← Chapters

စွန်းသဲ့၏ ဘဝအမျိုးမျိုး

Vol. 79 Ch. 1099

စွန်းသဲ့၏ ဘဝအမျိုးမျိုး

Vol. 79 Ch. 1099

ဤ ကမ္ဘာကြီး အသစ်ပြန်လည်ပေါ်ပေါက်လာခဲ့သည်မှာ အကြိမ်ရေမည်မျှ ရှိနေပြီနည်း။

ဤ စကြဝဠာကြီး အစမှပြန်စခဲ့သည်မှာ အကြိမ်ရေမည်မျှ ရှိနေပြီနည်း။

ထိုကဲ့သို့ အသစ်ပြန်လည်ပေါ်ပေါက်လာခဲ့သည့် ကမ္ဘာများနှင့် အစမှပြန်စခဲ့သည့် စကြဝဠာများထဲတွင် လူတစ်ယောက်ချင်းစီတိုင်း၏ အခြေအနေမှာ မည်ကဲ့သို့ ဖြစ်နေပါသနည်း။

ဝိညာဉ်တစ်ခုချင်းစီတိုင်း၏ အခြေအနေမှာလည်း မည်ကဲ့သို့ ဖြစ်နေပါသနည်း။

ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝများထဲသို့ ရောက်မသွားခဲ့ခင်တုန်းက ထိုအကြောင်းအရာများကို နားလည်ဖို့ပင်မဆိုထားနှင့် သူ၏ အတွေးထဲ၌ ထိုမေးခွန်းများပင် မရှိခဲ့ပေ။ သို့သော် သူ သူ၏ အတိတ်ဘဝများထဲသို့ ရောက်သွားပြီးနောက်တွင် ထိုမေးခွန်းများမှာ သူ၏ အတွေးထဲ၌ နေရာယူလာကြ၏။

သူသည် အဖြေများကို သိချင်နေ၏။ အမှန်တရားကို သိချင်နေ၏။ မတူညီသည့် စကြဝဠာ အမျိုးမျိုးထဲရှိ မတူညီသည့် နေရာအမျိုးမျိုးတွင် ထပ်တလဲလဲ ပြန်လည်ပေါ်ပေါက်နေရသည့် အခြေခံအုပ်ချပ်ဘဝမျိုးနှင့် ကျေနပ်နိုင်မည်မဟုတ်ပေ။ သူသည် အဓိပ္ပါယ်ရှိရှိ အသက်ရှင်နေထိုင်ချင်သလို အရာအားလုံးကိုလည်း နားလည်ချင်၏။

သူသည် သူ၏ အတိတ်ဘဝဆယ်ခုအကြောင်း သိရှိနားလည်ထားပြီး ဖြစ်ပါသော်လည်း သံသယများ ရှိနေခဲ့ဆဲပင်။ သို့သော် ယခုတွင်မူ ထို သံသယများအားလုံးများ အရေးမပါတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံဓမ္မသခင်ကြီး ကံကြမ္မာစာအုပ်ထဲမှ စာရွက်များကို တစ်ရွက်ချင်းစီ လှန်နေစဉ် သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် အောက်သို့နစ်ဝင်သွားနေပြီး သူ၏ အတိတ်ဘဝများမှာလည်း သူ၏ရှေ့၌ ပေါ်ပေါက်လာသောကြောင့်ပင်။ သို့သော် သူ၏ အသိစိတ် ပျောက်ကွယ်သွားသည်နှင့်အမျှ သူသည်လည်း သူကိုယ်တိုင် အပါအဝင် အရာအားလုံးကို မေ့ပျောက်သွား၏။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ စကားသံများကိုသာ ကြားနေရတော့သည်။

" ခုနစ်ဆယ့်ကိုး... "

....

" ငါ ဘယ်သူလဲ... ငါ ဘယ်ကို ရောက်နေတာလဲ " မှောင်မိုက်နေတဲ့ ဒီ ဟင်းလင်းပြင်ကြီးထဲမှာ ငါ ရေရွတ်သံတစ်သံကို ကြားနေရတယ်။

အဲဒီအသံက အဝေးကြီးကနေ ရောက်လာတဲ့ပုံ ပေါ်ပေမဲ့ ငါ့ရဲ့ ပတ်ပတ်လည်မှာ ပဲ့တင်ထပ်နေတဲ့အတိုင်းပဲ။ ငါ အဲဒီစကားသံရဲ့ ပိုင်ရှင်ကို မသိသလို အဲဒီစကားသံကြီး အဲဒီ မေးခွန်းနှစ်ခုကို မေးနေရတဲ့ အကြောင်းရင်းကိုလည်း မသိဘူး။

အဲဒီစကားသံကြီးက ဘယ်တော့မှ ရပ်တန့်မသွားဘဲ အမြဲတမ်း ပဲ့တင်ထပ်နေပေမဲ့ ဘယ်သူကမှ အဖြေပြန်မပေးခဲ့ဘူး။ အဲတာမလို့ အဲဒီစကားသံကြီးကို ဂရုစိုက်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတိုင်းပဲ။ ငါလည်း ဘာပြန်ပြောရမလဲဆိုတာ မသိဘူး။ မှောင်မိုက်နေတဲ့ ဒီ ဟင်းလင်းပြင်ကြီးထဲမှာ အဲဒီ စကားသံကြီးတစ်သံပဲ ရှိနေတာ။

ပြီးတော့ ဒီ ဟင်းလင်းပြင်ကြီးထဲမှာ အချိန်ဘယ်လောက်ကုန်သွားမှန်းလဲ မသိနိုင်ဘူး။

အဲဒီ စကားသံကြီးကြောင့်လားတော့မသိဘူး။ ငါလည်း ငါ့ကိုယ်ငါ ပြန်ပြီးတော့ မေးခွန်းထုတ်လာမိတာပဲ။ ငါ ဘယ်သူလဲ... ငါ ဘယ်နေရာကို ရောက်နေတာလဲ....

ငါ အချိန်အကြာကြီး စဉ်းစားခဲ့ပေမယ့် အဖြေတစ်ခုမှပြန်မရခဲ့ဘူး။ ငါ ပိုပြီးတော့စဉ်းစားလေလေ ပိုပြီးတော့ ခေါင်းရှုပ်လာလေလေပဲ။ အဲလိုနဲ့ ခဏလောက်ကြာတော့ ငါ စကားပြောလိုက်တာ

" ငါ ဘယ်သူလဲ.... ငါ ဘယ်ရောက်နေတာလဲ "

အဲဒီအသံကို ငါ ရင်းရင်းနှီးနှီး ကြားဖူးပါတယ်။ ငါ စကားပြောပြီး ခဏလောက်နေတော့ ပဲ့တင်ထပ်သံတစ်သံကို ကြားလိုက်ရတာပဲ။

အဲဒီအခါမှပဲ ငါ နားလည်သွားခဲ့တာ။ ငါ ပထမဆုံး ကြားခဲ့ရတဲ့ စကားသံကြီးက ငါ့ရဲ့ စကားသံဖြစ်နေတာပဲ။ ငါက... အဲဒီ စကားတစ်ခွန်းတည်းကို နှစ်ပေါင်းများစွာ ထပ်တလဲလဲ ရေရွတ်နေခဲ့တာ။

အဲဒီလို သိလိုက်ရတာနဲ့ ငါ့ရဲ့ ခံစားချက်တွေ ကမောက်ကမ ဖြစ်သွားရရော။ ငါ အဲဒီလို ခံစားလိုက်ရတာကို ဘယ်လိုဖော်ပြရမှန်း မသိတာမလို့ ဆက်ပြီးတော့ စဉ်းစားတွေးတောနေခဲ့တာပေါ့။ အဲဒီလိုနဲ့ အချိန်အကြာကြီး ကုန်သွားပြီးတဲ့နောက်မှာ ငါ စကားလုံးတစ်လုံးကို ပြန်မှတ်မိသွားတာ။

ပျော်ရွှင်မှု...

ဟုတ်တယ် အဲဒီခံစားချက်ကို ပျော်ရွှင်မှုလို့ခေါ်တာ။ ငါ အဲဒီ စကားသံကြီးရဲ့ပိုင်ရှင်ကို သိသွားလို့ ပျော်ရွှင်သွားရတာလေ။ ဒါပေမဲ့ ငါ ' ပျော်ရွှင်မှု ' ဆိုတဲ့ စကားလုံးကိုဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ...

ငါလည်း နားမလည်နိုင်တာနဲ့ ဆက်ပြီးတော့ စဉ်းစားခန်းဖွင့်လိုက်တာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ အဖြေရှာမတွေ့သေးခင်မှာ ငါ့ရဲ့ အမြင်အာရုံထဲမှာ ရှိမနေခဲ့တဲ့ ဟင်းလင်းပြင်ကြီးက ရုတ်တရက်ဆိုသလို လင်းလက်တောက်ပသွားတာ။

အဲဒီအလင်းရောင်က ပြင်ပကမ္ဘာကြီးထဲကနေ ရောက်လာပြီးတော့ ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို အလင်းပေးထားတဲ့ပုံပဲ။ ပြီးတော့ အဲဒီအလင်းရောင်က ပျောက်ကွယ်မသွားတာမလို့ ဟင်းလင်းပြင်ကြီးတစ်ခုလုံး ပြောင်းလဲသွားတာ။ အဲဒီအချိန်မှာ ငါ လက်ချောင်းတစ်ချောင်းကို မြင်လိုက်ရတယ်။ အဲဒီလက်ချောင်းက တဖြည်းဖြည်းနဲ့ လက်တစ်ဖက်အသွင် ပြောင်းလဲသွားတာ။

အဲဒီလက်ကြီးက ငါ့ကို ဆုပ်ကိုင်ထားတဲ့ပုံပဲ။ ပြီးတော့ ငါ လက်မောင်းတစ်ဖက်၊ ခန္ဓာကိုယ်တစ်ခုနဲ့ နောက်ဆုံးကျတော့ လူတစ်ယောက်ကို မြင်လိုက်ရတာ။ သူက လူငယ်လေးတစ်ယောက်ပဲ။ သူ့ရဲ့ မျက်လုံးတွေကလည်း မှိတ်နေတာ။

ငါ အဲဒီလူငယ်လေးကို ရင်းရင်းနှီးနှီး သိနေတယ်လို့ ခံစားလိုက်ရသလို လုံးဝမမြင်ဖူးဘူးလို့လည်း ခံစားလိုက်ရတာမလို့ အရမ်းကို အံ့အားသင့်သွားခဲ့ရတာပဲ။ ဒါပေမဲ့ ငါ ဆက်ပြီးတော့ မစဉ်းစားနိုင်ခင်မှာပဲ တုန်ခါမှုလှိုင်းတွေက အရပ်မျက်နှာအနှံ့ကို ပြန့်နှံ့သွားခဲ့တာ။

အဲဒီ တုန်ခါမှုလှိုင်းတွေ ပျံ့နှံ့သွားတာနဲ့ ငါ စားပွဲတစ်လုံးကို မြင်လိုက်ရတယ်။ ပြီးတော့ ဘေးပတ်ပတ်လည်မှာ တခြား စားပွဲတွေနဲ့ ထိုင်ခုံတွေ တစ်လုံးပြီးတစ်လုံး ပေါ်ပေါက်လာတာကိုလည်း မြင်လိုက်ရတယ်။ ပြီးတော့ ငါ့ရဲ့ရှေ့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ပေါ်ပေါက်လာတာပဲ။ တုန်ခါမှုလှိုင်းတွေကတော့ ဆက်ပြီးတော့ ပျံ့နှံ့နေတုန်းပဲမလို့ လက်ဖက်ရည်ဆိုင်အပြင်ဘက်မှာ တခြား အဆောက်အဦတွေပါ ပေါ်ပေါက်လာတာပေါ့။ အဲဒီလိုနဲ့ မြစ်တွေ၊ သစ်ပင်တွေနဲ့ နောက်ဆုံးကျတော့ မြို့ငယ်လေးတစ်မြို့ ရုပ်လုံးပေါ်လာရော။

တုန်ခါမှုလှိုင်းတွေက ဟိုးအဝေးကြီးထိ ပျံ့နှံ့သွားနေတုန်းပဲ။ ခပ်လှမ်းလှမ်းမှာ ငါ ကမ္ဘာမြေကြီး၊ မိုးကောင်းကင်ကြီးနဲ့ တခြား မြို့တွေကိုပါ မြင်နေရတယ်။ ပြီးတော့ မှုန်ဝါးဝါးဖြစ်နေရာကနေ ရုပ်လုံးပေါ်လာတဲ့ ဂြိုဟ်တစ်လုံးကိုလည်း မြင်လိုက်ရသေးတယ်။

ဒါပေမဲ့ အဲလောက်နဲ့ ပြီးမသွားသေးဘူး။ ငါ ဒီ ဂြိုဟ်ရဲ့ အပြင်ဘက်က အာကာသမိုးကောင်းကင်ကြီးကိုလည်း မြင်လိုက်ရတယ်။ တုန်ခါမှုလှိုင်းတွေ ပျံ့နှံ့သွားတဲ့ နေရာတိုင်းမှာ တခြားဂြိုဟ်တွေ ပေါ်ပေါက်လာတာပဲ။ ဂြိုဟ်တွေမှ အများကြီးရှိတယ်။ အဲဒီလိုနဲ့ ငါ့ရဲ့ရှေ့မှာ စကြဝဠာကြီးတစ်ခု... ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာတာပေါ့။

အဲဒီနောက်တော့ သက်ရှိတွေ ပေါ်လာတာပဲ။

သက်ရှိတွေက သူတို့ကို လိုအပ်သမျှ နေရာတိုင်းမှာ ပေါ်ပေါက်လာကြတာ။ မသိရင် အရင်တုန်းက လုံးဝ မရှိဖူးခဲ့တဲ့အတိုင်းပဲ။ ကျားမမရွေး၊ အသက်အရွယ်မရွေး၊ မျိုးစိတ်အစုံအလင်နဲ့ အငွေ့အသက် အစုံအလင် ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေက ငြိမ်သက်နေကြပြီးတော့ လှုပ်ရှားမှုမရှိကြဘူး။

ငါ့ကို ဆုပ်ကိုင်ထားတဲ့ လူငယ်လေးကလည်း စားပွဲပေါ်မှာ လဲလျောင်းနေတာ။ သူဆိုရင်လည်း တုတ်တုတ် မလှုပ်ဘူး။ ဒါပေမဲ့ ငါ့ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတုန်းပဲ။ သူ အသက်သေသွားရင်တောင် ငါ့ကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။

ဒါပေမဲ့ ငါကတော့ သူ့ကို သိပ်ပြီး သဘောမကျပါဘူး။

ငါ သူ့ကို သဘောမကျရဘဲ ဖြစ်နေရတဲ့ အကြောင်းရင်းကို စဉ်းစားနေတုန်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက်ဆိုသလို အသက်ဝင်လာတာ။ သက်ရှိတွေ အကုန်လုံးကလည်း ချက်ချင်းကြီး လှုပ်ရှားလာကြတာ။

လေတွေလည်း တိုက်နေပြီ။ နေမင်းကြီးကလည်း ထိန်ထိန်သာလို့။ သစ်ရွက်လေးတွေကလည်း ယိမ်းနွဲ့နေတာ။ မြစ်တွေကလည်း တသွင်သွင် စီးဆင်နေကြပြီ။ သီချင်းဆိုသံတွေနဲ့ ရယ်သံမောသံတွေကိုလည်း ကမ္ဘာကြီးထဲက နေရာအနှံ့မှာ ကြားနေရပြီ။

လက်ဖက်ရည်ဆိုင်ထဲက လူတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီ။ အဲဒီအချိန်မှာ ငါ့ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ လူငယ်လေးက ဆတ်ခနဲတုန်သွားပြီးတော့ မျက်လုံးတွေပွင့်လာပြီး ခေါင်းမော့လာတော့တာပဲ။

သူ ခေါင်းမော့လာတာနဲ့ ငါ သူ့ရဲ့မျက်ဝန်းတွေကို မြင်လိုက်ရတယ်။

အဲဒီမျက်ဝန်းတွေထဲမှာ ရှိနေတဲ့ ငါ့ရဲ့ ပုံရိပ်ကိုပါ တစ်ခါတည်း မြင်လိုက်ရတာပေါ့။

အဲဒီပုံရိပ်ကတော့ သူ့ရဲ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ အနက်ရောင် သစ်သားပျဥ်ပြားလေးတစ်ချောင်းပါပဲ။ အဲဒီအချိန်မှာ သူက ငါ့ကိုမြှောက်ပြီး စားပွဲခုံကိုရိုက်လိုက်တာ။ အဲတာမလို့ ကြည်လင်ပြတ်သားတဲ့ အသံတစ်သံ ထွက်ပေါ်လာရော။

အဲဒီအသံနဲ့အတူ ငါမြင်နေရတဲ့ ကမ္ဘာကြီးက ဆက်ပြီးတော့ လည်ပတ်နေတော့တာပဲ။ ငါလည်း စွန်းသဲ့ရဲ့ ဘဝကို မြင်ခဲ့ရတယ်။ သူက အဲဒီ မြို့နယ်ထဲမှာ အကျော်ကြားဆုံး ပုံပြင်ဆရာ ဖြစ်သွားတာ။ ပြီးတော့ သူက သူဌေးသမီးတစ်ယောက်နဲ့ လက်ထက်ခဲ့ပြီး အမွေတွေလည်းရခဲ့တာ။ စားဝတ်နေရေးအတွက် တစ်သက်လုံး ပူစရာမလိုတော့ဘူးပေါ့။ သူနဲ့ သူ့ရဲ့ဇနီးက တစ်သက်လုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်သွားခဲ့ကြတာ။ အဲဒီလိုနဲ့ သူ အသက်ရှစ်ဆယ့်ကိုးနှစ်အရွယ် ရောက်တဲ့အချိန်မှာ ပြုံးပြုံးလေး ကွယ်လွန်သွားတာပဲ။

စွန်းသဲ့ရဲ့ သားမြေးမြစ်တွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်ကို ဘယ်လိုမှ ပြန်မဖြန့်နိုင်ခဲ့တာမလို့ ငါကတော့ သူနဲ့အတူ မြေမြှုပ်ခံလိုက်ရတာပေါ့။

ငါ သူ့ကို သဘောမကျပေမယ့် သူ့ရဲ့ ဘဝကြီးကို အကဲခတ်စောင့်ကြည့်နေရတာ စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ အချက်ကိုတော့ ဝန်ခံရမယ်။ သူနဲ့အတူ မြေမြှုပ်ခံလိုက်ရတာကလည်း ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ သူ သေသွားပြီးတဲ့နောက် ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံး ပျောက်ကွယ်သွားပြီး အမှောင်ပြန်ဖုံးသွားခဲ့တာလေ။ ငါ့ရဲ့ အသိစိတ်ကလည်း အမှောင်ထုထဲကို ပြန်ပြီးတော့ နစ်ဝင်သွားခဲ့တာ။

အဲဒီနောက် ငါ စကားသံတစ်သံကို ကြားလိုက်ရရော။

" ခုနစ်ဆယ့်ရှစ် "

အဲဒီစကားသံကြီးပေါ်လာတာနဲ့ ဝဲကြီးတစ်ခုက ငါ့ကို အလင်းရောင်မရှိတဲ့ ဟင်းလင်းပြင်ကြီးတစ်ခုထဲ ဆွဲခေါ်သွားတဲ့အတိုင်းပဲ။ ငါ့ကိုယ်ငါ ဘယ်သူမှန်းလဲ မမှတ်မိတော့သလို ဘယ်အရာကိုမှလည်း မမှတ်မိတော့ဘူး။ ငါ့ရဲ့ အတွေးထဲမှာ မေးခွန်းတွေပဲ ရှိနေတာ။

" ငါ ဘယ်သူလဲ... ငါ ဘယ်မှာလဲ... "

ငါ့ရဲ့ စကားသံကြီးကလည်း ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်နေတာပေါ့။ အဲဒီလိုနဲ့ ငါ အချိန်အကြာကြီး စဉ်းစားပြီးသွားတဲ့နောက် ဟင်းလင်းပြင်ကြီးထဲမှာ အလင်းရောင်တွေ ပေါ်လာပြန်ရော။ ကမ္ဘာကြီး တစ်ခုလုံးကလည်း ငါ့ရဲ့ရှေ့မှာ ပေါ်လာတာ။ အရင်ဆုံးပေါ်လာတဲ့အရာက လက်ချောင်းတစ်ချောင်းပဲ။ အဲဒီ လက်ချောင်းကနေ တဖြည်းဖြည်းနဲ့ လူငယ်လေးတစ်ယောက် ပြောင်းသွားတာပဲ။ သူက စားပွဲပေါ်မှာ ခြေပစ်လက်ပစ် လဲလျောင်းနေပြီးတော့ ငါ့ကို သူ့ရဲ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာ။

သူ့ရဲ့ နာမည်က စွန်းသဲ့တဲ့။ ငါ သူ့ကို ရင်းနှီးနေတယ်လို့ ခံစားနေရသလို တစ်ခါမှ မမြင်ဖူးဘူးလို့လည်း ခံစားနေရတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်းကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ သူက ပုံပြင်ဆရာတစ်ယောက် ဖြစ်သွားခဲ့တာလေ။ သူ မြို့ငယ်လေးတစ်မြို့ထဲက သူဌေးသမီးတစ်ယောက်ကို လက်မထပ်နိုင်ခဲ့ပေမဲ့ မင်းနေပြည်တော်ဆီ ပြန်ရောက်သွားခဲ့ပြီးတော့ ပညာရှိဘွဲ့တွေကို ယူနိုင်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ သူ ထောင်ကျသွားခဲ့ပေမဲ့ သူ့ရဲ့ ဘဝကြီးတစ်ခုလုံးကို ခြုံငုံပြီး သုံးသပ်ရရင်တော့ စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ ငါကတော့ သူ့ရဲ့လက်ထဲမှာပဲ အမြဲတမ်း ရှိနေခဲ့တာ။

ဒါပေမဲ့ သူ သေသွားတာနဲ့ ကမ္ဘာကြီးလည်း ပျောက်ကွယ်သွားခဲ့ပြီးတော့ ငါ စကားသံတစ်သံကို ကြားလိုက်ရတာပဲ။

" ခုနစ်ဆယ့်ခုနစ် "

အဲဒီ စကားသံကြီးက ငါ့ကို ဟင်းလင်းပြင်ကြီးထဲ ပြန်ပြီးတော့ ဆွဲခေါ်သွားတာ။ အဲဒီ ဟင်းလင်းပြင်ကြီးထဲမှာ အရာအားလုံးကို မေ့ပျောက်သွားပြန်ရော။ ပြီးတော့ အလင်းရောင်တွေ၊ ကမ္ဘာကြီးနဲ့ စွန်းသဲ့ကို ပြန်မြင်ခဲ့ရတယ်...

" ခုနစ်ဆယ့်ခြောက် "

....

" သုံးဆယ့်တစ် "

....

" ဆယ့်လေး "

....

" သုံး "

ငါ ဘဝတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ဖြတ်သန်းခဲ့ပြီး တစ်ခုပြီးတစ်ခု ပြန်မေ့သွားခဲ့တာ။ ငါ တစ်ခုခုလွဲနေမှန်း သတိထားမိလိုက်တဲ့အချိန်မှာ ဘယ်အရာကိုမှ အံ့အားသင့်မနေတော့ပါဘူး။ ဘာလို့လဲဆိုတော့ ငါက ဘဝတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်နေမှန်း နားလည်သွားပြီလေ။ ဒီဘဝကြီးပြီးရင် ဒီဘဝကြီးအကြောင်း မေ့သွားပြီးတော့ အတိတ်နဲ့ အနာဂတ်က မှတ်ဉာဏ်တွေအကုန်လုံးကိုလည်း ပြန်မေ့သွားမှာ...

ထူးဆန်းတယ်။ ငါ ဘာလို့ ဒီလို ခံစားနေရတာလဲ။ ငါ အရာအားလုံးကို ပြန်မေ့သွားမယ်ဆိုတာ ဘာလို့ သိနေရတာလဲ။

ငါ နားမလည်လည်း ကိစ္စတော့မရှိပါဘူး။ ငါ နားထောင်စရာ ပုံပြင်တစ်ပုဒ်ရှိနေရင် ရပါတယ်။ အဲဒီပုံပြင်က စွန်းသဲ့ရဲ့ ဘဝအမျိုးမျိုးအကြောင်း ရေးထားတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေမှာတော့ အသေအချာပဲ။

ဒါပေမဲ့ ငါ သိချင်တဲ့ အချက်တစ်ချက်ရှိတယ်။ ငါတို့တွေ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့တဲ့အချိန်မှာ ရှေ့အကြိမ်တွေတုန်းကနဲ့ မတူတဲ့ မြင်ကွင်းတွေ ရှိနေမလား။

All Chapters