကောင်းလောက်ဘူး…”
စုန့်မင်က ပူပန်တကြီး ပြော၏။
“စိုးတော့ မစိုးရိမ်ရလောက်ဘူး။ ဟန်လိ အသုံးပြုနေတဲ့ လှုပ်ရှားမှု ပညာရပ်ကို ကျုပ် မသိပေမယ့် ကျုပ်တို့အားလုံးဟာ သူ့ အရိပ်အယောင်ကိုတောင် ရှာနိုင်စွမ်း မရှိကြဘူးလေ။ ကျုပ်တို့ အစောလေးတုန်းက ကြားခဲ့ရသလောက်ဆို ဟန်လိက အရေးနိမ့်မနေလောက်ဘူး။ ဒီရေခဲလွှာက သူ့အပေါ် အများကြီး သက်ရောက်မှု မရှိတဲ့ပုံပဲ။ ဒါပေမဲ့ နတ်ဆိုးအသွင်ပြောင်းထားတဲ့ကောင်ရဲ့ ကျွမ်းကျင်မှုက ကျုပ်တို့ကို တကယ်ပဲ အံ့အားတသင့် ဖြစ်စေခဲ့တယ်။ သူ့ကြောင့်နဲ့ မထင်မှတ်ဘဲ ကျုပ်တို့ ဂိုဏ်းဝင်ညီမတစ်ယောက်ရဲ့ အသက် ဆုံးရှုံးခဲ့ရပြီ။ ဒီ့အတွက် ကျုပ်ကတော့ အပြစ်ရှိသလို ခံစားမိရတာတော့ အမှန်ပဲ…”
လျှိုကျင်းသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ သည်စကားများကို ဖြေးဖြေးမှန်မှန်နှင့် ပြောလာသည်။ လျှိုကျင်း၏ လေးနက်သောဟန်ပန်နှင့် သည်စကားကို ကြားရပြီးနောက် တခြားသူများသည် သူ့ကို မည်သို့နှစ်သိမ့်ရမှန်းမသိ ဖြစ်ရလေသည်။
သို့သော် ထိုသူများသည် ရေခဲနတ်ဆိုးနှင့် တိုက်ခိုက်နေသော ဟန်လိက သူတို့ကို စိတ်ထဲကနေ အပြစ်တင်နေမှန်းကိုမူ မသိကြပေ။