← Chapters

သနားဖို့ကောင်းလိုက်တဲ့ ငါလေး...

Vol. 41 Ch. 609

သနားဖို့ကောင်းလိုက်တဲ့ ငါလေး...

Vol. 41 Ch. 609

“ ဘာလို့လဲ...ခု ဝတ်ထားတာက အဆင်မပြေလို့လား…”

“ ငါကဖြင့် ဒီလောက် ရိုးရိုးရှင်းရှင်း ဝတ်ထားတာကို…” ကျီချင်းရန် သူမခေါင်းကို ဝှေ့ယမ်းလိုက်ပြီး ဆံပင်ကို ရှေ့ကျအောင် ပြကာ “ ဒီမှာကြည့်လိုက်… ဆံပင်တောင် သေချာ မလုပ်ရသေးဘူး..”

“ ကျန်တာက အဆင်ပြေတယ်.. အဲ့ဒီ ဒေါက်မြင့် ဖိနပ်ပဲ လဲလိုက်… ဈေးထဲမှာက ကော်ဇော အနီရောင် ခင်းပေးထားမှာ မဟုတ်ဘူး… ဒေါက်မြင့် စီးလည်း အလကားပဲ… သွားရလာရ ပိုခက်တယ်….”

“ ပြီးတာပဲလေ….”

ကျီချင်းရန် အဆူခံလိုက်ရသည့် ကလေးလေးကဲ့သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ညှပ်ဖိနပ် လဲလိုက်သည်။ ထို့နောက် လင်းရီ လက်မောင်းကို ဆွဲ၍ စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်လာခဲ့၏။

အပြင်ဘက်တွင် ကောင်းကင်မှာ ရောင်နီပေါ်စ ပြုနေပြီး ချမ်းစိမ့်သည့် ဥတုကြောင့် ကျီချင်းရန် သူမအင်္ကျီဇစ်ကို ပို၍ တင်းကြပ်စွာ ဆွဲတင်လိုက်သည်။

“ ဒီလိုမျိုး အရုဏ်ဦး မနက်ခင်းကို မမြင်ရတတောင်မှ အတော်ကြာနေပြီ….”

“ ဒါဆို အရင်တုန်းက မြင်ဖူးတယ်ပေါ့….”

“ ဒါပေါ့ ကျောင်းတက်တုန်းက မြင်ဖူးတယ်လေ… စာကြည့်ခန်းထဲမှာ တစ်ပတ်ကို နှစ်ဆယ့်လေးနာရီ… နောက်ဆုံးစာမေးပွဲနီးတော့ မနက်ဆို အရုဏ်တက်တဲ့အထိ စာကြည့်တာ.. ပြီးတာနဲ့ ခဏပြန်အိပ်.. နိုးရင် အင်္ဂလိပ်စာ ပြန်ကြည့်…အဲ့လိုမျိုးပဲ...”

ဟစ်….

လင်းရီ သက်ပြင်းရှိုက်လိုက်၏။

ထိပ်တန်းကျောင်းသားနဲ့ စာညံ့တဲ့ ကျောင်းသားကြား အားထုတ်မှုကလည်း ကမ္ဘာကြီးလောက်ကို ခြားနေတာပဲဟ….

နှစ်ယောက်သား လက်ချင်းချိတ်လျက် အပြင်သို့ ထွက်လာကြပြီး လင်းရီ၏ Koenigsegg ထဲသို့ ဝင်ကာ စားသောက်ဆိုင်သို့ မောင်းထွက်လာလေသည်။

ထို့နောက် လင်းရီ သူ၏ သုံးဘီးကို ထုတ်လိုက်ပြီး ကျီချင်းရန် Koenigsegg ထဲမှ ကူရှင်ကို ဖယ်ကာ သုံးဘီးပေါ်တင်၍ ခြေတင်ချိတ်ထိုင်လိုက်၏။

“ အိုကေ… မောင်းတော့…….”

လင်းရီကတော့ သူ့ကိုယ်သူ ဈေးလိုက်ထွက်သည်နှင့် မတူပဲ KG ကလေးမလေးကို ပျော်ပွဲစား လိုက်ပို့ပေးနေသည်ဟု ခံစားနေရ၏။

အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကောင်းကင်မှာလည်း ဖြည်းဖြည်းချင်း တောက်ပလာကာ နဂိုက လူရှင်းနေသည့် လမ်းလေးထက်တွင် ခြေကျင်သွားလာသူ အရေအတွက်မှာ တစထက်တစ တိုးပွားလာလေသည်။

ဖြတ်သွားဖြတ်လာ လမ်းလျှောက်သူတို့မှာ သုံးဘီးပေါ်ရှိ ကျီချင်းရန်ကို မြင်တော့ ၎င်းတို့၏ ကမ္ဘာကြီးအပေါ် အမြင်များမှာ ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရ၏။

“ ငါ လခွမ်းတွေ ဖြစ်နေတာလား လောကကြီးရေ… အလှနတ်သမီးလေးက တကယ်ကြီး သုံးဘီးစီးနေတာလား….”

“ ဟျောင့်ရေ... မဟုတ်သေးပါဘူး… အဲ့သုံးဘီးက လမ်ဘိုဂီနီ ဘရန်းများလား…”

“ ငါ့နှလုံးသားကြီး တစ်ခုလုံးနဲ့ ရင်းပြီး အာမခံရဲတယ်… သူတို့နှစ်ယောက်က သေချာပေါက် စုံတွဲတွေမဟုတ်ဘူး…”

လမ်းသွားလမ်းလာများမှ ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်သွားကြသော်လည်း ကျီချင်းရန်မှာ ရှက်ရွံ့မနေချေ။

ဆန့်ကျင်စွာဖြင့် ယင်းအကြည့်များက လင်းရီကို‌ နေရခက်အောင် ပြုလုပ်နေလေသည်။

“ ရီ.. ရော့ အားရှိသွားအောင် ဖရဲသီးလေးစားလိုက်…”

“ တော်ပြီ… မင်းပဲ စားတော့…”

“ နင် မစားမှာ သေချာပြီနော်… အဲ့တာဆို ငါအကုန် စားပစ်လိုက်တော့မှာ…”

“ အင်း…”

လင်းရီ လှည့်ကြည့်လိုက်သောအခါ ကျီချင်းရန်မှ အသီးများသာမက ဘီစကစ်တစ်ထုပ်ပါ ယူလာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။

ထို့ပြင် ဝယ်ထားတာ မကြာသေးသည့် ပန်းရောင် ရေဘူးကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့လေသည်။

မကြာမီ ဘီစကစ်စားပြီးနောက် ရေနွေးသောက်လိုက်၏။

“ လင်းရီ … ခု ရပ်လိုက်…” လင်းရီ လမ်း ကန့်လန့်ဖြတ် ကူးနေစဉ် ကျီချင်းရန်မှ အော်လိုက်၏။

“ ဘာလို့ ရပ်ရမှာ...ဒါက သုံးဘီး… ဘယ် ယာဉ်ထိန်းရဲမှ ဂရုစိုက်မနေဘူး… လမ်းဘေးတွေကိုသာ အမှိုက်တွေ လျှောက်မပစ်နဲ့…”

“ ယာဉ်ထိန်းရဲကို စိုးရိမ်နေတာမဟုတ်ဘူး.. လမ်းဘေးနားမှာ အာလူးပူပူလေးတွေ ရောင်းနေတဲ့ဆိုင်ရှိတယ်.. ငါ့ကို တစ်ခုလောက် ဝယ်ပေးဦးလို့…”

လင်းရီ “ …. “

“ ချင်းရန်... မင်းကို ဘယ်လိုပဲကြည့်ကြည့် မင်းက ထိပ်တန်း အလှလေးလေ… အကောင်းစားတွေ စားပါရောလားဟ… ဘာလို့ အဲ့ဒီ အာလူးမီးဖုတ်ကို စားမှာ…”

“ အာလူး ပူပူလေးတွေက ချိုချိုလေးလေ… အရမ်း အရမ်းနဲ့ အရသာရှိတယ်…”

“ ငါနင့်ကို‌ ပြောပြမယ်… ငါတို့ကျောင်းတက်တုန်းက ငါနဲ့ ယွမ်ယွမ်နဲ့ မနက်ထတာနဲ့ အင်္ဂလိပ်စာကျက်… ပြီးရင် ကျောင်း အနောက်ဘက်ဂိတ်မှာ အာလူးပူပူလေး ဝယ်စားနေကြ… ငါအရမ်းကြိုက်တာ… မြန်မြန် ဝယ်ပေးလို့… ခဏနေ ဆိုင်ပိတ်ရင် ပိတ်တော့မှာ…”

“ အေး အေး … ဒီမှာပဲစောင့်နေ… ဘယ်မှ လျှောက်သွားမနေနဲ့…”

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် သုံးဘီးကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး ကျီချင်းရန်အတွက် စက္ကူပတ် အာလူးပူပူလေးများ သွားဝယ်ပေးလိုက်သည်။

တစ်ချိန်တည်းတွင် သူ ပြောစရာစကားများ ကင်းမဲ့နေမိတော့၏။

ချင်းရန်က ရည်းစားရပြီးတော့ စိတ်ကိုလုံးဝလွှတ်ပေးလိုက်တာများလား…

အမှတ် အပြည့် ပေးရလောက်တဲ့ ထိပ်တန်းအလှလေးက သုံးဘီးစီးပြီးတော့ အာလူးပူပူလေးတွေ စားနေတယ်…

ဒီမြင်ကွင်းက ဟုတ်မှ ဟုတ်သေးရဲ့လား…

“ လင်းရီ…”

အာလူးပူပူလေးများ ဝယ်ရန် တန်းစီနေစဉ် ကျီချင်းရန် သုံးဘီးပေါ်တွင် ထိုင်ရင်းအော်လိုက်၏။

“ ဘာဖြစ်ပြန်ပြီလဲ…”

“ အဲ့ဒီနားမှာ ကိတ်မုန့်ကြော်ရောင်းတဲ့ဆိုင်ရှိတယ်… အဲ့တာကော တစ်ခုလောက်..”

“ အိုကေ အိုကေ … ခဏလေးစောင့်..”

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ ကိတ်မုန့်ကြော်နှင့် အာလူးပူပူလေးများ ဝယ်ပြီး သုံးဘီးထံ ပြန်လာခဲ့၏။

သူမရယ်မောလိုက်ပြီး “ ငါဒါတွေ မစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိတော့ဘူး..”

“ အဲ့တာဆို မြန်မြန်စား.. ငါတို့ ခဏနေကြရင် အလုပ်ရှိသေးတယ်…”

“ အွန်း…”

လမ်းနှစ်လမ်း ကျော်လာပြီးနောက် လင်းရီ သုံးဘီးကို ဈေးထဲသို့ မောင်းဝင်သွားလိုက်သည်။

ကျီချင်းရန် ရေဘူးထုတ်၍ ရေဓာတ်ထပ်မံ ဖြည့်တင်းလိုက်၏။

“ တစ်ငုံလောက် သောက်ဦးမလား…”

“ ရပြီ… ကိုယ့်ဘာကိုယ်ပဲ သိမ်းထားလိုက်…”

“ အိုကေ…”

နှစ်ယောက်သား ဈေးထဲသို့ ရောက်လာပြီးနောက် လင်းရီ ဘေးဘီဝဲယာကိုကြည့်ရင်း သူတို့ ရောက်လာတာ နောက်ကျသည်ဟု ခံစားလိုက်ရ၏။

လက်ကျန် ဟင်းသီးဟင်းရွက်တို့မှာ သိပ် မလတ်တော့ပေ။ သူ သေချာလေး ဂရုတစိုက်နှင့် ရွေးချယ်ရပေမည်။

ထိုစဉ် ကျီချင်းရန်၏ အကြည့်များကတော့ အစားအစာများ ရောင်းချသည့် နေရာတိုင်းသို့ ကျရောက်နေတော့၏။

ဝါး...ကြက်ဥပန်ကိတ်အနံလေးက မွှေးလိုက်တာနော်.….

ဟိုနားက အကင်လေးကလည်း စားကောင်းမယ့် ပုံလေး....

သို့သော်လည်း သူမ လင်းရီကို မပြောရဲ‌သေး‌ချေ။ အလုပ်မပြီးသေးခင် တစ်ခုပြီးတစ်ခု တောင်းဆိုနေပါက သူမ သေချာပေါက် ဆူခံထိလောက်ပေသည်။

‘ အဟင့်.. သနားစရာကောင်းလိုက်တဲ့ ငါလေးပါလား‌နော်....’

နောက်ဆုံးတွင်တော့ သူမ ဟင်းသီးဟင်းရွက်များ ဝယ်ပြီးသည်အထိ တောင့်ခံထားရန် ဆုံးဖြတ်ထားလိုက်တော့၏။

“ သူဌေး .. ခါကြက်ဥတွေ ဘယ်လိုရောင်းလဲ…” လင်းရီ မေးမြန်းလိုက်၏။

“ တစ်ကတ်တီကို ၅.၂၀ ယွမ်.. “

“ အဲ့လောက် ဈေးကြီးတယ်လား… လက်ကားဈေးဆို ဘယ်လောက်လဲ…”

“ ၁၀ ကတ်တီထက် ပိုယူမယ်ဆိုရင် တစ်ကတ်တီကို ၃.၈ ယွမ်ပဲပေး…”

လင်းရီ ဈေးနှုန်းကို တစ်ချက်တွက်ချက်ကြည့်လိုက်သောအခါ အနည်းငယ်ဈေးကြီးနေကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် ကျီချင်းရန်နှင့် အတူ ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။

“ ဈေးက နည်းနည်းကြီးတယ်.. တခြားဆိုင်ဘက်တွေ လိုက်မေးကြည့်ရအောင်…”

“ ကြီးတယ်လား… တကယ်လို့ ၁၀ ကတ်တီထက် ပိုယူမယ်ဆိုရင် ၃.၈ ယွမ်ပဲ ကျမှာလေ… ဒီဈေးက အဲ့လောက်ထိ တန်နေပြီကို…”

“ ပြားရှစ်ဆယ်က နည်းနည်းလေးလို့ ထင်ရပေမယ့် အသေးစား အလတ်စား စီးပွားရေးသမားတွေအတွက်ကျတော့ အများကြီးပဲ… တကယ်လို့ တစ်ပြားတစ်ချပ်လေးပဲ ချွေတာနိုင်မယ်ဆိုရင် နှစ်တွေကြာလာတာနဲ့ အများကြီး စုဆောင်းမိလာပဲလေ…”

“ အွန်း… နင်ပြောတာလည်း ဟုတ်သားပဲ…”

ကျီချင်းရန် စီးပွားရေးလုပ်သည့်အခါ၌ အသေးစိတ်တွက်ချက်သော်လည်း ယခုလို ပတ်ဝန်းကျင်အသစ်နှင့် နေသားမကျသေးသောကြောင့် ထိုပမာဏက သူမစိတ်ထဲတွင်တော့ သေးငယ်သည့် ပမာဏလေး ဖြစ်နေသည်။

နှစ်ယောက်သား ဈေးထဲတွင် ဆက်လက် လမ်းလျှောက်နေခဲ့ကြ၏။ ကျီချင်းရန်၏ တာဝန်ကတော့ ဘေးမှ လိုက်ကြည့်ရန်ပင်။ ပစ္စည်းများ ဝယ်ယူသည့် အလုပ်ကို လင်းရီက တာ၀န်ယူထား၏။ သူမ တစ်ခါတစ်ရံ တစ်ခွန်းစ နှစ်ခွန်းစ အကြံပြုသော်လည်း လင်းရီ၏ ငြင်းဆိုခြင်းကိုသာ ခံခဲ့ရလေသည်။

အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် လင်းရီ ဈေးအတွင်းဘက်အကျဆုံး ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်သည်။

“ သူဌေး … ခါကြက်ဥတွေ ဘယ်ဈေးလဲ…”

သူ့အပေါက်ဝရှေ့တွင် ဈေးဝယ်သူ ရောက်နေသည်ကိုမြင်တော့ ဆိုင်ရှင်မှာ စီးကရက်ဖွာရင်း‌ ဘေးရှိ ဆိုင်ပိုင်ရှင်များနှင့် စကား ပြောခြင်းကို ရပ်တန့်လိုက်ကာ “ ဆယ်ကတ်တီအောက်ဆို ငါးယွမ်.. တကယ်လို့ ပိုဝယ်မယ်ဆို တစ်ကတ်တီကို ၃.၂ ယွမ်ပဲပေး…”

ဈေးကို ကြားပြီးနောက် ကျီချင်းရန် လင်းရီကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး “ စောနက ဆိုင်ထက် ပြားခြောက်ဆယ်တောင် ဈေးပေါတယ်နော်… ဆယ် ကတ်တီဝယ်လိုက်ရင် ခြောက်ယွမ်တောင် ချွေတာပြီးသား ဖြစ်သွားပြီ…”

အသီးအရွက်တစ်မျိုးစီကို ခြောက်ယွမ်နှုန်းချွေတာ နိုင်ပါက ကျန်သည့် ဟင်းသီးဟင်းရွက်များပါ ဝယ်မည်ဆိုပါက ပိုမို ချွေတာစုဆောင်းမိနိုင်လေသည်။

“ ဒါကြောင့်မို့ ဒီအထိ ရောက်လာတာပေါ့ကွ… မပြောဘူးလား... ငါတို့ သေချာပေါက် ဈေးပိုတန်တဲ့ ဆိုင်ကို တွေ့မှာပါလို့…”

အမှန်တော့ လင်းရီလည်း ယခုလို ဈေးဝယ် ဈေးစစ်ခြင်း ကိစ္စများကို သိပ်မကျွမ်းကျင်ချေ။ မည်သို့ပင်ဆိုစေ ကျီချင်းရန်ထက်တော့ သာလွန်နေသေး၏။

“ ဒါဆို တစ်ဆယ် ကတ်တီယူမယ်…” လင်းရီ ပြောလိုက်၏။

“ ရတာပေါ့.. ခဏလေးနော်... အထဲက အသစ်တွေ သွားယူလာခဲ့ပေးမယ်.. ရှေ့မှာ ခင်းထားတာတွေက တစ်ညကျော်သွားပြီဆိုတော့ အထဲက ဟာတွေလောက် မလတ်တော့ဘူး..”

“ အိုကေလေ… အဆင်ပြေပါတယ်…”

“ တခြားဘာဝယ်ဦးမလဲ.. ဦးလေး ဘာမှတော့ မပြောရဲဘူး.. ဒါပေမယ့် တစ်ဈေးလုံး နှံ့အောင် လျှောက်ပြီးရင်တောင် ဦးလေးဆိုင်ထက် ဈေးပိုချိုတဲ့ ဆိုင်ရှိမှာ မဟုတ်ဘူးလို့တော့ ရဲရဲကြီး အာမခံရဲတယ်… “ ဆိုင်ရှင်မှ စီးကရက်ကို အောက်ချရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ တကယ်လို့ တစ်ခြား လိုချင်တာရှိရင် ဒီမှာ တစ်ခါတည်း ဝယ်သွားလိုက်လေ… ငါ့တူတို့ကို မိတ်ဆွေဈေးနဲ့ပဲ ပေးလိုက်မယ်…”

“ ရီ … ငါတို့ အဲ့လိုလုပ်ကြမလား…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါတို့ နောက်ထပ်အများကြီး ဝယ်စရာ ကျန်နေသေးတယ်လေ.. တကယ်လို့ အကုန်လုံးကို ဈေးချိုချိုနဲ့ ရမယ်ဆိုရင် အနည်းဆုံး ယွမ်တစ်ရာလောက် ကာမိသွားမယ် မဟုတ်ဘူးလား…”

“ အိုကေ… ဒီတစ်ခါတော့ ချင်းရန်ရဲ့ စကားကို နားထောင်လိုက်မယ်…”

အဆုံးတွင်တော့ လင်းရီ အာလူး၊ သခွား ၊ ဂေါ်ဖီထုပ်၊ ပဲစိမ်း၊ မုန်လာဥဖြူနှင့် ကျန်သည့် လိုအပ်သည်များကို တစ်နေရာတည်းတွင် ဝယ်ယူလိုက်လေသည်။

လက်ထဲတွင် အိတ်ဒါဇင်ကျော်ဆွဲပြီး ကျီချင်းရန်ကတော့ အရမ်းတန်သည်ဟု ခံစားနေရကာ ခံစားချက်များ ကောင်းမွန်နေတော့၏။

ယခု ပစ္စည်းများအားလုံးကို ယွမ်လေးရာနည်းနည်းဖြင့် ရလိုက်သောကြောင့် တန်သည်ဟု ပြော၍ရသည်။

“ သူဌေး .. နင့်ဆိုင်က ပစ္စည်းတွေက ဘာလို့ အဲ့လောက်ထိ ဈေးချိုနေတာ..” ကျီချင်းရန်မေးလိုက်၏။

“ ငါ့တူမ .. မင်းက ချက်ကောင်းကို တည့်မေးချလိုက်တာပဲ..” ဆိုင်ရှင်မှ ပြုံးလိုက်ပြီး “ ဈေးတစ်ခုလုံးမှာ ဦးလေးရဲ့ ဆိုင်က အကြီးဆုံးနဲ့ ပစ္စည်းအတင်ဆုံး… ဒါကြောင့်မို့ ခြံတွေဆီကနေ အနိမ့်ဆုံးဈေးနဲ့ ရတယ်လေ…. ဆိုတော့ သူများတွေထက် ဈေးချိုသာ မထူးဆန်းပါဘူး…”

“ အမှန်ပဲ…”

ကျီချင်းရန်လည်း ယခု သူမတို့ ဈေးဝယ်နေသည့် ဆိုင်မှာ ဈေးတစ်ခုလေးတွင် အကြီးဆုံးဟု သတ်မှတ်၍ ရကြောင်း ခံစားနေရ၏။

ထို့ကြောင့် အမြတ်အများကြီးရကာ များများပြန်ရင်းနိုင်လေသည်။

“ ငါ့တူတို့ ခဏနေဦးနော်… ဆိုင်က ကောင်လေးတွေကို ပစ္စည်းလိုက်ပို့ ခိုင်းလိုက်မယ် ..”

“ အိုကေ… ကျေးဇူးပါ သူဌေး…”

ဆိုင်ရှင်မှ သူ့ ဝန်ထမ်း ကလေးများကို ခေါ်လိုက်ပြီး လင်းရီတို့ ဝယ်ယူထားသည့် ဟင်းသီးဟင်းရွက်များကို စနစ်တကျနှင့် ထုပ်ပိုးခိုင်းလိုက်၏။ ထို့နောက် တွန်းလှည်းဖြင့် လိုက်ပို့ခိုင်းလိုက်ကာ လင်းရီတို့ ထွက်ခွာသွားသည်ကို ဆေးလိပ်ဖွာရင်း ထိုင်ကြည့်နေလေသည်။

“ ရူရှန် … မင်းကတော့ တကယ့်ကို မဆင်မခြင်နိုင်တဲ့ကောင်ပဲကွ… အရင်ရက်တွေတုန်းက ရောင်းမထွက်တဲ့ ဟင်းရွက်အပုတ်တွေကို ရောင်းလိုက်ပြန်ပြီလား..”

သူနှင့် လမ်းကျဉ်းတစ်ဖက်ခြားတွင် ဆိုင်ဖွင့်ထားသည့် ဝဖိုင့်ဖိုင့် လူကြီးတစ်ယောက်မှ ပြောလိုက်သည်။

All Chapters