အဲ့တာ သူတို့ဘက်က ပွဲစချင် မစချင်အပေါ် မူတည်တယ်
Vol. 41 Ch. 610
ဆိုင်ရှင်၏ နာမည်မှာ မောင်တရို(ရုရှား)ဖြစ်ပြီး ဈေးထဲရှိ လူဟောင်းတစ်ဦးအဖြစ် သတ်မှတ်၍ ရလေသည်။
သို့သော်လည်း ရင်းနှီးသူများကတော့ ရူရှန်ဟုသာ ခေါ်ဝေါ်ကြ၏။
ထိုနာမည်ပြောင် ရရှိလာခဲ့ရသည့် အကြောင်းအရင်းကတော့ မျိုးရိုးနာမည်ကြောင့် မဟုတ်ပဲ သူ၏စရိုက်က ရုရှားလူမျိုးတို့နှင့် ခပ်ဆင်ဆင် ဖြစ်နေသောကြောင့်ပင်။
ထိုသူကား ဗော်ကာကြိုက်ပြီး ဒေါသကြီးသည်။
“ ဒါပေါ့ကွ… ငါဒီမှာ ဈေးသည်လုပ်လာတာ ဆယ်နှစ်ကျော်နေပြီ.. တကယ်လို့ ဒီလောက်လေးမှ မပါးနပ်ရင်လည်း အချိန်တွေ အလကားဖြစ်သွားမှာပေါ့ဟ…”
“ အစ်ကိုရူရှန်က တော်တော်လေး ရဲတင်းတာပဲ.. ကျွန်မတို့ဖြင့် အဲ့လိုမျိုး မရောင်းရဲပေါင်….”
ပြောလိုက်သူကတော့ ဘေးဆိုင်တွင် ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသမီးပင်။ နေကြာကွာစေ့ ကိုက်နေရင်းဖြင့် ယခုလိုပြောလိုက်၏။
“ ခုနက နှစ်ယောက် အိမ်ပြန်ရောက်သွားလို့ အထဲမှာ ဟင်းရွက်အပုတ်တွေ ဝှက်ထားတာတွေ့သွားရင် သူတို့ ရှင့်ကို လာရှာလိမ့်မယ်နော…”
“ လုံးဝ မဖြစ်နိုင်ဘူး.. အဲ့အတွက် စိတ်မပူနဲ့..” ရူရှန်မှ ပြောလိုက်ပြီး “ သူတို့နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ ခုမှ စီးပွားရေး စလုပ်ဖူးတဲ့သူတွေမှန်း သိသာတယ်.. ဘာမှ သိတာ မဟုတ်ပဲနဲ့ ငါ့ကို လာရှာရဲမယ်များ ထင်နေလား… အလွန်ဆုံးရှိလှ ငါ့ဆိုင် ထပ်လာမဝယ်ရုံပေါ့…”
“ အဲ့လို တစ်သမတ်တည်းကြီး တွက်လို့ ဘယ်ရမှာ…တကယ်လို့ သူတို့ လာရှာမယ် ဆိုရင်ကော…”
“ လာရှာပါလေ့စေ…” ရူရှန် လက်ကျန် ဖွာနေသည့် ဆေးလိပ်တိုကို အပြတ်ဖြတ်လိုက်ပြီး “ ငါက တစ်ညလုံး ဆိုင်စောင့်ထားတာဆိုတော့ ခဏနေကျရင် ငါ့မိန်းမ လာကြည့်တော့မှာ… ပြီးတော့ ဒီနားတစ်ဝိုက်မှာက ဘာစောင့်ကြည့်ရေး ကင်မရာမှလည်း မရှိဘူး… သူတို့ ငါ့နားကနေ ဝယ်သွားပါတယ်ဆိုတဲ့ သက်သေ ဘယ်လိုသွားပြမှာ.. ဟိုရောက်မှ ပစ္စည်းတွေကို တမင်လဲပြီး ငါ့ဆီ ပြဿနာလာရှာတာကော မဖြစ်နိုင်ဘူးလား…”
“ ဟားဟား… အကွက်လေးတွေ လှသဗျာ..”
“ ငါမင်းတို့ကို ကြုံတုန်း ပြောပြလိုက်မယ်.. စီးပွားရေးလုပ်တဲ့ အချိန်ကျရင် မျက်စိကို ကျယ်ကျယ်ဖွင့် နားကို ကျယ်ကျယ်စွင့်ထား… တကယ်လို့ ကိုယ်ပေါ်မှာ တက်တူးထိုးထားတဲ့သူတွေ တွေ့ရင် သွားပြီး အပြစ်မလုပ်မိစေနဲ့… ဒါပေမယ့် စောနက လိုမျိုး မနူးမနပ်လေးတွေနဲ့ ကြုံရင်တော့ အပြီသာ တွယ်ပစ်လိုက်တော့…” ရူရှန် ယုံကြည်ချက် ပြည့်ဝနေသည့် လေသံဖြင့် ပြောလိုက်ပြီး
“ မူလတန်း ကျောင်းသားလေးက စစ်သားနဲ့တွေ့ရင် ညှိနှိုင်းဆွေးနွေးဖို့ အခွင့်အရေး မရှိဘူး..”
“ အဓိကကတော့ ငါတို့က မင်းလောက် သတ္တိမရှိလို့ပါကွာ….”
“ မင်းမှာ သတ္တိမရှိရင်လည်း ချမ်းသာဖို့ စိတ်ကူး ယဉ်မနေနဲ့…”
ထိုအခိုက်အတန့်တွင် လင်းရီတို့အား ပစ္စည်းများလိုက်ပို့ပေးသည့် ကလေးနှစ်ယောက်မှာ ဆိုင်သို့ ပြန်ရောက်လာခဲ့လေသည်။
“ အစ်ကိုရှန် .. ပစ္စည်းတွေ လိုက်ပို့ပေးခဲ့ပါပြီ…”
“ သူတို့ ဘာနဲ့ သယ်သွားကြတာ.. ဗန်လား.. ထရပ်လား…”
“ တစ်ခုမှ မဟုတ်ဘူး… သူတို့က သုံးဘီးနဲ့ ဈေးလိုက်လာကြတာ…”
“ အာ… သူတို့က သုံးဘီးနဲ့ ဈေးလာဝယ်တာလားဟ… ဈေးသည်လုပ်စား နေတဲ့ ငါတောင် ကားအစုတ်လေး တတ်နိုင်သေးတယ်..”
“ ပြီးတော့ သူတို့ သုံးဘီးက ပန်းရောင်ကြီး…ပုံစံက စီးပွားရေးသမားတွေနဲ့ ဘာမှကို မအပ်စပ်တာ.. ကျွန်တော့်အထင်တော့ နောက်နှစ်ရက် သုံးရက်လောက်ဆိုရင် သူတို့ အရင်းပြုတ်လောက်ပြီ…”
“အင်း ငါလည်း အဲ့လိုထင်တာပဲ…”
“ ရူရှန်… မင်းကတော့ အချီကြီးမိတာပဲကွ.. သူတို့က သုံးဘီးစီးလာတယ်ဆိုတော့ ဘာအဆက်အသွယ်မှ ရှိမှာ မဟုတ်လောက်ဘူး…”
ထိုစဉ် လင်းရီတို့ဘက်တွင်တော့ သုံးဘီးမှာ ပြည့်လျှံသွားပြီး ထိုင်ရန် နေရာပင် မရှိတော့သောကြောင့် လင်းရီ ကျီချင်းရန်ကို တက္ကစီငှား၍ ပြန်ခိုင်းလိုက်ရသည်။
လင်းရီ သုံးဘီးနှင့် ပြန်ရောက်လာသည့် အချိန်တွင်တော့ ကျီချင်းရန်မှာ တံခါးဝတွင် စောင့်နေလေသည်။
“ အထဲမှာ ထိုင်နေလေ.. ဘာလို့ ဒီမှာ ရပ်နေတာ….”
“ ငါ ပစ္စည်းတွေ ကူသယ်ပေးမလို့…”
“ မလိုဘူး… ဒီကောင်တွေက လေးတယ်.. ငါ့ဘာငါ သယ်လာခဲ့လိုက်မယ်.. မင်း အထဲမှာ နားနေလိုက်…”
“ နင်သယ်နိုင်မှန်းတော့ သိတာပေါ့ဟဲ့… ဒါပေမယ့် ဒါက နှစ်ယောက်အတူ သယ်မှကိုဖြစ်မယ့်ကိစ္စ…”
“ ဘာဆိုင်လို့ …”
“ ဒါက ကိုယ်ပိုင်စီးပွားရေး လုပ်တာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို ဖော်ပြတာလေ… ဒါကြောင့်မို့ ပစ္စည်းတွေကို နှစ်ယောက်အတူ သယ်ရမှာ…”
လင်းရီ ကျီချင်းရန်၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး “ TV ဒရာမာတွေ လျှော့ကြည့်..”
“ ဒါက ဒရာမာတွေနဲ့ ဘာမှ မဆိုင်ဘူး… ဘဝက ဒီလိုပဲ မဟုတ်ဘူးလား… ကြင်စဦးမောင်နှံတွေလို နှစ်ယောက်အတူ ကြိုးစားရမယ်လေ…”
“အဲ့တာဆို ကိုယ်လုပ်နိုင်ရဲ့သားနဲ့ ကိုယ့်မိန်းမကို ခိုင်းတဲ့သူကော မင်းမြင်ဖူးလား…”
ကျီချင်းရန် နှုတ်ခမ်းဖိကိုက်လိုက်ပြီး မျက်ဝန်းထဲတွင်တော့ ဝမ်းသာကြည်နူးမှုတို့နှင့် ပြည့်နှက်နေလေသည်။
“ ဒါဆို ငါက ပစ္စည်းတွေကို ခွဲခြမ်းပေးမယ်လေ… သပ်သပ်ရပ်လေးပေါ့…”
“ အင်း.… ဒါဆို မီးဖိုချောင်ထဲ သွားကြစို့…”
“ အိုကေ…”
ကျီချင်းရန်၏ နောက်ကျောကို ငေးမောရင်း လင်းရီ ယခုလို နေထိုင်ရသည်ကလည်း တော်တော်လေး ကောင်းသည်ဟု ခံစားနေရ၏။
အနည်းဆုံးတော့ သူက ချမ်းသာပြီး ပျော်ရွှင်နေလေသည်။
လင်းရီ အိတ်နှစ်လုံးကို မီးဖိုချောင်ထဲသို့ သယ်လာခဲ့ပြီး ကျန်သည့် ကိစ္စများကိုတော့ ကျီချင်းရန်နှင့် လွှဲထားခဲ့လိုက်လေသည်။
သုံးဘီးပေါ်တွင် အိတ်ကြီးနှစ်အိတ်ကျန်နေသေးသောကြောင့် လင်းရီ နှစ်ခေါက်မျှ သယ်ပို့လိုက်ရပေမည်။
“ လင်းရီ လင်းရီ… “
လင်းရီ အိတ်ကြီးနှစ်လုံး ဆွဲခါရှိသေး အထဲမှ ကျီချင်းရန်၏ ထိတ်လန့် တကြားနှင့် အော်ဟစ်သံကို ကြားလိုက်ရ၏။
လင်းရီ ရှော့ခ်ရသွားခဲ့ပြီး ပစ္စည်းများကို ပစ်ချကာ အလျင်အမြန် ပြေးဝင်လာခဲ့သည်။
“ ဘာလဲ ဖြစ်တာ..”
“ ဒီကို လာကြည့်လိုက်… ဒီမှာ ဟင်းရွက်အပုတ်တွေမှ အများကြီးပဲ…”
“ဟင်းရွက် အပုတ်တွေ… “
လင်းရီ မီးဖိုချောင်ထဲသို့ ရောက်သောအခါ ကျီချင်းရန်မှ အသစ်ဝယ်လာခဲ့သည့် ခါကြက်ဥများကို တစ်ကန့်စီ ခွဲခြားနေကြောင်း မြင်တွေ့လိုက်ရ၏။
“ ငါတို့တော့ လူလည်လုပ်ခံလိုက်ရပြီ…အသီးအရွက်တွေက အပေါ်ယံပဲ ကောင်းတာ .. အောက်ခြေက မကောင်းတဲ့ ဟာတွေချည်းပဲ…”
လင်းရီ ပျက်စီးနေသည့် ခါကြက်ဥများကို ကြည့်လိုက်သောအခါ အလုံးတိုင်းတွင် အနာအဆာ မကင်းကြောင်း မြင်တွေ့လိုက်ရ၏။ ထက်ခြမ်းလှီး၍ အသုံးပြုနိုင်ပါသော်လည်း အရည်အသွေးကို ဦးစားပေးသည့် လင်းရီ၏ ဆိုင်တွင်တော့ မည်သို့မျှ လက်သင့်မခံနိုင်ချေ။
ငိုးမ ဘိုးတော် ငါ့ လူလည်ကျသွားပြီ….
“ မလောနဲ့ဦး… ငါတို့ ကျန်တဲ့ ပစ္စည်းတွေ ယူလာပြီး တစ်ချက် စစ်ဆေးကြည့်တာပေါ့….”
“ အွန်း..”
လင်းရီ ကျန်သည့် ဟင်းအမယ်များကို သုံးဘီးပေါ်မှ သယ်လာခဲ့ပြီး ကျီချင်းရန်ကတော့ အိတ်များကို ဖြေကာ အမယ်များကို စစ်ဆေးလေသည်။
ရလဒ်ကတော့ နှစ်ယောက်လုံး ခန့်မှန်းထားသည့် အတိုင်းပင်။ ဟင်းသီးဟင်းရွက်အိတ်တိုင်း၏ အပေါ်ဘက်ခြမ်းမှာ ကောင်းမွန်နေပါသော်လည်း အောက်ဘက်ခြမ်းတွင်တော့ ပျက်စီးနေသည့် ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေလေသည်။
“ အဲ့လူ တော်တော်လွန်သွားပြီ… ငါတို့ကို မကောင်းတဲ့ ပစ္စည်းတွေ ရောင်းရဲတယ်ပေါ့လေ…”
ဘယ်လောက်မျှ မကုန်ကျသော်လည်း ကျီချင်းရန်မှာ အလွန်အမင်း စိတ်ဆိုးနေဆဲဖြစ်၏။ ကျောင်းတွင်ဖြစ်စေ ၊ စီးပွားရေး လောက၌ဖြစ်စေ မည်သူကမျှ သူမကို အရူးမလုပ်ဝံ့ချေ။
“ ငါ ကုမ္ပဏီရဲ့ ဥပဒေဌာနကို ဖုန်းဆက်ပြီးတော့ သူတို့ကို တရားစွဲခိုင်းလိုက်မယ်..”
လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“နင်က ဘာလို့ ရယ်နေတာ… ငါတို့က ခု အလိမ်ခံလိုက်ရတာလေ… သေချာပေါက် တရားဥပဒေအတိုင်း စီရင်ရမယ်…”
“ ယွမ်လေးရာတည်းကို …. တရားသူကြီး ရုံးလာဖို့ ဆီဖိုးတောင် မလောက်ဘူး…”
“ အဲ့တာနဲ့ပဲ နင်က ဒီတိုင်း အလွတ်ပေးလိုက်တော့မလို့လား…”
“ မင်းက စီးပွားရေးသမားတစ်ယောက်လိုမျိုး စဉ်းစားနေတာကိုးဟ… တကယ်လို့ သာမန်လူသာ ဆိုရင် ရုံးဆင့်ခေါ်စာ ပို့မယ်လို့ ထင်လား…”
“ ဒါဆို ဘယ်လိုလုပ်ကြမှာ…”
“ သေချာပေါက် အဲ့လူဆီ ပြန်သွားရမှာပေါ့… သာမန်လူတွေရဲ့ ကိစ္စက သာမန်နည်းနဲ့ပဲ ဖြေရှင်းရမယ်…”
“ ဒါပေမယ့် ငါတို့က ဝယ်လာခဲ့ပြီးသားတွေလေ… သူတို့ဘက်က ဝန်မခံရင် ဘယ်လိုလုပ်မှာ….”
လင်းရီ ပြောလိုက်သော်လည်း ကျီချင်းရန်၏ အတွေးများက စီးပွားရေးသမားတစ်ယောက်၏ အတွေးအခေါ်များ ဖြစ်နေဆဲပင်။
စာချုပ်ချုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သဘောတူညီချက်မှာ အကျိုးသက်ရောက်သွားပြီး အကယ်၍ နောက်ပိုင်းတွင်မှ တစ်ခုခု မူမမှန်မှုကို ရှာတွေ့ခဲ့စေကာမူ မည်သို့မျှ မတတ်နိုင်ပေ။
ထို့ကြောင့် သူမ ဘာလုပ်ရမှန်းမသိပဲ အကြံအိုက်နေရခြင်းဖြစ်၏။
“ အဲ့တာ သူတို့ ပွဲစချင် မစချင်အပေါ် မူတည်တယ်…”
ထို့နောက် လင်းရီ ဝမ်ထျန်းလုံကို ဖုန်းဆက်ပြီး ဝယ်ယူလာသည့် ဟင်းသီးဟင်းရွက်များကို ထရပ်နှင့် ပြန်သယ်လာခဲ့ခိုင်းလိုက်၏။
ထိုအတောအတွင်း လင်းရီ အလုပ်နှစ်ခု၏ မအပ်စပ်မှုမှာ ကမ္ဘာကြီးမျှ ခြားနားကြောင်း နားလည်သွားတော့သည်။ အကယ်၍ ဝမ်ထျန်းလုံသာ ရှိနေပါက ယခုလိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ယခုနှစ်များအတွင်း သူကပဲ အခြားသူများကို လှည့်စားနေခဲ့သော်လည်း ဈေးထဲတွင် တစ်ပါးသူ၏ လှည့်ကွက်ထဲ ကျရောက်သွားလိမ့်မည်လို့ ထင်မထားပေ။
ဒါ ငါ့သိက္ခာကို ချလိုက်တာပဲ…
သူတို့ ဈေးသို့ တစ်ဖန် ရောက်ရှိလာသောအခါ လင်းရီမှာ ထိုက်ရှန်းတောင်ကြီးကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း ကျီချင်းရန်ကတော့ ရှူးရှူးရှဲရှဲဖြင့် ဒေါသထွက်နေလေသည်။
လင်းရီနှင့် ကျီချင်းရန်တို့ ပြန်ရောက်လာသည်ကို မြင်တော့ အခြားဆိုင်ပိုင်ရှင်များမှ နေ၍ ခေါင်းပြူကာ ဘာဖြစ်လဲဆိုတာကို ခန့်မှန်းကြည့်နေကြတော့၏။
အဲ့ကောင် ရူရှန်ကတော့ သူ့ရဲ့ အရွက်အစုတ်ပလုတ်တွေကို ရောင်းလိုက်ပြန်ပြီနေမှာ… ဒါကြောင့်မို့ ဒီရဲ့ စုံတွဲက သူ့တံခါးဝကို လာခေါက်တာပဲ ဖြစ်ရမယ်…
သို့သော်လည်း ရူရှန်မှာ ထွက်ခွာသွားခဲ့ပြီးဖြစ်၏။ ယခု ဆိုင်စောင့်နေသည်ကား ဈေးထဲရှိ ရန်ပွဲတိုင်းတွင် ရှုံးနိမ့်ခြင်း မရှိသေးပဲ အော်ကြောလန်ဟု နာမည်ကျော်နေသည့် သူ၏ အမျိုးသမီးပင်။
သနားစရာ လူငယ်စုံတွဲလေးကတော့ အော်ခံငေါက်ခံပြီး လက်ဗလာနှင့် ထွက်ခွာသွားရပေတော့မည်။
လင်းရီတို့ကတော့ ထူးဆန်းသည့် အကြည့်များကို လျစ်လျူရှုထားလိုက်ပြီး ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့အံ့အားသင့်သွားခဲ့သည်က ဆိုင်ပိုင်ရှင်မှာ အခြားတစ်ယောက် ပြောင်းလဲသွားပြီး ဖိုသီဖတ်သီ ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကိုပင်။ပစ္စည်းများ လိုက်ပို့ပေးသည့် အကူကောင်လေး နှစ်ယောက်ကို မှတ်မိနေသောကြောင့်သာ မဟုတ်ပါက လင်းရီတို့ ဆိုင်မှား လာခဲ့မိသည်ဟုပင် တွေးထင်မိသွားနိုင်သည်။
ဆိုင်ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသမီး၏ သွင်ပြင်မှာတော့ အသားအရေမှာ နေလောင်ဒဏ်ကြောင့် ညိုမဲနေကာ မျက်လုံးထောင့်စွန်းများတွင်လည်း အရေးအကြောင်းများနှင့် ပြည့်နေလေသည်။ သူမမှာ အနက်ရောင် ဂျင်းအင်္ကျီကို ဝတ်ဆင်ထားပြီး စစ်ဝတ် တောင်တက်ရှူးများကို စီးနင်းထား၏။ သူမ၏ ပုံစံက လမ်းဘေးတွေ ကြီးပြင်လာခဲ့သည့်သူ တစ်ယောက်နှယ် စုတ်ပြတ်ပြတ် နိုင်လှသည်။
ထိုအမျိုးသမီးကတော့ ရူရှန်၏ ဇနီးဖြစ်သူ
ဝမ်ဖန်းတည်း။
“ ဒီမှာ... ဆိုင်ရှင်က ဘာလို့ ပြောင်းသွားတာ…” ကျီချင်းရန် မေးလိုက်၏။
သက်လတ်ပိုင်း အမျိုးသမီးမှ ကျီချင်းရန်တို့ကို ကြည့်လိုက်ပြီး အတွေ့အကြုံရှိဖူးစွာဖြင့် ယခုလို ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။
“ ဘာပြောင်းတာ.. ငါက ဒီဆိုင်ပိုင်ရှင်ပဲ.. ဘယ်တုန်းကမှ မပြောင်းလဲဘူး…” ဝမ်ဖန်းမျက်လွှာပြန်ချ၍ ကြည့်ပင်မကြည့်ပဲ ပြန်ပြောလိုက်၏။