ဘဝက ဒီလိုပါပဲ
Vol. 41 Ch. 606
“ နင်ဝတ်ထားတာက ငါ့ထက်တောင် တိုနေသေးတယ် မဟုတ်ဘူးလား…” ထျန်းရန် စနောက် တက်လိုက်ပြီး “ အဲ့ကောင်လေးတွေက တစ်ချိန်လုံး နင့်ခြေထောက်ပဲ ငမ်းနေကြတာကို ငါမသိရင် ခက်မယ်…”
ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး “ ညီမခြေထောက်မှာက အသားနည်းနည်းပဲလေး ရှိတာလေ… အစ်မထျန်လို ခြေထောက်မျိုးကမှ အလှဆုံးပဲ..”
“ ရပြီ ရပြီ.. အချင်းချင်း မြှောက်ပြောမနေကြနဲ့…” လင်းရီ ပြောလိုက်ပြီး “ ဒီမှာ လူတွေ ဒီလောက်များနေတာကို ငိုးမ ငါကျတစ်ယောက်တည်း လုပ်နေရတယ်..…”
“ ဒါဆိုလည်း အရင်အတိုင်း ဥထမင်းကြော်တွေပဲ ဦးစားပေးလုပ်လိုက်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါမှမဟုတ် တစ်ခါချက်ရင် တစ်ဝိုင်းစာ အရင်ပြီးအောင် ချက်လိုက်… ကျန်တာကို မေ့ထားလိုက်ပေါ့…”
“ မဟုတ်ဘူး.. မင်းက ငါ့လောက် ဆွဲဆောင်မှု မရှိတော့ သူတို့တွေ အကြာကြီး မစောင့်နိုင်မှာ စိုးလို့ဟ… အဲ့လိုဆို ပိုက်ဆံတွေအများကြီး လွှတ်ပေးလိုက်ရတော့မှာ..”
“ ဘော့စ်… ရှင်က အမောစို့ပြီး သေသွားဖို့ကောင်းတယ်သိလား…”
ထျန်းရန် ပြုံးလိုက်ပြီး “ အဲ့တာဆို ဘယ်လိုလုပ်မှာ… ဒီမှာက လူတွေအများကြီး ဆိုတော့ သူတို့ကို ကိုင်တွယ်ဖို့ သေချာလေး စဉ်းစားမှ ဖြစ်မှာ…”
“ တစ်ခါပြင် တစ်ဝိုင်းပဲ… မင်းတို့ကောင်တွေ ဘယ်လောက်ထိ ဆွဲဆောင်မှု ရှိလဲ ငါကြည့်စမ်းမယ်…”
ယွမ်တစ်သိန်းပမာဏအထိ ရှာနိုင်ခြင်းက လင်းရီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သောကြောင့် ဧည့်သည် တစ်ယောက်တစ်လေကိုမျှ မဆုံးရှုံးသွားချင်ပေ။
သို့သော်လည်း တစ်ချိန်တည်းတွင် လူအများအပြား ရောက်ရှိလာမည်ဆိုပါက ဟင်းပွဲရရှိရန် သေချာပေါက် စောင့်ဆိုင်းရပေမည်။ ထိုအတောအတွင်း အချို့လူများမှာ မစောင့်နိုင်၍ ထွက်ခွာသွားသည်ကလည်း သဘာ၀ပင်။ လင်းရီလည်း ထိုကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မတတ်နိုင်ချေ။
“ ကတ်စတန်မာတွေ အစောကြီး ပြန်မပြန်က အစ်မထျန်ရဲ့ စကတ် ဘယ်လောက်တိုလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေတာလေ…” ဟော်ယွမ်ယွမ် စနောက်လိုက်၏။
“ ဒီထက်တိုရရင်လည်း ငါ့ရဲ့ safety pants ပါ ပေါ်သွားမှာပေါ့ဟဲ့… တော်နေကြာ ညစ်ညမ်းပုံ တိုက်ဖျက်ရေးအသင်းက ရောက်လာပြီးတော့ ငါတို့ကို ဖမ်းသွားနေဦးမယ်…”
သုံးယောက်သား ရယ်မောလိုက်ကြပြီး ကိုယ်စီ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြ၏။
လင်းရီမှ ဟင်းပွဲများကို မြန်ဆန်စွာ မပြုလုပ်ပေးခဲ့သော်လည်း ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့မှ တစ်ယောက်မှ ထွက်မသွားအောင် ထိန်းသိမ်းထားပေးနိုင်လေသည်။ အရေးကြီး ကိစ္စ ပေါ်လာသူတစ်ချို့သာ ထွက်ခွာသွားခဲ့ကြ၏။ မဟုတ်ပါက အလှလေးနှစ်ယောက်ကို သားရည်ယိုရင်း ပျော်ပျော်ကြီး ထိုင်စောင့်နေကြမည်မှာ သေချာလေသည်။
ဟော်ယွမ်ယွမ် ပြောသကဲ့သို့ပင်။ မည်သည့်အမျိုးသားက စကတ်တိုနှင့် အနက်ရောင် ဂါဝန်ဝတ်ထားသည့် မိန်းကလေးများကို မနှစ်သက်ပါမည်နည်း။
ထိုစဉ် ကုမ္ပဏီ၌ ညနေငါးနာရီ ရောက်သည့် တိုင်အောင် အလုပ်များနေသည့် ကျီချင်းရန်မှာ လင်းရီ၏ ဆိုင်သို့ ရောက်ရှိလာလေသည်။
သို့သော်လည်း ဆိုင်အပြင်ဘက်တွင် တန်းစီနေသည့် လူတန်းကြီးကို မြင်တော့ သူမ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်သွားခဲ့ရ၏။
ငါ ဆိုင်မှားရောက်လာတာတော့ မဟုတ်ပါဘူးနော်…
ငါတို့ဆိုင်က လူတွေ တန်းစီနေရတဲ့ အဆင့်ထိတောင် ရောက်သွားခဲ့ပြီလား…
သူမ ကုမ္ပဏီတွင် ရှိနေစဉ်တုန်းက ယွမ်တစ်သောင်း နီးနီ စုဆောင်းမိခဲ့သော်လည်း လင်းရီ၏ လက်ရာမှာ ထိုမျှ နာမည်ကြီးနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ ယခုနှုန်းအတိုင်းဆိုပါက ယွမ် နှစ်သောင်းပမာဏသို့ ကျော်တက်သွားရန် ပြဿနာမရှိမည်မှာ သေချာလေသည်။
ကျီချင်းရန်၏ ရောက်ရှိလာမှုက ဆိုင်၏ စီးပွားရေးလုပ်ငန်းကို ပို၍ပင် ထိုးတက်သွားစေခဲ့၏။
သူမ ရောက်လာပြီးသည့် နောက်ပိုင်းတွင် လူတန်းကြီးမှာ တစ်ရာကျော်သွားခဲ့လေသည်။
ထိုသို့ဖြင့် မိန်းကလေးများမှ အချောလေးကို ငေးကြည့်ကြပြီး ကောင်လေးများကတော့ နတ်သမီးလေးများကို ငေးကြည့်နေခဲ့ကြ၏။ အကယ်၍ စုံတွဲများလာစားလျှင်တောင် ခြွင်းချက် မရှိ။ နားလည်မှုကိုယ်စီနှင့် ငေးမောနေခဲ့ကြ၏။
ဘယ်လိုတောင် စည်းလုံးညီညွှတ်ပြီး နားလည်ပေးတတ်တဲ့ လူ့အဖွဲ့အစည်းလဲ…
“ အစ်မကျီ… ရောက်လာပြီပေါ့…”
ကျီချင်းရန် ဝင်ရောက်လာသည်ကိုမြင်တော့ ဟော်ယွမ်ယွမ် သော့သော့လေး ပြေး၍ လာကြိုသည်။
“ အိုက်ယိုး.. တို့ရဲ့ ယွမ်ယွမ် အရမ်း ပင်ပန်းသွားပြီနဲ့တူတယ်…”
“ မပင်ပန်းပါဘူး.. ဆိုင်ထဲမှာက စားပွဲနည်းနည်းပဲ ရှိတာလေ… ဘယ်လိုလုပ်ပြီး ပင်ပန်းမှာ…”
ကျီချင်းရန် နာရီကြည့်လိုက်သောအခါ ခြောက်နာရီထိုးတော့မည်ဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ ယွမ်ယွမ်... အပြင်ဘက်က လူတွေကို သွားပြီးတော့ အသိပေးထားလိုက်… ငါတို့ဆိုင်က ခြောက်နာရီခွဲဆို ပိတ်တော့မှာလို့… ခုတန်းစီနေတဲ့သူတွေ ကုန်ရင် နောက်ထပ်လာတဲ့ ဧည့်သည်တွေကို ငါတို့ လက်မခံတော့ဘူးလို့ ပြောလိုက်…”
“ ခြောက်နာရီခွဲ ပိတ်တော့မယ်ဆိုတော့.. ပိုက်ဆံ မလိုချင်တော့ဘူးလား…”
ဟော်ယွမ်ယွမ် သူမ အစ်မကျီ၏ စိတ်ကို မည်သို့မျှ နားမလည်နိုင်တော့ချေ။
ရှေ့ရက်တွေတုန်းကကျတော့ စားတဲ့သူ မရှိလို့ ဆိုင်ငှားခ မကြေမှာတောင် စိတ်ပူနေတယ်…
ခု လူတွေ တအားကျနေပြန်တော့လည်း ဆိုင်ကို အစောကြီး ပိတ်ချင်နေပြန်ပြီ…
“ ငါ့ဖုန်း မနက်ကတည်းကနေ ငွေလက်ခံရရှိကြောင်း နိုတီတွေတက်နေတာ ခုထိပဲ.. အဲ့လောက်များနေမှတော့ လင်းရီ တစ်ယောက်တည်း ချက်ပြုတ်နေရတာ ပင်ပန်းရောပေါ့…. ဒီလောက်ဆို လုံလောက်ပြီ…”
“ နားလည်ပြီ… ညီမသွားပြောလိုက်တော့မယ်… “
ထျန်းရန် ပြုံးလိုက်၏။ လေဒီဘော့စ်၏ နှလုံးသားလေးမှာ နာကျင်သွားဟန်တူသည်။
ဆိုင်သို့ ရောက်လာခဲ့ပြီးနောက် ကျီချင်းရန် မီးဖိုချောင်ထဲသွား၍ လင်းရီကို ကူညီပေးသည်။ သူမတတ်နိုင်တာ များများစားစား မရှိသော်လည်း ဘေးမှ တီတီတာတာ ပြောပေးမည့်သူ တစ်ယောက်ရှိသောကြောင့် အဖော်ရလေသည်။
ဆိုင်စောစောပိတ်မည့် ကိစ္စကို လင်းရီ ဘာမျှ မပြောချေ။ယင်းက သူ၏ မစ်ရှင် ပြီးမြေက်မှုအပေါ် အကျိုးသက်ရောက်မှုရှိစေသော်လည်း ကျီချင်းရန်၏ ပူပန်မှုကို နားလည်သောကြောင့် ခွင့်ပြုထားလိုက်လေသည်။
ညနေ ခြောက်နာရီခွဲသောအခါ ဟော်ယွမ်ယွမ် မီးဖိုချောင်သို့ ရောက်ရှိလာခဲ့ပြီး ယခုလို လာ ပြော၏။“ စားပွဲတစ်ဝိုင်းပဲ ကျန်တော့တယ် ဘော့စ်.. အဲ့တာပြီးရင် ဆိုင်သိမ်းလို့ ရပြီနော်…”
“ ကောင်းပြီလေ… နင်တို့ ကောင်တာနား သွားပြီး သန့်ရှင်းရေး လုပ်ထားနှင့်ကြ… ငါနဲ့ လင်းရီက မီးဖိုချောင်ထဲမှာ သန့်ရှင်းထားလိုက်မယ်… အဲ့တာပြီးရင် ပြန်ပြီး စောစောနားကြတာပေါ့…”
“ အိုကေ…”
မိနစ်နှစ်ဆယ်ကြာပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ မီးဖိုချောင်တစ်ခုလုံးကို သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားပြီး နောက်ဆုံး ကတ်စတန်မာ တစ်ဝိုင်း ပြီးနောက် ဆိုင်ပိတ်ရန် အဆင်သင့်ပင်။
“ မော်နီတာ(အတန်းခေါင်းဆောင်) … မင်းဘာလို့ဒီရောက်နေတာ…”
“ လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သောအခါ တံခါးပေါက်ဘေးရှိ ထိုင်ခုံမှ အာမေဋိတ်သံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ သူ၏ အတန်းဖော်များ ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။
ကျီချင်းရန်နှင့် ကျန်သူများလည်း လင်းရီ၏ အတန်းဖော်များကို ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထိုစားပွဲဝိုင်း သေးသေးလေးတွင် လူငါးယောက် ထိုင်နေသည်။
အမျိုးသားသုံးယောက်နှင့် အမျိုးသမီး နှစ်ယောက် ရှိနေပြီး အံ့အားသင့်ဖို့ကောင်းစွာဖြင့် ငါးယောက်လုံးမှာ လင်းရီ၏ အတန်းဖော်များ ဖြစ်နေခဲ့ကြ၏။
လင်းရီကို ခေါ်လိုက်သူကတော့ အတန်းဖော် တစ်ဦးဖြစ်သည့် ရှောင်ပင်းပင်။ နှစ်ဦးမှာ အတန်းဖော်များ ဖြစ်သော်လည်း အရမ်းရင်းနှီးလားဆိုလျှင် မရင်းနှီး။ဘွဲ့ရပြီးနောက် လင်းရီမှာ ဝမ်းတစ်ထွာအတွက် အလုပ်လုပ်နေစဉ် သူကတော့ ဘွဲ့လွန် ဆက်တက်နေခဲ့၏။
ထို့ပြင် ရှောင်ပင်း တိတ်တခိုး မေတ္တာမျှနေရသူမှာ လင်းရီကို သဘောကျနေသောကြောင့် နှစ်ဦးမှာ တက္ကသိုလ် ဒုတိယနှစ်မှ စ၍ အခေါ်အပြော နည်းသွားခဲ့ပြီး လမ်းတွေ့ ခေါင်းညိမ့်ပြရုံ အဆင့်လောက်သာ ရှိတော့၏။
ရေစက်ပါချင်ပြန်တော့လည်း ယခုလိုအချိန်မျိုးတွင် ပြန်လည်တွေ့ဆုံရပြန်သည်။
ကျန်သည့် လေးယောက်ကတော့ ကျိုးဟောက်၊ ဖန်းချွမ်ယွီ၊ စုန့်ခယ်ရှင်းနှင့် ဟွမ်လိလိတို့ ဖြစ်ကြ၏။
ထိုစဉ်အခါက ရှောင်ပင်း တိတ်တခိုး မေတ္တာမျှနေခဲ့ရသူမှာ စုန့်ခယ်ရှင်းဟု ခေါ်သည့် အမျိုးသမီးပင်။ သို့သော်လည်း သူမကတော့ လင်းရီကိုသာ အစဉ်အမြဲ စိတ်ဝင်တစား ရှိခဲ့၏။
လင်းရီ မီးဖိုချောင်ထဲမှ စားဖိုမှူး ဝတ်စုံနှင့် ထွက်လာခဲ့သည်ကိုမြင်တော့ ငါးယောက်လုံး အံ့အားသင့်ပြီး ရှော့ခ်ရသွားခဲ့ကြတော့သည်။
“ အတန်းမော်နီတာ.. မင်းက ဒီမှာ စားဖိုမှူး လာလုပ်နေတာလားဟ…” ရှောင်ပင်း အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။
“ မြင်တဲ့အတိုင်းပဲလေ… ခု မင်းတို့ စားနေတဲ့ဟာတွေ အကုန်လုံး ငါ့ လက်ရာတွေချည်းပဲ…”
“ ငါ ကြားတာတော့ အတန်းရဲ့ မော်နီတာက ဘွဲ့ရပြီးတော့ အိမ်ခြံမြေကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတာပါ… ခု ဘာလို့ ဒီမှာ စားဖိုမှူး လာလုပ်နေတာ… ဒီ ဝတ်စုံကြီးက မင်းလို ဘွဲ့ရတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့လည်း မကိုက်ညီပါဘူးကွာ….”
“ အဲ့အလုပ်ကနေ ထွက်လိုက်တာ ကြာပေါ့…”
“ အဲ့လိုဆိုရင်တောင် စားဖိုမှူး လုပ်မယ့်အစား တခြား ပိုကောင်းတဲ့ အလုပ်လေးတွေ ရှာလို့ ရတယ်လေ… တကယ်လို့ ဒီရဲ့ သတင်းသာ အတန်းဖော်တွေကြား ပျံ့သွားလို့ကတော့ ရှက်စရာပဲ…”
လင်းရီ ပြုံးစိစိဖြစ်သွားပြီး “ စားဖိုမှူး အလုပ်က သိက္ခာမရှိလို့လား…”
“ အဲ့သဘောမျိုး ပြောတာ မဟုတ်ပါဘူးကွာ…” ရှောင်ပင်း သနားနေသည့် လေသံဖြင့် “ ငါ့အထင်တော့ မင်း ဘွဲ့လွန်ဆက်မတက်တာက မင်းရဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်အမှားပဲ…ကျိုးဟိုင်လို နေရာမျိုးမှာ အရည်အချင်းရှိတဲ့သူတွေက ရိုက်သတ်လို့ မကုန်နိုင်အောင် ပေါသောနေတာ… တကယ်လို့ မင်းသာ သာမန်တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ ဘွဲ့လွန်ဆက်မတက်ဘူးဆိုရင် အဲ့လိုလူမျိုးတွေကို ကျော်တက်ပြီး အလုပ်ရဖို့ဆိုတာ တကယ် မလွယ်ဘူး…”
“ အင်း…. မင်းပြောတာလည်း ဟုတ်သလိုတော့ ရှိပါတယ်…. “
“ ဟား…. အလွယ်လေး လက်ခံလိုက်တယ်… ငါတို့ရဲ့ အရင်တုန်းက အတန်းမော်နီတာက ခုလိုမဟုတ်ပါဘူးဟ…” ရှောင်ပင်း ရယ်မောလိုက်ပြီး “ အခုတော့ ပညာရေးနောက်ခံက ဘယ်လောက်အရေးပါလဲ ဆိုတာ နားလည်ပြီမလား.. ခုငါ့ကို ကြည့်လိုက်စမ်း... ဘွဲ့လွန်ရပြီးတော့ စွန့်ဦးတီထွင် စက်မှုလုပ်ငန်းတစ်ခုမှာ ငါ့ရဲ့ အတိုင်ပင်ခံနဲ့ အလုပ်လုပ်နေတယ်…. ငါ အလုပ်ကိစ္စနဲ့ ခရီးသွားရင်လည်း ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာတည်း…. စတားဘက်ခ် ကော်ဖီဆိုတာ သာမန် ပုံမှန်ကော်ဖီလေးတစ်ခွက်ပဲ… ငါ ကျောင်းတုန်းက ဆရာကနေပြီး နေ့တိုင်း စာတွေ ရှယ်လုပ်ခိုင်းတာကို တော်တော်လေး စိတ်တိုတယ်.. ခု ဒီလိုအနေအထားရောက်တော့မှပဲ အဲ့တုန်းက ကြိုးစားမှုက ဘယ်လောက်ထိအရေးပါလဲ ဆိုတာ နားလည်မိတော့တယ်…”
ဟော်ယွမ်ယွမ် ရှောင်ပင်းကို ကြည့်လိုက်ပြီး သူမဘော့စ်၏ အတန်းဖော်များအားလုံးက ဂုဏ်ဖော်ရသည်ကို တော်တော်လေး နှစ်သက်ကြသည်ဟု မှတ်ယူလိုက်၏။
ထို့ပြင် အတင်းလုပ်ယူထားကြောင်း သိသာနေပြီး ချောမွေ့မှုလည်း လုံး၀ မရှိချေ။
မည်သို့ပင်ဆိုစေ ကျီချင်းရန်နှင့် ထျန်းရန်တို့ကတော့ အဆိုပါ ကိစ္စကို လျစ်လျူရှုကာ သူမတို့ဖုန်းထဲရှိ အလှကုန်ပစ္စည်းများကို ဆက်လက်ကြည့်ရှုနေကြလေသည်။
အုပ်စုနှစ်ခုမှာ တစ်ဖက်ကိုတစ်ဖက် အနှောင့်အယှက် ဖြစ်စေချင်းမရှိ၊ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်နေကြ၏။
“ ရှောင်ပင်း… မင်း ငါတို့ အတန်းမော်နီတာကို အဲ့လိုကြီးတော့ မပြောပါနဲ့ကွာ….” ကျိုးဟောက် ပြောလိုက်သည်။
“ ငါလည်း တခြား အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူးဟ… လက်ရှိအနေအထားကို မူတည်ပြီး ရှင်းပြနေတာ… “ ရှောင်ပင်း ပြောပြီးနောက် အချက်အလက် ကျကျဖြင့် “ ခယ်ရှင်းလိုပေါ့.. သူမကျောင်းတုန်းက ဘွဲ့လွန် ဆက်မတက်တော့ဘူး ဆိုပြီး ခေါင်းမာနေတာ… အဓိက အတိုင်ပင်ခံကုမ္ပဏီကြီး လေးခုမှာ အလုပ်သင်ဝင်ပြီးတော့ သူမရဲ့ လက်ရှိ အရည်အချင်းတွေနဲ့ဆိုရင် အလုပ်ကောင်း မရနိုင်ဘူးဆိုတာ သိသွားတယ်လေ… အဲ့တော့ ပြန်လာပြီး ဘွဲ့လွန်ဆက်တက်လိုက်ရတယ်… အဲ့တာ ဘာကြောင့်လည်းဆိုတော့ ကျိုးဟိုင်လို နေရာမျိုးမှာ အရည်အချင်းရှိသူတွေ ရာချီ ထောင်ချီရှိပြီးတော့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လို့ပဲ…”
“ ဟိတ်…. နင်တို့ စကားပြောမယ်ဆို နင်တို့အချင်းချင်းပဲပြော…. မဆီမဆိုင် ငါ့ကို လာဆွဲမထည့်နဲ့…” စုန့်ခယ်ရှင်းမှ ပြောလိုက်၏။
သို့သော်လည်း သူမ၏ မျက်ဝန်းများကတော့ ၀မ်းနည်းမှုများနှင့် ပြည့်နှက်နေကာ လင်းရီနှင့် အကြည့်ချင်းမဆိုင်ဝံ့ဖြစ်နေပြီး ရင်ထဲတွင်လည်း ယူကျုံးမရ ဖြစ်နေလေသည်။
အတိတ်တွင်တုန်းက လင်းရီမှာ စာတော်ပြီး ဘတ်စကက်ဘောလည်း ကောင်းကာ ရုပ်ရည်လေးပါပြေပြစ်သောကြောင့် ဘွဲ့ရပြီးနောက်ပိုင်းတွင် အကောင်ကြီးကြီး တစ်ကောင် ဖြစ်လာလိမ့်မည်ဟု လူတိုင်းက ထင်ကြေး ပေးခဲ့ကြ၏။
သို့သော်လည်း ယခုလို ဆိုင်ငယ်လေးတွင် ဟင်းလာချက်နေရလိမ့်မည်လို့တော့ မည်သူမျှ ထင်မထားခဲ့ကြချေ။
ကြည့်ရသလောက်တော့ ပညာရေးနောက်ခံက အတော်လေး စကားပြောသွားပုံပင်။
သူမ မိဘများ ပြောသည်က မှန်သည်။ မိန်းကလေးများ တက္ကသိုလ်တက်နေစဉ်တွင် ချစ်ကျွမ်းမဝင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ ကြိုက်နှစ်သက်သည့် ကောင်လေးက အနာဂတ်တွင် ဘာဖြစ်မလဲဆိုတာကို မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်သောကြောင့်ဖြစ်၏။
လင်းရီ၏ အဖြစ်အပျက်က ပမာကောင်း တစ်ခုပင်။
အကယ်၍ ကိုယ်ပိုင်မျက်လုံးဖြင့်သာ မမြင်လိုက်ပါက ကျောင်း၏ ထိပ်တန်းကျောင်းသားမှာ ယခုလိုအခြေအနေမျိုး ကျရောက်နေသည်ဆိုတာကို မည်သို့မျှ လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဘဝဟူသည်ကား ထိုကဲ့သို့ပင်။
ထင်မှတ်မထားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။