ကြွားပြောတာတော့ မဟုတ်ဘူး.. ကျုပ်က ဂျီးနီးယပ်စ်
Vol. 41 Ch. 614
ဆိုင်ထဲတွင်တော့ ကျီချင်းရန် လင်းရီကို သူမ၏ လှပသော မျက်၀န်း ဝိုင်းဝိုင်းကြီးများနှင့် ကြည့်နေလေသည်။
"အဲ့ဒီ မိန်းကလေးက နင့်ကို ဘာ အခဲမကျေ ဖြစ်နေလဲ မသိဘူးနော်... သူမှာလိုက်တဲ့ ဟင်းလျာတွေက ယွမ် ငါးရာ စွန်းစွန်းလေးပဲ ကျတာ.. ဒီလီပို့ခကျတော့ ယွမ် ခုနစ်ရာကျော်တောင် ပေးလိုက်တယ်...ဆိုတော့ ဘယ်လိုလုပ်ကြမှာ..."
"ဘယ်တတ်နိုင်မှာ အလကားရတဲ့ နေ့လည်စာလို့ပဲ မှတ်လိုက်ကြတာပေါ့..."
"ခစ်ခစ်.. နင်ပြောတာ အမှန်ပဲ.. အဲ့တာက ယွမ် တစ်တစ်ထောင်ကျော်ဆိုတော့ ပလက်ဖောင်းကို ပေးရတဲ့ ကော်မရှင်ခ နှုတ်လိုက်မယ်ဆိုရင် အနည်းဆုံး ယွမ် ခုနစ်ရာလောက်တော့ ကျန်ဦးမှာ... ဒါက လုံး၀ အရှုံးမရှိတဲ့ အနေအထားပဲ... "
"အမှန်ပဲ..."
ထို့နောက် နှစ်ယောက်သား မီးဖိုချောင်ထဲတွင် တက်ညီလက်ညီဖြင့် စတင်ချက်ပြုတ်ကြသည်။ ကျီချင်းရန်က နို့လက်ဖက်ရည်နှင့် ဟင်းသီးဟင်းရွက် အမယ်များ ဆေးကြောရန် တာ၀န်ယူထားပြီး လင်းရီကတော့ ကျန်သည်များကို ပြုလုပ်လေသည်။
ဆယ်မိနစ်ကြာပြီးနောက် ဟင်းလျာများ အဆင်သင့် ဖြစ်ချိန်တွင် မေ့ထွမ်မှ ဒီလီ၀န်ဆောင်မှု ပေးသူမှာလည်း ဆိုင်ထဲသို့ ၀င်ရောက်လာခဲ့၏။
"သူဌေး.. အစားအသောက်တွေ အဆင်သင့်ပဲလား..."
"ရတော့မယ်.. ခဏလေးပဲ..."
"အိုကေ..."
အစားအသောက်များ အဆင်သင့် ဖြစ်ပြီးနောက် ကျီချင်းရန်က လှလှပပလေး ထုပ်ပိုးပေးရန် တာ၀န်ယူလေသည်။ တစ်ယောက်ကို တစ်ယောက် အပေးအယူ အချိတ်အဆက်မိစွာဖြင့် မကြာခင် ဥဿုံ ပြီးဆုံးသွားတော့၏။
"ညီကို.. မင်းက ဒီလီပို့ရင် ပုံမှန်ဆို ဆိုင်ကယ်နဲ့ ပို့တာမလား..."လင်းရီ မေးလိုက်၏။
"ဒါပေါ့.. တခြားဟာတွေနဲ့ ပိုရင်ကျ မကိုက်ဘူးလေ..."
"ဒါဆို မင်း ကားမောင်းတတ်လား..."လင်းရီ မေးလိုက်၏။
"သူဌေးက သိချင်နေတယ်ဆိုရင် ကျုပ် ကြွားတာတော့ မဟုတ်ဘူးနော်... ကျုပ်က လေးနှစ်သားကတည်းကရင် လယ်ထွန်စက် မောင်းလာခဲ့တဲ့ကောင်... အထက်တန်းပြီးတော့ မော်တော်ယာဉ် နည်းပညာအကြောင်းတွေ လေ့လာဖို့ဆိုပြီး လန်ရှန့် နည်းပညာကျောင်းမှာ တက်ခဲ့တာ "ဒီလီသမားမှ ယုံကြည်ချက်တို့ ပြည့်လျှံနေသည့် လေသံဖြင့် ပြောလိုက်ပြီး
"တစ်ခု ရှိသေးတယ်...သူဌေး သိမှာတော့ မဟုတ်ပေမယ့် ကျုပ် အဲ့ဒီ မော်တော်ယာဉ် နည်းပညာတွေ အကြောင်း လေ့လာနေတုန်း မြေတူးစက် ဘယ်လိုမောင်းလဲဆိုတာကို ကိုယ့်ဘာကိုယ် လေ့လာရင်း ကျွမ်းခဲ့တာနော်... အဲ့တာ အထင်ကြီးဖို့ မကောင်းဘူးလား..."
"ကြွားပြောတာတော့ မဟုတ်တော့ဘူး.. ကျုပ်က မော်တော်ယာဉ်တွေနဲ့ ပတ်သက်လာရင် လုံး၀ကို ဂျီးနီးယပ်စ်ပဲ.."
"ဒါကြောင့်မို့ ပြောရရင် ကောင်းကင်က လေယာဉ်နဲ့ ရေထဲက သင်္ဘောကလွဲရင် ကျုပ် မမောင်းတတ်တာ ဘာတစ်ခု မရှိဘူး... "ဒီလီသမားမှာ ထိုသို့ ပြောလိုက်ရ၍ သူ့စကားသူ သဘောကျနေပြီး ပြတင်းပေါက်အပြင်ဘက်သို့ လက်ညိုးညွှန်ပြကာ "ဟိုနားမှာ ရပ်ထားတဲ့ အဖြူရောင် စူပါကားလေး.. အဲ့ကားက Koenigsegg Regera လို့ ခေါ်တယ်.. hyper car အမျိုးအစားပဲ.. အဲ့ကားကို မောင်းရတဲ့ ခံစားချက်က တခြား သာမန်ကားတွေ မောင်းရတဲ့ ခံစားချက်နဲ့ ဘယ်လိုမှကို ယှဉ်လို့မရတာ... ကျုပ် လျှောက်ပြောနေတာ မဟုတ်ဘူးနော်.. ဒီလိုကားမျိုးတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တယ်...ကုန်ကုန် ပြောရရင် အကုန်မောင်းတတ်တယ်ဗျာ.... "
"ညီကို .. အဲ့ကားက Regera နဲ့ မတူဘူးနော်.. အဲ့တာက Koenigsegg Agera RS ... နှစ်ခုက စွမ်း ဆောင်ရည်ခြင်း ကွာတယ်..."
"အာ...."
ဒီလီသမားမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။
လေတစ်လုံး မိုးတစ်လုံးနဲ့ အပီအပြင်တွေ ကြွားနေချိန်မှာ ဖော်ထုတ်ခံလိုက်ရရင် ဘယ်လိုခံစားရလဲ...
"သူဌေးကတော့ အမှတ်မှားနေပါပြီ.. အဲ့တာ သေချာပေါက် Regera ... ကျုပ် ကောင်တစ်ယောက်မှာလည်း အဲ့တာမျိုး တစ်စီးရှိတယ်လေ.. အရင်တုန်းက ငှားပြီး မောင်းကြည့်ဖူးတယ်... ဘယ်လိုလုပ်ပြီး မှားနိုင်မှာ..."
ဒီလီသမားမှ မတ်တပ်ရပ်လိုက်ပြီး လင်းရီထံမှ ပါဆယ်ထုပ်ကို ယူကာ "ကြည့်ရတာတော့ သူဌေးလည်း ကားတွေ အကြောင်း သိတယ်ထင်တယ်.. အချိန်ရမှပဲ စကားဆက်ပြောကြတာပေါ့.. ခုတော့ အော်ဒါ သွားပို့လိုက်ဦးမယ်..."
" ခဏလေးစောင့်ဦး.. ဘာလို့ အဲ့လောက် အလျင်လိုနေတာ..."
"တခြား ပေးစရာရှိသေးလို့လားဘော့စ်..."
"မင်း အရင်တုန်းက Koenigseg Regera မောင်းဖူးတယ်လို့ ပြောတယ်မလား.. မင်းရဲ့ မော်တယ်ဆိုင်ကယ် မမောင်းနဲ့တော့ .. အပြင်က အဲ့ကား မောင်းသွားလိုက်..."
"သေစမ်း.. သူဌေး .. ကျုပ်က ဒီလီသမား ဆိုပေမယ့် အဲ့လိုတော့ မလှောင်ရယ်ပါနဲ့..."
"ဘယ်သူက မင်းကို လှောင်ရယ်နေလို့.. အဲ့ကားက ငါ့ကား.. ငါ့ကားနဲ့ မောင်းပြီးတော့ ဒီလီပို့ပေးလို့ ပြောနေတာ..."
သို့နှင့် လင်းရီ ကားသော့ကို နှိပ်လိုက်သောအခါ ကားတံခါးများ အလိုအလျောက် ပွင့်ဟလာလေသည်။
ဒီလီသမားမှာတော့ မျက်လုံးကြီး ပြူးပြီး ပါးစပ်ဟောင်းလောင်းဖြစ်နေကာ ကမ္ဘာကြီးအပေါ် သူ၏ အမြင်များမှာ တစ်စစီ ပြိုကွဲ ပျက်စီးသွားတော့၏။
"သ...သူဌေး.. အဲ့ကားက ခင်များဟာ..."
"ကတ်စတန်မာ တစ်ယောက်က ပြိုင်ကားနဲ့ လာပို့ပေးတဲ့.. အဲ့တော့ ငါ့ဘက်ကလည်း ဖြည့်ဆည်းပေးဖို့ လိုတာပေါ့..."ပြောရင်းဖြင့် လင်းရီ ကားသော့ကို ကမ်းပေးလိုက်ပြီး အပြုံးလေးဖြင့် "မင်းက မောင်းတတ်တယ်ဆိုတော့ အတော်ပဲ... ငါမသွားတော့ဘူး..."
"သ.... သူဌေး..."
ဒီလီသမားမှာ အတော်လေး တုန်လှုပ်နေပြီး အသံ ကတုန်ကယင်ဖြင့် "ခင်များက တကယ်ကြီး စားဖိုမှူးလား..."
"စားဖိုမှူး ဖြစ်တော့ကော ဘာ အရေးလဲ.. စားဖိုမှူးတွေကကော စူပါကားတွေ မောင်းလို့ မရဘူးလား..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ငါမင်းကို တစ်ခု ပြောလိုက်မယ်... မင်းက ဒီလီ ပို့နေတဲ့ ကောင်လေးဆိုရင်တောင် မင်း Koenigsegg RS ၀ယ်ချင်ရင် သူတို့က တားမှာ မဟုတ်ဘူး.. နောက်ပြီး Lamborghini, Rolls-Royce, Ferrari ဒါမှမဟုတ် Porsche... ကြိုက်တာ၀ယ်စမ်း... သူတို့ တားမှာ မဟုတ်ဘူး...မင်းမယုံဘူးဆိုရင် စမ်းကြည့်ကြည့်လိုက်...."
"သူဌေး.. ကျုပ်လည်း တစ်ခု ပြောပြမယ်..."ဒီလီ သမားမှ တံတွေး မျိုးချလိုက်ပြီး "တကယ်လို့ သူဌေး ရွတ်ပြသွားတဲ့ ကားတွေသာ ၀ယ်နိုင်မယ်ဆိုရင် ကျုပ်လည်း ဒီလီပို့တဲ့အလုပ် လုပ်မနေဘူးဗျ..."
"အဲ့တာတွေ ဂရုစိုက် မနေစမ်းပါနဲ့ကွာ.. မင်းရဲ့ အခု လက်ရှိတာ၀န်က ဒီရဲ့ ပါဆယ်ကို ဟိုနားက စူပါကားနဲ့ ကတ်စတန်မာဆီ ပို့ပေးဖို့ပဲ... မင်းအတွက် အရင်တုန်းက ဖီလင်ကို ပြန်ခံစားဖို့ အကောင်းဆုံးပေါ့..."
"အမ်.. ဒါကြီးက..... ကျုပ်ကို အဲ့လောက် ဈေးကြီးတဲ့ကားကြီး မောင်းဖို့ ပြောနေတယ်ဆိုတော့ တစ်ခုခု ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား..."
"ဒီတိုင်း ပြိုင်ကားလေးပါကွာ.. ငါ့အိမ်မှာ လေးငါးခြောက်စီးလောက် ကျန်နေသေးတယ်... ရဲရဲကြီးသာမောင်း.. အကုန်အဆင်ပြေတယ်..."
"အဟမ်း သူဌေး.. ကျုပ် ခုနတုန်းက လျှောက်ကြွားနေတာကို ဘာလို့ ယုံကြည်လိုက်တာ.. သူဌေးရဲ့ ပုံစံက ရိုးအတဲ့ ပုံလည်း မပေါ်ပါဘူး... "ဒီလီသမားမှ မျက်နှာရှက်ရှက်ဖြင့် အမှန်အတိုင်း ၀န်ခံလိုက်ရတော့၏။
"ဒါပေမယ့် မြေတူးစက်တို့ လယ်ထွန်စက်တို့ မောင်းတတ်တာကတော့ တကယ်ကြီးပါ... တကယ်လို့ တစ်နေ့ ကတ်စတန်မာက မြေတူးစက်နဲ့ အစားအသောက် လာပို့ခိုင်းခဲ့ရင် ကျုပ်ကို ဆက်သွယ်ဖို့ မမေ့နဲ့..."
"ဒါဆို ဘယ်လိုလုပ်မှာ.. မင်းက အော်ဒါကို လက်ခံထားပြီးသား မလား..."
"ကျုပ်ဖုန်းယူသွားလိုက်လေ.. သူဌေးပြီးတာနဲ့ အော်ဒါကို ပို့ပြီး မှတ်လိုက်... အဲ့တာပြီးမှ ဖုန်းပြန်ပေးလိုက်ပေါ့..."
"ကောင်းပြီလေ.. အဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."
ဒီလီသမားမှာ အပြင်သို့ ထွက်ခွာသွားပြီးနောက် ကျီချင်းရန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။
"နင်ပဲ သွားပို့လိုက်တော့လေ.. တကယ်လို့ နောက်ကျသွားရင် ဘယ်ကောင်းမှာ..."
"အင်း.. ငါခနနေကျရင် ပြန်လာခဲ့မယ်.. ဆိုင်ကို စောင့်ကြည့်ထားပေးဦး..."
"အွန်း... ငါ့တာ၀န်ထားလိုက်..."
ပါဆယ်ထုပ်ကို လက်မှ ဆွဲလျက် လင်းရီ Koenigsegg ထဲသို့ ၀င်သွားလေသည်။
လမ်းပေါ်တွင် လူအများအပြား မရှိသော်လည်း မနာလို အားကျသည့် အကြည့်များကို လက်ခံရရှိလိုက်သေး၏။
"အရမ်း ခန့်ညားတာပဲ..."
....
လီကျင်း ဗီလာ၊ ကျန်းရှောင်ယွီ၏ နေအိမ်။
ထိုအခိုက်အတန့်တွင်တော့ သူမ ဖုန်းပေါ်တွင် တိုက်ရိုက်ထုတ်လွင့်နေလျက် ရှိ၏။
ပလက်ဖောင်းပေါ်ရှိ သူမ၏ ကျော်ကြားမှုများက အကောင်းဆုံး မှတ်တမ်းကိုပင် ကျော်ဖြတ်သွားခဲ့လေသည်။
ကြည့်ရှုနေကြသူများကတော့ ရှောင်းယွီ ဆိုင်ရှင် မျက်နှာ ဖြတ်ရိုက်မည့် မြင်ကွင်းကို မျှော်တလင့်လင့်နှင့် စောင့်ဆိုင်းနေကြတော့၏။
"ငါ့ဖုန်း နာရီအရဆိုရင် သူ ဆယ်မိနစ် ရောက်လာတော့မှာ.. အ၀တ်စား လဲပြီးတော့ ပါဆယ်ယူဖို့ ပြင်လိုက်ပါဦးမယ်..."
"ဘာလို့ ပြင်နေမှာ.. ဒီတိုင်းလေးလဲ လှနေတာကိုပဲ..."
"ဘာလို့ အဲ့လိုလုပ်ရမှာ.. ငါက ခု ချွေးစုပ် ဘောင်းဘီဖင်ကြပ်နဲ့ အားကစားဘရာ ၀တ်ထားတာလေ... ဒီ အ၀တ်အစားတွေနဲ့ သွားယူမယ်ဆိုရင် မုန်းစရာကောင်းတဲ့ ဦးလေးကြီးတွေကို ရူပ ဒါနပြုသလို ဖြစ်သွားမှာပေါ့... ပိုပြီး လုံခြုံတာလေး ရှာလိုက်ဦးမယ်... "
"ဟားဟား.. အဲ့တာလည်း ဟုတ်သားပဲ.. အ၀တ်အစား လဲမယ်ဆိုလည်း တိုက်ရိုက်ထုတ်လွင့်ပေးဦးနော်.. ဒုံးပျံလေးတွေ ဗုံးကျဲပေးမယ်..."
"ဟမ့်.. ဒုံးပျံမကလို့ ဂြိုဟ်တုကြီးပဲ ပေးပေး.. အဲ့လို လုပ်စရာ အကြောင်း မရှိပါဘူး... မဟုတ်လို့ကတော့ နောက်တစ်နေ့ ရောက်ရင် ငါ့ကို ပလက်ဖောင်းကနေ ဘန်းကြလိမ့်မယ်..."ကျန်းရှောင်ယွီ ပြောလိုက်၏။
"မင်းတို့ကောင်တွေကတော့ တကယ်ကို နှာထတဲ့ကောင်ပဲကွ.. ရင်ဘက်နဲ့ နောက်ကျော ခွဲလို့ မရတဲ့သူ အ၀တ်လဲတာကို ကြည့်ချင်နေတယ်ပေါ့လေ... အရသာ မခံတတ်လိုက်ကြတာ..."
"အပေါ်က ကွန်းမန့်ရေးထားတဲ့ကောင် .. မင်းစကားကို ငါသဘောမတူဘူးဟျောင့်... ငါ ရက်ပေါင်းများစွာ လေ့လာစောင့်ကြည့်ထားသလောက်ဆိုရင် ရှောင်းယွီက မိန်းကလေး အ၀တ်တွေ ၀တ်ထားတဲ့ ယောက်ျားလေးပဲ.. သူ ဘောင်းဘီချွတ်လိုက်တဲ့ အချိန်ကျရင် မင်းရဲ့ ကမ္ဘာကြီးပေါ် အမြင်တွေ ဗြောင်းဆန်ကုန်လိမ့်မယ်... "
"သပပဲ... နင်တို့ငါ့ကို အဲ့လိုမျိုး လှောင်ရယ်နေကြတယ်ပေါ့လေ..."ကျန်းရှောင်ယွီ ပြုံးပြုံးလေးဖြင့် ဆဲဆိုလိုက်ပြီး သူအခန်းထဲသို့ ပြန်၍ အ၀တ်အစားလဲလိုက်သည်။
သူမပြန်ထွက်လာသည့် အခါတွင်တော့ ဘောင်းဘီအကြပ်မှာ ဂျင်းအပွသို့ ပြောင်းလဲသွားပြီး သူမ၏ အပေါ်ပိုင်းကိုတော့ half-sleeve top နှင့် ဂျက်ကတ်ကို ၀တ်ဆင်ထား၏။ ဆံပင်ကိုလည်း ဖရိုဖရဲဖြစ်အောင် ပြုလုပ်ထားကာ ပခုံးပေါ် ချထားလေသည်။ အစောပိုင်းက ဆက်ဆီဆန်ပြီး ချစ်စရာကောင်းသည့် ရှောင်းယွီ၏ ပုံရိပ်နှင့် လားလားမျှ မသက်ဆိုင်တော့ချေ။
သူမ ဆယ်ဖီစတစ်ကို ကိုင်၍တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများထံသို့ ပို့စ်ပေးလိုက်ပြီး "ကဲ ညီကိုတို့ ဘောစိတို့... ကြီးကျယ်ခမ်းနားတဲ့ မျက်နှာဖြတ်ရိုက်ပွဲကြီးက မကြာခင် စတင်ပါတော့မယ်... နောက်လာမယ့် အစီအစဉ်တွေကို ဟော့ဒီက အလိုက်သိတဲ့ စထွင်မာလေး ကျန်းရှောင်ယွီက အနှောင့်အယှက်ကင်းကင်းနဲ့ ပြသပေးသွားမှာနော်...အဲ့ဒီ နှလုံးသား မည်းညစ်နေတဲ့ စီးပွားရေးသမားကို ဘယ်လိုတွေ သင်ခန်းစာ ပေးမလဲဆိုတာ ငါနဲ့ အတူတူ စိတ်လှုပ်ရှားလိုက်ကြစို့...."
သို့နှင့် ကျန်းရှောင်ယွီ သူမ၏ ညှပ်ဖိနပ်များကို စီး၍ တံခါးအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။
သို့သော်လည်း အပြင်ဘက်တံခါးသို့ ထွက်ခါရှိသေး လင်းရီနှင့် ၀င်တိုက်မိသွား၏။
ကျန်းရှောင်ယွီ သူမ၏ ကိုယ်ဟန်မျှခြေကို ဆုံးရှုံးသွားပြီး ဖင်ထိုင်ရက်သား လဲကျသွားခဲ့တော့သည်။
"နင့်သောက်လုံးက..."
ကျန်းရှောင်ယွီ ပယ်ပယ်နယ်နယ် ဆဲဆိုရန် ဟန်ပြင်လိုက်သော်လည်း လင်းရီ၏ မျက်နှာကို မြင်တော့ သူမ၏ ပြောမည့် စကားလုံးများမှာ ပြောင်းလဲသွားခဲ့တော့၏။
"အ... အရမ်းလှတာပဲ....”