← Chapters

နတ်ဝိဇ္ဇာကို ဖိနှိပ်ချုပ်တည်းရဲတယ်ပေါ့

Vol. 79 Ch. 1100

နတ်ဝိဇ္ဇာကို ဖိနှိပ်ချုပ်တည်းရဲတယ်ပေါ့

Vol. 79 Ch. 1100

တတိယဘဝထဲမှာ စွန်းသဲ့ရဲ့ ဘဝက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ သူက လော့နဲ့ဂူ အင်မော်တယ်ရာထူးအတွက် အားပြိုင်ခဲ့တဲ့ပုံပြင်ကို ပြောပြခဲ့ပြီး မြို့ထဲမှာ နာမည်ကြီးလာခဲ့တာ။ ဒါပေမဲ့ သူက ကံကောင်းထောက်မစွာနဲ့ပဲ လမ်းသွားလမ်းလာတွေထဲက ကျင့်ကြံသူတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ။ အဲဒီ ကျင့်ကြံသူက သူ့ကို သဘောကျလို့ သူနဲ့အတူ ခေါ်သွားခဲ့တာလေ။ အဲဒီလိုနဲ့ သူလည်း ဂိုဏ်းတစ်ဂိုဏ်းထဲကို ရောက်သွားခဲ့ပြီးတော့ အနိမ့်အမြင့် အတတ်အကျတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကြီးတစ်ခုကို စတင်ခဲ့တာပဲ။

သူ အဲဒီ ကျင့်ကြံခြင်းဘဝကြီးထဲမှာ တဖြည်းဖြည်းနဲ့ နာမည်ကြီးလာတာကို ငါ မြင်ခဲ့ရတယ်။ သူ့ရဲ့ ဝိညာဉ်ထဲမှာ ကမ္ဘာကြီးကို လှုံ့ဆော်နိုင်စွမ်းရှိတဲ့ စွမ်းအင်လှိုင်းတွေ ရှိနေတဲ့အတိုင်းပဲ။ အဲတာကြောင့်မလို့ သူက ဘဝတစ်လျှောက်လုံးမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတာ။

သူ ရောက်သွားခဲ့တဲ့ ဂိုဏ်းတွေကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ သူက သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဂိုဏ်းပေါင်း ကိုးဆယ့်ခုနစ်ဂိုဏ်းဆီမှာ ဂိုဏ်းသားအဖြစ် ခံယူခဲ့တာ။ သူ ရောက်သွားခဲ့ ဂိုဏ်းတွေအကုန်လုံး သူ ရောက်လာပြီး သိပ်မကြာခင်မှာ အစွမ်းထက် ရန်သူကြီးတွေရဲ့ လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရတာချည်းပဲ။ အများဆုံး သုံးလကနေ အနည်းဆုံး တစ်ရက်ပဲ ခံကြတယ်။

နောက်ဆုံးကျတော့ စွန်းသဲ့က ကျင့်ကြံခြင်းအဆင့် အရမ်းမမြင့်သေးတာတောင် ကျင့်ကြံခြင်းလောကထဲမှာ ဟိုးလေးတကျော် ဖြစ်လာရော။ သူ့ကို ဖမ်းဆီး၊ သူ့ရဲ့ ပုံပန်းသွင်ပြင်တွေကို ပြောင်းလဲပြီးရင် သူ့ကို ထိန်းချုပ်ပြီးတော့ ရန်သူဂိုဏ်းတွေဆီ ပို့ကြတဲ့ ကျင့်ကြံသူတွေလည်း ရှိကြသေးတယ်။ သူတို့က သူ့ကို အစွမ်းထက် ရတနာတစ်ခုအဖြစ် အသုံးပြုကြတာပေါ့။

အဲဒီလို သူ့ကို ဖမ်းဆီးခဲ့ကြတဲ့ ဂိုဏ်းတွေထဲမှာ တခြား ဂိုဏ်းတွေဆီကို အချိန်မီ ပြန်မပို့နိုင်ခဲ့လို့ သူ့ရဲ့ အနှိုင်းမဲ့ကံကြမ္မာလက်ချက်နဲ့ ပျက်စီးသွားကြတဲ့ ဂိုဏ်းတွေတောင် ရှိခဲ့ဖူးတယ်။

အဲတာမလို့ ကျင့်ကြံခြင်းလောကထဲမှာ စွန်းသဲ့အကြောင်း မသိတဲ့လူ တစ်ယောက်မှ မရှိကြဘူး။ သူ့ရဲ့ အနှိုင်းမဲ့ကံကြမ္မာ ပိုပြီးတော့ အစွမ်းထက်လာတဲ့အချိန်ရောက်တော့ ပိုလို့တောင် ဆိုးသွားသေးတယ်။ နောက်ဆုံးကျတော့ သူ ဂိုဏ်းတစ်ဂိုဏ်းထဲကို ရောက်သွားတာနဲ့ အဲဒီဂိုဏ်းက ချက်ချင်း ငါးပါးမှောက်ရတဲ့ အခြေအနေအထိ ရောက်နေပြီလေ။ အဲတာမလို့ လူတိုင်းလူတိုင်း သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရပြီ။ သူ့ရဲ့ ရန်ကနေ ကင်းဝေးနိုင်အောင် နေ့မနားညမနား အစောင့်အထပ်ထပ်် ချထားကြတဲ့ ဂိုဏ်းတွေဆိုရင်လည်း မရေမတွက်နိုင်လောက်အောင် ရှိနေပြီ။

သူ့ကို သတ်ဖို့ မစဉ်းစားမိတဲ့သူတွေ မရှိတာတော့မဟုတ်ဘူး။ ဒါပေမဲ့... ကြောက်စရာအကောင်းဆုံးအချက်က သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေအကုန်လုံး သူ့နား မကပ်နိုင်ခင်မှာဘဲ အသက်ပျောက်သွားခဲ့ကြတာ။

အဆိုးဆုံးတစ်ခေါက်ဆိုရင် အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်က အချိန်အကြာကြီး ပြင်ဆင်ခဲ့ပြီးတော့ မကောင်းတဲ့ကံတွေကို တွန်းလှန်နိုင်တဲ့ မှော်ပစ္စည်းတွေကိုပါ အများကြီးအသုံးပြုခဲ့သေးတာ။ ဒါပေမဲ့လည်း သူ ဘာမှမလုပ်နိုင်ခင် ကောင်းကင်ပေါ်ကနေ ဥက္ကာပျံအလုံးတစ်ထောင်ကျော် ပြုတ်ကျလာတာမလို့ သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့ရတာလေ။

သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ တခြားသူတွေလည်း ယုတ္တိလုံးဝမရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ သေဆုံးသွားခဲ့ကြရတာ။ တချို့ဆို မိုးကြိုးပစ်ခံရလို့ သေသွားကြပြီး တချို့ဆို ချော်လဲလို့ ခေါင်းကွဲပြီး သေသွားကြတာပဲ။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ ချော်လဲတာလောက်က ဘာမှမဖြစ်ပေမယ့် ချော်လဲလို့ ခေါင်းကွဲပြီးသေသွားရတဲ့အထိ ဖြစ်သွားရတာမျိုးက.... စွန်းသဲ့ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့အထိပဲ။

ငါလည်း သူ့လိုပါပဲ။

အဲဒီလိုနဲ့ အချိန်တွေကုန်သွားပြီး စွန်းသဲ့လည်း သက်တမ်းကုန်မယ့်အချိန် ရောက်လာရော။ နောက်ဆုံး သူ အသက်အရွယ်အိုမင်းလာပြီး သေဆုံးသွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံး အောင်ပွဲခံနေခဲ့တဲ့အသံတွေကို ငါ တိုးတိုးလေးကြားခဲ့ရတယ်။ ဒါပေမဲ့ စွန်းသဲ့ အသက်ထွက်သွားတဲ့အချိန် ကမ္ဘာကြီးတစ်ခုလုံးလည်း ပျောက်ကွယ်သွားခဲ့တာမလို့ အဲဒီအသံတွေလည်း အကြာကြီး မခံခဲ့ပါဘူး။

ဒါပေမဲ့ ငါ သူ့ရဲ့ ဘဝကြီးကို ကြည့်ခဲ့ရတာ ကျေနပ်ပါတယ်။ နောက်ဘဝရောက်ရင် ငါ အကုန်လုံးကို မေ့သွားမယ်ဆိုတာ သိနေတာတောင်မှပေါ့။

အဲဒီလိုနဲ့ ငါမျှော်လင့်ထားတဲ့အတိုင်း ရှေးဆန်တဲ့စကားသံကြီး နောက်ထပ်တစ်ကြိမ် ပြန်ပြီးတော့ ပဲ့တင်ထပ်သွားပြန်ရော။

" နှစ် "

ဒီတစ်ခေါက်တော့ အဲဒီစကားသံပိုင်ရှင်က တော်တော်လေးကို အားပျော့နေတဲ့ပုံပဲ။ မသိရင် အဲဒီနံပါတ်ကို ပြောနိုင်ဖို့ အများကြီး ကြိုးစားနေရတဲ့အတိုင်းပဲ။ ဒါပေမဲ့ ငါ သေချာမစဉ်းစားနိုင်ခင်မှာပဲ ငါ့ရဲ့ အသိစိတ်က ဟင်းလင်းပြင်ကြီးထဲကို ဆွဲခေါ်ခံလိုက်ရပြန်ရော။

" ငါ ဘယ်သူလဲ... ငါ ဘယ်ကိုရောက်နေတာလဲ... " ငါ တတွတ်တွတ်နဲ့ ရေရွတ်ပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို မေးနေခဲ့တာ။ အဖြေတစ်ခုမှ ပြန်မရခဲ့ပေမယ့် ငါကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့တာပါပဲ။ အဲဒီလိုနဲ့ ခဏနေတော့ အလင်းရောင်၊ ကမ္ဘာကြီးနဲ့ စွန်းသဲ့တို့ကို မြင်လိုက်ရရော။

ဒါက စွန်းသဲ့ရဲ့ ဒုတိယဘဝလေ။

ဒီဘဝထဲမှာ ' လက်ဖျားခါလောက်တယ် ' ဆိုတဲ့ စကားလုံးနဲ့တောင် သူ့ရဲ့ အဖြစ်ကို ဖော်ပြဖို့ လုံလောက်မှာမဟုတ်ဘူး။ ငါ သူ့ရဲ့ ဘဝတစ်ခုလုံးကို စောင့်ကြည့်ပြီးတော့မှ သင့်တော်မယ့် စကားလုံးတစ်လုံးကို ရှာတွေ့ခဲ့တာ။

" အံ့ဖွယ်သရဲ ဖြစ်ရပ်တစ်ခု "

အဲဒီ စကားလုံးနဲ့မှ စွန်းသဲ့ရဲ့ ဘဝကို အတိအကျ ဖော်ပြလို့ရမှာ။ အံ့ဖွယ်သရဲဖြစ်ရပ်တစ်ခုကြောင့်သာ မဟုတ်ရင် စွန်းသဲ့လို သာမန်လူတစ်ယောက် လော့နဲ့ဂူ အင်မော်တယ်အမွေအနှစ်အတွက် အားပြိုင်ခဲ့ကြတဲ့ပုံပြင်ကို ပြောပြီးတဲ့နောက်မှာ ကောင်းကင်ကြီးကိုပါ တုန်ရီသွားစေနိုင်လောက်တဲ့ ကျင့်ကြံခြင်း စွမ်းအားမျိုးတွေ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရုတ်တရက်ကြီး ပေါ်ပေါက်လာစရာအကြောင်း မရှိဘူးလေ။

အဲဒီ ကျင့်ကြံခြင်းစွမ်းအားတွေက ကြောက်ဖို့ကောင်းလွန်းတာမလို့ တစ်ချက်တွေးလိုက်ရုံနဲ့ ဘယ်လို သက်ရှိမျိုးကိုမဆို ချက်ချင်း သတ်ဖြတ်ချေမှုန်းပစ်နိုင်စွမ်း ရှိတယ်။

အံ့ဖွယ်သရဲ ဖြစ်ရပ်တစ်ခုကြောင့်သာ မဟုတ်ရင် စွန်းသဲ့တစ်ယောက် အဲဒီလို ကျင့်ကြံခြင်းစွမ်းအားမျိုးတွေ ရုတ်တရက် ပိုင်ဆိုင်သွားစရာအကြောင်း ဘယ်ရှိပါ့မလဲ။ သူ မြို့ငယ်လေးထဲက ထွက်သွားပြီးတဲ့အချိန်မှာလည်း သူ့ရဲ့ရှေ့မှာ မှော်ရတနာတွေ နေ့တိုင်းနီးပါး အလိုလိုပေါ်ပေါက်လာခဲ့တာ။ သူ လိုချင်တဲ့ အရာမှန်သမျှ ပေါ်ပေါက်လာရတာချည်းပဲ။

သူ တာအိုလက်တွဲဖော်တစ်ယောက် လိုချင်တဲ့ အချိန်တုန်းကဆိုရင် အမျိုးသမီးကျင့်ကြံသူ အယောက်တစ်သိန်းကျော် ဘယ်နေရာကမှန်း မသိပေါ်ပေါက်လာပြီး သူမှသူ တမ်းတမ်းစွဲဖြစ်သွားကြတာကိုလည်း မြင်ခဲ့ရသေးတယ်။

သူ မိတ်ဆွေတစ်ယောက် လိုချင်တဲ့ အချိန်တုန်းကဆိုရင်လည်း တစ်ကမ္ဘာလုံးပေါ်မှာရှိတဲ့ နေရာပေါင်းစုံကနေ ကျင့်ကြံသူတွေ သန်းနဲ့ချီပြီးတော့ သူ့ရဲ့ရှေ့ကို ရောက်လာကြတာ။ သူတို့က သူ့ကို မြင်လိုက်ရတာနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ဒူးတုပ်အရိုအသေပေးပြီးတော့ သူ့ရဲ့လက်အောက်မှာ သစ္စာခံလိုက်ကြတာကိုလည်း မြင်ခဲ့ရသေးတယ်။

ပြီးတော့ သူ သူ့ဆီမှာ ဘာလို့ ရန်သူတစ်ယောက်မှ မရှိရတာလဲဆိုပြီး ရေရွတ်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး၊ စကြဝဠာကြီးတစ်ခုလုံးနဲ့ သက်ရှိတွေအကုန်လုံး သူ့ကို ချက်ချင်းကြီး ရန်လိုသွားခဲ့ကြတဲ့ မြင်ကွင်းကိုလည်း မြင်ခဲ့ရသေးတယ်။ သူတို့က သူ့ကိုမြင်လိုက်ရတာနဲ့ အမျက်ချောင်းချောင်းထွက်ပြီးတော့ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ပုံ ပေါက်နေကြတာ။

သူ စိတ်ထဲမှာ တွေးလိုက်တဲ့အရာတွေတိုင်း လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတာမလို့ ငါ သူ့ကို အရမ်းအားကျခဲ့ရတာပေါ့။

အဲတာနဲ့ ငါ စွန်းသဲ့ရဲ့ အတွေးတွေကို လမ်းညွှန်ပေးနိုင်ဖို့အတွက် သူ့ဆီကို စိတ်ဆန္ဒတစ်ခု တိတ်တဆိတ် ပေးပို့ခဲ့သေးတယ်။ အဲတာမလို့ တစ်ရက်ကျတော့ သူလည်း ရုတ်တရက်ကြီး ကလေးလိုချင်တဲ့ စိတ်တွေဝ ဝင်လာပါရော။

အဲလိုနဲ့... ကမ္ဘာကြီးတစ်ခုလုံး၊ စကြဝဠာကြီး တစ်ခုလုံးထဲမှာရှိတဲ့ မျိုးစိတ်တွေ အကုန်လုံးရဲ့ ခန္ဓာကိုယ်တွေထဲမှာ သူ့ရဲ့ သွေးမျိုးဆက် အငွေ့အသက်တွေ ပေါ်ပေါက်လာတာပဲ... ကြောက်စရာကောင်းလွန်းလို့ စိတ်ကူးနဲ့တောင် မှန်းကြည့်လို့မရဘူး။ စွန်းသဲ့က သူ့ရဲ့ရှေ့မှာရှိတဲ့ ဧရာမသစ်ပင်ကြီးကို စိုက်ကြည့်ရင်း အချိန်အကြာကြီး ဆွံ့အမှင်တက်နေခဲ့တာ။

အဲဒီ သစ်ပင်ကြီးထဲမှာလည်း သူ့ရဲ့ သွေးမျိုးဆက် အငွေ့အသက်တွေ ရှိနေတာလေ။ အဲတာမလို့ အဲဒီ သစ်ပင်ကြီးကို သူ့ရဲ့ ရင်သွေးလို့ သတ်မှတ်လို့ရတယ်။

အဲဒီတုန်းက စွန်းသဲ့တစ်ယောက် အံ့အားသင့်သွားပြီး ငါ့ကို ခေါင်းငုံ့ကြည့်ခဲ့တာ။ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့ သွေးမျိုးဆက် အငွေ့အသက်တွေ ရှိမနေဘူးလေ။ အဲတာမလို့လည်း သူက ငါ့ကို သတိထားမိသွားခဲ့တဲ့ပုံပဲ။ နောက်နေ့တွေရောက်တော့ စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးပြီးသွားတဲ့ စွန်းသဲ့က ငါ့ကို စပြီးတော့ လေ့လာခဲ့တာပဲ။

မန္တန်တွေနဲ့ ဖိနှိပ်ချုပ်တီးတာပဲဖြစ်ဖြစ်၊ မိုးကြိုးပစ်ခံရအောင် လုပ်တာပဲဖြစ်ဖြစ်၊ ဓားတွေနဲ့ ဖြတ်တောက်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ်၊ မီးတင်ရှို့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် စကြဝဠာကြီးတစ်ခုလုံးရဲ့ စွမ်းအားတွေနဲ့ ငါ့ကို သတ်ဖြတ်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ် သူက နည်းလမ်းမျိုးစုံ တစ်ခုပြီးတစ်ခု အသုံးပြုခဲ့တာ။

အဲတာမလို့ ငါလည်း မကျေမနပ်ဖြစ်ခဲ့ရတာပေါ့။

စွန်းသဲ့ကတော့ မအောင်မြင်ခဲ့ပါဘူး။ သူ ဘယ်လိုနည်းလမ်းမျိုးကိုပဲသုံးသုံး ဘာကိုပဲလုပ်လုပ် အချည်းနှီးပဲလေ။ အဲဒီအချိန်တုန်းက စွန်းသဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းကို အားနည်းနေတဲ့ ဝိညာဉ်အကြွင်းအကျန်တစ်ခု အိပ်မောကျနေခဲ့တာကို ငါ မြင်ခဲ့ရသေးတယ်။ အဲဒီ ဝိညာဉ်က တစ်ချိန်လုံး အိပ်မောကျနေခဲ့ပြီးတော့ လွင့်ပါးပျောက်ကွယ်သွားတော့မယ့်ပုံ ပေါက်နေတာ။ ပြန်လည် နိုးထလာနိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခု လိုပေမဲ့ အဲဒီအခွင့်အလမ်းကို ရှာတွေ့နိုင်ဖို့က အရမ်းကိုခက်တယ်။

အဲဒီ ဝိညာဉ်အကြွင်းအကျန်ထဲမှာ ငါ အမျှင်အတန်းနှစ်ခုကို မြင်ခဲ့ရသေးတယ်။ တစ်ခုက အနက်ရောင် တခြားတစ်ခုက အနီရောင်။ အနီရောင် အမျှင်အတန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် အနက်ရောင် အမျှင်အတန်းက ဟင်းလင်းပြင်ကြီးထဲအထိ ဆန့်တန်းနေပြီးတော့ အမည်မသိနေရာတစ်ခုနဲ့ ချိတ်ဆက်နေပေမဲ့ အရမ်းကိုအားနည်းနေတာ။ အဲတာမလို့ ငါ အဲဒီ အမျှင်အတန်းကို ဖြတ်တောက်ပစ်ချင်ရင် စိတ်ထဲမှာ တစ်ချက်တွေးလိုက်ရုံနဲ့ ရတယ်။

အဲဒီ အမျှင်အတန်းက ကျိန်စာတစ်ခုနဲ့တောင် ဆင်နေသေးတယ်လို့ ငါ ခံစားခဲ့ရတာ။ ငါ အဲဒီလို ခံစားခဲ့ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျမသိဘူး။

ဒါပေမဲ့ ငါ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့တဲ့အရာက အနီရောင်အမျှင်အတန်းပဲ။ အဲဒီ အမျှင်အတန်းက ကျိန်စာတစ်ခုမဟုတ်တာ သေချာတယ်။ ပြီးတော့ သူက ဝိညာဉ်နဲ့ တစ််သားတည်း ပေါင်းစည်းနေတာ မဟုတ်ဘူး။ ပြီးပြည့်စုံမှုလည်း မရှိဘူး။ ဒါပေမဲ့ အဲဒီ ဝိညာဉ်အကြွင်းအကျန်က အဲဒီ အမျှင်အတန်းကို ဝါးမျိုသိမ်းပိုက်နိုင်အောင် အပြင်းအထန် ကြိုးစားနေတဲ့ပုံ ပေါက်နေတာ။

အဲတာမလို့ အဲဒီ အမျှင်အတန်းက တော်တော်လေးကို အဆင့်အတန်း မြင့်မားရမယ်။

အဲတာ ဘာပါလိမ့်...

ငါ အဖြေကို မသိပေမဲ့ အဲဒီ အမျှင်အတန်းကို မျက်မှန်းတန်းမိနေတယ်လို့ ခံစားခဲ့ရတာ။ ငါ အဲဒီ အမျှင်အတန်းကို တစ်နေရာရာမှာ မြင်ဖူးခဲ့တာများလား...

ဒါပေမဲ့ ငါ အဲဒီ အမျှင်အတန်းကို မြင်လိုက်ရတဲ့အချိန်တုန်းက သူ့ဆီကနေ လောဘအငွေ့အသက်တွေကို အာရုံခံမိလိုက်တာမလို့ အရမ်းကို မကျေမနပ်ဖြစ်သွားခဲ့ရတာ။ ပြီးတော့ သူက ငါကို ခြိမ်းခြောက်နေတဲ့ပုံလည်း ပေါက်နေသေးတယ်။

အဲတာနဲ့ ငါလည်း စွန်းသဲ့ကို စကားတစ်ခွန်း လှမ်းပြောလိုက်တာပဲ။

" ဒီ အမျှင်အတန်းကို ထာဝရ ဖိနှိပ်ချုပ်တည်းထားမှ ဖြစ်မယ် "

ငါ အဲဒီလိုပြောလိုက်တာနဲ့ စွန်းသဲ့ရဲ့ ဝိညာဉ်အကြွင်းအကျန်ထဲမှာ ရှိနေတဲ့ အနီရောင် အမျှင်အတန်းလေးက ရုတ်တရက်ကြီး အပြင်းအထန်တုန်ရီသွားတာ။ သူက ကင်းခြေများကြီးတစ်ကောင်နဲ့ တူနေပြီးတော့ စူးစူးရှရှ အော်ဟစ်မြည်တမ်းနေသေးတယ်။

" မင်းက နတ်ဝိဇ္ဇာတစ်ပါးကို ဖိနှိပ်ချုပ်တည်းရဲတယ်ပေါ့ "

အနီရောင် အမျှင်အတန်းရဲ့ အော်ဟစ်သံတွေကြောင့် ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပျက်စီးသွားခဲ့တာ။ အဲဒီလိုနဲ့ ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတဲ့အချိန်မှာ ဝဲကြီးတစ်ခုက အရာအားလုံးကို ဝါးမျိုသွားရော။ ငါ့ရဲ့အသိစိတ်ကလည်း ဟင်းလင်းပြင်ကြီးထဲ ပြန်ရောက်သွားရော။ အဲဒီအချိန်မှာ ငါ အင်အားလုံးဝမရှိတော့တဲ့လေသံ ပေါက်နေတဲ့ စကားသံတစ်သံကို ကြားလိုက်ရတာ။ အဲဒီ စကားသံပိုင်ရှင်က ကတုန်ကယင်ဖြစ်နေပြီး စကားပြောနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရတဲ့ ပုံပါပဲ။

" တစ် “

All Chapters