ဟော်ယွမ်ယွမ်ကို ဆိုင်မလာစေနဲ့
Vol. 41 Ch. 612
“ အဲ့လိုလုပ်လို့ ဖြစ်ပါ့မလား ရီရယ်…”
ကျီချင်းရန်မှာ ယခုလို အခြေအနေမျိုးနှင့် မကြုံဖူးသေးသောကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားသွားမည်ကို စိုးရိမ်နေလေသည်။
“ ဘာမ စိတ်ပူမနေနဲ့… အကုန်ဖြစ်တယ်..”
ဘေးပတ်ပတ်လည်ရှိ ဈေးသည်များကလည်း ရှုပ်ထွေးစွာဖြင့် မရေမရာ ဖြစ်နေကြသည်။
ဒီစုံတွဲက တကယ်ကြီး ဒါရိုက်တာနဲ့ သိနေတာများလား….
သောက်ရေးမပါသာတွေ…
“ ဒီမှာ ရုတ်ရုတ်နဲ့… ဘာတွေ ဖြစ်နေကြတာတုန်း…”
အခြေအနေမှာ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီး ရုန့်ရင်းဆန်ခတ်နှင့် ဆူညံနေစဉ် လုံခြုံရေး ယူနီဖောင်းနှင့် အမျိုးသားတစ်ဦး မလှမ်းမကမ်းမှ လျှောက်လာလေသည်။ ထိုသူ၏ သွင်ပြင်ကား ကင်းလှည့်နေပုံရ၏။
သူ ဝိုင်းအုံကြည့်နေကြသူများကို တွန်းဖယ်လိုက်ပြီး လင်းရီ ရှေ့သို့ ရောက်လာခဲ့သည်။
“ မန်နေဂျာမာ ရောက်လာပြီ…”
မန်နေဂျာမာ ဆိုသူမှာ လယ်သမားဈေး၏ လုံခြုံရေးမန်နေဂျာတစ်ဦးဖြစ်သူ မာရှူးလျန်ပင်။
ပုံမှန်အားဖြင့်တော့ သူ၏ အလုပ်မှာ ဈေးကွက်ထဲ တည်ငြိမ်အေးချမ်းရေးနှင့် ပျံကျဈေးသည်များနှင့် ရောင်းဝယ်ဖောက်ကားသူများအကြား အထိကရုန်းများကို စီမံခန့်ခွဲပေးရသူလည်း ဖြစ်သည်။
“ အဘွားကြီးဝမ်.. မင်း မြေပေါ်မှာ မှောက်ပြီး ဘာလဲလုပ်နေတာ…”
မာရှူးလျန်ကို မြင်တော့ ဝမ်ဖန်း မြေပြင်မှ ဆတ်ကနဲ ထရပ်လိုက်၏။
အသက်ဝဝလင်လင် ပြန်ရှူ၍ ရသွားပြီး နှလုံးမှာလည်း သာမန်အတိုင်း ပြန်ဖြစ်ကာ ခြေထောက်ရှိကြွက်မှာလည်း ထွက်ပြေးသွားတော့၏။
“ ဒီနှစ်ယောက်ပေါ့… ငါ့ကို မကောင်းတဲ့ ဟင်းသီးဟင်းရွက်အပုတ်တွေ ရောင်းနေပါတယ်ဆိုပြီး နာမည်ဖျက်နေတာ… ပြီးတော့ ငါ့ရဲ့ ဆိုင်ကိုလည်း ဖျက်စီးသေးတယ်… ၀င်တားတဲ့ ငါ့ဆိုင်က ကောင်လေးနှစ်ယောက်လည်း လာရှုပ်လို့ ဆိုပြီး သွေးအန်တဲ့ထိ အရိုက်ခံလိုက်ရတယ်….”
မာရှူးလျန် အခြေအနေကို တစ်ချက် ခြုံငုံသုံးသပ်ကြည့်လိုက်ပြီး လင်းရီကို ကြည့်ကာ “ ညီကို .. မင်း ဒါဘယ်လိုလုပ်လိုက်တာ… သူတို့က ပျံကျဈေးသည်တွေဆိုတာနဲ့ပဲ မင်း အနိုင်ကျင့်ချင်သလို ကျင့်လို့ မရဘူးလေကွာ..” မာရှူးလျန် ပြောလိုက်သည်။
“ ငါက ဘယ်သူ့ကို အနိုင်ကျင့်နေလို့….”
“ မင်းက လူနှစ်ယောက်ကို ဆိုးဆိုးရွားရွားဖြစ်အောင် ရိုက်နှက်ပြီးမှတော့ အနိုင်ကျင့်နေတာ မဟုတ်ရင် ဘာတုန်းကွ…” မာရှူးလျန် ပြောလိုက်ပြီး “ မင်းထင်နေတာ ငါမျက်စိကန်းနေတယ်များ ထင်နေတာလား…”
“ နင်တို့ နှစ်ယောက်....နင်တို့တွေ လူကို လာအနိုင်ကျင့်တာ အသိအသာကြီးပဲ… နင်တို့ရဲ့ အဲ့ဒီ ဟင်းရွက် အစုတ်အပြတ်တွေကို ငါ့ဆိုင်ကနေ ဝယ်သွားတာ ဘယ်သူမြင်လဲ…” ဝမ်ဖန်း အော်ပြောလိုက်၏။
ကျီချင်းရန် တစ်ဖက်သို့ လှည့်လိုက်ပြီး အနီးတစ်ဝိုက်ရှိ ဈေးသည်များကို ညွှန်ပြကာ “ သူတို အကုန်မြင်တယ်…”
“ ဟင်း… မိန်းကလေး.. မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့…. ငါတို့ ဘာမှ မမြင်ဘူး…”
“ ငါကောပဲ… ငါဆို ညကတည်းကနေ ဈေးရောင်းနေတာ… နင်တို့နှစ်ယောက် ငါ့ဆိုင်နား ရောက်လာတာတောင် မမြင်ပေါင်…”
“ဟုတ်ပါ့… အစ်မဝမ်က ခု မနက်မှ ဆိုင်ဖွင့်တာ ဈေးဦးတောင် မဖောက်သေးဘူး.. ငါနဲ့ တစ်မနက်လုံး စကား ပြောနေတာ … တကယ်လို့ နင်တို့ လာဝယ်မယ်ဆိုရင် သိရမှာပေါ့ဟဲ့….စွပ်စွပ်စွဲစွဲတွေပါအေ….”
အားလုံးက ဈေးထဲတွင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေကြသောကြောင့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက အချင်းချင်း ရိုင်းပင်းကူညီကြလေသည်။
ထို့ကြောင့် ဈေးသည်များအားလုံး ဝမ်ဖန်းဘက်သို့ ယိမ်းလိုက်ကြ၏။
“ နင်တို့တွေ ညာနေတာ…” ကျီချင်းရန် ပြန်ချေပလိုက်ပြီး “ ငါတို့ ဒီမနက် ဈေးလာဝယ်တော့ နင်တို့တွေ အကုန်မြင်တယ်…”
“ ကောင်မလေး… နင်ဘာတွေ လျှောက်ပြောနေတာ… ငါတို့က ဝမ်ဖန်းနဲ့ ဘာမှ မပက်သက်ဘူး.. ဒီတော့ သူ့ဘက်က ကူပြောပေးစရာ အကြောင်းလည်း မရှိဘူး… ငါတို့ မြင်ရင် မြင်တယ်… မမြင်ရင် မမြင်ဘူး… ဘာမှ လိမ်ညာမနေဘူး…”
“ နင်တို့…”
“ ရပြီ…လုံလောက်ပြီ…” လင်းရီ ကျီချင်းရန်ကို နောက်ပြန်ဆွဲလိုက်ပြီး “ သူတို့နဲ့ ငြင်းခုန်နေလို့လည်း အလကားပဲ…”
“ ညီကို ကိစ္စတွေက ဒီအခြေအနေထိတောင် ရောက်နေပြီဆုတော့ မင်း ငါတို့ကို ဖြေရှင်းချက်ပေးသင့်တယ် မထင်ဘူးလား…”
မာရှူးလျန် ပြောလိုက်၏။
လက်တွေ့တွင်တော့ မာရှူးလျန် အကြောင်းစုံကို သဘောပေါက်လေသည်။
ဝမ်ဖန်းနှင့် ကျန်သူများမှာ ကတ်စတန်မာများကို အသီးအရွက်အပုတ်များ ရောင်းချလိုက်ခြင်းကြောင့် ယခုလိုမျိုး ဖြစ်လာခဲ့ခြင်းဖြစ်၏။ ထိုသို့ ရောင်းချနေသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
အကယ်၍ သက်သေအထောက်အထားများ ရှိပါက သူ ကတ်စတန်မာဘက်မှ လိုက်၍ ကူညီပေးပေမည်။ သို့သော်လည်း သက်သေအထောက်အထား မပါရှိ၍ အခြေအနေမှာ ကွဲပြားသွားခဲ့၏။ မျက်မြင်သက်သေ အခိုင်အမာရှိသည့် ဝမ်ဖန်းဘက်သို့ လိုက်ရန်သာ ကျန်ရှိတော့သည်။
“ ဖြေရှင်းချက်လား… ခဏနေ တစ်ယောက်ယောက်ရောက်လာပြီး ဖြေရှင်းချက် ပေးလိမ့်မယ်...."
“ တစ်ယောက်ယောက်လား…” မာရှူးလျန် ကြောင်အ သွားခဲ့ပြီး” ဘယ်တစ်ယောက်လဲ…”
“ မန်နေဂျာမာ…သူတို့က စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာနရဲ့ ဒါရိုက်တာစွန်းနဲ့ သိတယ်…” ဝမ်ဖန်း ပြောပြလိုက်၏။
“ ဒါရိုက်တာစွန်း….” မာရှူးလျန် ရေရွတ်လိုက်ပြီး “ စိုက်ပျိုးရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အစိုးရဌာနရဲ့ ဒါရိုက်တာ နာမည်က လီမဟုတ်ဘူးလား… ငါတော့ မျိုးရိုးနာမည်စွန်းနဲ့ တစ်ယောက်မှ မကြားဖူးပါဘူး… "
“ ဟမ်….”
လူတိုင်း တုံ့ပြန်လိုက်ကြပြီး တစ်ခုခု မှားယွင်းနေသယောင် ခံစားလိုက်ကြရ၏။
မန်နေဂျာမာ ပြောပုံအရဆိုရင် ဟိုစုံတွဲပြောတာက မှန်ပါ့မလား…
လုံးဝမဖြစ်နိုင်ဘူး…
ဘွားတော်ဝမ် ပြောသလိုပဲ သူတို့သာ အစွမ်းအစရှိရင် သုံးဘီးနဲ့ ဈေးလိုက်နေမှာ မဟုတ်ဘူး…
“မန်နေဂျာမာ.. ဒီကိစ္စ ဘယ်လိုဖြေရှင်းပေးမလဲ… သူက ငါ့ဆိုင်ကို ဖျက်စီးသွားတဲ့အပြင် ဆိုင်က ကလေးတွေကိုလည်း ရိုက်နှက်သွားသေးတယ် ဆိုတော့ ရဲခေါ်ကြမလား….”
“ အဲ့လိုလုပ်ဖို့ လိုမယ် မထင်ဘူး..”
မာရှူးလျန် လင်းရီကို ကြည့်လိုက်ပြီး “ ညီကို… အခြေအနေတွေက ဒီအနေအထားထိ ရောက်လာမှတော့ ဒီမှာတင်တော်လိုက်ကြစို့… အဘွားကြီး ဝမ်ဘက်က ကုန်ပစ္စည်းတွေ ဖျက်ဆီးခံလိုက်ရတယ်ဆိုတော့ သူမကို ယွမ် ၂,၀၀၀ လျော်ပေးလိုက်… မြေပေါ်မှောက်နေတဲ့ နှစ်ယောက်ကိုကျတော့ ဆေးဖိုး ယွမ် ၅,၀၀၀ ပေးလိုက်...ဒါဆိုရင် ဒီကိစ္စ ဒီမှာတင် အဆုံးသတ်ပြီ… “
“ ငါ့ဖင်ကြီးကိုပဲ လျော်ခိုင်းလိုက်လေ…”
“ မင်းဘာစကားပြောတာတုန်းဟျောင့်..” မာရှူးလျန် ပြောလိုက်ပြီး “ ငါ လုပ်ပေးနေတာတွေက မင်းကောင်းဖို့အတွက်တွေချည်းပဲနော်… မင်းဘက်က ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ငါရဲခေါ်လိုက်တော့မယ်… အဲ့အခါကျ လျော်ကြေး ပေးရုံလောက်နဲ့ပဲ အဆုံးသတ်သွားမှာ မဟုတ်ဘူး…”
“ ဘေးဖယ်ကြစမ်း… ဘယ်ကောင်တုန်းကွ ရဲကို ဖုန်းဆက်မယ်ပြောတာ…”
အေးစက်သည့် နှာခေါင်းရှုံ့သံမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး လူအုပ်ကြီးမှ လမ်းဖယ်ပေးလိုက်ကာ ယူနီဖောင်း ဝတ်ထားသည့် လူဆယ်ဦးထက်မနည်း လမ်းလျှောက်လာကြလေသည်။
ရောက်လာသည့် သူကို မြင်တော့ မာရှူးလျန် ရှော့ခ်ရသွားခဲ့၏။
တကယ်ကြီး ဌာနရုံးက လူတွေ ရောက်လာပြီလား…
ဒီကောင်က တကယ်ကြီး တစ်ယောက်ယောက်နဲ့ သိနေတာလားဟ…. သွားပြီ.. ငါတော့ ပျားအုံတော့ တုတ်နဲ့ထိုးမိပြီတူတယ်…
“ ဒါ… ဒါရိုက်တာလီ….”
“ မင်းက …”
“ ကျွန်တော်က ဒီဈေးရဲ့ လုံခြုံရေး မန်နေဂျာ မာရှူးလျန်ပါဗျ.. ကျွန်တော်အရင်တုန်းက သူဌေးနောက် လိုက်ရင်းနဲ့ ဒါရိုက်တာလက်အောက်မှာ တာဝန်ထမ်းခဲ့ဖူးတယ်လေ…”
“ ဪ… ဟုတ်လား..”
သာမန်ကာ လျှံကာ တုံ့ပြန်ပြီးနောက် ဒါဇင်ကျော်သော လူတို့မှာ လင်းရီနှင့် ကျီချင်းရန်တို့နား ရောက်လာပြီး “ ဥက္ကဌလင်း.. ဥက္ကဌကျီ… ပြဿနာ ရှာနေတာ ဒီမိန်းမလား…”
ပြောလိုက်သူမှာတော့ ကျိုးဟိုင် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး တာဝန်ခံ စွန်းရွှယ်မင်ပင်။
“ အင်း… သူပဲ… တစ်ချက်လောက် ကူညီပေးဦး…”
“ မပူပါနဲ့ဗျ.. ကျွန်တော်တို့ သေချာပေါက် တင်းတင်း ကြပ်ကြပ် ဆောင်ရွက်သွားမှာပါ….”
စွန်းရွှယ်မင် ကတိပေးလိုက်၏။
ထိုအခါ အနီးတစ်ဝိုက်ရှိ လူများအားလုံး ကြက်သေသေသွားကြသည်။
ဒီ သက်လတ်ပိုင်းလူက ဘယ်သူကြီးလဲ…
ဘာလို့ ဒါရိုက်တာလီက သူ့နောက်မှာ ကုပ်ကုပ်လေး ရပ်နေရတာ…
ပြီးတော့ သူခေါ်လိုက်တာက ဘာတဲ့ … ဥက္ကဌလင်း…
ဒီကောင်လေးဆီမှာ တခြား အထောက်အထားတစ်ခု ရှိနေတာများလား…
စွန်းရွှယ်မင် ဝမ်ဖန်းကို ကြည့်ပြီး နောက်သို့ မလှည့်ပဲ အမိန့်ပေးလိုက်၏။ “ လီကြီး…. မင်းလူတွေနဲ့ ဒီအမျိုးသမီးကို ခေါ်သွားလိုက်…. ပြီးရင် ဒီနားတစ်ဝိုက်က ဆိုင်တွေကိုလည်း သေချာလေး စုံစမ်း.. ဈေးရဲ့ ကျက်သရေကို ညစ်နွမ်းစေသူတိုင်းကို ကျိန်းသေပေါက် ဒဏ်ခတ်ရမယ်…”
“ နားလည်ပါပြီ ဒါရိုက်တာစွန်း…”
“ ဟဲ့ ဟဲ့… နင်တို့ ဘာလို့ ငါ့ကို ဖမ်းနေကြတာတုန်း.. ငါ့မှာ ဘာအပြစ်မှ မရှိဘူးလေ… အဲ့ကောင်က မဟုတ်မဟတ်တွေ လျှောက်စွပ်စွဲနေတာ... နင်တို့ မယုံကြနဲ့....” ဝမ်ဖန်း အဖမ်းခံရန် စိတ်ကူးမရှိ၊ အသားကုန် ရုန်းလိုက်၏။ သို့သော်လည်း အားကောင်းမောင်းသန် ယောက်ျားသားများ၏ လက်အောက်တွင် တစ်ခဏအတွင်း အပိုးကျိုးသွားလေသည်။
“ ဥက္ကလင်းက ကျိုးဟိုင်မှာ ယွမ်ဘီလီလျံရာချီတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့သူ… သူ့လို လူစားမျိုးက ဘာမဟုတ်တာလေးကို မှားယွင်းစွပ်စွဲမယ်လို့ ထင်နေတာလား…”
“ ဘီ… ဘီလီယမ် ရာချီ….”
ဂလု….
လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိရှိပြီးနောက် မာရှူးလျန်၊ ဝမ်ဖန်းနှင့် ကျန်သူများအားလုံး မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးကျယ်သွားခဲ့ကြ၏။
သူ့လိုမျိုး ဘောစိက ဒီလို ကုန်စိမ်းတွေကို ကိုယ်တိုင် ထွက်ဝယ်ဖို့ လိုအပ်လို့လား….
ရုပ်ဖျက်ပြီး လာတယ်ဆိုရင်တောင် ဘယ်သူဌေးက သူ့လို သုံးဘီးကြီး မောင်းလာမှာလဲ…
ဒါကြီးကလည်း အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား….
“ ဥက္ကဌလင်း… ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူးဗျာ… ခုကိစ္စက ကျွန်တော်တို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်သွားတာပါ…. ဒါပေမယ့် ဒီကိစ္စကို အခြေခံပြီးတော့ စနစ်တစ်ခုလုံးကို ပြန်ဖွဲ့စည်းမှာမို့လို့ နောက်ကျရင် ဒီလိုမျိုး ထပ်မဖြစ်စေရတော့ပါဘူး…” စွန်းရွှယ်မင် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကျုပ်ဘက်က ဘာလုပ်ပါ ဆိုပြီး ပြောပိုင်ခွင့် မရှိဘူး…” လင်းရီ ပြုံးလိုက်ပြီး “ဆိုတော့ ဒါရိုက်တာစွန်း စိတ်တိုင်းကျသာ စီမံပါ…”
“ ကောင်းပြီလေ…. သူတို့ကို အရင်ဆုံးခေါ်သွားလိုက်ဦးမယ်… လုံရှင်းကလည်း မကြာခင် စာရင်းဝင်တော့မှမလား… အကူအညီလိုရင် ဖုန်းသာဆက်လိုက်ဗျာ….”
“ ကောင်းပါပြီ…”
ကိစ္စများ ဖြေရှင်းပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့လည်း ထွက်ခွာသွားကြလေသည်။
ဈေးထဲမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ ပြိုင်ကား အဖြူရောင်လေးအတွင်းသို့ ဝင်ရောက်သွားသည်ကိုမြင်တော့ မာရှူးလျန်နှင့် ဝမ်ဖန်းတို့ တုန်လှုပ်သွားခဲ့ကြ၏။
သောက်ခွေးတည်းမှ ပြိုင်ကားကြီးဟ..
“ရီ.. ငါတို့ခုဘယ်လိုလုပ်ကြမလဲ… မီးဖိုချောင်ထဲက အမယ်တွေက တစ်ရက်ပဲ ခံတော့မှာနော်.. ငါတို့ပစ္စည်းတွေ မြန်မြန်တင်ဖို့ လိုအပ်နေပြီ...”
“ ဝမ်ထျန်းလုံကို စီမံခိုင်းလိုက်မယ်… အချိန်ကျလာရင် သူ့ကို ကျသင့်သလောက် ပေးလိုက်တာပေါ့… မဟုတ်ဘူးလား…”
“ ဒါပေမယ့် အဲ့လိုဆို ငါတို့ စစ်မှန်တဲ့ အတွေ့အကြုံကို ခံစားလို့မရတော့ဘူးလေ…” ကျီချင်းရန် ညိုးငယ်စွာ ပြောလိုက်၏။
“တစ်ချို့ကိစ္စတွေက တစ်ခါလောက်ပဲ တွေ့ကြုံဖူးရင်ကို ရပြီ… ထပ်ခါထပ်ခါ လုပ်ဖို့မလိုဘူး…”
ကျီချင်းရန် ခေါင်းညိမ့်ပြီး လင်းရီပြောသည်ကို ထောက်ခံလိုက်သည်။
အကယ်၍ လင်းရီသာ သူမကို ယနေ့ ဈေးသို့ ခေါ်မလာပါက ဈေးနေရာရှိ ပရမ်းပတာ ဆန်မှုများကို တွေ့ကြုံဖူးလိမ့်မည်မဟုတ်သလို ထိုသို့ သဘောသဘာဝ ရှိမည်ကိုလည်း နားလည်လိမ့်မည်မဟုတ်ချေ။
လင်းရီ ဆိုင်သို့ တိုက်ရိုက်မပြန်ပဲ ကျီချင်းရန်ကို ချောင်ရန်အုပ်စုထံသို့ လိုက်ပို့ပေးပြီးမှ ဆိုင်သို့ ပြန်လာခဲ့လိုက်၏။
မျက်စိဖမ်းစားနိုင်လွန်းသည့် Koenigsegg က တံခါးဝတွင် ထိုးရပ်လိုက်သည်ကိုမြင်တော့ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားဖြတ်လာသူတစ်ချို့မှ နှစ်ခါမျှ လှည့်ကြည့်လိုက်ကြ၏။
ဘာတံဆိပ်လည်း မသိဘူး… ဒါပေမယ့် ကားက တော်တော်လေး ဆွဲဆောင်မှု ရှိလွန်းတယ်…
အကယ်၍ တနင်္လာနေ့ သို့မဟုတ် အနီးတွင် ကျောင်းသားများ ရှိနေပါက လင်းရီ သေချာပေါက် ဝန်းရံခံရလောက်သည်။
ဆိုင်သို့ ရောက်သည်နှင့် လင်းရီ အမယ်များကို စတင်ပြင်ဆင်လေသည်။
ယခု လောလောဆယ် လူသိပ်မများသော်လည်း နေ့လည်သို့ ရောက်သည်နှင့် လက်ပင်လည်လိမ့်မည် မဟုတ်ကြောင်း သူသိ၏။
နေ့လည်သို့ ရောက်သောအခါ စားသုံးသူများ တစ်ဦးပြီးတစ်ဦး ရောက်လာကြသည် ။
သို့သော်လည်း ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ မရှိသောကြောင့် ရောက်လာသူ လူအများစုမှာ မိန်းကလေးများသာ ဖြစ်ကြ၏။
အစားအသောက်များ စားသောက်ရန် ဖြစ်သော်လည်း သူမတို့၏ အဓိကကတော့ အဆင်ငမ်းရန်ပင်။
မည်သို့ပင်ဆိုစေ လင်းရီ၏ ခန့်ညားပြီး ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ်အချိုးအစားက သရုပ်ဆောင်မင်းသားများထက်ပင် သာလွန်နေကာ အနှီ မိန်းကလေးတို့ဖို့ သူမတို့၏ ရမ္မက်ကို ချုပ်တည်းထားရန် မဖြစ်နိုင်သည်က သာမန်သာဖြစ်၏။
မိန်းကလေး အများစုကတော့ တော်တော်လေး ချစ်စရာကောင်းကြသည်။ ဥထမင်းကြော်နှင့် ခေါက်ဆွဲကြော်မှအပ ဘာမျှ မမှာကြပေ။
ဘာပဲ စားရ စားရ အရေးမကြီးဘူးလေ…. တို့က ဒီသူဌေးလေးရဲ့ မျက်နှာကို မြင်နေရရုံနဲ့ ကျေနပ်နေပြီးသား…
လင်းရီကတော့ မွန်းလွဲတစ်နာရီအထိ စားသုံးသူများကို တစ်ယောက်ပြီး တစ်ယောက် ဧည့်ခံရင်း အလုပ်များနေလေသည်။
လာရောက်ကြသူများမှာ မနေ့ကလောက် မများပြားသော်လည်း ဝင်ငွေ ယွမ်သုံးထောင် အမှတ်ကို ကျော်လွန်သွားခဲ့၏။
လင်းရီ တစ်ချက် စဉ်းစားကြည့်လိုက်သည်။ အကယ်၍ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များဆိုပါက သူ၏ ရောင်းအားမှာ ပေါက်ကွဲ တက်လာနိုင်ဖို့များလေသည်။
သို့သော်လည်း လက်ရှိ အခြေအနေအရတော့ တစ်နေ့တာ မကုန်ဆုံးခင်တွင် ယွမ်တစ်သောင်းရရှိရန်က မည်သို့မျှ ခက်ခဲလိမ်မည် မဟုတ်ချေ။
ချလပ်…
မွန်းလွဲ နှစ်နာရီ ဝန်းကျင်တွင် ကျီချင်းရန် သူမ၏ အိတ်ကို လွယ်လျက် ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့၏။
“ အယ်… အစောကြီးပါလား….”
“ နင် အလုပ် အရမ်းရှုပ်နေမှာစိုးလို့လေ…ဒါကြောင့်မို့ ကျန်တဲ့ အလုပ်တွေကို ငါ လူယုံနဲ့ လွှဲထားခဲ့လိုက်တာ…” ကျီချင်းရန် ပြောရင်းဖြင့် ဗလာကျင်းနေသည့် ဆိုင်စားပွဲများကို ကြည့်ရင်း “ ဒါပေမယ့် ဒီနေ့ ရောင်းအားက သိပ်မရှိသလိုပဲနော်… ငါ စောစော လာခဲ့လို့များလား…”
“ မနေ့ကကျ ကျောင်းပိတ်ရက်လေ…. ပြီးတော့ ယွမ်ယွမ်နဲ့ ထျန်းရန်ကလည်း ရှိနေတယ်ဆိုတော့ ရောင်းကောင်းတာ ပုံမှန်ပါပဲ.. ခု ကျောင်းသားတွေက အတန်းတက်နေတော့ စားသုံးသူက သိပ်မရှိဘူး…”
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ငါက ဒါရိုက်တာထျန်ကို လာကူပေးဖို့ ပြောရမှာ အားနာလို့… ဒါပေမယ့် နင်က ဘာလို့ ယွမ်ယွမ်ကို လာကူပေးဖို့ ပြောလို့ရတယ် မဟုတ်ဘူးလား….”
“ မလုပ်ပါနဲ့ဟ… ငါ့ဆိုင်က ကောင်းရောင်းကောင်းဝယ် ဈေးရောင်းနေတဲ့ဆိုင်… တော်နေကြာ ယွမ်ယွမ်ရောက်ချလာမှ မတော်တရော်တွေ ဖြစ်ကုန်ဦးမယ်…”
“ နင်အဲ့လို မပြောနဲ့လေ…. ယွမ်ယွမ်ကလည်း ငါ့ရဲ့ ညီမလေးပဲ…”
“အဲ့တာဆို မင်းသူနဲ့ အဲ့ဒီ နှောင်ကြိုးလေးတွေ ကြိုဖြတ်ထားဖို့ ပြောလိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “မနေ့က မင်းဆိုင်မှာ မရှိတုန်းကဆိုရင် အဲ့ယွမ်ယွမ် ဘာမှ မသိတဲ့ကောင်လေးတွေကို ရှက်ကိုးရှက်ကန်း ဖြစ်အောင် လုပ်နေတာ… မသိတဲ့သူဆိုရင် ငါတို့ဆိုင်ကို တစ်မျိုး ထင်ကုန်လိမ့်မယ်…”
“ ခစ်ခစ်…”
ကျီချင်းရန် ရယ်မောလိုက်ပြီး “ ဖြစ်နိုင်တယ်… ယွမ်ယွမ်က အမြဲ အဲ့တိုင်းပဲ .. အင်နိုးစန့်လေးတွေ မြင်ရင် အရမ်းလက်ရဲဇက်ရဲ ရှိတာ…”
သို့သော်လည်း ယွမ်ယွမ်၏ ထိုသို့ ခပ်စွာစွာ စရိုက်လေးကိုပဲ သူမ သဘောကျနေမိသည်။မဟုတ်ပါက သူမ လင်းရီ၏ လက်အောက်တွင် ကြာရှည်စွာ အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သလို သူမနှင့်အတူ ရှိနေနိုင်လိမ့်မည်လည်း မဟုတ်ချေ။
"ကဲ.. သူ့အကြောင်း အတင်းပြောနေတာတွေ ရပ်ကြစို့.. အလုပ်ဆက်လုပ်ကြမယ်..."
"အွန်း.. ငါဒီမနက် ရောင်းရငွေ တစ်ချက်ကြည့်လိုက်တော့ ယွမ် ၃,၀၀၀ ရတယ် သိလား.. တော်တော်လေး မဆိုးဘူး ပြောရမယ်..."
"တကယ်လို့ ယွမ် တစ်သောင်းလောက် ရှာနိုင်မယ်ဆိုရင် အမယ်အတွက် ကုန်ကျစရိတ်တွေ ငှားခတွေ နှုတ်လိုက်... အဲ့တာဆို... ယွမ်သုံးထောင်ကျန်မယ်.. တစ်လကို ယွမ် ကိုးသောင်း... တစ်နှစ်ဆိုရင် ငါတို့ရဲ့ အမြတ်ငွေက ယွမ်တစ်သန်း ကျော်သွားပြီ... တကယ်လို့ ငါတို့နှစ်ယောက် အလုပ်ဆက်မလုပ်တော့ရင်တောင် ထိုင်စားလို့ ရနေလောက်ပြီ... "
"ဆိုပါတော့... အဲ့တာက သာမန်လူတွေ ဘယ်လိုတွက်ချက်လဲ ဆိုတာပဲလေ..."
"အွန်း အွန်း .. ငါလည်း ဒီလိုဘ၀မျိုးက တော်တော်လေး စိတ်၀င်စားဖို့ ကောင်းတယ်လို့ ထင်တယ်... ငွေလက်ခံရရှိကြောင်း အသိပေးစာ တက်ဆိုင်း ပရောဂျက် ဆွေးနွေးရတာထက်ကို ပိုပြီးတော့ စိတ်ကျေနပ်မိနေသလိုပဲ..."
"အဲ့တာက သာမန်လူတွေရဲ့ ပျော်ရွှင်မှုပဲလေ... ချမ်းသာတဲ့သူတွေ မခံစားနိုင်တဲ့ ခံစားချက်ပေါ့..."
သူမ ရယ်မောလိုက်ပြီး ဆံပင်ကို ဖြီးသပ်လိုက်ကာ ဘားကောင်တာရှိ ထိုင်ခုံ၌ ထိုင်ချလိုက်၏။
"ဒိရက်ပိုင်း အွန်လိုင်းက အော်ဒါမှာတဲ့ အခြေအနေကော ဘယ်လိုရှိလဲ... "
"မင်းပြောမှပဲ သတိရတယ်... အဲ့ဒီရဲ့ အိမ်တိုင်ရာရောက် ပို့ပေးတဲ့ စနစ်ကို ဖျက်သိမ်းကြစို... ဆိုင်ရဲ့ စီးပွားရေးက တဖြည်းဖြည်း ကောင်းလာပြီဆိုတော့ အဲ့ဘက်ကို ဂရုမစိုက်နိုင်တော့ဘူး... "
"ဒီတိုင်းပဲ ထားလိုက် ကြတာပေါ့.. မရောင်းရလည်း ကြေငြာတစ်ခုလို့ သဘောထားလို့ရတယ်လေ... ဈေးက ဒီလောက်တောင် ကြီးနိုင်ရလားဆိုပြီး လားစားကြရင်လည်း အမြတ်ပေါ့... "
"အဲ့တာဆိုလည်း ပြီးရော.. ဒါဆို ဒီလီပို့ခကို မြင့်ထားလိုက်.. အဲ့လိုသာဆို ဘယ်သူမှ အော်ဒါတင်တော့မှ မဟုတ်ဘူး..."
"အွန်း... နင်ပြောတဲ့ အတိုင်းပဲပေါ့ .."
ကျီချင်းရန် ပြောလိုက်ပြီး "ဒါဆို ပို့ခကို ယွမ် ၅၀ ထားမယ်ဆိုရင်ကော ..."
လင်းရီ ဂျုံကဲ့သို့ နုနယ်လှသည့် ကျီချင်းရန်ပါးကို ဖျစ်ညှစ်လိုက်ပြီး "ဒီလောက် ကြိုးစားပမ်းစားနဲ့ ချက်ပြုတ်ထားရတာကို ယွမ် ၅၀ ပဲ သတ်မှတ်မယ်ပေါ့.. ဒီထက်ပိုပြီး ထိုက်တန်တယ် မထင်ဘူးလား..."
"ယွမ် ၅၀ ကတောင် အတော်လေး များနေပြီကို... ငါ အပြင်ကနေ အော်ဒါမှာရင် ပို့ဆောင်ခ ဈေးအကြီးဆုံးက ယွမ် နှစ်ဆယ်ပဲ..."
"အဲ့လိုရောင်းလို့လည်း ဘယ်လောက်မှ မြတ်မှာ မဟုတ်ဘူးဆိုတော့ ပို့ဆောင်ခကို ယွမ် ၅၀၀ သတ်မှတ်လိုက်ကြတာပေါ့..."
"အမ်... အဲ့လောက်ကြီးကျ များလွန်းမနေဘူးလား...."
"အတွေးလွန်မနေနဲ့.. အဲ့တိုင်းပဲ လုပ်လိုက်…”