မိုးတိမ် တာအိုအဆင့် တက်ချေပြီ
Vol. 84 Ch. 1162
မိုးတိမ်ဂုရုကြီးသာ အံ့အားသင့်သွားခြင်းမဟုတ်။ မိုးတိမ်ဈေးထဲရှိ ကျင့်ကြံသူအားလုံးမှာ ဖန်ရှုတောက်၏ စကားကြောင့် တုန်လှုပ်သွားကြပြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်ကြတော့ပေ။
အိမ်ရှေ့မင်းသားဘွဲ့သည် ဘွဲ့တစ်ဘွဲ့သာ ဖြစ်သည်။ သို့သော် ဖန်မျိုးနွယ်စုကား စစ်ဖြစ်ဖို့ အသင့်ပြင်နေသည့်အပြင် တာအိုနယ်ပယ်သို့ အချိန်မရွှေး တက်လှမ်းနိုင်သည့် လူတစ်ယောက်နှင့် ရန်သူလုပ်နေ၏။
ထိုသို့ လုပ်စရာအကြောင်းကို မရှိပေ။
ဖန်မျိုးနွယ်အကြီးအကဲများပင် ပင့်သက်ရှိုက်မိလိုက်ကြသည်။
"ခေါင်းဆောင်ကြီး ဒါက ...." မန်ဟို့ကို အခက်ထန်ဆုံး ဆုံးမခဲ့သော အကြီးအကဲက အသံဩဩကြီးဖြင့် ပြောသည်။ သို့သော် စကားလုံးများ သူ့ပါးစပ်မှထွက်သွားသည့်အချိန်မှာပင် ဖန်မျိုးနွယ်ဂိုဏ်းသားများသည် အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ဖန်မျိုးနွယ်စုထံ အကြောင်းကြားရန် နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ဝင်သွားခဲ့ကြလေပြီ။
“စီနီယာရှုတောက် ဘာတွေဖြစ်နေတာလဲ" မိုးတိမ်ဂုရုကြီးက ပြောသည်။ "ဒါက နားလည်မှုလွဲရုံလေးပဲလေ။ ကျုပ်တို့ အဲ့ဒါကို ရှင်းအောင် လုပ်ပြီးသား မဟုတ်ဘူးလား" ယခုတော့ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေလေပြီ။ အမှန်တွင် သူ့တွင် တာအိုနယ်ပယ်သို့ တက်လှမ်းလိုစိတ်မရှိပေ။ ၎င်းက သေရေးရှင်ရေးကိစ္စမဟုတ်ပါလော။
"ရှင်းရှင်းလင်းလင်း ဖြေရှင်းခဲ့တဲ့အရာဆိုလို့ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားက မင်းကို ဘာကြောင့် တိုက်ခိုက်ခဲ့လဲဆိုတာပဲ ရှိတယ်" ဖန်ရှုတောက်က ချက်ချင်း ပြန်ဖြေသည်။ "အခုဖြစ်လာမယ့်အရာက အိမ်ရှေ့မင်းသားကို အပြစ်ပေးအောင် ဖိအားပေးရဲတဲ့ မင်းကို အပြစ်ပေးမလို့ပဲ
"ငါတို့ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား ဟိုအာမှာ သူမတူထူးကဲတဲ့ ပင်ကိုယ်ပါရမီတွေ ရှိပြီး တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်။ သူက ဖန်မျိုးနွယ်စုရဲ့ ချီလင်နဂါးဖြစ်တဲ့အပြင် ဂျူနီယာမျိုးဆက်တွေအားလုံးထဲမှာ သူ့အဘိုးက ငါ သဘောအကျဆုံးဖြစ်ခဲ့တယ်။ သူ့အဖေကလည်း ငါ စိတ်တိုင်းအကျဆုံး ကောင်လေးတစ်ယောက်။ ပြီးတော့ မန်ဟိုကတော့... သူ့အတွက်၊ ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံတစ်ယောက်ကို ကာကွယ်ဖို့အတွက် ငါ့အသက်ကိုတောင် စွန့်လွှတ်ရဲတယ်
"သူက ငါတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်လောင်း
"သူက ငါတို့ရဲ့ အနာဂတ်ခေါင်းဆောင်ကြီး
"သူက တစ်မျိုးနွယ်စုလုံးမှာ တန်ဖိုးအရှိမှ အရှိဆုံး။ အင်မတန့် အင်မတန် အင်မတန် အချစ်ခံရဆုံး။ သိပ် သိပ် သိပ် သိပ် သိပ် အရေးပါဆုံးတစ်ယောက်" ဖန်ရှုတောက်၏ ဂုဏ်ယူနေသောအသံက အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်လျက် ကျန်ဖန်မျိုးနွယ်၀င်များအား ပါးစပ်အဟောင်းသားနှင့် ငေးကြည့်မိနေစေတော့သည်။ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများလည်း တအံ့တဩ ကြည့်နေကြသည်။
မန်ဟိုပင်လျှင် လည်ချောင်းရှင်းလိုက်ရ၏။ သူ့မျက်နှာက အတန်ငယ်နီမြန်းနေ၏။ ဟန်ဆောင်ပန်ဆောင်ရှက်နေခြင်းမဟုတ်။ အမှန်တကယ် ရှက်နေခြင်းဖြစ်လေသည်…..
"သူ့ကို ရန်စရဲတဲ့ ဘယ်သူမဆို ဖန်တစ်မျိုးနွယ်လုံးကို ရန်စလိုက်တာပဲ" ဖန်ရှုတောက်က ကြေညာသည်။ "သူ့ကို ထိခိုက်အောင် လုပ်တဲ့ဘယ်သူမဆို နှစ်ဦးနှစ်ဖက် ထိခိုက်ရမယ့် စစ်ပွဲမျိုးဖြစ်လာရရင်တောင်မှ ဖန်မျိုးနွယ်စုကို ချက်ချင်း လှုပ်ရှားစေလိမ့်မယ်
"ဟိုအာက ဖန်မျိုးနွယ်စုမှာ နှစ်ယောက်မရှိတဲ့လူ။ သူ့အပေါ်မှာ ထားရှိတဲ့ ငါတို့ရဲ့ ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေကို ပြသဖို့ မလုံလောက်ဘူး။ မိုးတိမ် ခွေးမသား မင်းက ငါတို့ဟိုအာကိုများ ဆူရဲရတယ်လို့ ။ ငါ မင်းကို သတ်ပစ်မယ်" သူ့အသံသည် ရှိရှိသမျှလူတိုင်း၏ နားထဲသို့ ၀င်ရောက်လာပြီး အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေတော့၏။
နားထောင်နေသောလူတိုင်းမှာ ….. သူ မန်ဟို့ကို ဖားနေသလို ခံစားလိုက်ရတော့သည်။ ဤအခြေအနေတွင် သူ့လိုလူက ထိုကဲ့သို့စကားများ ပြောခြင်းမှာ တကယ်ပင် ထူးဆန်းလှသည်....
အမှန်တွင် သူသည် ဘေးလူများကိုမဟုတ်ဘဲ မန်ဟို့ကို တိုက်ရိုက်ပြောနေခြင်းဖြစ်ကြောင်း သိသာ၏။
သို့သော် ဤအရာက လူတိုင်းကို ပို၍ပင် တုန်လှုပ်ချောက်ချားသွားစေတော့သည်။ ယခုလို ဖားနေသောစကားလုံးများ ဖန်ရှုတောက်၏ ပါးစပ်မှ ထွက်လာသည်ကို ကြားရခြင်း..... အထူးသဖြင့် မျိုးနွယ်စု၏ အငယ်မျိုးဆက်တစ်ယောက်ကို ရည်ညွှန်းနေခြင်းက ပို၍ပင် ထိတ်လန့်စရာအမှန်တရားတစ်ခုကို ဖော်ပြခဲ့လေပြီ။
မိုးတိမ်ဂုရုကြီး၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေပြီး ဖန်ရှုတောက်၏စကားများအရ သူ မသိထားသည့်အရာတစ်ခုရှိကြောင်း ပြောနိုင်သွားသည်။ မန်ဟို၏ အဆင့်အတန်းက အိမ်ရှေ့မင်းသားအရိုက်အရာထက် သာလွန်နေသည်မှာ သိသာနေလေပြီ။ သူကား ဖန်ရှုတောက် ယခုလို လူရှေ့သူရှေ့တွင် ခယကျိုးနွံနေရသည်အထိ အရေးပါကြောင်း ထင်ရှားသည်။ ဤအခြင်းအရာက မိုးတိမ်ဂုရုကြီးကို ဇောချွေးပြန်လာသည်အထိ ထိတ်လန့်သွားစေ၏။
"ပြီးတော့ မင်း" ဖန်ရှုတောက်က စောစောက မန်ဟို့ကို ဆူပူခဲ့သည့် အကြီးအကဲအား ဒေါသတကြီး လှည့်ကြည့်သည်။ "မင်းက မျိုးနွယ်စုအနာဂတ်ခေါင်းဆောင်၊ ပြိုင်ဘက်ကင်းတဲ့ လက်ရှိချီလင်နဂါး၊ ငါတို့ရဲ့ နှစ်ယောက်မရှိတဲ့ ရွေးချယ်ခံကို ဒူးထောက်ခိုင်းရဲတယ်လား။ မင်းက တကယ်ပဲ ဖန်မျိုးရိုးရော ဟုတ်ရဲ့လား။ သောက်ကျိုးနည်း မင်းသာ ဒီလိုလူမျိုးဆိုတာ ငါ ကြိုသိခဲ့ရင် မင်းအဘိုးကို မိန်းမပေးစားခဲ့မှာမဟုတ်ဘူး။ မင်းအဖေသာ မွေးမလာခဲ့ရင် ငါလည်း မင်းလို ငကြောက်နဲ့ ပက်သက်နေစရာအကြောင်းမရှိဘူး"
အကြီးအကဲမှာ တုန်ရီသွားပြီး မျက်နှာတွင် သွေးမရှိတော့ပေ။ သူ ရှင်းပြရန် ပြင်လိုက်စဉ် ဖန်ရှုတောက်က ထူးထူးဆန်းဆန်း ကြင်နာနေသောမျက်၀န်းများဖြင့် မန်ဟို့ဘက် လှည့်ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားနေဟန်ဖြင့် အကျယ်ကြီး အော်ရယ်ပြီး ပြောလေသည်။ "ဟိုအာ ငါတို့ ဒီခွေးသူတောင်းစားကို ဘယ်လိုမျိုး အပြစ်ပေးသင့်တယ်ထင်သလဲ"
"ခေါင်းဆောင်ကြီး...."
မန်ဟို ဆက်မပြောနိုင်ခင် ဖန်ရှုတောက်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ "ငါ့ကို ခေါင်းဆောင်ကြီးလို့ မခေါ်စမ်းနဲ့။ ဘိုးဘိုးကြီးလို့ ခေါ်စမ်း။ အဲ့ဒါမှ ပိုရင်းနှီးတာကွ
မန်ဟိုက ချောင်းဟန့်လိုက်သည်။ "ဘိုးဘိုးကြီး ကျွန်တော့်ကို သူ့ကို ရှင်းခွင့်ပြုပါ"
ထို့နောက် သူက အကြီးအကဲဆီရွယ်ရင်း လက်ချောင်းကို လှုပ်ရှားလိုက်ရာ ထိုအဘိုးအိုမှာ ချက်ချင်း တုန်ရီလာတော့သည်။ မည်သည့်အရာကိုမှ သိသိသာသာ မမြင်လိုက်ရသော်လည်း သူ့ကိုယ်ထဲရှိ တာအိုသစ်စေ့မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။ ချက်ချင်းဆိုသလို အဘိုးကြီးသည် အိုမင်းလာပြီး သူ၏အတွင်းအားများ အားနည်းသွားပုံပေါ်၏။
သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မထိခိုက်သွားသော်လည်း မန်ဟို၏ လက်ချောင်းလှုပ်ရှားမှုက သူ၏ လောကပါလအဆင့်သို့ တက်လမ်းကို ဖြတ်တောက်ခဲ့လေသည်။
အဘိုးကြီးကိုယ်တိုင်ပင် မည်သည့်အရာကို ဆုံးရှုံးခဲ့ရသည်လဲ နားမလည်ပေ။ သို့သော် လောကပါလမျိုးနွယ်စုတစ်စုတွင်တော့ မန်ဟိုလုပ်ခဲ့သည့်အရာက အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်၏။
ဖန်ရှုတောက်၏နှလုံးသားမှာ ကျွမ်းပြန်သွားပြီး သူ့မှာ အသက်ပြင်းပြင်း ရှုလိုက်ရသည်။ အကြီးအကဲကို သေချာကြည့်ပြီးနောက် သူ၏သံသယအားလုံး ပျောက်ကွယ်သွားပြီး သူက မန်ဟို့ကို အလွန်တရာ စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်ကာ အလင်းတန်းတစ်တန်းအား ဈေးတစ်ဈေးလုံးကို လွှမ်းခြုံသွားစေသဖြင့် ဂြိုဟ်သိမ်ကွင်းပြင်တစ်ခုလုံး တုန်ရီလာသည်။
တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်စု၏ နေရာရွှေ့ပြောင်းခြင်းမုခ်၀မှ လူရိပ်ပေါင်းရာချီ ထွက်လာခဲ့လေပြီ။ ယင်းကား ဖန်မျိုးနွယ်စုဖြစ်သည်။ ဖန်ဝေပင်လျှင် အကြီးပိုင်းမျိုးဆက်၏ ရှေးဟောင်းနယ်ပညာရှင်များနှင့်အတူ ရှိနေ၏။
"မိုးတိမ်ဈေးတစ်ဈေးလုံးကို အပြတ်ရှင်းပစ်လိုက်" ဖန်ရှုတောက်က အင်္ကျီလက်စကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ မိုးနှင့်မြေသည် ထစ်ချုန်းတုန်ခါသွားပြီး အရိုင်းဆန်သော အရောင်အဝါများ တဖြတ်ဖြတ် လက်သွား၏။ မည်သည့်ဂိုဏ်းအပိုင်ဖြစ်စေ၊ မည်သည့်မျိုးနွယ်စုအပိုင်ဖြစ်စေ ဂြိုဟ်သိမ်အားလုံးပေါ်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်၀အကုန်လုံး ချက်ချင်း ချိတ်ပိတ်ခံလိုက်ရသည်။
ယခုတွင် ဂြိုဟ်သိမ်ကွင်းပြင်၏ အပြင်မှ လူများ ၀င်ရောက်မစွက်ဖက်နိုင်တော့ပေ။
မိုးတိမ်ဈေးနှင့် မသက်ဆိုင်သည့် ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြပြီး ဖန်မျိုးနွယ်စုကို ပြန်မတိုက်ခိုက်ကြပေ။ သူတို့သည် ဖြတ်သွားဖြတ်လားများသာ ဖြစ်၍ မိုးတိမ်ဈေးကို မကူညီသရွေ့ စက်ကွင်းမိမည်မဟုတ်။
ပန်းခရမ်းရောင်ဝတ်ရုံနှင့်ကျင့်ကြံသူများ၏မျက်နှာမှာ လူသေကောင်လို ဖျော့တော့သွားတော့သည်။ မည်သူက ပထမဆုံး စလိုက်သလဲ ပြောရခက်သော်လည်း အကုန်လုံး ထွက်ပြေးကြလေသည်။ သို့သော် ဖန်မျိုးနွယ်ကျင့်ကြံသူများက အေးစက်စွာ ပြုံးရင်း ထပ်ကြပ်မကွာ လိုက်ဖမ်းကြသည်။
“အညံ့ခံလိုက် မင်းတို့ကို မသတ်ဘူး” ခြိမ်းခြောက်နေသောအသံများသည် အရာခပ်သိမ်းကို တုန်ခါ၍ ဟင်းလင်းပြင်ကို လှုပ်ရမ်းသွားစေရင်း ဖန်မျိုးနွယ်စုထံမှ ဟိန်းထွက်လာခဲ့၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဖန်မျိုးနွယ်တိုင်း မိုးပြာရောင်တောက်ပနေသည်။ မှိန်ပျပျသာ ဖြစ်သော်လည်း လူတိုင်း ၎င်းကို မြင်ကြရပြီး အဆိုပါမိုးပြာရောင်အလင်းက သူတို့အပေါ် ဖိအားသက်ရောက်သွားစေ၍ သူတို့၏ဝိညာဉ်များအတွင်း၌ တုန်ခါမှုတို့ ဖြစ်ပေါ်လာစေသည်။ ထိုမိုးပြာရောင်အလင်းက ... အန္တိမလေးစားမှုကို ခံယူထိုက်သယောင်ပင်။
မိုးတိမ်ဂုရုကြီးသည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် မျက်စိမျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်၏။ သို့သော် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် ဖန်ရှုတောက်က အေးစက်စက် နှာမှုတ်၍ တိုက်ခိုက်ရန် ပြင်သည်။ သို့ရာတွင် မန်ဟိုက အရင်ဆုံး ရှေ့တက်သွားခဲ့လေပြီ။
“ဘိုးဘိုးကြီး ကျွန်တော့်ကို ခွင့်ပြုပါ” သူ့အသံက ပဲ့တင်ထပ်လာသည်။ ထို့နောက် သူသည် ရှေ့ပြေးတက်ပြီးနောက် မိုးတိမ်ဂုရုကြီးနှင့်တိုက်ပွဲအား ပြန်စတင်၏။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း သူတို့နှစ်ယောက်ကား တဒုန်းဒုန်းအသံများ ပဲ့တင်ရိုက်ခတ်နေစေရင်း တိုက်ကွက်ပေါင်း ရာချီ ဖလှယ်ခဲ့ပြီးလေပြီ။ မန်ဟိုက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ နတ်မီးတောက်အဆီအနှစ်ကို စေစားလိုက်သည်။ မီးပင်လယ်တစ်စင်းသည် မိုးတိမ်ဂုရုကြီး၏ ဝိညာဉ်မီးအိမ်များနှင့် မှော်ပစ္စည်းများကို လွှမ်းခြုံသွား၏။
မိုးတိမ်ဂုရုကြီး၏ ရှေးဟောင်းရတနာမှာ မန်ဟိုထံမှ ဖြာထွက်လာသော မိုးပြာရောင်အလင်းကြောင့် တုန်ခါ၍ ကွဲအက်လာသည်။ မန်ဟိုက နတ်ဘုရားသုတ်သင်လက်သီးဖြင့် ရွယ်ရင်း ရှေ့တက်လာသည်။
ထူးထူးဆန်းဆန်းအရောင်များ လင်းလက်သွားပြီး လေပြင်းတစ်ချက် ဝေါခနဲ တိုက်ခတ်သွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်စပြုလာပြီး ခေါင်းမော့ကြည့်လိုက်သောအခါ မှင်သက်ကုန်ကြသည်။
ပတ်ဝန်းကျင်၌ရှိသော မိုးမြေစွမ်းအားအလုံးစုံသည် မန်ဟို့လက်သီးထဲသို့ စုပ်သွင်းခံခဲ့ရသည့်အလားပင်။ သူ့လက်သီးကျဆင်းလာစဉ် မိုးကောင်းကင်၏စိတ်ဆန္ဒ ကျဆင်းလာနေသလို ခံစားနေရ၏။
မိုးတိမ်ဂုရုကြီးမှာ မည်သို့ပင် ပြန်တိုက်ခိုက်စေကာမူ သဲထဲရေသွန် ဖြစ်နေသည်။ သူ့ဝိညာဉ်မီးအိမ်များမှ ကိုင်ဆောင်ထားသော မှော်ပစ္စည်းများ ကြေမွပြာကျသွားပြီး သူ့ခမောက်လည်း ပျက်စီးသွားခဲ့လေပြီ။ သူ့ကိုယ်တစ်ပိုင်းလုံးရှိ အသားများ ကြေသွားသဖြင့် သူ့မှာ သွေးအန်ရင်း လွင့်ထွက်သွားသည်။
ဖန်သုံ့တျန်းသည် ဤအခြင်းအရာကို မြင်လျှင် မျက်လုံးများပြူးကျယ်သွားပြီး ဖန်ရှုတောက်၏မျက်ဝန်းထဲတွင်တော့ ထူးဆန်းသောအလင်းရောင်အား မြင်ရနိုင်သည်။ သူသည် ဖြစ်သွားခဲ့သောအရာကို နားလည်သည့်အပြင် စိတ်ကိုပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း မန်ဟို ဤခွန်အားမျိုးအား အသုံးပြုနေသည်ကို မြင်ရခြင်းကား ရင်သပ်ရှုမောဖွယ်ကောင်းနေသေး၏။
“ဖန်မျိုးနွယ်စု မင်းတို့က ငါ့ကို ဖိအားပေးနေတာပဲ” မိုးတိမ်ဂုရုကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ မိုးတိမ်ဈေး၏တပည့်အများစု အညံ့ခံခဲ့ကြပြီး သူ၏ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ဖန်မျိုးနွယ်ဝင်များက သူတို့၏နေရာရွှေ့ပြောင်းမုခ်ဝမှ ထွက်လာနေကြဆဲပင်။ မိုးတိမ်ဂုရုကြီးမှာ အရူးကြီးသဖွယ် ခါးခါးသီးသီး ရယ်တော့သည်။ ယခုတော့ သူသည် ရန်မစသင့်သူကို ရန်စခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွားလေပြီ။ နောင်တရနေလည်း မထူးတော့ရာ ... သူက မာန်သွင်းဟိန်းဟောက်ရင်း တွေဝေမနေတော့ဘဲ ကောင်းကင်ဘုံကို လက်ညှိုးထိုးလိုက်သည်။
“တာအို” သူက ဆင့်ခေါ်လိုက်သည်။ ၎င်းက စကားလုံးလေးတစ်လုံးသာ ဖြစ်သော်လည်း သူ့နှုတ်ဖျားမှ ထွက်သွားသောအခါ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ မဖော်ပြနိုင်သော မိုးမြေစွမ်းအားက သက်ဆင်းလာပြီး သူ့ကို ရစ်သိုင်းလှည့်ပတ်ရင်း မန်ဟို့အား အနားကပ်မလာနိုင်အောင် တွန်းထုတ်လိုက်သည်။
မိုးတိမ်ဂုရုကြီး၏အနားတစ်ဝိုက်ရှိ လူတိုင်းမှာ ကြယ်တာရာကောင်းကင်မှ ဖိချနေသော ဖိအား၏အောက်တွင် တုန်ရီလာကြတော့သည်။
ဖန်ရှုတောက်က မန်ဟို့အနား ရောက်လာပြီး မိုးတိမ်ဂုရုကြီးကို မော့ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ရှင်းပြသည်။ “သေသေချာချာ ကြည့်ထား။ တာအိုကို တက်လှမ်းတယ်ဆိုတာ အဲ့ဒါပဲ။ မင်းကိုယ်တိုင် ကြည့်လို့ရအောင် ငါ သူ့ကို ဒီလိုဖိအားပေးခဲ့တာ။ မင်းအတွက် အချိန်ကျလာရင် ဒီအတွေ့အကြုံက အတော်လေး အကူအညီဖြစ်လိမ့်မယ်။ မင်း အနာဂတ်က အခုဆို ဖန်တစ်မျိုးနွယ်လုံးနဲ့ ပတ်သက်နေပြီ”
"တာအို" မိုးတိမ်ဂုရုကြီးက ဟိန်းဟောက်လိုက်ပြန်သည်။ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ခေါင်းအထက်မှ ဖိအားသည် ပို၍ ပြင်းထန်လာ၏။ ဟင်းလင်းပြင်သည် တုန်ခါလာပြီး လှိုင်းဂယက်များ က အရပ်မျက်နှာတစ်ခွင် ဖြာထွက်နေသည်။ သဘာ၀နိယာမအလွှာအထပ်ထပ်နှင့်အတူ အနှစ်သာရအမြောက်အမြားအား မြင်လာရ၏။
မိုးတိမ်ဂုရုကြီးထံမှ ထိုးတက်နေသော အလင်းတန်းများသည် မြင့်သထက်မြင့်လာပြီး အရေအတွက် များပြားလာကာ ပို၍လင်းလက်တောက်ပလာသည်....
မိုးတိမ်ဂုရုကြီး၏ စွမ်းအားက ကြီးမားလာပြီး မိုးနှင့်မြေ၏ ဖိအားသည် ပြင်းထန်လာ၏။ ဤအခိုက်အတန့်တွင် သူက ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်နေသယောင်ပင်။ လောလောဆယ်တွင် ဖန်ရှုတောက်ပင်လျှင် သူ့ကို မတိုက်ခိုက်နိုင်ပေ။
ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် လူတစ်ယောက် တာအိုနယ်ပယ်သို့ တက်လှမ်းနေသောအခါ ထိုလူအား အနိုင်ယူ၍မရပေ။ တစ်ချိန်တည်းမှာပင် ထိုသူသည် အဆင့်တက်ခြင်းဖြစ်စဉ်ကို အနှောင့်အယှက်ပြု၍မဖြစ်။ ယင်းက အောင်မြင်မှုရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိလိမ့်မည်။
ကျုရှုံးမှုအား .... လက်ခံနိုင်မည် မဟုတ်ပေ။
"သူ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ပြောရခက်တယ်" ဖန်ရှုတောက်က သက်ပြင်းချကာ ပြောသည်။ "တာအိုကို တက်လှမ်းတာက အင်မတန် ခက်တယ်လေ"
မန်ဟိုက မိုးတိမ်ဂုရုကြီးကို လှမ်းကြည့်ရင်း မျက်လုံးများ လင်းလက်သွားသည်။ သူသည် အနာဂတ်တွင် တာအိုနယ်ပယ်သို့ တက်လှမ်းဖို့ ကြိုးစားနေသည့် သူ့ကိုယ်သူ မြင်ယောင်နေမိ၏။
"တာအို" မိုးတိမ်ဂုရုကြီး၏ နောက်ဆုံးအော်သံက ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့်တုန်ခါစေ၍ အလိပ်လိပ်ထကာ ဝဲကြီးတစ်ခု ပေါ်လာစေသည်။ ထိုဝဲကြီး၏အထဲတွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများအား မြင်ရနိုင်ပြီး ၎င်း၏အလွန်၌ လမ်းတစ်လမ်း ပေါ်လာပုံရသည်။
ထိုလမ်းက မည်သည့်နေရာကို ဦးတည်နေသလဲ ပြောရခက်၏။
"အဲ့ဒါက တာအိုဖြစ်သလို လမ်းလည်းဖြစ်တယ်" ဖန်ရှုတောက်၏ အသံက ပဲ့တင်ထပ်နေစဉ် မိုးတိမ်ဂုရုကြီးက ရှေ့သို့ တက်၍ ဝဲထဲ ၀င်ရောက်ကာ လမ်းပေါ် ခြေချလိုက်သည်။