← Chapters

လျှိုကျင်း၏ အစစ်အမှန်ချိပ်တံဆိပ်

Vol. 23 Ch. 322

လျှိုကျင်း၏ အစစ်အမှန်ချိပ်တံဆိပ်

Vol. 23 Ch. 322

ဟန်လိသည် အမှန်အကန် ဒေါသထွက်မိနေသည်။

သူ ဒေါသထွက်ရသည့် အကြောင်းရင်းမှာ စီနီယာအစ်ကိုဝမ်က သူ ကယ်တင်ခဲ့မှန်းကို မသိရသောကြောင့်လည်းမဟုတ်၊ သူ၏ အရိပ်မြူခိုးခြေလှမ်းပညာရပ်ကို ထုတ်ဖော်ပြရသောကြောင့်လည်း မဟုတ်ပေ။ ဟန်လိ ဒေါသထွက်ရသည့်အကြောင်းရင်းမှာ လျှိုကျင်းနှင့် တခြားသူများသည် သူ ရေခဲနတ်ဆိုးနှင့် တိုက်ခိုက်နေတာကို အခွင့်ကောင်းယူကာ အသွင်ပြောင်းနေသေးသော သွေးကျွန်သုံးယောက်ကို ရှင်းထုတ်ဖို့ မကြိုးစားကြသောကြောင့်ပင်။ ထိုသွေးကျွန်သုံးယောက်သာ သူတို့၏ အသွင်ပြောင်းခြင်း ပြီးမြောက်သွားသည်နှင့် သူတို့ကို စောင့်နေမည်မှာ ကြီးမားသောအန္တရာယ် မဟုတ်လား။

ဟန်လိသည် သူနှင့် သွေးကျွန်တစ်ယောက် ဖြစ်သော ချင်းဝမ်တို့ တိုက်ခိုက်နေစဉ် စီနီယာအစ်ကိုဝမ်က သူ့ကို ကူတိုက်ခိုက်ပေးခဲ့သောကြောင့် ထိုအစ်ကိုဝမ် ပစ်မှတ်ထားခံရတော့မည်ဟု သတိပြုမိစဉ်တွင် ဟန်လိက သူ့ကို ကယ်ဖို့ ဖြတ်ခနဲ လှုပ်ရှားခဲ့တာ ဖြစ်သည်။

ဟန်လိ၏ ကြားဝင်တိုက်ခိုက်မှုကြောင့် ရေခဲနတ်ဆိုးမှာ ဘာမျှ မတတ်သာတော့ဘဲ သူနှင့်သာ ရင်ဆိုင်ရတော့သည်။ သို့သော် တအောင့်အကြာ၌ ဟန်လိသည် ထိုနတ်ဆိုးကောင်သည် သူ၏ ရောင်းရင်းအဖော်များအတွက် အတော့်ကို ပြဿနာ ဖြစ်စေမှန်း ခံစားမိပြီး သည်ကိစ္စကို သူ တကိုယ်တည်း ဖြေရှင်းတာ ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ၏ ရောင်းရင်းများ ပိုသေသွားခဲ့လျှင် သူတို့သည် လာမည့်တိုက်ပွဲအတွက် အရေအတွက် နည်းပါးသွားလိမ့်မည် မဟုတ်လား။

သို့သော် ထိုရေခဲနတ်ဆိုးနှင့် တိုက်ခိုက်နေစဉ်အတွင်း တခြားသူများက ကြောင်ကြည့်နေကြလိမ့်မည်ဟု သူ့အနေဖြင့် မထင်ထားမိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ တခြားသူများသည် ရေခဲနတ်ဆိုး အလစ်အငိုက်တိုက်ခိုက်လာမည်ကို စိုးရိမ်ကြောက်လန့်နေ၍ ထိုအခွင့်အရေးကို မသိဖြစ်နေတာဟု ခံစားမိသည်။

အမှန်တကယ်တွင်မူ ဟန်လိသည် သည်ကို လာခဲ့သည့် အကြောင်းရင်း ရှိထားခဲ့ပြီးသား ဖြစ်သည်။ သည့်အတွက်ကြောင့် သူက အလျင်စလို ထွက်မပြေးနိုင်ပေ။ ရေခဲနတ်ဆိုးကလည်း သူ့ကို သတ်ဖို့ ကြိုးစားနေလေပြီ။ သို့သော် ဟန်လိသည် သူသာ နည်းနည်းပါးပါး ဂရုစိုက်သည်နှင့် ထိုနတ်ဆိုးကောင်က သူ့အတွက် ချိန်းခြောက်မှု သိပ်မရှိနိုင်တာကို သိခဲ့သည်။ တကယ်တော့ ထိုနတ်ဆိုးကောင်နှင့် ယှဉ်ပါက သူ အရင်က ရင်ဆိုင်ခဲ့ဖူးသော ဦးခေါင်းပြောင်လူကြီးကသာ သိသိသာသာ ပိုခက်လိမ့်မည်ဟု ဟန်လိက ခံစားမိသည်။

အသွင်ပြောင်းလဲပြီးသည့်နောက်မှာ ရေခဲနတ်ဆိုးသည် အလွန်လျင်မြန်လာခဲ့ပေသည်။ ဟန်လိသည်လည်း အခုအခါ၌ အရိပ်မီးခိုးခြေလှမ်းကို အသုံးပြုကာ ထိုသို့သော မြန်ဆန်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော် နတ်ဆိုးကောင်၏ အလင်းဖောက်ခန္ဓာကိုယ်ကြောင့် သူ့ကို ထောက်လှမ်းနိုင်ဖို့ကတော့ ပို၍ ခက်သည်။

သည်ထူးခြားသော လှုပ်ရှားမှု ပညာရပ်သည် မြေပြင်ပေါ်တွင်သာ အကောင်းဆုံး ထုတ်ဖော်နိုင်သည်။ မြေပြင်တွင်မူ သူသည် ၎င်းရေခဲနတ်ဆိုးကို မှော်ပညာရပ်များစွာ သုံး၍ ဖိအားပေးနိုင်စွမ်း ရှိ၏။ တကယ်တော့ ဟန်လိ၏ အမြန်နှုန်းရွှေ့လျားမှုများက အကွာအဝေးတိုအတွင်း၌သာ ဖြစ်သည်။ သူသည် ကျင့်ကြံသူတစ်ယောက်၏ ပျံသန်းခြင်းမှော်ပစ္စည်းကိုမူ အမှီလိုက်နိုင်စွမ်း မရှိပါ။

လျှိုကျင်းနှင့်တခြားသူများက ထိုကဲ့သို့သော တိုက်ပွဲမျိုးကို အတွေ့အကြုံမရှိကြသောကြောင့် သူတို့၏ ရန်သူမှာ ကြောက်မက်ဖွယ်ကောင်းသည်၊ ရင်ဆိုင်ရခက်လွန်းသည်ဟု ခံစားကုန်ကြတာပင်။ ကံကောင်းစွာဖြင့် ဟန်လိသည် အခုပုံစံမျိုး တိုက်ခိုက်ဖူးကာ အတွေ့အကြုံ ရှိနေခြင်း ဖြစ်သည်။

စိတ်ထဲ၌ ထိုသို့တွေးနေလျက် ဟန်လိသည် သူ၏ ငွေရောင်ဓားဖြင့် နတ်ဆိုးကောင်၏ လက်သည်းချက်များကို တွန်းလှန်သည်။ သူက နေရာတွင်သာ ရပ်နေပြီး ကျယ်လောင်စွာ လှမ်းအော်သည်။

“လူတိုင်းပဲ ကောင်းကင်အမြင့်ထိ ပျံတက်ပြီး ကျန်တဲ့ သွေးကျွန်သုံးယောက်ကို တိုက်ခိုက်ကြတော့…”

ထိုသို့ ညွှန်ကြားချက်ပေးပြီး ဟန်လိ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။

သွေးနှင့်မီးစမ်းသပ်ကွင်းအတွင်း၌ ရရှိခဲ့သော ဟန်လိ၏ ထိုငွေရောင်ဓားမှာ နတ်ဆိုးကောင်၏ ထက်ရှသော လက်သည်းချက်များကို ခုခံနိုင်တာသည် အံ့အားသင့်စရာ မရှိပေ။ လက်သည်းချက်များက မပျက်မစီး ရှိနေတာကိုသာ ဟန်လိက အံ့အားသင့်ရလေ၏။

လျှိုကျင်းသည် ဟန်လိ၏ ညွှန်ကြားချက်ကို ကြားသည့်အခါ သူက ဟန်လိ ဘာလုပ်စေချင်တာကို ချက်ခြင်း နားလည်သွားသည်။ မည်သို့ပင်ဖြစ်စေ သူက ချီတုံချတုံ ဖြစ်နေဆဲသာ။

လျှိုကျင်းသည် ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုမှ လာခဲ့သူ ဖြစ်သော်လည်း သူ့ငယ်စဉ်ကလေးဘဝ၌ မကောင်းဆိုးတါး ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။ ထိုအချိန်တုန်းက သူသည် အလွန်အမင်း ခံစားခဲ့ရကာ သူ့အသက်ဆုံးရှုံးလုမတတ် နှိပ်စက်ညှင်းပမ်းခြင်း ခံခဲ့ရသည်။ ထို့နောက်တွင်မူ သူ့ဂိုဏ်းက သူ့ကို ပြန်ကယ်တင်ကာ လီဟွာယွမ်၏ တပည့်ဖြစ်လာခဲ့တာပင်။

ထိုငယ်ဘဝစိတ်ဒဏ်ရာကြောင့် လျှိုကျင်းက မကောင်းဆိုးဝါးကျင့်ကြံသူများကို အလွန်မုန်းတီးနေခဲ့သည်။သို့ဖြစ်၍ သူက ပညာရပ်များကို အရူးအမူး ကျင့်ကြံခဲ့ကာ မကောင်းဆိုးဝါးကျင့်ကြံသူများဆို တွေ့တာနှင့်သတ်ဟု စည်းမျဉ်းကို သတ်မှတ်ခဲ့တာ ဖြစ်သည်။

သည့်အတွက် သူက တခြားကျင့်ကြံသူများကြား ကျော်ကြားခဲ့တာ ဖြစ်သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ သူ့ထက် ပို၍ အဆင့်မြင့်သော ကျင့်ကြံသူ တချို့တလေပင် သူ့ကို လေးစားသည့်အရိပ်အမြွက်ဖြင့် ရှုမြင်ကြသည်။

လျှိုကျင်းကား အပြင်ပိုင်းတွင် သည်ထင်မြင်ချက်များအပေါ် ဂရုမစိုက်လေဟန် ရှိသော်လည်း သူ့စိတ်ထဲတွင်မူ သည်လေးစားခံရသော ခံစားချက်များကို တဖြည်းဖြည်း သဘောကျလာခဲ့သည်။ ထိုသို့ဖြင့် နောက်ပိုင်း၌ သူသည် နေရာအသီးသီးမှ မကောင်းဆိုးဝါးကျင့်ကြံသူများကို အမြစ်ဖြတ်လာခဲ့ကာ တခြားသူများ၏ လေးစားသမှုကို ခံယူချင်လာခဲ့သည်။

ထိုသို့ဖြင့် လျှိုကျင်းသည် မကောင်ဆိုးဝါးကျင့်ကြံသူများအတွက် သံမဏိသွေးစီနီယာအစ်ကိုလျှိုဟူ၍ ဖြစ်လာခဲ့လေသည်။ အ

အခု နောက်ထပ် မိစ္ဆာနက်ကျောင်းတော်ဟူသည့် မကောင်းဆိုးဝါးကျင့်ကြံသူအုပ်စု ပေါ်လာခဲ့ချိန်၌ သူက ရှင်းထုတ်ပစ်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ သို့ပေမည့် ယင်းအုပ်စုသည် သူ ကြုံဖူးသော မကောင်းဆိုးဝါးကျင့်ကြံသူများထဲ၌ အသန်မာဆုံး ဖြစ်နေသည်။ သူက သူ၏ ပုံမှန်မှော်ပစ္စည်းများဖြင့် ကျန်သည့်သွေးကျွန်သုံးယောက်ကို ရှင်းထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိမနေပေ။

နတ်ဆိုးအသွင် တဝက်တပျက် ပြောင်းလဲထားသော တစ်ယောက်သည်ပင် ရင်ဆိုင်ရခက်လှပြီ။ သူတို့သည် သည်နတ်ဆိုးအသွင်ပြောင်းထားသူများကို မကိုင်တွယ်နိုင်ခဲ့ပါက သူတို့အသက်သေမလား၊ရှင်မလားကိုပါ မသိ ဖြစ်ရလိမ့်မည်။

သို့ပေမည့် ခုချိန်၌ သူတို့သာ နောက်ဆုတ်ခဲ့လျှင် မိစ္ဆာနက်ကျောင်းတော်ကို ကြောက်၍ ပြေးသလို ဖြစ်လိမ့်မည်။ သည်တစ်ကြိမ် သူတို့က မိစ္ဆာနက်ကျောင်းတော်ကို သဲလွန်စမရှိ ပျောက်ကွယ်ကာ နောက်ထပ် ပုန်းကွယ်ခွင့် ပေးခဲ့ပါက လျှိုကျင်း၏ ဂုဏ်သတင်းသည် ထိခိုက်ခံရလိမ့်မည်။

တခြားသူများက သူ့ကို အထင်သေးအမြင်သေးဖြင့် ကြည့်လာနိုင်သည်။ ထိုအခါကျလျှင် သူ့အနေဖြင့် အကြီးအကျယ် စိတ်ဓာတ်ကျသွားနိုင်သည်။ ယင်းအဖြစ်မျိုးကို သူ လက်မခံနိုင်ပါ။ ဟန်လိ၏ လှမ်းအော်သတိပေးမှုကြောင့် သူက ရွေးချယ်မှုတစ်ခု မဖြစ်မနေ လုပ်ရပေတော့မည်။

“အစ်ကိုလျှို…ကျနော်တို့ နောက်ဆုတ်သင့်လား။ မိစ္ဆာနက်ကျောင်းတော်ဟာ ကျုပ်တို့ ထင်ထားတာထက် အားကောင်းလွန်းနေတယ်။ ကျုပ်တို့က နောက်ဆုတ်မယ်ဆိုရင်လည်း ခုချက်ခြင်း လုပ်မှ၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်…”

စီနီယာအစ်ကိုဝမ်သည် အနားသို့ ရောက်လာပြီး ထိုသို့ ပြောသည်။

လျှိုကျင်းသည် အစ်ကိုဝမ်ဆိုသူ၏ အကြည့်၌ သွေးကြောင်နေပြီကို ကောင်းကောင်းမြင်သည်။

“နောက်ဆုတ်မယ်…ဟုတ်လား။ ကျုပ်သာ ခုချိန် နောက်ဆုတ်ရင် သတ္တိကြောင်တာ ပေါ်သွားလိမ့်မယ်…”

လျှိုကျင်းသည် ခါးသီးစွာဖြင့် ထိုသို့ တွေးမိနေသည်။

“လူတိုင်းပဲ…။ ကောင်းကင်အမြင့်ထိ ပျံသန်းတက်ကြ၊ ကျုပ် မှော်မန္တာန်ထုတ်ဖော်နေချိန်မှာ ကျုပ်ကို ကာကွယ်ပေးပါ။ သွေးကျွန်သုံးယောက်နဲ့ ကျုပ် ရင်ဆိုင်မယ်…”

တချိန်တည်းမှာ သူသည် တွေးနေမိသည်။

“ကြည့်ရတာ ဒီတိုက်ခိုက်မှုမှာ ငါ့အသက်ကယ် ရတနာကို အသုံးပြုရတော့မယ်။ မဟုတ်ရင် ငါ့ဂုဏ်သတင်းကို ထိန်းနိုင်မှာ၊ ငါ အနိုင်ရနိုင်လောက်မှာ မဟုတ်ဘူး…”

“အစ်ကိုလျှို၊ ခင်ဗျားတစ်ယောက်တည်းနဲ့ သွေးကျွန်သုံးယောက်ကို ရင်ဆိုင်ချင်တာလား…”

သို့သော် တခြားသူများက လျှိုကျင်း၏ စကားများကို ကြားသည့်အခါ သူ့ထံ မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်သည်။ သည့်အတွက်ကြောင့် လျှိုကျင်းမှာ သူ့စိတ်နှလုံးထဲ၌ နာကျင်မှုကို ခံစားမိသည်။ သို့ပေမည့် သူ့အမူဟန်ပန်ကမူ တည်ငြိမ်နေလျက်သာ။ စကားဆိုမနေ။ သူက ကောင်းကင်ထက်သို့ မှော်ပစ္စည်းအသုံးပြုကာ ပျံသန်းတက်သွားပြီး သူ၏ သိုလှောင်အိတ်ထဲမှ အနီရောင်ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူသည်။

ထိုအခိုက်အတန့်၌ လျှိုကျင်းမှာ တည်ငြိမ်နေပြီ ဖြစ်၏။ ဘေးမှသူများက ဤသည်ကို မြင်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့က ယုံကြည်မှု ပိုရှိလာပြီး သူ၏နောက်သို့ လိုက်လာသည်။

လျှိုကျင်းက သူ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို နှမြောဟန်ဖြင့် စိုက်ကြည့်နေ၏။ သို့သော် ခဏအကြာ သူ့အမူအရာမှာ တည်ငြိမ်သွားပြီး သူ့လက်နှစ်ဖက်ကို ၎င်းပေါ်သို့ တင်သည်။ ချက်ခြင်းပင် သေတ္တာကား အပိုင်းပိုင်းကွဲထွက်လျက် ငှက်တစ်ကောင်ဖြစ်သွားလေသည်။ ထိုငှက်က အပြာရောင်တောက်လာသည်။ ၎င်းမှော်အဆောင်ကို ထုတ်ဖော်သည်နှင့် မီတာသုံးဆယ်တွင်းရှိ အပူချိန်မှာ မြင့်တက်လာ၏။ သူ၏အပေါင်းအပါများပါ ခြစ်ခြစ်တောက်အပူဓာတ်ကို ခံစားမိသည်။

စုန့်မင်နှင့် တခြားသူများက အနားသို့ ရောက်လာပြီး သည်အဆောင်၏ အံ့အားသင့်ဖွယ်ကောင်းပုံကို မြင်ရလေသည်။

“ရှေးဟောင်းချိပ်တံဆိပ်…” စုန့်မင်က သည်အဆောင်ကို မြင်သည့်အခါ အံ့အားတသင့် ရေရွတ်မိသည်။

“မဟုတ်ဘူး။ ဒါက တွေ့နေမြင်နေကျ ရှေးဟောင်းချိပ်တံဆိပ် မဟုတ်ဘူး။ ဒါက အစစ်အမှန် ချိပ်တံဆိပ်ပဲ…”

ထိုအဆောင်၏ ထူးခြားမှုကို မြင်ရသည့်နောက် စီနီယာအစ်ကိုဝမ်သည် တစ္ဆေတစ်ကောင်ကို မြင်ရသည့်နှယ် အလန့်တကြား ထအော်သည်။

အစစ်အမှန်ချိပ်တံဆိပ်ကို သိရှိကြသော သူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။

ရှေးဟောင်းချိပ်တံဆိပ်ဟု သိကြသော ယင်းအစစ်အမှန်ချိပ်တံဆိပ်သည် သာမန်ရှေးဟောင်းချိပ်တံဆိပ်များနှင့် မတူပါ။

ပထမဆုံးကွာခြားချက်က သာမန်ရှေးဟောင်းချိပ်တံဆိပ်များသည် မူလမှော်ရတနာ၏ ခွန်အားကို အများဆုံးမှ ဆယ်ပုံတစ်ပုံသာ သိုလှောင်နိုင်သည်။ သို့ပေမည့် အစစ်အမှန်ချိပ်တံဆိပ်ကမူ မူလမှော်ရတနာခွန်အား၏ သုံးပုံတစ်ပုံ ပါဝင်ချေသည်။

ဒုတိယတစ်ခုမှာ အစစ်အမှန်ချိပ်တံဆိပ်များကို မှော်ရတနာ၏ အရှင်သခင်ဖြစ်သူ၏ သွေးမျိုးဆက် ပိုင်ဆိုင်မှ သန့်စင်၍ ရသည်။ သို့ဖြစ်၍ ထိုကဲ့သို့ သွေးမျိုးဆက်ပိုင်ဆိုင်သူ နောက်မျိုးဆက်များကသာ ၎င်းကို အသက်သွင်းနိုင်ပြီး အသုံးပြုနိုင်မှာ ဖြစ်သည်။ အကယ်၍ တစုံတစ်ယောက်က ၎င်းကို အသုံးပြုရန် ကြိုးစားခဲ့ပါက ထိုအစစ်အမှန်ချိပ်တံဆိပ်သည် ၎င်းဘာသာ ပျက်စီးသွားပေလိမ့်မည်။

၎င်းချိပ်တံဆိပ်နှင့် ပတ်သတ်ပြီး ကောင်းကျိုးများစွာလည်း ရှိသလို၊ သိသာသော ဆိုးကျိုးများလည်း ရှိ၏။ မဟုတ်ပါက အကြီးအကဲအားလုံးသည် သူတို့၏ နောက်မျိုးဆက်များအတွက် အစစ်အမှန်ချိပ်တံဆိပ်များကိုသာ ချန်ထားပေးခဲ့လိမ့်မည်။

အစစ်အမှန်ချိပ်တံဆိပ်များသည် သာမန်အဆောင်ရတနာများထက် အဆများစွာ ပိုအစွမ်းထက်သော်လည်း ၎င်း၏ အကြီးမားဆုံးပြစ်ချက်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်တာ ဖြစ်၏။ တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ၎င်း၏ ခွန်အားအားလုံး ပြောင်းသလင်းခါကာ ဒုတိယအကြိမ် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ၎င်း၏အသုံးဝင်မှုက ပုံမှန်ရှေးဟောင်းချိပ်တံဆိပ်များလောက် လက်တွေ့ကျမနေပေ။

ထို့အပြင် သည်အစစ်အမှန်ချိပ်တံဆိပ်များကို လက်လွှဲပေးမှု နည်းပါးရသည့် နောက်ထပ်အကြောင်းရင်း တစ်ခုလည်း ရှိပေသည်။

အစစ်အမှန်ချိပ်တံဆိပ်တစ်ခုကို သန့်စင်ဖို့ဆို မှော်ရတနာတစ်ခုသည် သွေးမျိုးဆက်ဖြစ်စဉ်ကို ဖြတ်သန်းရသဖြင့် ထိုမှော်ရတနာသည် ထိခိုက်မှုဖြစ်ကာ ၎င်း၏ ခွန်အားကိုလည်း လျော့ပါးဆုံးရှုံးလိမ့်မည်။ သို့ဖြစ်၍ အကြီးအကဲများသည် သူတို့၏ ကိုယ်ပိုင်မှော်ရတနာများကို အပျက်စီးထိခိုက်ခံမည့်အစား ပုံမှန်ရှေးဟောင်းချိပ်တံဆိပ်များကိုသာ သူတို့၏ နောက်မျိုးဆက်များထံ လွှဲပြောင်းချန်ထားတာက ပိုကောင်းလိမ့်မည်ဟု တွေးမိကြမှာ သဘာဝပင်။

သို့ဖြစ်၍ ကျင့်ကြံသူအများအပြားသည် ကျင့်ကြံခြင်းလောက၌ မှော်ရတနာများသည် အစစ်အမှန်ချိပ်တံဆိပ်များထက်ပို၍ များသည်ဟု ဟာသလုပ် ပြောကြလေသည်။ သည်စကားများမှာ နည်းနည်းတော့ လွန်ရာ ကျသော်လည်း အမှန်တရားနှင့် သိပ်မကွာဟလှပေ။

All Chapters