လင်းရီကို စိတ်တိုအောင် ဘယ်ကောင်လုပ်ရဲလဲ
Vol. 41 Ch. 611
“ ဆိုင်ရှင် ပြောင်းတာတွေ မပြောင်းတာတွေ အရေးမကြီးဘူး… ဒါပေမယ့် မင်းတို့ကောင်တွေ ဈေးဝယ်သူတွေကို ဟင်းသီးဟင်းရွက် အပုတ်တွေ ရောင်းတာကတော့ ဈေးသည် ကျင့်ဝတ်နဲ့ မကိုက်ညီသလိုပဲ..”
“ ဟင်းသီးဟင်းရွက် အပုတ်တွေ…ဟုတ်လား…” ဝမ်ဖန်းပြောလိုက်ပြီး “ ကောင်လေး… နင်ဘာ မဟုတ်တာတွေ လာလျှောက်ပြောနေတာ… ငါတို့ဆိုင်မှာရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေက ဈေးတစ်ခုလုံးမှာ အကောင်းဆုံးပဲ… ငါ့ဆိုင်ကို လာပြီး သိက္ခာမချနဲ့…”
“ ဒီက ဝယ်သွားတဲ့ပစ္စည်းတွေကို ပြန်သယ်လာဖို့ လူခေါ်ထားတယ်.. ကိုယ့်ဘာကိုယ် မျက်စိပါရင် ကြည့်လိုက်…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး “ ပြီးတော့ ငါ့ဘက်က ဆိုင်နာမည် ဖျက်တာတွေ ဘာမှမလုပ်ရသေးဘူး…မသိချင်ယောင်ဆောင်မနေနဲ့..”
“ ကောင်လေး… နင်က ပြဿနာ လာရှာနေတာလား…” ဝမ်ဖန်း လင်းရီကို လက်ညိုးထိုး၍ အော်ငေါက်လိုက်ပြီး “ နင်ဝယ်ထားတုန်းက အကောင်းကြီးပဲလေ… အကြာကြီးသိမ်းထားမှတော့ ပျက်စီးတာ ဆန်းသလားဟဲ့.. အဲ့တာကို ငါ့ဆိုင်လာပြီး အလျော်တောင်းနေတယ်ဆိုတော့ နင် တမင်သပ်သပ် ငွေညစ်ချင်နေတာမလား… ငါတို့လို အသီးအရွက်ရောင်းတဲ့ ပျံကျဈေးသည်တွေက အနိုင်ကျင့်ဖို့ လွယ်တယ်လို့များ ထင်နေတာလား…”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် နားရွက်ကုတ်ရင်း “ စရိုက်ဆန်လို့ ဒီလိုလုပ်တာကို ငါနားလည်ပေးလို့ရတယ်… ဒါပေမယ့် ငါကိုယ်တိုင် ရောက်လာပြီး အေးဆေး စကားပြောနေတာကိုတောင်မှ ဒီလိုမျိုး လုပ်နေတာကတော့ အဓိပ္ပာယ်မရှိဘူး…”
“ ငါ ဘာလုပ်နေလို့လဲ…. ငါ နင့်ကို မကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းလိုက်ပါတယ်ဆိုတဲ့ သက်သေအထောက်အထား နင့်မှာ ဘာရှိလဲ…”
ဝမ်ဖန်း ပက်ကော့ကလန် ပြန်ပြောလိုက်ပြီး “ ပြီးတော့ ငါ ဒီနေ့ ဆိုင်ဖွင့်ကတည်းကရင် ဈေးဦးတောင် မဖောက်ရသေးဘူး… နင်သူများ နေရာက ဝယ်လာပြီးတော့ ဘာလို့ ငါ့ဆိုင်လာပြီး ပြဿနာ လာရှာနေတာလဲ….”
“ အဓိပ္ပာယ် မရှိတာ…. ငါတို့ ဒီဆိုင်ကနေဝယ်ခဲ့တာပဲ… နင် 'ဘူး'ခံပြီးမငြင်းနဲ့…”
“ မငြင်းပါဘူး… ဒါပေမယ့် နင်တို့တွေ ငါ့နားကနေ ဝယ်ခဲ့တယ်ဆိုရင် ဘယ်မှာလည်း သက်သေအထောက်အထား.. တကယ်လို့ နင်တို့ သက်သေပြနိုင်ရင် ငါ့ဘက်ကလည်း မငြင်းဘူး…”
လင်းရီ ဘေးပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်သောအခါ အနီးတစ်ဝိုက်တွင် စောင့်ကြည့်ရေး ကင်မရာများ မရှိကြောင်း သတိပြုမိလိုက်၏။
ထို့ကြောင့် သက်သေအထောက်အထား ပြရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
“ ဟင်း ... အေးဆေး စကားလာပြောနေရင် ဘာလို့ နားမထောင်ချင်ကြတာလဲကွာ.. ဒါကြီးက တော်တော်လေး ခေါင်းကိုက်စရာပဲ…”
“ ငါက နားမထောင်ဘူးလား…” ဝမ်ဖန်း အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်ပြီး “ ငါက အမှန်တရားတွေ ပြောနေတာလေ… နင့်ဘက်က သက်သေထုတ်မပြနိုင်တိုင်းနဲ့ ငါ့အပေါ် အပြစ်လာပုံမချနဲ့…”
ထိုအခါ ဆိုင်အနားတွင် စပ်စုနေကြသည့် လူများမှ ရယ်မောလိုက်ကြ၏။
ရလဒ်မှာ သူတို့ မျှော်လင့်ထားသည့် အတိုင်းပင်။ဝမ်ဖန်းကဲ့သို့ အပေါက်ဆိုးသည့် အမျိုးသမီးက ငွေတစ်ခုတည်းကိုသာ စိတ်ဝင်စားသည်။ ထိုသို့သော သူမျိုးထံမှ ပိုက်ဆံ ပြန်လိုချင်နေသည်ဆိုလျှင်တော့ ဝက်တွေ လေပေါ်ပျံနိုင်မှသာ ပြန်ရနိုင်ပေမည်။
ဘန်း… ဝုန်း ..ဘုန်း
လင်းရီ အချိန်ဖြုန်းမနေတော့ပဲ ဝမ်ဖန်းရှေ့တွင် ခင်းကျင်းထားသည့် အသီးအရွက်ဗန်းများကို ခြေထောက်ဖြင့် ကန်လိုက်၏။
ယင်းလုပ်ရပ်က လူတိုင်းကို မယုံကြည်နိုင်ဖွယ် ရှော့ခ်ရသွားစေခဲ့သည်။
ယခုလိုလုပ်ရပ်မျိုး ပြုလုပ်သူတစ်ချို့ ရှိခဲ့သော်လည်း ထိုစဉ်က တစ်ဖက်သူမှာ ကြွက်သား အပြိုင်းပြိုင်းနှင့် လူသန်ကြီးများပင်။ ယခုတော့ ကျောင်းသား ပုံစံ ကောင်လေးတစ်ယောက်မှ သူမရှေ့တွင် ဝုန်းဒိုင်းဆန်ပြလိမ့်မည်လို့ ဘယ်တုန်းကမှ တွေးထင်မထားခဲ့။
ဝမ်ဖန်းလည်း ရှော့ခ်ရသွားမှုကြောင့် တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။ သို့သော်လည်း ဈေးတွင် တစ်နှစ်ပတ်လုံး ကျင်လည်းကျက်စားနေသူ တစ်ဦး ပီသစွာဖြင့် သူမ၏ ပကတိကိုယ်ဟန်ကို ပြန်ရကာ လင်းရီနှာခေါင်းကို လက်ညိုးထိုး၍ “ မျိုးမစစ်လေး…. မင်းသေချင်နေတာလား…. ငါ ဈေးသည်လုပ်စားလာတာ ကြာလှပြီ… နင့်ကို ကြောက်လိမ့်မယ်များ ထင်နေတာလား…”
ဝမ်ဖန်းကျိန်ဆဲပြီးနောက် သူမနောက်ရှိ ဆိုင်အကူကောင်လေး နှစ်ယောက်ကို ကြည့်ကာ “ နင်တို့က ဘာကြည့်နေကြတာလဲ… သူ့ကို ရိုက်ကြလေ…”
အမှန်တော့ ဝမ်ဖန်း မပြောခင်ကတည်းကရင် ကောင်လေး နှစ်ယောက်မှာ မတ်တပ်ရပ်နေပြီး ဖြစ်၏။
“ လူချောလေး.. မင်းက ဒီလာပြီးတော့ ပြဿနာ လာရှာရဲတယ်ပေါ့လေ.. မင်းသောက်ခွက်ကို မထိုးရဲဘူးများ ထင်နေတာလား..”
ကျောထောက်နောက်ခံ ကောင်လေး နှစ်ယောက်အကူအညီဖြင့် ဝမ်ဖန်းမှာ ယုံကြည်ချက်များ ပြည့်ဝနေပြီး အနည်းငယ်မျှပင် မကြောက်ရွံ့တော့ချေ။
သူမမျက်နှာပေါ်ရှိ မောက်မာသည့် အမူအရာမှာ လမ်းကြိုလမ်းကြားတွင် ကျက်စားသည့် အပျော်လင်များထက်ပင် မောက်မာနေတော့၏။
“ ဒီမှာ တစ်ခုပြောမယ်.. နင်တို့ဘက်က ပြဿနာ လာရှာတာနော်… တကယ်လို့ ဒီနေ့ ဆိုင်ပစ္စည်းရဲ့ နှစ်ဆ ပြန်မလျော်ပေးဘူးဆိုရင် နင်တို့ကို သေချာပေါက် ရိုက်နှက်ပစ်မယ်… ငါ့အဆိုး လာမဆိုနဲ့...”
“ ငါကကော ကြောက်မယ်များ ထင်နေလား..”
လင်းရီ တစ်ခွန်းမျှ ဆက်မပြောတော့ပဲ ရှေ့တက်ကာ ဆိုင်အကူ နှစ်ယောက်ကို စတင်ကန်ကျောက် ထိုးကြိတ်လိုက်၏။
လက်ရှိ လင်းရီ၏ စွမ်းရည်ဖြင့် လူနှစ်ယောက်ကို ကိုင်တွယ်ရသည်မှာ လက်ဖျစ်တီးသကဲ့သို့ လွယ်ကူလှသည်။
ထို့ပြင် စနစ်မှ ပထမ အဆင့် တိုက်ခိုက်ရေး စွမ်းအား နှင့် အရိုးသိပ်သည်းဆေးကို ချီးမြင့်ထားသောကြောင့် ပို၍ပင် လွယ်ကူနေသေးသည်။
လင်းရီလက်ချက်ဖြင့် သူမ၏ ဆိုင်အကူကောင်လေးနှစ်ယောက်မှ သွေးအန်သွားသည်ကိုမြင်တော့ ဝမ်ဖန်း အံ့အားသင့်သွားခဲ့၏။
ဒီကောင်လေးက ကြည့်တော့တာ ပျော့တိပျော့ဖတ် ပုံစံနဲ့ ဘာလို့ ဒီလောက်တောင် ကမူးကရှူး ဆန်နေတာ…
“ ငါ မင်းနဲ့ ဘောင်မဝင်တဲ့စကားတွေပြောပြီး အချိန်မဖြုန်းချင်ဘူး … ဒီကိစ္စ ဘယ်လို ဖြေရှင်းပေးမလဲပဲပြော… ငါ စိတ်မတိုခင် အခွင့်အရေး ရှိသေးတယ်….”လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။
"ငါလည်း နင့်ကို ရှင်းအောင် ပြောပြလိုက်မယ်... ငါ့လက်ထဲကနေ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ရဖို့ မစဉ်းစားနဲ့..."၀မ်ဖန်း ပြောလိုက်ပြီး "ပြီးတော့ နင်ငါ့ဆိုင်ကိုလည်း ဖျက်ဆီးသွားသေးတယ်.. လျော်မယ့်လျော် နင်ကပဲ လျော်ရမှာ.. မဟုတ်လို့ကတော့ ငါ မြေကြီးပေါ်မှာ လဲပြီးတော့ သေတဲ့အထိ ပိုက်ဆံတောင်းပစ်လိုက်မယ်...."
ထိုအခါ လင်းရီလည်း အဆိုပါ လက်ပေါက်ကပ်သည့် အမျိုးသမီးကို နွှာရန် ရှေ့တက်စဉ် ကျီချင်းရန်၏ ဟန့်တားသံကို ကြားလိုက်ရ၏။
"လင်းရီ မလုပ်နဲ့..."
"ငါခုပဲ စက်မှုနဲ့ ကူးသန်းရောင်း၀ယ်ရေး ဌာနကို ဖုန်းဆက်ခိုင်းပြီးတော့ လူလွှတ်ခိုင်းလိုက်မယ်... မဟုတ်ရင် ငါတို့ဘက်က အမှား ဖြစ်သွားလိမ့်မယ်... "
ကျီချင်းရန် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကောင်းကောင်း နားလည်ပေသည်။
အကယ်၍ တစ်ဖက်သူသာ သူမတို့ကို လျော်ကြေးပေးရန် ခေါင်းမာနေပါက သူမတို့လည်း ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ အတင်းဇွတ်တရွတ် ပိုက်ဆံ အိတ်ထဲမှ လုလိုက်ပါက အခြေအနေမှာ တစ်မျိုးပြောင်းသွားပြီး လင်းရီက ရာဇ၀တ်မှု ကျူးလွန်သူ နေရာသို့ ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် သက်ဆိုင်ရာနှင့် ဖြေရှင်းသည်က အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်၏။
"ကောင်းပြီလေ.. သူတို့ကို မြန်မြန်လာဖို့ ပြောလိုက်...."
"အွန်း..."
ကျီချင်းရန် ဖုန်းခေါ်နေသည်ကို မြင်တော့ ၀မ်ဖန်း မျက်နှာထက်တွင် ကြောက်ရွံ့သည့် အမူအရာ တစ်စိုးတစ်စိမျှ ဖြစ်ပေါ်မနေချေ။
"နင်တို့ ဈေးရုံးကို ဖုန်းဆက်လည်း အလကားပဲ.. ငါက ဟော့ဒီ ဈေး ဧရိယာရဲ့ တာ၀န်ရှိသူတွေနဲ့ အပိုင် ပေါင်းထားပြီးသား... သူတို့ လာခဲ့ရင်တောင် နင်တို့ တစ်ပြားတစ်ချပ်လေးမှ ရဖို့ စိတ်မကူးနဲ့..."
ဖုန်းခေါ်နေသည့် ကျီချင်းရန်ကို ကြည့်ရင်း လူတိုင်းမှာ ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
သူတို့အားလုံး အခြေအနေကို နားလည်သဘောပေါက်ကြလေသည်။
အကယ်၍ ဈေးဧရိယာ အတွင်းတွင် သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး မရှိပါက ငြိမ်းချမ်းစွာ ဈေးရောင်းနိုင်ပါမည်လော။
“ အိုး…. အထင်ကြီးဖို့တော့ ကောင်းသားပဲ… အဲ့ဒါဆိုလည်း ဒါရိုက်တာနဲ့ပါ အပိုင်ပေါင်းထားရင်တော့ ပိုကောင်းတာပေါ့…”
“ နင်ဘာပြောလိုက်တယ်…”
ဝမ်ဖန်းနှင့် ကျန်သူများ ကြောင်အမ်းအမ်း ဖြစ်နေစဉ် ကျီချင်းရန်၏ ဖုန်းမှာ ဝင်သွားခဲ့၏။
“ ဒါရိုက်တာစွန်းလား… ကျွန်မ ချောင်ရန်အုပ်စုက ကျီချင်းရန်ပါ… ခု လယ်သမား ဈေးထဲမှာ ပြဿနာလေး နည်းနည်းတွေ့နေလို့… အဲ့တာ တစ်ယောက်ယောက် ဒီလွှတ်ပေးလိုက်လို့ ရမလား…”
ဖုန်းခေါ်ဆိုမှုမှာ တိုတိုနှင့် လိုလိုရင်းဖြင့်သာ ပြီးဆုံးသွားခဲ့ပြီး တစ်မိနစ်ကြာပြီးနောက် သူမ ဖုန်းပြန်ချလိုက်သည်။
တစ်ဖက်သူမှလည်း ကျီချင်းရန် ပြောထားသည့်အတိုင်း ယခု ကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါ့မည်ဟု သဘောတူလာလေသည်။
ကျိုးဟိုင်ကဲ့သို့ မြို့ကြီးတွင် ချောင်ရန်အုပ်စု၏ ဈေးကွက်တန်ဖိုးက အစိုးရ ဌာနများကိုပင် လှုပ်ခါနိုင်သည်အထိ အင်အားကြီးမား၏။
သို့သော်လည်း ကျိုးဟိုင်၏ အထက်ကြီးပိုင်း အရာရှိများကသာလျှင် ချောင်ရန်အုပ်စု၏ ဥက္ကဌ ကျီချင်းရန်က လင်းယွမ်အုပ်စု၏ သူဌေး လင်းရီ၏ ချစ်သူဖြစ်ကြောင်းကို သိထားကြ၏။
အဆိုပါ အထောက်အထားက မယုံကြည်နိုင်ဖွယ်ရာပင်။
လင်းရီမှာ လက်တစ်ဖက်ဝှေ့ယမ်းယုံမျှဖြင့် အစိုးရဌာန၏ ဒါရိုက်တာကို အပြောင်းအလဲ ပြုလုပ်နိုင်သည်အထိ ကြီးစိုးမှုရှိ၏။
ဒီကျိုးဟိုင်မှာ ဘယ်သူက လင်းရီကို အပြစ်ပြုရဲမှာလဲ…
“ ဒါရိုက်တာစွန်းက ခဏနေ တစ်ယောက်ယောက် လာခဲ့လိမ့်မယ်တဲ့…”
ဖုန်းချပြီးနောက် ကျီချင်းရန် ပြောလိုက်သည်။
“ အင်း.. ငါတို့လည်း ဆိုင်ဖွင့်ဖို့ စောပါသေးတယ်…”
“ နင်… နင်တို့ ဘာတွေ ပြောနေကြတာလဲ.. နင်တို့ ဒါရိုက်တာစွန်းကို ဖုန်းခေါ်လိုက်တယ်…..” ဝမ်ဖန်း လင်းရီကို ကြည့်ရင်း အနည်းငယ် ပျာပန်းခက်သွားခဲ့၏။ ယခုကိစ္စမှာ သိပ်မလွယ်ကူတော့ဟု ခံစားနေရသည်။
“ အောက်က ရုံးစာရေးတွေက မကိုင်တွယ်နိုင်မှတော့ သူတိုရဲ့ အထက်အရာရှိကို ခေါ်ရမယ် မဟုတ်ဘူးလား…”
“ နင်ငါ့ကို လာပြီး ခြောက်လန့်မနေနဲ့… နင့်လိုမျိုး သုံးဘီးစီးပြီး ဈေးလာဝယ်တဲ့သူက ဒါရိုက်တာနဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးနိုင်မှာ…”
“ ယုတ္တိကျကျ ပြောရရင်တော့ မင်းပြောတာ မှန်တယ်..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ရှင်ဘုရင်က ရွာကို ရုပ်ဖျက်ပြီး လာလည်တယ်လို့ စဉ်းစားကြည့်လိုက်… ငါကကော သုံးဘီးမောင်းပြီး ဈေးလာဝယ်လို့ မရဘူးလား…”
“ ငါ့ကို လာလိမ်ဖို့ မကြိုးစားနဲ့…”
ထိုသို့ အော်ပြောလိုက်သော်လည်း ဝမ်ဖန်း၏ အရှိန်အဝါမှာ အားနည်းတထက် အားနည်းလာပြီး သူမ၏ လေသံထဲတွင် မရေရာမှုတို့က ရောစွက်နေလေသည်။
ဒီလို အခြေအနေမျိုးမှာ ဘယ်သူက တည်ငြိမ်နိုင်မှာလဲတဲ့…
“ ဟေ့ အဘွားကြီး… ဘာလို့ လေသံက တစ်မျိုးပြောင်းသွားတာ… ခုနကလိုမျိုး ထီမထင်တဲ့ လေသံလေး လုပ်စမ်းပါဦး…”
“ နင်… နင်တို့ ….”
ဝမ်ဖန်း လင်းရီတို့ကို လက်ညိုးထိုးလျက် မျက်လုံးတို့ ပြူးကျယ်စွာဖြင့် နောက်ဆုတ်သွားခဲ့ပြီး လက်တစ်ဖက်ကလည်း ရင်ဘက်ကို ဖိကာ မြေပြင်သို့ လဲကျသွားခဲ့၏။
၎င်းကို မြင်တော့ ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး “ အမ်…. ဘာလဲဖြစ်သွားတာ…”
“ ငါတို့ကို ငွေညစ်ချင်နေတာလေ….”
“ မရတော့ဘူး…အစ် အစ်….. အသက်ရှူကြပ်တယ်… ခြေထောက်လည်း ကြွက်တက်လာပြီ... ပြီးတော့ ငါ့နှလုံး.....ငါ့နှလုံး ပြန်ဖောက်လာသာ နင်တို့ ကြောင့်ပဲ…” ဝမ်ဖန်း သူမရင်ဘက်ကို ဖိရင်း အသက်ကို အမောတကြီးရှူကာ ၉၆ ပါးရောဂါဝေဒနာတို့ဖြင့် သတိလစ်တော့မည့်နှယ် ဖြစ်နေလေသည်။ သူမ၏ ဆံပင်တို့မှာလည်း ဖရိုဖရဲနှင့် လက်ရှိမြင်ကွင်းမှာ အတော်လေးကို ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှ၏။
“ ရီ … ငါတို့ ခု ဘယ်လိုလုပ်ကြမလဲ…”
“ စောင့်ကြည့်မယ်…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့ဘွားတော်ကြီး တကယ် သေသွားမယ်ဆိုလည်း တန်းမြုပ်လိုက်ကြတာပေါ့… ဘာမှမဖြစ်လို့ကတော့ လိမ်လည်မှုနဲ့ စီရင်စရာရှိတာ စီရင်ရမှာပဲ….”