အဓိပတိနတ်ဆိုးကြီးများ
Vol. 78 Ch. 1087
အခန်း (၁၀၈၇) အဓိပတိနတ်ဆိုးကြီးများ
ငရဲကိုးထပ်မှ နတ်ဆိုးများအကြောင်း ပြောဆိုသည့်အခါမှာတော့ လွှမ်းခြုံဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့က မန်ဝမ်မသိအောင် ကွယ်ဝှက်ပြောဆိုခြင်းမျိုး မပြုလုပ်တော့ပေ။
ယွမ်စီထျန်းကျွင်းဆိုသောအမည်ကိုကြားသည့်အခါ တိတ်ဆိတ်စွာနားထောင်နေသော မန်ဝမ်က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
“အရင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတုန်းက ငရဲကိုးထပ် အရမ်းကြောက်စရာကောင်းတာကို သိခဲ့ပေမယ့် အဲဒီလောက် လောက်စွမ်းအားကြီးမယ်လို့ ထင်မထားမိဘူး”
ရန်ကျောက်ကဲက...
“သမိုင်းတစ်လျှောက် တာအိုဝါဒ ထွန်းကားတဲ့အချိန်အများစုမှာ နတ်ဆိုးတွေကို သုတ်သင်ပစ်ခဲ့ကြတယ် ၊ ငရဲကိုးထပ် စွမ်းအားကြီးမားတယ်ဆိုတဲ့အချက်ကို ဘယ်သူမှ မငြင်းနိုင်ကြဘူး”
မန်ဝမ်က...
“ယွမ်စီကောင်းကင်နတ်ဆိုးက ယွိချင်အဆက်အနွယ်တည်ထောင်သူ ယွမ်စီထျန်းကျွင်းကို ရှုံးသွားခဲ့သလား”
ရန်ကျောက်ကဲက...
“ဒါပေါ့... ဒါကြောင့် ယွမ်စီထျန်းကျွင်းက ယွမ်စီထျန်းကျွင်းပဲ ဖြစ်နေခဲ့ပြီး ယွမ်စီထျန်းမော်ကတော့ ဖိနှိပ်ခံလိုက်ရတယ်”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က...
“ယွမ်စီကောင်းကင်နတ်ဆိုး ရှုံးနိမ့်သွားတဲ့နောက် ဘိုးဘေး ယွမ်စီထျန်းကျွင်းက နောက်တစ်ကြိမ်ပြန်ပေါ်မလာနိုင်အောင် ဖိနှိပ်ထားလိုက်တယ် ၊ သူသာ ပြန်ပေါ်လာခဲ့မယ်ဆိုရင် ကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားမှာပဲ”
ပိုးသားဧကရာဇ်က...
“တကယ်တမ်း ကမ္ဘာကြီးအဆုံးသတ်တဲ့နေ့ရောက်ရင်တော့... အဲဒီ ကောင်းကင်နတ်ဆိုးက ‘ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး’ အဖြစ် ပြန်လည်မွေးဖွားလာလိမ့်မယ်”
သူက ဆက်ပြောသည်။
“သူက အရာအားလုံးတည်ရှိမှုကနေ မရှိမှုကို ပြောင်းလဲပစ်တဲသင်္ကေတဖြစ်တဲ့ လင်ပေါင်ထျန်းကျွင်းနဲ့အတူတူပါပဲ”
မန်ဝမ်က...
“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး ဟုတ်လား...”
သူမ ဘေးနားတွင်ရှိနေသော ရန်ကျောက်ကဲက ဆက်ရှင်းပြသည်။
“သူတို့ကို မိစ္ဆာနတ်ဘုရား (၁၂)ပါး လို့ခေါ်ကြပေမယ့် သူတို့အထဲက တစ်ပါးက ဒီလောကကို ထွက်ပေါ်မလာဘူး ၊ သူ့ရဲ့ပလ္လင်မှာလည်းမရှိဘဲ အမြဲတမ်း ပျောက်ကနေတတ်တယ် ၊ သူက ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးထဲက နောက်ဆုံးတစ်ပါးပဲ”
“ဘိုးဘေးမဟာနတ်ဆိုးတွေဆိုတာက မိုးမြေမဖြစ်တည်ခင် ဖန်ဆင်းခြင်းမစတင်ခင် ကနဦးကောင်းကင်ကာလကတည်းက ဖြစ်တည်ခဲ့တဲ့နတ်ဘုရားတွေပဲ ၊ ဒါပေမဲ့ သူတစ်ယောက်ကတော့ ချွင်းချက်ပေါ့”
“သူက နတ်ဆိုးအပေါင်းရဲ့ဘိုးဘေးမဟာနတ်ဆိုတစ်ပါးဆိုပေမယ့် သူ့ရဲ့မွေးဖွားလာမှုက ကမ္ဘာအဆုံးသတ်ဖြစ်စေလိမ့်မယ် ၊ နှောင်းပိုင်းကောင်းကင်ကို အဆုံးသတ်ပေးလိမ့်မယ်”
“သူ့နာမည် ဘယ်သူလဲဆိုတာ မသိနိုင်ဘူး ၊ ‘ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး’ ဆိုတဲ့နာမည်က လူတွေက သူ့ရဲ့တန်ခိုးစွမ်းအားကို ခန့်မှန်းပြီး ခေါ်ဆိုကြတာ ၊ အချိန်ကြာလာတော့ အဲဒီနာမည်က သူ့နာမည်လို ဖြစ်လာတာ”
မန်ဝမ်က နားလည်သွားဟန်ဖြင့်...
“စန့်ချင်အဆက်အနွယ်ရဲ့တည်ထောင်သူဘိုးဘေး လင်ပေါင်ထျန်းကျွင်းလိုပဲ... ၊ သူ့ရဲ့အမှတ်သင်္ကေတကလည်း ဖြစ်တည်မှုအားလုံးကို မရှိမှုအဖြစ် ပြောင်းလဲပေးနိုင်တယ် ၊ ဆိုလိုတာက အရာအားလုံး အဆုံးသတ်သွားမယ်ဆိုတဲ့သဘောပေါ့ ၊ ဓမ္မအဆုံးသတ်သွားရင် ဖန်ဆင်းခံတည်ရှိမှုတွေ ဘာတစ်ခုမှရှိမှာ မဟုတ်တော့ဘူး မဟုတ်လား”
လွှမ်းခြုံဧကရာဇ်က...
“အမှန်ပဲ... ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးဆိုတာ ပျက်ဆီးခြင်းအဆုံးသတ်ရဲ့ သင်္ကေတပဲ ၊ သူ ဒီလောကမှာ ထွက်ပေါ်လာပြီဆိုတာနဲ့ တစ်လောကလုံး ကပ်ဘေးကြီး ကျရောက်မယ်လို့ ဆိုလိုတာပဲ”
မန်ဝမ်က သက်ပြင်းချရင်း...
“ဘိုးဘေးမဟာနတ်ဆိုးတွေထဲမှာ ယွမ်စီကောင်းကင်နတ်ဆိုးနဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးတို့က အတော်လေး စွမ်းအားကြီးမားတာပဲ ၊ တခြား ဘိုးဘေးမဟာနတ်ဆိုးတွေဆိုရင် တွေးကြည့်လို့တောင် ရနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“သူတို့ကို တန်ခိုးစွမ်းအားမမြင့်မားဘူးလို့ ဘယ်သူပြောနိုင်မတဲ့လဲ”
သူက ပတ်ဝန်းကျင် ငရဲကိုးထပ်နယ်မြေကို လက်ညှိုးညွှန်ပြလိုက်ရင်း...
“ဒီ ငရဲကိုးထပ်ကို ယွမ်စီကောင်းကင်နတ်ဆိုးပြီးရင် ဒုတိယမြောက် ဘိုးဘေးမဟာနတ်ဆိုးဖြစ်တဲ့ ‘ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး’ ရဲ့ ရုပ်အလောင်းနဲ့ တည်ဆောက်ထားတာလေ...”
မန်ဝမ် မျက်တောင်တစ်ချက်ခတ်ရင်း...
“ရှေးဟောင်းကျမ်းစာတွေမှာ ရေးထားတာတော့ ငရဲကိုးထပ်ရဲ့အရွယ်အစားက မဟာကပ်ဘေးကြီးမတိုင်ခင် အသေင်္ချကမ္ဘာရဲ့ အရွယ်အစားနဲ့အတူတူပဲတဲ့ ၊ အဲဒီလောက်ကြီးကျယ်တဲ့ နေရာတစ်ခုက ဘိုးဘေးမဟာနတ်ဆိုးတစ်ပါးရဲ့ ရုပ်အလောင်းနဲ့ ဖွဲ့စည်းထားတာတဲ့လား”
ထိုစကားကြားတော့ ပိုးသားဧကရာဇ်က ရယ်မောရင်း...
“ဝမ်အာ... ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးက ဘယ်လောက် တန်ခိုးစွမ်းအားမြင့်မားသလဲ မမေးခင် သူ့ကိုသတ်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ သိဖို့လိုတယ်”
သူက ဆက်ပြောသည်။
“ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးကိုသတ်လိုက်တဲ့သူက တခြားသူမဟုတ်ဘူး ၊ စန်းချင်း (၃)ပါး တာအိုဝါဒတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ‘လင်ပေါင်ထျန်းကျွင်း’ ပဲ”
မန်ဝမ်က မျက်တောင်တစ်ချက်ခတ်လိုက်ရင်း...
“အဲဒီလိုကိုး... ဒါဆိုရင်တော့ မအံ့သြတော့ပါဘူး”
ပိုးသားဧကရာဇ်က လက်နောက်ပစ်လိုက်ပြီး သီးခြားနယ်မြေအပြင်ဘက်တွင်ရှိသော မှောင်မိုက်နေသည့် ငရဲကိုးထပ်နေရာကို အေးဆေးစွာ ကြည့်လိုက်သည်။
“ဒီနေရာနဲ့ လူသားကမ္ဘာဆိုတာက အစွန်းနှစ်ဖက်လိုပါပဲ ၊ ငရဲကိုးထပ်ဆိုတာ သက်ရှိလူသားတွေနဲ့မသက်ဆိုင်တဲ့ ဆိတ်ညံရာနေရာတစ်ခုပဲ ၊ ဒါကြောင့် သူတို့က ငါတို့လူသားတွေရဲ့ အသင်္ချေကမ္ဘာပေါင်းများစွာကို ကျူးကျော်တိုက်စားဖို့ ကြိုးစားကြတာပေါ့”
“ဒါကို လိုချင်တောင့်တခြင်းလို့ ခေါ်ဆိုနိုင်မလားပဲ...”
“ပြီးတော့ ငရဲကိုးထပ်ဆိုတာ ယွမ်စီကောင်းကင်နတ်ဆိုးကို ချိတ်ပိတ်ထားတဲ့နေရာနဲ့ ထိစပ်နေတယ် ၊ ယွမ်စီကောင်းကင်နတ်ဆိုး စည်းတံဆိပ်ကိုချိုးဖျက်ပြီး တစ်လောကလုံးကို သုတ်သင်ပစ်မှာကို ကာကွယ်ဖို့အတွက် နတ်ဆိုးတွေအားလုံးကို သုတ်သင်မပစ်ဘဲ သူတို့ရဲ့ ရှင်သန်မှုကို ထိန်းသိမ်းထားခဲ့တာပဲ”
ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“ယွမ်စီကောင်းကင်နတ်ဆိုးနဲ့ ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးကို သုတ်သင်ပြီးတဲ့နောက်... တတိယမြောက် ဘိုးဘေးမဟာနတ်ဆိုးကို ထိုက်စန့်ကောင်းကင်နတ်ဆိုး ၊ စတုတ္ထမြောက်ကို သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးလို့ခေါ်တယ်”
ထိုစကားကြားတော့ မန်ဝမ် အနည်းငယ် ထိတ်လန့်သွားပြီး...
"ထိုက်စန့်... ကောင်းကင်နတ်ဆိုး ဟုတ်လား”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ထိုက်စန့်ကောင်းကင်နတ်ဆိုးဆိုတာက စန်းချင်း (၃)ပါး တည်ထောင်သူ ဘိုးဘေး (၃)ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တောက်တယ်ထျန်းကျွင်းလို့ခေါ်တဲ့ ထိုက်စန့်လောင်ကျွင်းရဲ့ မိစ္ဆာခန္ဓာကိုယ်ပွားပဲ ၊ သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးကတော့ ရှေးဟောင်းဗုဒ္ဓဘာသာက အော်မီတော်ဖူဗုဒ္ဓရဲ့ မိစ္ဆာခန္ဓာကိုယ်ပွားပဲ”
“ဒီလို အဓိပတိပုဂ္ဂိုလ် (၂)ယောက်က သူတို့ရဲ့ ကြီးမားတဲ့ဉာဏ်ပညာနဲ့ တန်ခိုးသိဒ္ဓိကို အသုံးပြုပြီး ဘိုးဘေးမဟာနတ်ဆိုး ပလ္လင်နေရာတွေကို သိမ်းပိုက်ခဲ့ကြတယ် ၊ ဒါကြောင့် အစောပိုင်းကောင်းကင်ကာလကတည်းက အတိုင်းအတာတစ်ခုအထိ နတ်ဆိုးဂိုဏ်းရဲ့အင်အားကို ချေမှုန်းနိုင်ခဲ့ကြတာပေါ့ ၊ နှစ်ပေါင်းသန်းချီကြာတဲ့အချိန် တာအိုဝါဒ မြင့်မားတိုးတက်လာတော့လည်း နတ်ဆိုးဂိုဏ်း သုတ်သင်ခံရတာပဲလေ”
“နတ်ဆိုးတွေဘက်က အသာစီးရတယ်ဆိုရင်တောင်မှ ခဏတာယာယီလောက်ပဲ ဖြစ်ခဲ့တယ်”
“ဒါကြောင့် မွေးဖွားမလာသေးတဲ့ ဆဋ္ဌမမြောက် ဘိုးဘေးမဟာနတ်ဆိုးအပြင် ပဉ္စမမြောက် ဘိုးဘေးမဟာနတ်ဆိုးဖြစ်တဲ့ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးတစ်ယောက်ပဲ အတိတ်တုန်းက လှုပ်ရှားခဲ့တာ ရှိတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါပေမဲ့ အဲဒါတွေက ကြာခဲ့ပါပြီလေ...”
“ဒီဘက်ခေတ်မှာတော့ ဘိုးဘေးမဟာနတ်ဆိုးတွေ ထွက်ပေါ်မလာတော့ဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ထွက်မလာတော့တာ အရမ်းကြာနေပြီ ၊ အခု ဒီလောကမှာ သောင်းကျန်းနေတာက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲက ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးပဲ”
ရန်ကျောက်ကဲက ရောယှက်တိုက်ခိုက်နေသည့် ဓားဝိညာဉ် (၂)ခုကို စူးစိုက်ကြည့်ရင်း...
“ဒီ ဓားနတ်ဆိုး ယင်းရှီယန်က ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲက သတ္တုပလ္လင်ကိုကိုယ်စားပြုတဲ့နတ်ဆိုးနဲ့ ပေါင်းစပ်သွားတာ ဖြစ်ရမယ်”
နတ်ဆိုးများ၏အရှင်သခင်ဧကရာဇ်ဖြစ်သည့် မိစ္ဆာနတ်ဘုရားတစ်ပါး ပြန်လည်မွေးဖွားလာရန် ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။
ယင်းရှီယန် ထိပ်တန်းမဟာနတ်ဆိုးတစ်ပါး ဖြစ်လာသည်ကတော့ တိုးတက်မှုဖြစ်စဉ် အလွန်တိုတောင်းသည်ဟု ဆိုနိုင်၏။
သို့သော် ဤဖြစ်စဉ်ကို ရန်ရှင်းထန်က ကြားဖြတ်နှောက်ယှက်ခဲ့သဖြင့် ဓားနတ်ဆိုး ‘ယင်းရှီယန်’ မှာ သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က...
“ယင်းရှီယန် သေဆုံးသွားပေမယ့် နတ်ဆိုးကတော့ ဘယ်တော့မှ သေမှာမဟုတ်ဘူး ၊ သူက နောက်တစ်ခါ ပြန်လည်မွေးဖွားလာဖို့ စောင့်မျှော်နေမှာပဲ ၊ သူ့အရင်ကလည်း ဒြပ်စင်ငါးပါး သတ္တုပလ္လင်ကိုပိုင်ဆိုင်တဲ့ နတ်ဆိုးတွေ အများကြီး ထွက်ပေါ်လာခဲ့ဖူးတယ် ၊ လှံနတ်ဆိုး ၊ တစ်ဖက်သွားဓားနတ်ဆိုးတို့လိုမျိုးပေါ့ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာတော့ ဓားနတ်ဆိုး ‘ယင်းရှီယန်’ ထွက်ပေါ်လာခဲ့တာပဲ ၊ နောက်ပိုင်းမှာ ပြာပုံထဲက နိုးထလာတဲ့ တခြားနတ်ဆိုးတွေလည်း သေချာပေါက် ထွက်ပေါ်လာဦးမှာပဲ”
ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးဆိုသည်က ဒြပ်စင်ငါးပါးနတ်ဆိုးများဟုခေါ်ကြပြီး သူတို့က ကိုယ်တွင်းမိစ္ဆာများဖြစ်ကြသည်။
ထို ဒြပ်စင်ငါးပါးနတ်ဆိုးများ၏ အမည်နာမများက ပုံသေမရှိပေ။
ဥပမာဆိုရသော် သတ္တုပလ္လင်ကို သိမ်းပိုက်ထားသည့် နတ်ဆိုးများကြားတွင် ကနဦး လှံနတ်ဆိုး သေဆုံးသွားပြီးနောက် တစ်ဖက်သွားဓားနတ်ဆိုးပေါ်ပေါက်လာပြီး အဲဒီနောက်မှာတော့ ဓားနတ်ဆိုး ‘ယင်းရှီယန်’ ပေါ်မလာခင် များပြားလှစွာသော သတ္တုပလ္လင်နတ်ဆိုးများ ထွက်ပေါ်လာခဲ့သေးသည်။
မြေကမ္ဘာပလ္လင်ကိုသိမ်းပိုက်သော မြေကမ္ဘာနတ်ဆိုး ၊ မြေကြီးနတ်ဆိုးနှင့် ကျောက်တုံးနတ်ဆိုး စသည်ဖြင့်လည်း ရှိခဲ့သည်။ ရေပလ္လင်ကို သိမ်းပိုက်သည့် ရေခဲနတ်ဆိုး ၊ ရေနတ်ဆိုး ၊ မြူခိုးနတ်ဆိုးနှင့် သွေးနတ်ဆိုး စသည်ဖြင့်လည်း ရှိကြသည်။
ဤနတ်ဆိုးများက ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားပြီး နတ်ဆိုးတစ်ပါးတည်းက မတူညီသည့် လူပေါင်းများစွာတွင် ပြန်လည်ဝင်စားခြင်း ဖြစ်၏။
အခြားသောမဟာနတ်ဆိုးများအနေဖြင့် ပြန်လည်မွေးဖွားလာခြင်း မရှိသည်အထိ သုတ်သင်ခံရနိုင်သော်လည်း မိစ္ဆာနတ်ဘုရား (၁၂)ပါးကတော့ လင်ပေါင်ထျန်းကျွင်း သုတ်သင်သတ်ဖြတ်ခဲ့သော ‘ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး’ မှလွဲပြီး မည်သူမှ သေဆုံးခြင်း မရှိကြပေ။
သို့သော် သူတို့အနေဖြင့် တစ်ခါသုတ်သင်ခံရပြီးနောက် ပြန်လည်မွေးဖွားလာရန် အချိန်တစ်ခု လိုအပ်သည်။
သူတို့နှင့် သဟဇာတဖြစ်သော လူသားတစ်ယောက်ကို တွေ့ဆုံပါက ချက်ချင်းပြန်လည်မွေးဖွားလာနိုင်သလို မတွေ့ဆုံနိုင်ပါက အနှစ်တစ်ထောင် ၊ အနှစ်တစ်သောင်းဆိုလျှင်လည်း ပြန်လည်မွေးဖွားလာမည် မဟုတ်ပေ။
ထိုသို့သောအခြေအနေမျိုးတွင် ထိုနတ်ဆိုးကြီးမားက သေခြင်းရှင်ခြင်းကြားတွင် ပြန်လည်ဝင်စားရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတတ်ကြသည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ သစ်သားပလ္လင်နေရာကိုယူထားတဲ့ စိတ်ဝိညာဉ်မိစ္ဆာနဲ့ အရိပ်မိစ္ဆာကပဲ အဆက်မပြတ်ရှင်သန်နေပြီး ကျန်တဲ့ ထိပ်တန်းမဟာနတ်ဆိုး (၄)ပါးကတော့ သုတ်သင်ခံရလိုက် ပြန်လည်မွေးဖွားလိုက်နဲ့ သံသရာလည်နေတာပါပဲ”
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကိုကြည့်ရင်း ဆိုလိုက်သည်။
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက် စိတ်ဝိညာဉ်မိစ္ဆာနဲ့ အရိပ်မိစ္ဆာရဲ့သတင်းကို ဘာမှမကြားရတော့ဘူး ၊ သေသွားကြသလားတောင် မသိဘူး”
ရန်ကျောက်ကဲက ဓားဝိညာဉ် (၂)ခုကို လှမ်းကြည့်ရင်း...
“ဓားနတ်ဆိုး ‘ယင်းရှီယန်’ သေဆုံးသွားတာ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာနေပြီ ၊ ပြန်လည်မွေးဖွားလာတဲ့ သတ္တုပလ္လင်နတ်ဆိုးအသစ်က ဘယ်သူများဖြစ်မလဲ သိချင်မိတယ်”
***
Note –
မိစ္ဆာနတ်ဘုရား (၁၂) ပါး
ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး နဲ့ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး
ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး
(၁) ယွမ်စီကောင်းကင်နတ်ဆိုး ‘ယွမ်စီထျန်းမော်’ (ယွမ်စီထျန်းကျွင်းမှ စည်းတံဆိပ်ခတ်ဖိနှိပ်ထား)
(၂) ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး (လင်ပေါင်ထျန်းကျွင်းမှ သုတ်သင်ဖယ်ရှင်း)
(၃) ထိုက်စန့်ကောင်းကင်နတ်ဆိုး (ထိုက်စန့်လောင်ကျွင်း၏မိစ္ဆာခန္ဓာကိုယ်ပွား)
(၄) သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး (အော်မီတော်ဖူဗုဒ္ဓ၏မိစ္ဆာခန္ဓာကိုယ်ပွား)
(၅) မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး (မာရ်နတ် ၊ မိုးကောင်းကင်မိစ္ဆာ)
(၆) ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး (ကမ္ဘာဖျက်နတ်ဆိုး)
ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး
(၁)ဒြပ်စင်ငါးပါးတွင် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး
(၂) ဒြပ်စင်ငါးပါးတွင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး
(၃) ဒြပ်စင်ငါးပါးတွင် မီးပလ္လင်ကိုပိုင်ဆိုင်သေသာနတ်ဆိုး
(၄) ဒြပ်စင်ငါးပါးတွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး
(၅) ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘စိတ်ဝိညာဉ်နတ်ဆိုး’
(၆) ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’
__ ဘာသာပြန်သူ