ငါကြည့်တာက ဖြူစင်ရိုးသားတဲ့ စိတ်အခံနဲ့
Vol. 41 Ch. 601
“ ဒါ…ဒါ….ဒါကြီးတွေက အစစ်တွေလား….”
ယွမ် တစ်သိန်းနှစ်သောင်း တန်ကြေးရှိသည့် အကန့်အသတ်ထုတ် ဂျပန် ရာမာဇာကီမုယော ဝီစကီ။
1947 ခုနှစ်ထုတ် စပျစ်ဝိုင်။
1907 ခုနှစ်ထုတ် အရက်။
1945 ခုနှစ်ထုတ် ဝိုင်စည်ပိုင်းတွေ။
အဆိုပါ ဝိုင်ပုလင်းများကို အစီအရီ မြင်လိုက်ရတော့ လီလေ့နှင့် ဝမ်ဝေ့တို့ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ပထမဆုံး အတွေးကတော့ ယင်းက အတုများပင်။
ရာမာဇာကီ ဝီစကီမှလွဲ၍ ကျန်သည့်ဝိုင်ပုလင်းများအားလုံးမှာ နှစ်ချို့ဝိုင်ပုလင်းများ ဖြစ်ကြလေသည်။ အဆိုပါ ပုလင်းများမှာ တစ်ပုလင်းကို ယွမ်တစ်သန်း အနည်းဆုံး တန်ကြေးရှိ၏။ ထိုမျှ ဈေးကြီးလှသည့် ဝိုင်ပုလင်းများက ယခုလို ဆိုင် ပေါက်စနလေးတွင် အဘယ်ကြောင့် ရှိနေပါသနည်း။
သို့သော်လည်း အရက်ဂျိုးဖြစ်သည့် ဝမ်ဝေ့ကတော့ တံဆိပ်နှင့် ပုံပန်းသွင်ပြင် အနေအထားကို ကြည့်၍ အတုများမဟုတ်ကြောင်း တပ်အပ်သိလေသည်။
“ အတုလို့ ထင်နေတာမလား…” လင်းရီ ပြောလိုက်ပြီး “ မြည်းစမ်းကြည့်ဖို့ ပုလင်းဖွင့်ပေးရဦးမလား…”
“ မ.. မလုပ်ပါနဲ့.. ကျွန်မတို့ မတတ်နိုင်ဘူး..” လီလေ့ အသည်းအသန် ငြင်းဆိုလိုက်သည်။
“ အထဲမှာ အများကြီး ကျန်သေးတယ်… သေချာလေး ယူကြည့်ကြလေ…”
“ယုံ ယုံပါတယ်ရှင်… မလိုတော့ပါဘူး.. “ လီလေ့ ပြောလိုက်ပြီး “ ကျွန်မတို့ ကုမ္ပဏီ အသေးစားလေးက သူဌေးရဲ့ ဆိုင်ကို ထောက်ပံ့ပေးဖို့ မထိုက်တန်ပါဘူး… နှောင့်ယှက်မိတာ စိတ်မရှိပါနဲ့…”
ထိုသို့ ပြောပြီးနောက် နှစ်ယောက်မှာ တုန်လှုပ်နေသည့် အသွင်ဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားကြလေသည်။
ဒါဘယ်လို မကောင်းဆိုးဝါးဆန်တဲ့ ဆိုင်မျိုးလဲ…
ဆိုင်ရှင်က ထားစရာနေရာ မရှိလောက်အောင် ပိုက်ဆံတွေ ပေါနေတာလား….
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနာက် မကြာမီ စားသုံးသူ ကတ်စတန်မာ တစ်ချို့ ရောက်ရှိလာလေသည်။ အားလုံးကတော့ အမျိုးသမီး မိန်းမငယ်လေးများ ဖြစ်ကြ၏။
“ ဘုရားရေ… ဆိုင်ရှင် သူဌေးလေးက ချောလိုက်တာနော်… ကောလဟာလတွေက တကယ်မှန်နေတာပဲ…”
မိန်းကလေး နှစ်ယောက်မှ သူ့ကို ထူးဆန်းသည့် သတ္တဝါအလား ကြည့်နေကြသည်ကိုမြင်တော့ လင်းရီ ကူကယ်ရာမဲ့သွားခဲ့သည်။
သူတို့က လူချောလေးကို တစ်ခါမှ မမြင်ဖူးကြလို့လား…
ကြည့်ရသလောက်တော့ ယောက်ျားလေးတောင် မမြင်ဖူးကြဘူးနဲ့တူတယ်…
“ စားဖို့လာတာလား…”
“ အွန်း ဟုတ်တယ်...သူဌေး ငါတို့က ဒီမှာ စားသောက်စရာတွေ မမှာရင်ကော နေလို့ရလား …” ကောင်မလေး တစ်ဦးမှ ပါးကို လက်ညိုးနှင့် ထိရင်း စဉ်းစားနေဟန်ဖြင့် မေးလိုက်၏။
“ ကိစ္စမရှိဘူး… ကြိုက်သလိုသာလုပ်…”
မိန်းကလေး နှစ်ယောက်မှ ထိုင်ချလိုက်ပြီး မီနူးကို လှန်လောကြည့်လိုက်ကြသည်။ သို့သော်လည်း သူမတို့၏ မျက်နှာအမူအရာမှာ အံ့အားသင့်သွားခြင်း မရှိချေ။
သူမတို့နှစ်ယောက်က ဤဆိုင်မှာ အတော်လေး နာမည်ကြီးသောကြောင့် လာရောက်စပ်စုခြင်း ဖြစ်ပြီး ဆိုင်ရှိ စားသောက်စရာများက ဈေးကြီးကြောင်းကိုလည်း ကြိုတင်သိရှိထားလေသည်။ သို့သော်လည်း ဆိုင်သူဌေးမှာ ချောမောခန့်ညားလွန်းတာကြောင့် ဈေးကြီးသည်ကိုပင် မမြင်နိုင်ရှာတော့ချေ။
“ နို့လက်ဖက်ရည် နှစ်ခွက် ယူမယ်…”
“ ကောင်းပြီလေ… ခဏစောင့်…”
ထိုမိန်းကလေး နှစ်ယောက်မှာ စားသောက်ရန် လာခဲ့ခြင်း မဟုတ်ပဲ သူ့ကို စနောက်ရန် ရည်ရွယ်ချက်ရှိရှိ လာခြင်းဖြစ်သည်ဟု လင်းရီ ခံစားနေရ၏။
သို့သော်လည်း ယင်းက ပဓာန မကျပေ။ ကတ်စတန်မာ နှစ်ယောက် အော်ဒါမှာလိုက်သောကြောင့် သူ၏ မစ်ရှင် ပြီးမြောက်မှု ဇယားမှာ (၁၇/၂၀) သို့ ရောက်ရှိသွားချေပြီ။
ပရော်ဖက်ရှင်နယ် နို့လက်ဖက်ရည်ဆိုင် မဟုတ်သောကြောင့် လင်းရီ မိန်းကလေးနှစ်ယောက်ကို အများကြီး မေးမနေပဲ လူကြိုက်များသည့် နို့လက်ဖက်ရည် နှစ်ခွက်ကိုသာ ပြုလုပ်ပေးလိုက်၏။
“ ဘော့စ်.. စုပ်တဲ့ဟာက အရမ်း သေးတာပဲနော်… ပိုကြီးတာလေး မရှိဘူးလား..” မိနီစကတ် ဝတ်ဆင်ထားသည့် မိန်းမငယ်လေးမှ မေးမြန်းလိုက်၏။
“ ဒီရဲ့ စုပ်ပိုက်က သာမန်ဆိုဒ်ပဲ မဟုတ်ဘူးလား…”
“ ဒါပေမယ့် ငါက ပိုကြီးကြီးလေး လိုချင်လို့လေ…”
“ ဒါဆို ဘယ်လောက်ထိကြီးတာ လိုချင်လဲ… သခွားသီးလောက်လား…”
“ ဒါပေါ့.. အဲ့ဆိုဒ်လောက်ဆိုရင် ကွက်တိပဲ…”
ထို့နောက် အမျိုးသမီး နှစ်ဦး၏ တခစ်ခစ် ရယ်မောသံမှာ ဆိုင်၏ လေထုထဲတွင် ပျံ့လွင့်သွားခဲ့လေသည်။
“ သူဌေး.. ငါတို့ ဝီချက်အပ်လို့ရလား….”
“ သေချာပေါက် ဘယ်ရမှာ…”
“ ဝီချက်အပ်ဖို့ ဘယ်လောက်ပေးရမလဲ… ယွမ်တစ်သောင်းလောက်ဆို အဆင်ပြေလား..”
“ယွမ်တစ်သောင်းလား….”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အနှီ မိန်းမပျိုလေးမှာ အတော်အသင့် ကြွယ်ဝဟန်တူသည်။
“ ကလေးမ… ငါနဲ့ ဝီချက်အပ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့…. ပြီးတော့ ငါက ယွမ်တစ်သောင်းလောက်လေးကိုလည်း မက်မောမနေဘူး.. ဒါက စားသောက်ဆိုင်ဆိုတော့ အဲ့လိုကိစ္စမျိုးတွေကို တားမြစ်ထားတယ်…”
“ သူဌေးကလည်း… အဲ့လောက်ကြီး မစိမ်းကားပါနဲ့လား… ငါတို့က သူဌေးနဲ့ တွေ့ချင်လို့ အတန်းချိန်တောင် လစ်ပြီး လာခဲ့ရတာကို..” မိနီစကတ်နှင့် မိန်းကလေးမှ ပြောလိုက်ပြီး “ ဒါပေမယ့် နင့်ရဲ့ ဝတ်ပုံစားပုံကြည့်ရသလောက်ကတော့ နွမ်းပါးတဲ့ပုံလည်း မပေါ်ပါဘူး… ငါတို့ နှစ်ယောက်ကို ဘယ်လိုမြင်လဲ….”
ပြောပြီးနောက် သူမ၏ ရှည်လျားသည့် ဆံနွယ်တို့ကို ခါထုတ်လိုက်ပြီး အချိုမြိန်ဆုံး ပြုံးပြရင်း မေးလိုက်၏။
ချလပ်…
ထိုအချိန်တွင်ပဲ စားသောက်ဆိုင်တံခါးမှာ ပွင့်ဟ လာခဲ့ပြီး ကျီချင်းရန် ရောက်လာခဲ့လေသည်။
သူမ စောနတုန်းက စကားဝိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
လင်းရီ ပခုံးတွန့်လိုက်ပြီး “ လေဒီဘော့စ်က ဒီရောက်နေပြီဆိုတော့ မင်းတို့နှစ်ယောက် အခွင့်အရေး မရှိတော့ဘူး..”
ကျီချင်းရန် သူမ၏ mask ကို ချွတ်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ကျက်သရေရှိသည့် မျက်နှာကို လှစ်ဟပြလိုက်သောအခါ မိန်းကလေး နှစ်ယောက်လုံး တွေဝေငေးမောသွားကြတော့၏။
သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့တင် ပြိုင်ဘက်ကင်းနေပြီကို ဘာလို့ မျက်နှာလေးက အဲ့လောက်တောင် လှနေရတာ…
ကျိုးဟိုင် ဒရာမာ အကယ်ဒမီက အလှနတ်သမီးတောင် သူမရဲ့ အလှကို လိုက်မှီနိုင်မှာ မဟုတ်လှဘူး…
“ ဒါက လေဒီဘော့စ်…ဒါဆို သူဌေးရဲ့ ကောင်မလေးပေါ့....”
“ ဒါပေါ့… ငါက တွေ့ကရာလူကို အဲ့ဒီ ဂုဏ်ပုဒ် ပေးမယ်များ ထင်နေတာလား…”
“ အာ.. နှောင့်ယှက်မိသွားပြီ…”
ကျီချင်းရန်၏ အလှကို ပြိုင်၍ သူမတို့ရှေ့ရှိ အနှီ ဆိုင်ရှင် လူချောလေးကို သိမ်းပိုက်ဖို့ရာ မစွမ်းသာချေ။ ထို့ကြောင့် ဘေလ်ရှင်းပေးပြီးသည်နှင့် နှစ်ယောက်မှာ နို့လက်ဖက်ရည်ဘူးကို ကိုင်၍ ဆိုင်ထဲမှ ထွက်ခွာသွားကြလေသည်။
“ ထွက်သွားတာ ဘယ်လောက်ပဲ ကြာသေးလို့… ဘာလို့ အဲ့လောက်မြန်မြန်ကြီး ပြန်လာခဲ့တာ…”
“ ဘာလဲ… နင် ကောင်မလေးတွေနဲ့ စကားပြောတာကို နှောင့်ယှက်မိလို့လား….”
“ အပိုတွေ မပြောစမ်းပါနဲ့ကွာ.. ကိုယ့်ရှေ့က အလှလေးကိုတောင်မှ မသိမ်းပိုက်နိုင်သေးတာကို တခြားကောင်မလေးတွေဘက် ဦးလှည့်ဖို့ ဘယ်အချိန်ရှိမှာ…”
“ ဒါဆို နင်ခု ရထားတာတွေကကော မလုံလောက်သေးဘူးပေါ့…”
“ အသေအချာပဲလေ…. မင်းနဲ့ အတူအိပ်စက်နိုင်တာကမှ စစ်မှန်တဲ့ အောင်မြင်မှုလို့ ခေါ်ထိုက်တာ… လက်တွေကိုင်ပြီး နမ်းတာလေးလောက်ကတော့ ဘာမှ မဟုတ်သေးဘူး…”
“ ဟွန့်… နင်တို့ ယောက်ျားလေးတွေပဲ အဲ့လို ညစ်ညမ်းတဲ့ အတွေးတွေ တွေးနေကြတာ… အမှန်ဆို ခုလို ခံစားချက်မျိုးကတောင် တော်တော်လေး ကောင်းမွန်နေပြီ… နင်က ဒီလောက် ကောင်းတဲ့ ဘဝကြီးကို မကျေနပ်နိုင်သေးဘူးပေါ့လေ… အချစ်စစ်က တဏှာတွေမပါပဲ ငြိမ်းချမ်းတယ်တဲ့.. အဲ့ဒီ စကားပုံကို နင် မကြားဖူးဘူးလား….”
“ ဒါဆို ငါလည်း မေးပါဦးမယ်.. သားသမီးတွေက လင်မယား နှစ်ယောက်ကြားထဲက သံယောဇဉ်နှောင်ကြိုးတွေ ဆိုတာကကော…. မင်း အဲ့စကားပုံကို မကြားဖူးဘူးလား..”
“ ကြားဖူးတယ်လေ…”
“ ဒါဆို အဲ့ ဆိုရိုးကို သဘောတူလား…”
“ သဘောတူတယ်လေ… အဲ့တာကလည်း အဓိပ္ပာယ်ရှိနေတာကိုပဲ…”
“ ဒါဆို ငါတို့လည်း ကလေး တစ်ယောက်လောက် ယူသင့်တယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ မင်းထင်နေတာ ငါတို့က လက်လေးကိုင်ပြီး နမ်းရုံလောက်နဲ့ ကလေး ရနိုင်မယ်လို့ ထင်နေတာလား.. မင်း ငါ့ကို ဂြိုဟ်သားမျာ မှတ်နေတာလားကွ…”
“ ငါ့ကို အဲ့ဒီ ကလိမ်ကကျစ် သီအိုရီတွေနဲ့ ဦးနှောက်လာမဆေးနဲ့… နင့်ဦးနှောက်က အမြဲတမ်း ညစ်ညမ်းတဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတာ…”
“ ချင်းရန်… မင်းက အဲ့လို ပြောကြေးဆို ငါလည်း မင်းနဲ့ ငြင်းခုန်ရတော့မယ်…”
“ ရတယ်လေ…. ခု ကတ်စတန်မာ မရှိဘူးဆိုတော့ သေချာလေး စကား ပြောကြတာပေါ့…”
“ ကောင်းပြီ… မင်းပြောတဲ့ အတိုင်းဆိုရင် ငါ့ရဲ့ ယောက္ခထီးက ဣန္ဒြသိက္ခာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ လူကြီးဆိုရင် မင်းက ဘယ်ကနေ ရောက်လာခဲ့တာ…” လင်းရီ ပြောလိုက်ပြီး “ မင်းက ငါ့ပြိုင်ဘက်ဆိုတော့ ငါ့မေးခွန်းကို တိုက်ရိုက်ပဲ အဖြေပေး…”
“ အာ….”
ကျီချင်းရန် နှုတ်ဆိတ်သွားခဲ့တော့၏။
ဘယ်လိုလူက ဒီလို မေးခွန်းကြီးကို ဖြေနိုင်မှာလဲတဲ့….
“ ရတယ်လေ… ဒါပေမယ့် အဲ့ကိစ္စတွေက လက်ထပ်ပြီးမှ စဉ်းစားရမယ့် ကိစ္စတွေ.. ခု နင့်ရဲ့အလုပ်က ငါနဲ့ ကောင်းကောင်းဒိတ်လုပ်.. ပြီးရင် ကြိုးစားပြီးတော့ ပိုက်ဆံရှာ… ကျန်တာတွေ ခေါင်းထဲ မထည့်နဲ့….”
“ အဲ့တာ ငါလက်ခံတယ်… ဒါပေမယ့်….”
“ ရပြီ… ငြင်းခုန်ဆွေးနွေးပွဲ ပိတ်သိမ်းပြီ…နင့်ရဲ့ တင်ပြမှုကို ဖယ်ရှားလိုက်ပြီ… ဘာမှ ဆက်မပြောနဲ့တော့...ဒါပဲ....”
လင်းရီ “ ….. “
မိန်းကလေးတွေက ငြင်းတာ အရမ်းတော်တာပဲ….
“ ဗိုက်ဆာနေပြီလား… ငါမင်းကို စားချင်တာလုပ်ပေးမယ်လေ…”
“ ငါလား… ကြက်ဥခေါက်ဆွဲစားချင်တယ်…”
“ အင်း… ငါခုလုပ်ပေးမယ်…”
“ ခစ်ခစ်… ငါလည်း လိုက်မယ်… တူတူလုပ်ကြမယ်လေ…”
“ သွားစို့..”
မီးဖိုချောင်ထဲသို့ ရောက်သောအခါ ကျီချင်းရန် သူမ၏ အင်္ကျီလက်ကို ပင့်လိုက်ပြီး “ ငါ ဂျုံမုန့်နယ်လိုက်မယ်… နင်က ကျန်တာတွေ လုပ်လိုက်…”
“ ခေါက်ဆွဲလုပ်ဖို့ ဂျုံနယ်တယ်ဆိုတာက နည်းစနစ်လိုတယ်နော်… မင်း လုပ်နိုင်မှာ သေချာလို့လား…”
“ စမ်းကြည့်မယ်လေ…” ကျီချင်းရန် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ အချိုးအစားက ခေါက်ဆွဲတစ်ပွဲဆို ရေတစ်ဝက်မလား…”
“ အင်း … ဒါပေမယ့် ရေနည်းနည်း ထပ်ထည့်လိုက်ဦး… မင်းပြောသွားတာက ဒီတိုင်း ခန့်မှန်းတွက်ချက်ထားတာကြီး…”
“ အိုကေ…”
“ စိတ်မချသေးပါဘူးကွာ.... မင်းလုပ်တာ ကြည့်စမ်းဦးမယ်..”
“ နင်က ငါ့ကို အထင်လာသေးနေတာလား… ငါက ရန်တက္ကသိုလ်က ဘွဲ့ရထားတာနော်…”
“ မင်းတို့ ရန်တက္ကသိုလ်က ခေါက်ဆွဲလုပ်ဖို့ ဂျုံနယ်တာ သင်ပေးလို့လား.. ဟမ့် ခေါက်ဆွဲ ဆွဲတာကလည်း ရှည်လိုက်တာ…. အရှေ့နဲ့ အနောက်တောင် ဆက်လို့ရတော့မယ်…”
“ ပေါက်တတ်ကရတွေ… ငါပြောချင်တာက နင်တောင်လုပ်နိုင်မှတော့ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲလို့…”
“ အဲ့တာကြီးက ဘာစကားတုန်း…. မင်းက ခေါက်ဆွဲနယ်တာကို အထင်သေးတာလား..…”
“ ဟီးဟီး … နင်ပြောတာနော်… ငါဘာမှ မပြောဘူး…” ကျီချင်းရန် လင်းရီကို ဘေးသို့ တွန်းထုတ်လိုက်ပြီး “ နင့် အလုပ်နင်သွားလုပ်… ဒါကို ငါကြည့်ကြပ် လုပ်ထားလိုက်မယ်…”
“ ဆိုင်မှာ လူရှိလား…”
အပြင်ဘက်မှ အသံကြားတော့ ကျီချင်းရန် လင်းရီကို ဆော်ဩလိုက်ပြီး “ မြန်မြန် မြန်မြန်… အပြင်မှ ဧည့်သည့်ရောက်နေပြီ…”
“ အေးပါဟ.. ငါလည်း နားပါပါတယ်…”
လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သောအခါ လူငယ်စုံတွဲမှ သူ့ကို လိုက်ရှာနေကြောင်း မြင်လိုက်ရလေသည်။
“ အချစ်… နင်ကြည့်လိုက်…. သူဌေးက အရမ်းချောတာပဲကော… စီနီယာအစ်မ ပြောတာက တကယ်ကြီး မှန်နေတာပဲ…”
“ ဒါက..… မိန်းကလေး မင်းရဲ့ ကောင်လေးက ဘေးမှာ ရှိနေတာကို အဲ့လိုမျိုး ပြောတာက မကောင်းဘူးထင်တယ်…” လင်းရီ ပြောလိုက်၏။
“ ဘာမှမဖြစ်ပါဘူး… လူတိုင်းက အလှတရားကို ချီးမွမ်းပိုင်ခွင့်ရှိတယ်လေ… ငါက အချောလေးကို စိတ်သန့်သန့်နဲ့ ချီးမွမ်းနေတာဆိုတော့ သူသေချာပေါက် စိတ်ရှိမှာ မဟုတ်ဘူး…”
ပြောပြီးနောက် သူမ၏ ကောင်လေးကို ကြည့်ကာ “ ဟုတ်တယ်နော…”
“ ဒါဆို ငါ မနေ့ညက နင့်ရဲ့ စီနီယာအစ်မကို တစ်ခါလေး ငေးကြည့်လိုက်တာနဲ့ ဘာလို့ ငါနဲ့ တစ်ညလုံး စကားမပြောတာ…”
“ နင်တို့ ယောက်ျားတွေ အဲ့လိုမျိုးကြည့်တာက မကောင်းတဲ့ ကောင်တွေပဲ လုပ်တာ.…နင်က အဲ့အကြောင်းကို အရှက်မရှိ အစပြန်ဖော်ရဲတယ်ပေါ့လေ... ယုံလားတော့မသိဘူး.. ငါနင့်ရဲ့ ခွေးခေါင်းကို ကန်ဖြတ်ပစ်လိုက်မယ်….”
“ ဒါဆို မင်းကျတော့ အချောလေးတွေ မငေးဘူးလား..”
“ မတူဘူးလေ…” ကောင်မလေးမှ ပြောလိုက်ပြီး “ ငါက မိန်းကလေးဆိုတော့ ရိုးသားတဲ့ စိတ်အခံနဲ့ ကောင်ချောလေးတွေကို ငေးတာ… နင်က စီနီယာအစ်မတွေကို ညစ်ညမ်းတဲ့ အတွေးတွေနဲ့ ကြည့်တာမလား... အဲ့လိုအတွေးမျိုးက အရမ်းကို အန္တရာယ်များတယ်.... ပြန်ငြင်းမယ် မကြံနဲ့ ငါအကုန်သိတယ်....”
လင်းရီ ခေါင်းညိမ့်ပြီး သူ့ကိုယ်သူ တွေးတောလိုက်၏။ “ မိန်းကလေး.. ငါ့ကို အဲ့လို ပြောပေးလို့ မင်းတို့ တစ်မိသားစုလုံးကို ကျေးဇူးတင်တယ်သိလား…”
ကြည့်ရသလောက်တော့ သူ၏ ကောင်လေးမှာ အတော်လေး ရိုးသားပြီး အနွံနာခံတတ်သည့် လူတစ်ယောက်ဖြစ်နေပုံပင်။ ကောင်မလေးမှာ အနည်းငယ်ခပ်စွာစွာနှင့် ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော်လည်း မိန်းမကောင်းလေး ဖြစ်ပုံရ၏။
လင်းရီ သူ့ရှေ့ရှိ ချစ်ငှက်မောင်နှံ တက္ကသိုလ် စုံတွဲကို ကြည့်ရင်း အတော်လေး သဘောကျနေမိသည်။ နှိုင်းယှဉ်ရမည် ဆိုလျှင်တော့ သူတက္ကသိုလ် တက်စဉ်အခါက အတော်လေး သနားဖို့ ကောင်းခဲ့လေသည်။
သူတက္ကသိုလ်တက်စဉ် အခါက မည့်သည့် မိန်းကလေးကမှ သူ့ကို ၀န်မခံရဲသောကြောင့် သူ့ဘက်မှ စတင်၍ အပြင်ထွက်လည်ရန် တောင်းဆိုခဲ့ရလေသည်။ ထို့ပြင် သူ့ဘက်မှ ဘေလ်ရှင်းပေးရန်လည်း ဘယ်တော့မှ အခွင့်အရေးမပေးချေ။
လင်းရီ အဆိုပါ အချစ်မျိုးကို အတော်လေး သဘောကျနေလေသည်။
"မီးနူးထဲမှာ ရှိတာတွေ အကုန်လုံး ရတယ်.. ဘာစားကြမလဲ.."နှစ်ယောက်သား ထိုင်ချလိုက်သည်ကို မြင်တော့ လင်းရီ ပြောလိုက်၏။
ကောင်မလေးမှ လက်နှစ်ချောင်း ထောင်ပြကာ အပြုံးလေးဖြင့် "ဥထမင်းကြော် နှစ်ပွဲပေးပါ သူဌေး.. ကျွန်မက တစ်၀က်ပဲ ယူမှာ.. ကျန်တဲ့ တစ်၀က်ကျ သူ့ပန်းကန်ထဲ ထည့်ပေးလိုက်.. "
ထိုသို့ ပြောပြီးနောက် ကောင်မလေးမှ ရေရွတ်လိုက်၏။ "နေ့တိုင်း ၀က်လို စားသောက်နေတာတောင် ဒီကောင်က ဘာလို့ ပိန်နေမှန်းလဲ မသိဘူး..."
"ကောင်းပြီလေ.. ခဏစောင့်.."
သို့နှင့် လင်းရီ လှည့်ထွက်လာခဲ့ပြီး မီးဖိုချောင်ထဲသို့ ရောက်ရှိလာလေသည်။
သို့သော်လည်း လင်းရီ ၀င်လျှင် ၀င်ချင်း ကြက်သေသေသွားတော့၏။
စတီးဘေစင်ထဲတွင် ခေါက်ဆွဲဇလုံကြီး တစ်လုံးရှိပြီး ကျီချင်းရန်မှ ဂျုံထည့်လိုက် ရေထည့်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။
"သောက်ကျိုးနည်း..မင်း ဘာတွေ လျှောက်လုပ်နေတာတုန်းဟ.. အင်္ဂတေဆိုတာ အင်ဂျင်နီယာဆိုက်တွေမှာပဲ သုံးတာလေ... "
ကျီချင်းရန် စိတ်ပျက်အားလျော့စွာဖြင့် လှည့်ကြည့်လာခဲ့ပြီး သူမ၏ ချစ်စဖွယ် မျက်နှာလေးမှာတော့ ဂျုံမုန့်များ စွန်းထင်းနေကာ သနားစဖွယ်လေး ဖြစ်နေတော့၏။
"အစ ခေါက်ဆွဲက အရမ်းနည်းတော့ ငါ စားရင် မ၀လောက်ဘူးထင်လို့ ခေါက်ဆွဲထပ်ထည့်လိုက်တာ.. အဲ့ခါကျ ရေက မလောက်ပြန်တော့ဘူး.. ဒါကြောင့်မို့ဒါ ရေထပ်ထည့်ရင်းနဲ့ ဒီလိုမျိုး ပျစ်ပျစ်ကြီး ဖြစ်သွားတာပဲ...."
"ငါအထင်တော့ ခေါက်ဆွဲက အဲ့လို ဖြစ်နေတာ မဟုတ်ပဲ မင်းဦးနှောက်က အဲ့လို ဖြစ်နေတယ်ထင်တာပဲ…”