← Chapters

မင်းကသာ ငါ့ ဘဝကို ပြီးပြည့်စုံစေတယ်..

Vol. 41 Ch. 602

မင်းကသာ ငါ့ ဘဝကို ပြီးပြည့်စုံစေတယ်..

Vol. 41 Ch. 602

“နင်က ငါ့ကို ဦးနှောက်မရှိဘူးလို့ ပြောချင်နေတာလား…”

“ မင်းလုပ်ရပ်ကို ပြောရမယ်ဆိုရင် ဦးနှောက်မရှိတဲ့သူကို စော်ကားရာကျနေသေးတယ်…”

“ ရီ.. နင်ငါ့ကို တကယ်ကြီး အဲ့လို ပြောရက်တယ်ပေါ့လေ… ငါ ယုံတောင် မယုံနိုင်ဘူး…” ကျီချင်းရန် မျက်ဝန်းတို့ မယုံကြည်နိုင်ဟန်ဖြင့် မျက်ရည်တို့ ဝေ့သီနေပြီး လင်းရီကို ငြိုးငယ်စွာကြည့်လျက်

“ နင်က အတူနေလာတာကြာပြီဆိုတော့ ငါ့အပေါ် အချစ်တွေ လျော့သွားပြီပေါ့လေ…”

လင်းရီ ကျီချင်းရန်၏ ပါးဖောင်းဖောင်းလေးကို ဆွဲညစ်လိုက်ပြီး “ ဘာတွေလျှောက်ပြောနေတာ…. လူစကားပြောစမ်း…”

“ ဒါဆို ခု ဘယ်လိုလုပ်ကြမှာလဲလို့… ခေါက်ဆွဲတွေက အများကြီးပဲလေ… ငါတို့ သေချာပေါက် စားလို့ ကုန်မှာ မဟုတ်ဘူး…”

“ သေချာပေါက် အစက ပြန်လုပ်ရမှာပေါ့….”

“ ပြီးတာပဲ…” ကျီချင်းရန် နှုတ်ခမ်းလေး ဆူလိုက်၏။ လင်းရီ သူမကို ဦးနှောက်မရှိဟု ပြောထားသည်ကို အနည်းငယ် မကျေမနပ် ဖြစ်နေသေးလေသည်။

“အဲ့အတိုင်းနေ...မလှုပ်နဲ့ဦး…..”

“ ဟမ်… ဘာလို့လဲ…”

“ ခဏ … အဲ့တိုင်းလေးပဲနေ…”

လင်းရီ အနီရောင် ဆော့စ်အနည်းငယ်ကို ယူ၍ ကျီချင်းရန်၏ မျက်နှာပေါ်တွင် မျဉ်းသုံးကြောင်း ဆွဲလိုက်ရင်း နှာသီးထိပ်တွင် ဂျုံမှုန့်ဖြင့် အစက်တစ်စက်တို့ကာ မိညောင်ပုံစံ လုပ်ပေးလိုက်၏။

ကျီချင်းရန် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်ရင်း ရွှင်မြူးစွာ ပြုံးလိုက်သည်။ သူမ၏ လက်ရှိပုံစံက ချစ်စရာကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းနေလေသည်။

နှစ်ယောက်သား ဂျုံများဖြင့် တခဏခန့် ကစားပြီးနောက် လင်းရီ ကျီချင်းရန်ကို ခေတ္တဘေးချိတ်ထားလိုက်သည်။ အပြင်တွင် ဧည့်သည်နှစ်ယောက်က ရှိနေသေးသောကြောင့် ၎င်းတို့၏ အော်ဒါများကို ဖြည့်ဆည်းပေးရန် ကျန်နေသေးလေသည်။

ဆယ်မိနစ်ကြာပြီးနောက် လင်းရီ ဥထမင်းကြော် နှစ်ပွဲနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။

“ သူဌေး.. ထမင်းတွေက အများကြီးပဲကော…. ပုံမှန်ဆိုလည်း အဲ့လောက်ပဲလား…” မိန်းကလေးမှ တောင်ပူစာ သေးသေးလေးကဲ့သို့ ဖြစ်နေသည့် ထမင်းကြော်ကို ကြည့်ရင်း အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်သည်။

“ မင်းရဲ့ ကောင်လေးအတွက် ပိုထည့်ပေးထားတာ…”

“ ဟီးဟီး… ကျေးဇူးနော် သူဌေး..” မိန်းကလေးမှ ပန်ကန်ပြားကို ကောင်လေးရှေ့သို့ ချပေးကာ “ ရော့ ဝက်လိုကောင်… နင် များများစား…”

အစားအသောက်များ ချပေးပြီးနောက် လင်းရီ မီးဖိုချောင်သို့ သွားလိုက်သောအခါ ကျီချင်းရန်၏ မျက်နှာသွင်ပြင်က အတော်လေး ကောင်းမွန်လာကြောင်း မြင်တွေ့လိုက်ရ၏။ အနည်းဆုံးတော့ စောနကကဲ့သို့ ဂျုံမှုန့်များဖြင့် ပေကျံမနေချေ။

“ လင်းရီ …ငါ မလုပ်နိုင်လောက်တော့ဘူး… နင်ပဲ လုပ်လိုက်တော့….”

“ နောက်ဆုံးတော့ ကိုယ် မလုပ်နိုင်တာကို သိသွားပြီပေါ့…”

“ အွန်း အွန်း… တို့ရဲ့ ရီက အရမ်း တော်တာပဲ…”

အချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်သောကြောင့် လင်းရီလည်း အနည်းငယ် ဆာလောင်နေကာ ကျီချင်းရန် လက်ထဲမှ ဂျုံလုံးကို ယူ၍ စတင် ခေါက်ဆွဲ ဆွဲလိုက်၏။

ကျီချင်းရန်ကတော့ လင်းရီ ညွှန်ကြားထားသည့် အတိုင်း ခေါက်ဆွဲအရည် ပြုလုပ်နေလေသည်။

မကြာမီ အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲနှစ်ပွဲမှာ အဆင်သင့်ဖြစ်သွားခဲ့ပြီး လင်းရီ လက်တစ်ဖက်တစ်ချက်စီမှ သယ်ဆောင်လာကာ အပြင်စားပွဲထံသို့ ယူလာခဲ့၏။

“ သူဌေး… သူက နင့်ရဲ့ ကောင်မလေးလား…” မိန်းကလေးမှာ စားသောက်နေရင်းမှ အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်၏။

ထိုသို့ မေးမြန်းခံလိုက်ရသည့်အတွက် ကျီချင်းရန်မှာ နှစ်သက်ကြည်နူးသွားပြီး လင်းရီ ဝန်ခံမည်ကို တိတ်တဆိတ် မျှော်လင့်နေရှာသည်။

“ အမှန်ပဲ…”

ထိုအခါ ကျီချင်းရန်ရင်ထဲ ဝမ်းသာပီတိတို့ ပြည့်လျှံသွားပြီး လင်းရီ လက်မောင်းကို ဖက်၍ ခေါင်းတိုးဝှေ့လိုက်၏။

“ မမ … နင်က အရမ်းလှတာပဲ…”

“ ကျေးဇူးပါ ညီမလေး… နင်လဲ အရမ်းချစ်စရာကောင်းတယ်…”

အားးးးး……

ထိုစဉ်ကောင်မလေးမှ ဘေးတွင် ငေးမောနေသည့် သူ့ကောင်လေးကို ဆွဲစိတ်လိုက်ပြီး “ ကိုယ့်စားစရာရှိတာကို စား… သူဌေးရဲ့ မိန်းကလေးကို ခိုးကြည့်မနေဲ့…”

“ နင်ပြောတော့ လူတိုင်းက အလှတရားကို ချီးမွမ်းပိုင်ခွင့် ရှိတယ်ဆို…” ကောင်လေးမှ မကျေမနပ်ဖြင့် ပြန်မေးခွန်းထုတ်လိုက်ပြီး “ နင်တောင်မှ ရိုးသားဖြူစင်တဲ့ ကောင်လေးတွေကို‌ ငေးလို့ရရင် ငါကကော ဘာလို့ ရိုးသား ဖြူစင်တဲ့ မိန်းကလေးတွေကို ငေးလို့မရမှာ…”

“ မသာ… ငါက မိန်းကလေးမို့ ငေးတာ… နင်တို့ ယောက်ျားလေးတွေက အဲ့လောက်လှတဲ့ မိန်းကလေးကို ငေးဖို့ မထိုက်တန်ဘူး.. “

ကောင်လေး “ …..”

မှားယွင်းပြီး ကျိုးကြောင်းမဆီလျော်သလို ခံစားနေရသောကြောင့် ကောင်လေးမှာ သူ၏ ထမင်းကြော်ကို မြန်မြန်လက်စသတ်၍ နှစ်ယောက်အတူ ထွက်ခွာသွားခဲ့တော့သည်။

လင်းရီတို့နှစ်ဦးကတော့ လွတ်နေသည့် စားပွဲတစ်နေရာတွင် အတူထိုင်၍ ဗိုက်ဖြည့်လိုက်ကြ၏။ ကျီချင်းရန်မှာ ဗိုက်ဆာတယ် တကဲကဲ လုပ်နေသော်လည်း အနည်းငယ်မျှသာ စားသောက်နိုင်ပြီး သူမ၏ လက်ကျန်ကို လင်းရီကပဲ ဖြတ်ပေးလိုက်ရ၏။

နှစ်ယောက်သား စားသောက်ပြီးသောအခါ နောက်ထပ် စားသုံးသူ ကတ်စတန်မာ တစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုသူလည်း ရိုးရိုးရှင်းရှင်း သောက်စရာ နို့လက်ဖက်ရည်တစ်ခွက်သာ မှာယူပြီး ဘေလ်ရှင်း၍ ထွက်ခွာသွားခဲ့၏။

ပိုက်ဆံ အကောင့်ထဲ ငွေဝင်သွားခဲ့ပြီးနောက် စနစ်၏ အသိပေးသံမှာ လင်းရီ၏ စိတ်ထဲတွင် မြည်ဟီးလာသည်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

[အလုပ်ပြီးမြောက်နှုန်း : ၄၀% ]

[ဆုလဒ် : ကံကောင်းခြင်းကတ် ]

[အသုံးပြုနိုင်သည့် ကြာချိန် : ဆယ်မိနစ် ]

စနစ်၏ ဆုလဒ်မှာ လင်းရီနှင့် ရင်းနှီးနေကြောင်း မြင်တွေ့လိုက်ရ၏။

အတိတ်တွင်တုန်းက လင်းရီ အလားတူ ကံကောင်းခြင်း ကတ် တစ်ခုကို ရရှိခဲ့ပြီး ထိုစဉ်က အသုံးပြုရန် ကြာချိန်မှာလည်း ငါးမိနစ်မျှသာ။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ ယင်း၏ နှစ်ဆပင်။

ကံကောင်းခြင်းကတ်ပြား ရရှိသည့် အတွက် လင်းရီ အင်မတန် ပျော်ရွှင်သွားခဲ့၏။

အကယ်၍ သူသာ အကျိုးရှိစွာ အသုံးချမည်ဆိုပါက အသက်ကိုပင် ကယ်တင်နိုင်လောက်သည့် ဝှက်ဖဲတစ်ချက် ဖြစ်လာနိုင်သောကြောင့်ကောင်းမွန်စွာ အသုံးချရပေမည်။

[ မစ်ရှင် : စားသောက်ဆိုင်၏ ပျှမ်းမျှဝင်ငွေ ယွမ် ၁၀၀,၀၀၀ အထိ ရရှိပါ ]

[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

အဆိုပါ မစ်ရှင်က လင်းရီကို အနည်းငယ် အခက်တွေ့သွားစေခဲ့သည်။

လက်ရှိ စားသောက်ဆိုင်၏ တစ်နေ့ဝင်ငွေမှာ ပျှမ်းမျှ ယွမ် သုံးထောင်မျှသာ ရှိသောကြောင့် ယွမ်တစ်သိန်းဆိုပါက မည်မျှကြာအောင် အချိန်ယူရမည်နည်း။

ရောင်းအားတက်စေမည့် နည်းလမ်းကို သူစဉ်းစားမှ ဖြစ်ပေတော့မည်။

နှစ်ယောက်သား ဆေးကြောပြီးနောက် ကျီချင်းရန်က ယနေ့ ရောင်းရငွေများကို ရေတွက်ရင်း အရင်းအမြတ် ခွဲဝေတွက်ချက်လေသည်။ လင်းရီကတော့ ဘေးတွင် ထိုင်ပြီး ရှောင်ထျန်နှင့်အတူ ဂိမ်းဆော့နေလိုက်၏။

လင်းရီအတွက်တော့ ရှောင်ထျန်၏ ဖြစ်တည်မှုမှာ သိပ္ပံနည်းကျ ဆိုပါက လူဝံများထက်ပင် နိမ့်ကျနေသေးသည်။

နတ်ဘုရားမှာ ကျီချင်းရန်ကို ဖန်ဆင်းစဉ်တုန်းက ကျွမ်းကျင်လိမ္မာမှုတို့ဖြင့် ဖြည့်တင်းပေးခဲ့ပြီး သို့သော်လည်း ရှောင်ထျန်ကို ဖန်းဆင်းသည့် အချိန်တွင်‌တော့ အဆင့်တစ်ဆင့် ကျော်သွားခဲ့ဟန်တူသည်။

သူ ဂိမ်းတစ်ပွဲဆော့ပြီးသောအခါ နောက်ထပ် ကတ်စတန်မာတစ်ယောက် ဝင်ရောက်လာခဲ့၏။

နှစ်ယောက်မှာ စားသုံးသူ ကတ်စတန်မာများကို စတင်ဧည့်ခံရင်း ညရှစ်နာရီသို့ ရောက်ရှိလာပြီး ကတ်စတန်မာ ရှစ်ယောက်မှာ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာခဲ့ကာ ယခုလက်ရှိ စားသုံးသူ နှုန်းထားက ယခင်နေ့ရက်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာပင် တိုးတက်လာခဲ့တော့၏။

ထို့ပြင် မှာယူသည့် အော်ဒါများကလည်း ဥထမင်းကြော်နှင့် ခေါက်ဆွဲကြော်တင် မဟုတ်တော့ပဲ အခြားဟင်းလျာများပါ နှံ့နှံ့စပ်စပ် ဖြစ်လာခဲ့လေသည်။ လင်းရီကတော့ ယနေ့တွင် သူတို့ဆိုင်၏ တစ်နေ့တာ အထွေထွေသုံးစရိတ်များကို ကာမိနိုင်သည်ဟု ခံစားနေရ၏။

“ မစ္စလင်း… ဒီနဲ့ ငါတို့ ဘယ်လောက်ရှာနိုင်ခဲ့လဲ…” လင်းရီ မေးလိုက်၏။

“ ၃,၄၃၈ ယွမ်.”

“ စားရင်းထဲက အမြတ်ငွေကတော့ ယွမ် ၁,၄၀၀ ပေါ့… ဒါပေမယ့် တကယ့်အမြတ်ငွေကကျတော့ ယွမ် ၁,၀၀၀တည်း.. ကုန်ကျစရိတ်တောင် ပြန်မကာမိသေးဘူး…”

“ ဟမ်… ဒါဆို အဲ့ ယွမ် ၄,၀၀ က ဘယ်ရောက်သွားတာ…”

“ နင် ယွမ်ယွမ်နဲ့ ကျန်တဲ့သူတွေကို ဒီမှာ ဧည့်ခံလိုက်သေးတယ်မလား…. သူတို့ စားသောက်သွားတဲ့ ကုန်ကျစရိတ်က ယွမ် ၄,၀၀ ကျတယ်လေ…”

“ ဆိုတော့.. အဲ့တာကြောင့်ကိုး…”

လင်းရီ ဝီချက်ဖွင့်ပြီး ဂရုအသစ် ဖွဲ့လိုက်၏။ ထို့နောက် ဟော်ယွမ်ယွမ်၊ ထျန်းရန်၊ လုရင်း၊ စွန်းဖုယွီ နှင့် ဝမ်ရန်တို့ကို ဂရုထဲ ထည့်လိုက်သည်။

ဟော်ယွမ်ယွမ် : “ ဘာခိုင်းစရာရှိလို့လဲဘော့စ်… ကျွန်မ အစ်ကိုချီကိုပါ ခေါ်လိုက်ရဦးမလား…”

ထျန်းရန် : “ ဥက္ကဌချိန်ကကျတော့ ကုမ္ပဏီမှာ အချိန်ပိုဆင်းနေပါတယ် ဘော့စ်…”

လင်းရီ : “ သူတို့ကို ခေါ်စရာမလိုဘူး.. ငါမင်းတို့နဲ့ လျှို့ဝှက်ပြောစရာရှိလို့ ခေါ်လိုက်တာ…”

ဝမ်ရန် : “ တီချယ်လင်း… ကျွန်မ လုံရှင်းနဲ့ Sci-tech အတွက် အဆိုပြုချက်ကို စလုပ်နေပြီနော်…”

စွန်းဖုယွီ : “ ဒါရိုက်တာလင်း ဘာအမိန့်ရှိမလို့ပါလဲ…”

လုရင်းကတော့ ခေါင်းပေါ်တွင် မေးခွန်း သင်္ကေတ သုံးခုရှိသည့် မျက်မှန်နှင့်ခွေးပုံ အီမိုဂျီတစ်ခု ပို့လာခဲ့၏။

လင်းရီ : “ မင်းတို့ကြောင့် ဒီနေ့ ငါ့ဆိုင်ရောင်းအားက ၂၈ ရာခိုင်နှုန်းလောက် ကျသွားတယ်…ဆိုတော့ ခု မင်းတို့ဘက်က တာဝန်ကျေရတော့မယ့် အချိန်ပဲ…”

လင်းရီ : “ မင်းတို့ ငါးယောက်က ဥထမင်းကြော်တစ်ပွဲစီ စားထားတာဆိုတော့ တစ်ယောက်ကို ၁၈၉ ယွမ်ကျတယ်.. ခုချက်ချင်း လွှဲလာခဲ့ကြ…”

ဟော်ယွမ်ယွမ် ဂရုထဲမှ ထွက်ခွာသွားခဲ့ပါပြီ။

လုရင်း ဂရုထဲမှ ထွက်ခွာသွားခဲ့ပါပြီ။

လင်းရီ : “ ….. “

ဟော်ယွမ်ယွမ်နှင့် လုရင်းမှာ ဂရုထဲမှာ ထွက်ခွာသွားခဲ့သော်လည်း ကျန်သည့် သူများကတော့ နာခံစွာဖြင့် ပိုက်ဆံအသီးသီး လွှဲလာခဲ့ကြလေသည်။

လင်းရီ တွက်ချက်ကြည့်လိုက်သောအခါ ၅၆၇ ယွမ် ပြန်ရလိုက်၏။ ပမာဏအများကြီး မဟုတ်သော်လည်း အနည်းဆုံးတော့ ကုန်ကျစရိတ်ကို ကာမိလေသည်။

ထို့နောက် လင်းရီ ဝီချက်မှ တစ်ဆင့် ချီရှန်းကျောက်ထံ စာတစ်စောင် လှမ်းပို့လိုက်၏။

လင်းရီ : “ ဟော်ယွမ်ယွမ်နဲ့ လုရင်းရဲ့ ဒီခု လစာထဲက ၁၈၉ ယွမ် နှုတ်ဖို့ ဘဏ္ဍာရေးဌာနကို အကြောင်းကြားလိုက်…”

ချီရှန်းကျောက် : “ ကျ… ကျွန်တော်နားလည်ပါပြီ ဘော့စ်…”

ယခု စားသောက်ဆိုင်၏ ဝင်ငွေမှာ သူ၏ ဘဝဖြစ်လာသောကြောင့် တစ်ယောက်ထဲ လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ထိုအခိုက်အတန့်တွင် ကျီချင်းရန်၏ ဖုန်းသံ မြည်လာခဲ့၏။ ဟော်ယွမ်ယွမ်ထံမှပင်။

“ အစ်မကျီ…. နင့်ယောက်ျားက အရမ်း တရားလွန်သွားပြီ…. ညီမက ဥထမင်းကြော် တစ်ပွဲလေးတည်း စားတာကို ခု ပိုက်ဆံ ပြန်လာတောင်းနေတယ်တဲ့… သူ့မှာ အသိတရားလေးတောင် မရှိတော့ဘူးလား မသိဘူး…”

“ အဲ့ဒါက…..... ငါတို့အတွက်လည်း ငွေရှာရတာ လွယ်တာမဟုတ်ဘူးလေ… ဒါကြောင့်မို့ ဝန်ထမ်းတစ်ယောက်အနေနဲ့ နင်တို့က ဘော့စ်အပေါ် နားလည်ပေးသင့်တာပေါ့ မဟုတ်ဘူးလား…”

ဟော်ယွမ်ယွမ် “ …. “

“ နင် … နင်တို့နှစ်ယောက်လုံး အတူတူပဲ.…”

ဟော်ယွမ်ယွမ် စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန်းချလိုက်၏။ သို့သော်လည်း ပိုက်ဆံကိုတော့ ယခုထိ မလွှဲသေးပေ။

ထိုအချိန် လင်းရီကတော့ ဘာမျှ စိတ်ပူမနေချေ။ သူမ၏ လစာငွေထဲက နှုတ်လိုက်လျှင် အဆင်ပြေနေပြီး ဖြစ်၏။

“ချင်းရန်... ငါတို့ ဆိုင်ဖွင့်တာ သုံးရက်ရှိပြီဆိုတော့ ခု ဘယ်လောက်ရထားပြီလဲ..” လင်းရီ မေးလိုက်သည်။

“ ယွမ် ၇,၀၀၀ နီးပါးလောက်ပေါ့..”

“ ဒီနေ့တော့ ကုန်ကျစရိတ်ကို ကာမိတဲ့အပြင် မြတ်ပါ မြတ်လိုက်တယ်....မနက်ဖြန်ကျရင်လည်း ဒီနေ့ရောင်းအားကို ကျော်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…”

လင်းရီ လက်အစုံကို ဦးခေါင်းနောက်တွင် ထားပြီး စဥ်စားခန်း ၀င်လိုက်၏။

ဒီ သုံးရက်ကို ယွမ် ခုနစ်ထောင် ၀င်တယ်ဆိုတော့ ယွမ် တစ်သိန်းရဖို့ အချိန် ဘယ်လောက် ကြာနိုင်မလဲ...

မီနူးပေါ်ရှိ ဈေးနှုန်းများမှာ စနစ်မှ သတ်မှတ်ထားသောကြောင့် လင်စရီ စိတ်တိုင်းကျ ပြုပြင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ရောင်းအား တက်စေမည့် နည်းလမ်းတစ်ခုခုကို သူ ကြံဖန်ရပေတော့မည်။

"လင်းရီ.. ငါတို့ ဆိုင်ပိတ်ပြီးတော့ လမ်းခဏ လျှောက်ကြရင်ကော..."ကျီချင်းရန် မေးထောက်၍ လင်းရီကို ချိုမြိန်စွာပြုံးပြရင်း ပြောလိုက်သည်။

"ညဈေးတန်း ပြန်သွားချင်လို့လား..."

"နင်က မသွားချင်ဘူးလား.. ဒါဆို အနီးနားတစ်ဝိုက် တက္ကသိုလ်တွေပဲ လျှောက်လည်ကြမယ်ဆိုရင်ကော... အဲ့က လေထုကို သွားရှူရှိုက်ရင်းပေါ့..."

"ဘာကို ရှူရှိုက်ချင်သေးတာ... တက္ကသိုလ် မတက်ဖူးတာ ကျနေတာပဲ..."

"ဟာ...အဲ့တုန်းက စာနဲ့ နပမ်းလုံးနေတော့ တက္ကသိုလ်၀န်းထဲတောင် နှံ့အောင် မလျှောက်ဖူးဘူး.. ဒါကြောင့် သွားကြည့်ရအောင်လို့ .. နော်လို့..."

လင်းရီ ကျီချင်းရန်ကို ခပ်ရေးရေး ပြုံးပြလိုက်ပြီး "မင်းက အဲ့တုန်းက စင်ဂယ်မဟုတ်ဘူးလား... အဲ့တော့ လျှောက်လည် စရာ အကြောင်း မရှိဘူးလေ..."

"နင်ပဲ စင်ဂယ်လေ.. ငါ ကျောင်းတုန်းကဆိုရင် ငါ့ကို ပိုးပန်းနေကြတဲ့သူတွေမှ တပုံကြီး.. ဒါပေမယ့် ငါက တစ်ယောက်မှ လက်မခံခဲ့ဘူး..."ကျီချင်းရန် ဂုဏ်ယူ၀င့်ကြွားဖြင့် ပြောလိုက်၏။

"ဒါဆိုလည်း သွားစို့.. ဒီနေ့ တက္ကသိုလ်၀င်းထဲမှာ ကောင်လေးနဲ့ အတူ လျှောက်လည်ရတဲ့ ခံစားချက်က ဘာလဲဆိုတာ ခံစားခိုင်းမယ်..."

"ခစ်ခစ်... သွားမယ်.. ရေး..."

နှစ်ယောက်သား ပစ္စည်းများ သိမ်းဆည်း၍ ဆိုင်တံခါး သေချာသော့ခတ်ကာ တက္ကသိုလ်များ ရှိရာဘက်သို့ လမ်းလျှောက်ရင်း ဦးတည်လိုက်ကြ၏။

"ဒီနားမှာ တက္ကသိုလ်က လေးခုတောင် ရှိတာဆိုတော့ ဘယ်တစ်ခု သွားချင်လဲ..."

"နီးတဲ့ ကျောင်းပဲ သွားကြမယ်.. နင်လည်း အိမ်ရောက်ရင် အလုပ်ရှိသေးတယ်ဆိုတော့ ဒီတိုင်း လေညင်းခံရုံလောက်ပဲ လမ်းလျှောက်ပြီး ပြန်ကြမယ်ဆလ..."

"ဒါဆို ကျိုးဟိုင် တက္ကသိုလ်က အနီးဆုံးပဲ.. အဲ့မှာ ခဏလောက် လမ်းလျှောက်ပြီးတာနဲ့ ပြန်ကြတာပေါ့..."

"အွန်း အွန်း သွားကြစို့..."

ညရှစ်နာရီထိုးနေပြီး ဖြစ်သော်လည်း အဆောင်တံခါးများ ပိတ်သည့် အချိန်မှာ လိုသေးသောကြောင့် ညမှာ အတော်လေး အသက်၀င်နေလေသည်။

လင်းရီနှင့် ကျီချင်းရန်ကဲ့သို့ အချို့ စုံတွဲများမှာလည်း လက်ချင်းချိတ်ကာ ကျောင်းထဲသို့ ပြန်လာနေကြသည်။

လမ်း မျက်နှာချင်းဆိုင် ဟိုတယ်တွင် တစ်ညတာ ကုန်ဆုံးမည့် စုံတွဲများကိုလည်း လင်းရီ လမ်းလျှောက်ရင်း မြင်တွေ့နေရ၏။

လင်းရီမှာ ကျိုးဟိုင် တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦး ဖြစ်သောကြောင့် ယခု နေရာတစ်ဝိုက်နှင့် တော်တော်လေး ရင်းနှီးနေလေသည်။

"ရီ...ကျောင်းက ဘာလို့ သစ်ပင်တွေ အဲ့လောက် ပေါနေတာ..."

ကျိုင်းဟိုင် နည်းပညာ တက္ကသိုလ်၀င်းထဲတွင် သစ်ပင် အမြောက်အများ ပေါက်ရောက်နေသောကြောင့် ကျီချင်းရန် စူးစမ်းချင်နေဟန်ဖြင့် မေးမြန်းလိုက်၏။

"ကျိုးဟိုင် တက္ကသိုလ်ထဲမှာ စိုက်ပျိုးရေး ကောလိပ်ရှိတယ်လေ... ဒီရဲ့ ဧရိယာက သူတို့ သုတေသန ပြုတဲ့ ကွင်းပေါ့.. ခုတော့ စုံတွဲလေးတွေ အတွဲခုတ်တဲ့ ဘုံဗိဗ္မာန် လေး ဖြစ်သွားပြီ... "

ကျီချင်းရန် အထဲသို့ ချောင်းကြည့်လိုက်သောအခါ အမှတ်တကယ် လူငယ်စုံတွဲ အများအပြား တစ်ယောက်ကို တစ်ယောက် ဖက်လျက်ရှိကြောင်း မြင်တွေ့လိုက်ရ၏။

"ဘယ်လိုဟာတွေလဲ မသိဘူးနော်.. အရမ်းရဲတင်းတာပဲ..."ကျီချင်းရန် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

"ဟားဟား ဘယ်သူသိနိုင်မှာ...အဲ့လိုမျိုးက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလို့ နေမှာပေါ့..."

ထို့နောက် ကျီချင်းရန် လင်းရီ၏ လက်မောင်းကို တွဲ၍ ပရုတ်ပင်များ စိုက်ထားသည့် နေရာတစ်လျှောက် လမ်းလျှောက် လာခဲ့လေသည်။

ဖြတ်သွားဖြတ်လာများမှာ လင်းရီတို့ နှစ်ယောက်ကို မြင်တော့ မနေနိုင်ပဲ တစ်ချက်မျှ ငေးကြည့်သွားကြ၏။

သို့သော်လည်း တခဏမျှသာ။ မည်သူကမျှ စိတ်ထဲ ထားမနေချေ။ ကျီချင်းရန်အတွက်ကတော့ သူမတို့ နှစ်ယောက် အတူ တွဲလျှောက်နေသည်ကို လူတွေ ငေးကြည့်နေသည်ကပင် ရှားပါးသည့် အခိုက်အတန့်လေးဖြစ်နေတော့၏။

"သူတို့ကို မြင်မိတိုင်း ငါ ငါ့ကိုယ်ငါ အသက်ကြီးနေပြီလို့ ခံစားနေရသလိုပဲ‌..."

"၀မ်းနည်းလို့လား..."

"အွန်း..."

"ငါ ငယ်ငယ်တုန်းက ဘာမှ မလုပ်ကြည့်ခဲ့ပဲနဲ့ စာတွေချည်း လေ့လာနေခဲ့မိတာကို အရမ်းနောင်တရတယ်... ခု အဲ့လိုအချိန်တွေ ပြန်ရချင်ရင်တောင် ပြန်မရောက်နိုင်တော့ဘူး..."

"တကယ်လို့ နင်သာ ငါ့ကို ဒစ်စနီလန် မခေါ်သွားခဲ့ဘူးဆိုရင် ကစားကွင်းတွေ ပန်းခြံတွေမှာ ပျော်ရွှင်ရတဲ့ အရသာက ဘယ်လိုမျိုးလဲဆိုတာ သိမှာတောင် မဟုတ်ဘူး..."

"ခုတော့ ဘ၀မှာ အလုပ်လုပ်နေတာထက် နင့်နောက်လိုက်ပြီး ရိုမန်တစ်ဆန်ဆန် လမ်းလျှောက်တာက အကောင်းဆုံးလို့ ထင်တယ်.."

ထိုသို့သော မေးခွန်းမျိုးနှင့် ရင်ဆိုင်မိတိုင်း လင်းရီ အဘယ်ကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားရှိ အတွေးအခေါ် ကွာဟမှုက အဘယ်ကြောင့် ထိုမျှ ကွာခြားနေရလဲဆိုတာကို တော်တော်လေး အံ့အားသင့်မိ၏။

လမ်းလျှောက်တာက ဟိုတယ်သွားပြီး အခန်းငှားတာလောက် ရိုဆန်နိုင်မှာမို့လား..

ဟိုတယ်မှာဆို ရိုဆန်ရုံတင်ဘယ်ကမှာ.. စိတ်၀ိဉာဏ်ထိပါ စိတ်ကျေနပ်မှု အပြည့်ရသွားဦးမယ်..

အဲ့လိုလုပ်တာက ခုလိုမျိုး လျှောက်ကြည့်ရင်း လမ်းလျှောက်နေတာထက် ပိုအရသာ ရှိတယ် မဟုတ်ဘူးလား...

ဟင်း.....

"ဘာလို့ စကား ပြန်မပြောတာ... နင်လဲ အဲ့လိုမျိုး ခံစားနေရတာလား..."

'အာ....'

ဆရာမကြီး စိစစ်မေးမြန်းတဲ့ အစီအစဉ် စတင်ပါပြီ။

"အင်း... ငါလည်း အတူတူပဲ.. နောင်တတွေ အများကြီး ရှိခဲ့တာပေါ့ကွာ..."လင်းရီ သူ၏ စကားလုံးများကို သေချာစီစစ်ပြီး အပြီးပြည့်စုံဆုံး အဖြေတစ်ခုကို ပေးရန် ဟန်ပြင်လိုက်၏။

"ငါ တက္ကသိုလ်တက်တုန်းက ငါ့ရဲ့ တစ်လ အသုံးစရိတ်က ယွမ် ၅၀၀ တည်းပဲရှိတာ... အဲ့ဒီငွေကို လောက်ငှအောင် သုံးရင်းနဲ့ နိုက်ကလပ်တက်တာတို့ သူများတွေလို အုပ်စုဖွဲ့ပြီး အပျော်ခရီး ထွက်တာတို့ တစ်ခုမှ မလုပ်ခဲ့ရဘူး.. ပစ္စည်း ၀ယ်ဖို့ ဆိုင်သွားမယ်ဆိုရင်တောင် ရနိုင်သမျှ ဈေးအပေါဆုံး ပစ္စည်းကိုမှ ရွေး၀ယ်ခဲ့ရတယ်... အဲ့လိုမှ မလုပ်ရင်လည်း စာအုပ်ကြေးတွေနဲ့ ဘတ်ဂျက်က မကိုက်တော့ဘူး... တကယ်လို့ နည်းနည်းလောက်လေးများ ပိုသုံးမိလိုက်မယ်ဆိုရင် နောက်လ အသုံးစရိတ်ကျ ရေနဲ့ ထမင်းပဲ နှစ်ပါးသွားရတော့တာ...ကုန်ကုန်ပြောရရင် ငါ့ဘ၀ကြီးက အရမ်းကို ခက်ခဲတာပါကွာ... "

"အဲ့တာတွေက နင့်ရဲ့ နောင်တတွေပေါ့..."

"ဟုတ်တယ်.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဘွဲ့ရပြီးတော့ အဲ့တာတွေက ငါ့ဘ၀မှာ ပြန်ထပ်မရနိုင်တော့ အမှတ်တရတွေပဲ... မင်း ပြောသလိုမျိုးပဲပေါ့...ခုချိန်မှာ ငါ အော့စ်စမန်းတပ် လက်ဖက်ရည်၀ယ်ပြီးတော့ မင်းနဲ့ အတူသောက်လို့ရတယ်.. ဒါပေမယ့် မတူတော့ဘူးလေ.. ငါက ခု လူကြီးတစ်ယောက်ဖြစ်နေပြီ..."

"ဒါပေမယ့် မင်းနဲ့ တွေ့ဆုံပြီးတော့ ငါ သိလိုက်ရတာက အဲ့ဒီ နောင်တလို့ ခေါ်တဲ့ အရာတွေက ငါ့ဘ၀ရဲ့ အရေးမပါတဲ့ ကွက်လပ်လေးတွေကလွဲရင် ဘာမှ မဟုတ်တော့ဘူး.. ပြီးတော့ ချင်းရန်.. မင်းက ငါ့ဘ၀ကို ပြီးပြည့်စုံစေသူလေးပေါ့..."

ကျီချင်းရန် ရုတ်ချည်းခြေလှမ်းများ ရပ်တန့်လိုက်၏။ လင်းရီ၏ နှလုံးသားထဲတွင် သူမက ထိုမျှ အရေးပါနေလိမ့်မည်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

'ငါ နင့်ကို အရမ်းချစ်တယ် ' ဟု ဆိုသည့် စကားလုံးများထက် ယခု စကားလုံးများက ရင်ဘက်ထဲသို့ ပို၍ ထိရောက်စေသည်။

ကျီချင်းရန်၏ အမူအရာကို မြင်တော့ လင်းရီ သူ၏ အဖြေမှာ ပြီးပြည့်စုံသည့် အဖြေဟု ခံစားလိုက်ရ၏။

လေထု အခြေအနေက ယခုအနေအထားထိ ရောက်နေပြီဆိုတော့ သူမ သေချာပေါက် ဟပ်ထိသွားလောက်‌ပေသည်။

ဟိုတယ် တံခါးမှာ လင်းရီကို လက်ယပ်၍ လှမ်းခေါ်နေပြီဟု ခံစားမိနေတော့၏။

" နင့်ရဲ့ ရင်ဘက်ထဲမှာ ငါ့ရဲ့ အခန်းကဏ္ဍက အဲ့လောက်တောင် အရေးပါတယ်ပေါ့နော်..."

ကျီချင်းရန် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ဒါဆို ငါနင့်ကို နည်းနည်း ခပ်ကြာကြာလေး အဖော်ပြုပေးမယ်လေ.. အဲ့တာဆို နင့်ရဲ့ဘ၀က ပိုပြီး ပြီးပြည့်စုံသွားတော့မှာ..."

"ခပ်ကြာကြာလေး..."

ကျီချင်းရန်မှာ သူ၏ စကားကို နားလည်မှု လွဲနေသည်ဟု လင်းရီ ရုတ်ချည်း ခံစားလိုက်ရ၏။

ဒီမှာအမိ...ဘယ်လောက်ပဲ လမ်းအတူလျှောက်လျှောက် ဟိုတယ်မှာ မင်္ဂလာမယူရင် ဘယ်တော့မှ မပြီးပြည့်စုံဘူး…

All Chapters